【 ဆောင်းပါး 】 “မသိမှု အမိုက်မှောင်”

【 ဆောင်းပါး 】 “မသိမှု အမိုက်မှောင်”

ပညာမသိ ပညာမရှိသည့်သူမျိုးသည် အလွန်ကြောက်စရာကောင်းပါသည်။ခေတ်ကာလ၏ သိပ္ပံဝိဇ္ဇာဘွဲ့များ မရသည်ကို ပြောခြင်းမဟုတ်ပါ။စာရေးခြင်း စိုက်ပျိုးခြင်း အဆောက်အဦးဆောက်လုပ်ခြင်း သေနတ်ပစ်ခြင်း ဓားခုတ်ခြင်း စာသင်ကြားခြင်း ဆေးကုခြင်း သိပ္ပံပညာရပ်များတီထွင်ထုတ်လုပ်ခြင်း စသည့် အတတ်ပညာများ မတတ်တာကိုလည်း မဆိုလိုပါ။တွေးခေါ်ဆင်ခြင်မှုတရားမရှိခြင်းကို ဆိုလိုတာပါ။

အတတ်ပညာသည် လူသားများအတွက် လွန်စွာအသုံးဝင်ပါသည်။အတတ်ပညာများကြောင့် လူသားများ၏ ကျန်းမာရေး နေထိုင်စားသောက်ရေး ဆက်သွယ်ရေး ခရီးသွားလာရေး အစစအရာရာ အဆင်ပြေပြီး လူနေမှုအဆင့်အတန်းမြင့်မားကာ ကမ္ဘာလောကကြီးလည်း များစွာတိုးတက် ပြောင်းလဲလာပါသည်။သို့သော်လည်း အသိတရားကင်းမဲ့သော လူတချို့ကြောင့် လူသားများအတွက် အန္တရာယ်လည်းမကင်းခဲ့ပါချေ။

ဒိုင်းနမိုက်ကို တီထွင်ခဲ့သော ဆွီဒင်လူမျိုး ဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဗယ်ဆိုလျှင် သူ့တီထွင်မှု၏ အသုံးဝင်မှု လူသားများကို အကျိုးပြုမှုတို့ကြောင့် များစွာဝမ်းသာပီတိဖြစ်ခဲ့သည်။သူ့တီထွင်မှုအတွက် ငွေကြေးမြောက်မြားစွာရခဲ့သောကြောင့်လည်း ကျေနပ်မဆုံးပါ။သို့သော်လည်း သူတီထွင်ထားသော ဒိုင်းနမိုက်ကို အသုံးပြုကာ လူအချင်းချင်း သတ်ဖြတ်ဖျက်ဆီးမှုများ ဖြစ်လာသောကြောင့် အလွန်ဝမ်းနည်းယူကျုံးမရဖြစ်ခဲ့ရသည်။ထို့ကြောင့်လည်း သူ့သေတမ်းစာတွင် သူပိုင်ဆိုင်သည့်ငွေများကို ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်သူနှင့် ဓာတုဗေဒ ရူပဗေဒ ဆေးပညာထူးချွန်သူများအတွက် ဆုများချီးမြှင့်ရန် အသုံးပြုစေခဲ့သည်။သူက အသိရှိရှိနှင့် လူသားတို့အတွက် တီထွင်ခဲ့သော်လည်း အသိပညာမရှိသောလူစားတွေက မကောင်းကျိုးအတွက် အသုံးချခဲ့ကြလေသည်။

ငွေကြေး ဘယ်လောက်ချမ်းသာချမ်းသာ ပညာ ဘယ်လောက်တတ်တတ် နည်းပညာတွေ ဘယ်လောက်ကောင်းကောင်း ဆင်ခြင်တွေးတောနိုင်သည့် အသိပညာမရှိလျှင် ငွေကြေးချမ်းသာသလောက် ပညာတတ်သလောက် နည်းပညာကောင်းသလောက် အန္တရာယ်ကလည်းများစွာရှိလာနိုင်ပါသည်။အသိပညာရှိရမည်ဆိုသော်လည်း အမှန်နှင့် အမှား အကောင်းနှင့် အဆိုး အကြောင်းနှင့် အကျိုး ခွဲခွဲခြားခြား ကွဲကွဲပြားပြား ဆင်ခြင်တွေးခေါ်နိုင်မှသာ ပညာအသိဟု ခေါ်နိုင်မှာဖြစ်သည်။

