【 ဆောင်းပါး 】 “မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်”

【 ဆောင်းပါး 】 “မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်”

“မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်။မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။”

ငယ်ငယ်က ကျောင်းတက်လျှင် ဆိုနေကျ ဆောင်ပုဒ်သီချင်းလေးပါ။တကယ်အဖိုးတန်သည့် ဆောင်ပုဒ်လေးပါ။ငယ်စဉ်တုန်းကတော့ တာဝန်အရ ဆိုခဲ့တာပါ။ဆိုကောင်းလို့လည်း ဆိုခဲ့တာပါ။အသက်တွေကြီးလာပြီး အကြောင်းတစ်ခုခုကြောင့် အတွေးထဲကို ထိုဆောင်ပုဒ်လေးရောက်လာသည့်အခါများတွင် အရိုးဆုံးစကားလုံးလေးတွေ သုံးထားသော်လည်း အကောင်းဆုံးအဓိပ္ပါယ်ရှိနေတာပါလားဆိုပြီး မကြာခဏတွေးဖြစ်သည်။

မိမိ၏အတန်း မိမိ၏ကျောင်း မိမိ၏တိုင်းပြည် ကောင်းစားအောင် ကြိုးစားမည်ဆိုတော့ ရည်ရွယ်ချက်က တစ်စတစ်စမြင့်မားလာခြင်းကို ရည်ညွှန်းထားပါသည်။ထိုသို့သော ကြီးမားသည့် မဟာရည်ရွယ်ချက်၏ အခြေခံသည် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရန် ဖြစ်လေသည်။ကျောင်းသားလူငယ်အားလုံးသာ ဆောင်ပုဒ်ထဲကအတိုင်း မိမိကိုယ်ကို တကယ်ကောင်းအောင်ကြိုးစားလာခဲ့လျှင် မနေ့ကကောင်းသော လူငယ်လေးများသည် ယနေ့ကောင်းသော လူကြီးများ ဖြစ်နေလောက်ပေပြီ။ထိုသို့သာဖြစ်လာမည်ဆိုလျှင် မိမိတို့တိုင်းပြည်ကြီးလည်း အမှန်တကယ်ကောင်းစားနေရပေလိမ့်မည်။အကယ်၍ မိမိတို့တိုင်းပြည်ကြီး တကယ်မကောင်းစားသေးဘူးဆိုလျှင် တစ်ချိန်က မိမိတို့ကိုယ်ကို ကောင်းအောင်မကြိုးစားခဲ့ကြတာ ဖြစ်လိမ့်မည်။သို့တည်းမဟုတ် အရည်အချင်းပြည့်ပြည့်နှင့် တကယ်ကောင်းအောင် မကြိုးစားခဲ့တာလည်း ဖြစ်နိုင်သည်။တကယ်ကောင်းအောင် ကြိုးစားခဲ့သူတွေရှိခဲ့သည်ဆိုလျှင်တောင် အရေအတွက်တော်တော်နည်းလို့ ဖြစ်ပါလိမ့်မည်။

နောက်ဆုံးတစ်မျိုးကတော့ လူငယ်ဘဝက ကောင်းအောင်ကြိုးစားခဲ့သော်လည်း လူကြီးဘဝရောက်မှ အတွေးအခေါ်ပြောင်းပြီး မကောင်းတော့တာလည်း ဖြစ်နိုင်ပါသည်။ပါးစပ်ပြောလွယ်သော်လည်း တကယ်ကြိုးစားရတာတော့ ထင်သလောက်မလွယ်ကူလှပါ။ကြားကာလတွေမှာ ကြုံတွေ့ရသည့် လောကဓံတရားများကို အသိမပျက် သတိဖက်ကာ ကြံ့ကြံ့ခံနိုင်ဖို့လည်း လိုအပ်သည်။ကြုံလာဆုံလာသော လောကဓံတရားများကို ကျော်လွှားနိုင်မှသာ မိမိတို့ဦးတည်သော ရည်ရွယ်ချက်မပျောက်မှာဖြစ်သည်။မိမိတို့ဆင်းရဲနေ၍ ချမ်းသာချင်လွန်းလျှင်လည်း  မကောင်းမှုကိုကြံတတ်ပြောတတ် လုပ်တတ်ပါသည်။ချမ်းသာနေ၍ ဆင်းရဲမှာကြောက်ပြီး ပို၍ချမ်းသာချင်လွန်းလျှင်လည်း မကောင်းမှုကို ကြံတတ်ပြောတတ် လုပ်တတ်ပါသည်။စိတ်ကို ဖြူဖြူစင်စင် ဖြောင့်ဖြောင့်မတ်မတ်ထား၍ မနာလိုဝန်တိုစိတ်များကိုဖယ်ရှားကာ မိမိကိုယ်ကို ကောင်းသည်ထက် ကောင်းအောင် သတိထားကြိုးစားမှသာ အနှောင့်အယှက်ကင်းကင်းနှင့် ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိမည်ဖြစ်သည်။