ဗန်းမော်ဆရာတော် ပြောပြခဲ့သော ပုံပြင်လေးတစ်ပုဒ်ကို ရေးပြချင်ပါသည်။ပညာအယူလမ်းမှားလို့ ရှမ်းမယားဖြစ်ရပုံဖြစ်သည်။

တစ်ခါက ရွာတစ်ရွာတွင် လင်မယားနှစ်ယောက်ရှိသည်။တစ်ယောက်နှင့် တစ်ယောက် လွန်စွာမြတ်နိုး ချစ်ခင်ကြသည်။မယားဖြစ်သူက လင်ယောင်္ကျားဖြစ်သူကို အထင်ကြီးလေးစားပြီး လင်ယောင်္ကျား၏ စကားကို မြေဝယ်မကျနားထောင်သူဖြစ်သည်။တစ်နေ့တွင် လင်ယောင်္ကျားသည် ကုန်ရောင်းကုန်ဝယ်ကိစ္စနှင့် လအနည်းငယ်ကြာကြာ ခရီးထွက်ဖို့ဖြစ်လာသည်။
ယောင်္ကျားခမျာ စီးပွားရေးအတွက်မို့ ခရီးမထွက်လို့ကလည်းမဖြစ် မယားဖြစ်သူကိုလည်း စိတ်မချဖြစ်နေသည်။ထို့ကြောင့် ခရီးမထွက်မီရက်အတွင်း တစ်ဖက်က ယူသွားရမည့်ပစ္စည်းများကိုစုနေရင်း တစ်ဖက်ကလည်း မယားဖြစ်သူကို မှာစရာရှိတာမှာနေရသည်။ကျန်းမာရေးဂရုစိုက်ဖို့ ရှိသည့်ငွေနှင့် လောက်ငှအောင်သုံးဖို့ အကူအညီလိုလျှင် မည်သူ့ဆီသွားဖို့ ညရေးညတာသတိထားအိပ်ဖို့ မတည့်တာမစားဖို့ ပတ်ဝန်းကျင်နှင့် အဆင်ပြေပြေဆက်ဆံဖို့ စသည်ဖြင့် တစ်နေ့မပြတ် မှာနေရှာ၏။ခရီးထွက်ဖို့အချိန် နီးသည်ထက် နီးလာသော်လည်း မှာစရာတွေက မကုန်နိုင်အောင်ဖြစ်နေသည်။နောက်ဆုံး ခရီးထွက်မည့်နေ့ မနက်သို့ရောက်လာသည်။မိန်းမကလည်း အေးတိအေးစက် သူမှာတာတွေကများများ အစစအရာရာလည်း စိတ်မချနိုင်ဖြစ်နေပြန်သည်။ယောင်္ကျားဖြစ်သူမှာ ခရီးထွက်ခါနီးလေ နောက်ဆံတင်းလေဖြစ်ရသည်။သွားခါနီးအချိန်အထိ မယားအလှကို မှာတော်ပုံဖွင့်လို့ကလည်း မပြီးစီးသေး။ထိုအချိန်တွင် အတူခရီးထွက်မည့်အဖော်များက လှည်းကိုယ်စီနှင့် အိမ်ရှေ့ရောက်လာပြီ။သူလည်း လှည်းပေါ်တက်ထိုင်လိုက်သည့်တိုင် မယားလေးကို မှာစရာက မကုန်နိုင်သေးပေ။အခြားလှည်းတွေ စတင်ထွက်နေပြီမို့ သူလည်း သူ့လှည်းကို စတင်ထွက်ရင်း မယားကို နောက်ဆုံးအနေနှင့် သူ့မှာစကားတွေအားလုံးကို ခြုံငုံမိအောင် အမှာစကားလေး ပြောခဲ့လိုက်သည်။

“မိန်းမရေ မောင်ကြီးသွားတော့မယ်နော်။မိန်းမအတွက် မောင်ကြီးစိတ်ချရအောင် အိပ်တဲ့အခါ စားတဲ့အခါ သွားတဲ့အခါ အစစအရာရာ ပညာနဲ့သာနေပါ မိန်းမရယ်”

“စိတ်ချပါ မောင်ကြီးရယ် မောင်ကြီးရဲ့စကားကို မြေဝယ်မကျ နားထောင်ပါမယ်။မောင်ကြီးပြောသလို ဘယ်သွားသွား ဘယ်လာလာ ပညာနဲ့ပဲနေပါ့မယ်”

ယောင်္ကျားဖြစ်သူ ထွက်သွားပြီးသည်နှင့် မိန်းမဖြစ်သူသည် ယောင်္ကျား၏ အမှာစကားကို စတင်အကောင်အထည်ဖော်ပါတော့သည်။တိုက်ဆိုင်တာက သူတို့ရွာတွင် ရှမ်းတိုင်းရင်းသားတစ်ယောက်ဖြစ်သော ကိုပညာဆိုသူရှိနေ၏။သည်တော့လည်း ပညာရှာနေသော မိန်းမနှင့် ရှမ်းလေး ကိုပညာတို့ တွေ့ကြပြီလေ။မိန်းမဖြစ်သူလည်း ဘယ်သွားသွားဘယ်လာလာ ကိုပညာနှင့် သွားလာသည်။စားလည်း ကိုပညာနှင့် စားသည်။အိပ်လည်း ကိုပညာနှင့် အိပ်သည်။သည်လိုနှင့် သူမလည်း ယောင်္ကျားခရီးထွက်သွားပြီး မကြာမီမှာပင် ပညာအယူလမ်းမှားသောကြောင့် ရှမ်းမယားဖြစ်သွားလေတော့သည်။

အသိပညာမရှိသောသူသည် မိသားစုကို ပတ်ဝန်းကျင်ကို ကောင်းကျိုးမပေးနိုင်ပါ။အသိပညာမရှိသော သားသမီးအဆွေခင်ပွန်းနှင့် နှိုင်းယှဉ်လျှင် အသိပညာရှိသော ရန်သူက မြတ်၏။မိမိ၏ ရန်သူဖြစ်သော်လည်း ထိုရန်သူမှာ အသိဉာဏ်ရှိသည့်အတွက် မိမိကို ဘယ်လောက်ပင်မုန်းစေဦးတော့ လာသတ်မည်မဟုတ်ပါ။ဒုက္ခရောက်အောင်လည်း လုပ်မည်မဟုတ်ပါ။လူတစ်ယောက်ကိုသတ်လျှင် ဒုက္ခပေးလျှင် လက်ရှိဘဝမှာလည်း တရားဥပဒေနှင့်ရင်ဆိုင်ရမည်။မိမိအပါအဝင်မိသားစုလည်း ပတ်ဝန်းကျင်မှာ သူများကဲ့ရဲ့ အထင်သေးစရာဖြစ်လိမ့်မည်။ဘဝအဆက်ဆက် သံသရာတစ်လျှောက်မှာလည်း အကုသိုလ်ဝဋ်ကြွေးက တောက်လျှောက်လိုက်လာလိမ့်မည်။ထိုအတွေး ထိုအသိများကြောင့် အဆိုပါရန်သူသည် မိမိကို မည်သည့်ဒုက္ခမှ လာပေးမည်မဟုတ်ပါ။မိမိ၏ ရန်သူပင်ဖြစ်သော်လည်း ထိုရန်သူသည် အသိပညာရှိသူဖြစ်လျှင် မိမိကိုဒုက္ခပေးမည်မဟုတ်ဘဲ မိမိ၏သားသမီးဖြစ်သော်လည်း ထိုသားသမီးသည် အသိပညာမရှိသူဖြစ်လျှင် မိမိ၏အသက်ပင် သေနိုင်ကြောင်း ရောဟိဏီဇာတ်ကို သာဓကထား၍ ဘုရားသခင်က ဆိုမိန့်ခဲ့သည်။

ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ်ဖြစ်သည်။အနာထပိဏ်သူဌေးကြီး၏ အလုပ်သမားများထဲတွင် ရောဟိဏီမည်သော ကျွန်မတစ်ယောက်ရှိသည်။ရောဟိဏီသည် သူဌေးကြီးအတွက် စိတ်ချယုံကြည်ရသော အလုပ်သမားတစ်ယောက်ဖြစ်သည်။ရောဟိဏီမှာ အသက်အရွယ်ကြီးရင့်ပြီဖြစ်သော မိခင်အိုကြီးရှိသည်။တစ်နေ့တွင် ရောဟိဏီသည် ကောက်ပင်များနယ်ရာ လယ်ကွင်းတွင် အလုပ်လုပ်ရသည်။သူမ၏ မိခင်အိုကြီးလည်း လိုက်ပါလာပြီး ရောဟိဏီ ကောက်နယ်ရာ အရပ်အနီးအနားတွင် လှဲလျောင်းနေ၏။ထိုအရပ်တွင် ယင်ကောင်များပေါများ၏။မကြာခင်မှာပင် အမေအိုလှဲနေရာတွင် ယင်ကောင်များဝိုင်းအုံလာသည်။ယင်ကောင်များ၏ အကိုက်ခံရသဖြင့် အမေအိုသည် အပ်ဖြင့်အထိုးခံရသကဲ့သို့ နာကျင်စွာခံစားနေရသည်။ထို့ကြောင့် သမီးကိုခေါ်ကာ ယင်ကောင်များကို မောင်းထုတ်ပေးရန် ပြောသည်။ရောဟိဏီလည်း မိခင်အိုကြီး၏အဖြစ်ကို မြင်ရသောအခါ ယင်ကောင်များကို ဒေါသများစွာထွက်သွား၏။ကောက်နယ်ရာတွင်သုံးသော သစ်သားကျည်ပွေ့ကြီးကိုယူကာ မိခင်၏ကိုယ်အနှံ့မှာရှိနေသော ယင်ကောင်များကို အားနှင့်မာန်နှင့် ရိုက်သတ်လေတော့သည်။ရောဟိဏီ၏ ကျည်ပွေ့ရိုက်ချက်ကြောင့် ယင်ကောင် ဘယ်လောက်သေသည် မသိရသော်လည်း မိခင်အိုကြီးကတော့ ချက်ချင်းပင်သေဆုံးသွားပါသည်။ရောဟိဏီ ခမျာမှာတော့ မိခင်၏အလောင်းဘေးမှာ ငိုမဆုံးအောင် ခံစားနေရတော့၏။

မသိမှုတစ်ခုကြောင့် ရရှိလာသော အကျိုးဆက်ရလဒ်ကတော့ အနှိုင်းအဆမရှိနိုင်ပါ။မသိမှု အမိုက်မှောင်ထဲမှာ ဆုံးရှုံးမှုတွေက တစ်သက်လား၊ တစ်ဘဝလား၊ နှစ်သက်လား၊ နှစ်ဘဝလား၊ အသက်များစွာလား၊ ဘဝများစွာလား အလွယ်တကူတော့ မခန့်မှန်းနိုင်ပါ။မည်သည့်ဆိုးကျိုးမဆို ဖြစ်လာနိုင်ပါသည်။

တချို့လူတွေက သူတို့လုပ်ချင်ရာလုပ်ပြီးမှ မသိလို့ပါဆိုကာ တောင်းပန်ကြသည်။သူတို့ပါးစပ်လေးက အလွယ်တကူတောင်းပန်လိုက်သော်လည်း သူတို့ကျူးလွန်ခဲ့သည့်အပြစ်ကြောင့် ခံစားရသူတွေမှာတော့ ပစ္စည်းတွေ ပြန်မရလာပါ။အသက်တွေ ပြန်မရှင်သန်လာပါ။ဘဝတွေ ပြန်မဖြစ်လာပါ။တကယ်ကို ဝမ်းနည်းစရာကောင်းလှပါသည်။သို့သော်လည်း လူဆိုတာ တစ်ခါတလေတော့ မှားတတ်သည်မို့ ခက်ခဲသော်လည်း ဖြေသာပါသေးသည်။

ထူးထူးခြားခြား လူတချို့ကတော့ သူတို့လုပ်ချင်ရာလုပ်ကြသည်။ထို့နောက် သူတို့လုပ်ချင်တာ ဆက်လုပ်ကြသည်။ထို့နောက် ထို့နောက်မှာလည်း သူတို့လုပ်ချင်တာကိုပဲ တစိုက်မတ်မတ် ဆက်ကာဆက်ကာလုပ်ကြလေသည်။တောင်းပန်ပါတယ်ဆိုသောစကားက သူတို့အတွက်မဟုတ်ပါ။သူတို့နှိပ်စက်သမျှခံထားရသောသူတွေပြောရမည့်  စကားသက်သက်ပါ။သူတို့ကတော့ အင်္ဂလိပ်အဆိုအမိန့်လေးတစ်ခုအတိုင်း ပြောရလျှင်

He who knows not and knows not that he knows not is a fool.

သူမသိတာကို မသိမှန်းမသိတဲ့သူဟာ လူမိုက်ပဲ။

ရိုက်မောင်း
နိုဝင်ဘာ - ၃၀