မူလရည်ရွယ်ချက်ကောင်းသော်လည်း မူလလျှောက်လှမ်းမှုကောင်းသော်လည်း မနာလိုဝန်တိုစိတ်ကို မဖယ်ရှားနိုင်ပါက လမ်းကြောင်းမှားကာ ရည်ရွယ်ချက်ပျောက်တတ်ပါသည်။

ဂေါတမမြတ်စွာဘုရားသခင် ပွင့်တော်မူစဉ်အချိန်ကဖြစ်ပါသည်။ဒေဝဒတ်သည် မူလက လူကောင်းတစ်ယောက်ဖြစ်သည်။နူးညံ့သိမ်မွေ့သူဖြစ်သည်။ဘုရားရှင်ကိုလည်း ကြည်ညိုလေးစားသူဖြစ်သည်။အရွယ်ရောက်သောအခါ ညီအကိုဝမ်းကွဲများဖြစ်သော အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဆတ္တာသည်ဥပါလိတို့နှင့်အတူ မြတ်စွာဘုရားသခင်ထံမှာ ရဟန်းဝတ်ကြသည်။ရှင်အာနန္ဒာသည် သောတပန်ဖြစ်၏။ဘဒ္ဒိယသည် ရဟန္တာဖြစ်သည်။အနုရုဒ္ဒါသည် ရဟန္တာဖြစ်သည့်အပြင် ဒိဗ္ဗစက္ခုဉာဏ်ကို ရရှိ၏။ဘဂု ကိမိလ ဥပါလိတို့သည်လည်း နောင်တွင် ရဟန္တာဖြစ်ကုန်ကြ၏။ဒေဝဒတ်သည် အရိယာမဖြစ်သေးသော်လည်း လောကီစျာန် အဘိဉာဏ်တန်ခိုးရ၏။သည်အထိ ဒေဝဒတ်တစ်ယောက် ရိုးသားကြိုးစားသော ပုထုဇဉ်ရဟန်းတစ်ပါး ဖြစ်နေသေးသည်။ဒါယကာအများစုတို့သည် ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်အာနန္ဒာ၊ ရှင်ဘဒ္ဒိယ၊ စသူတို့ကို ဆွမ်းဖိတ်ခြင်း လှူဒါန်းခြင်းတို့ ပြုကြသည်။ထိုအခါ သူ့ကိုတော့ ဂရုမစိုက်ရကောင်းလားဟု ကိုယ့်ထက်သာ မနာလိုသောစိတ်ရိုင်းက စတင်ဝင်ရောက်လာသည်။ဘုရင့်သား မင်းမျိုးမင်းနွယ်ဟူသောမာန်ကလည်း သူ၏စိတ်ရိုင်းကို အားပေးအားမြှောက်ပြုလာပြန်သည်။ယခင်က သူကြည်ညိုလေးစားရသော ဘုရားရှင်ကိုပင် တရားမမျှတသူအဖြစ် တလွဲမြင်ကာ ရန်လိုစိတ်များ ဝင်လာပါတော့ သည်။

ဗိမ္မိသာရမင်းကြီး၏ သားတော် အဇာတသတ် ကို သူ၏လောကီစျာန်တန်ခိုးများနှင့် ခြိမ်းခြောက်ကာ သူ့သြဇာအောက်သို့ သိမ်းသွင်းပြီး သူ၏ယုတ်မာသောအကြံအစည်များနှင့် အဇာတသတ် ကို ဘုရင်ဖြစ်စေသည့်အပြင် ဗိမ္မိသာရမင်းကြီးကိုပင် သတ်စေခဲ့သည်။သူကိုယ်တိုင်လည်း ဘုရားရှင်ကိုသတ်ရန် ကြံစည်ပါသည်။အဇာတသတ်မင်းထံမှာ လူသတ်သမားများတောင်း၍ ဘုရားရှင်ကို သတ်စေသည်။သို့သော် ထိုလူအားလုံးက ဘုရားရှင်ကိုမသတ်သည့်အပြင် ဘုရားရှင်ထံမှာ ရဟန်းများဖြစ်ကုန်သည်။ထိုအခါ သူကိုယ်တိုင်သတ်မည်ဟုဆိုကာ တောင်အောက်မှာ ဘုရားရှင်လမ်းလျှောက်လာစဉ် တောင်ကုန်းပေါ်မှ ကျောက်တုံးကို လှိမ့်ချသည်။ဘုရားရှင်၏ ခြေမတစ်ဖက်တွင် သွေးစိမ်းတည်သွား၏။တစ်ဖန် အဇာသတ်ထံမှာ အားခွန်ဗလနှင့် ပြည့်စုံသော နာဠာဂီရိဆင်ကို တောင်းသည်။ဆင်ကြီးကို အရက်မူးအောင်တိုက်ကာ ဆွမ်းခံကြွလာသော ဘုရားရှင်ကို သတ်စေသည်။အရက်မူးနေသော ဆင်ကြီးသည် ဘုရားရှင်ကို မသတ်သည့်အပြင် ဘုရားရှင်ရှေ့မှာ ဒူးတုတ်ထိုင်ကာ ဘုရားရှင်ကို အရိုအသေပင်ပေးလေသည်။ဘုရားရှင်ကိုသတ်ဖို့ အကြံအစည်များ မအောင်မြင်သောအခါ တစ်မျိုးစဉ်းစားပြန်သည်။ဘုရားရှင်ကို ယှဉ်ပြိုင်ရန်အတွက် သံဃာသင်းခွဲရန် ကြံစည်သည်။ထို့ကြောင့် ဘုရားရှင်ထံသွားကာ ရဟန်းတို့ကို သူတင်ပြသည့် အချက်ငါးချက်နှင့်အညီ နေထိုင်ကျင့်ကြံစေရန် ပညတ်ပေးပါဟု ပြော၏။  

သူတောင်းဆိုသောအချက်များသည် အစွန်းတရားများဖြစ်နေ၍ ဘုရားရှင်က ခွင့်မပြုသောအခါ ဒေဝဒတ် က ဘုရားရှင်သည် ခြိုးခြံသောအကျင့်ကို မကျင့် လာဘ်ရရုံကျင့်သည်ဟု ပြောဆိုစည်းရုံးသောအခါ သံဃာငါးရာ ဒေဝဒတ်နောက် ပါသွားသည်။မကြာမီမှာပင် ထိုရဟန်းငါးရာလည်း ဘုရားရှင်ထံ ပြန်ရောက်လာသည်။နောက်ဆုံး ဒေဝဒတ်ဆီမှာ ရဟန်းရှစ်ပါးသာ ကျန်ရစ်သည်။ဒေဝဒတ်လည်း ဆွမ်းမှန်မှန်မစားရသည့် ခန္ဓာကိုယ်ဝေဒနာ သူကြံတိုင်းမဖြစ်သည့် စိတ်ဝေဒနာတို့ကြောင့် သွေးအန်ကာ လမ်းပင်မလျှောက်နိုင်တော့ပေ။တစ်နှစ်နီးပါး ဝေဒနာခံစားရပြီးနောက် နောင်တရကာ ဘုရားရှင်ကို တောင်းပန်ရန်သွားသည်။သူ့တပည့်ရဟန်းများက သူ့ကိုထမ်းစင်ပေါ်တင်၍ သွားရသည်။ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းအနီး ရေကန်သို့ရောက်သောအခါ သူ့တပည့်များက ထမ်းစင်ကိုချကာ ရေကန်ထဲမှာ ခြေလက်ဆေးကြသည်။ဒေဝဒတ်လည်း ထမ်းစင်ပေါ်လှဲနေရာမှ ခြေနှစ်ဖက်ကို မြေကြီးပေါ်သို့ချမိသည်နှင့်တစ်ပြိုင်နက် ခြေထောက်နှစ်ချောင်းက မြေကြီးထဲကျွံဝင်သွားပြီး တဖြည်းဖြည်း တစ်ကိုယ်လုံးမြေမျိုသွားလေတော့သည်။

မျိုးရိုးကောင်းပါလျက် မိတ်ဆွေအပေါင်းအသင်းကောင်းပါလျက် သူတော်ကောင်း၏ အဆုံးအမအောက်မှာ ရှိနေပါလျက်နှင့် မိမိကိုယ်ကို ကောင်းအောင် ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ စိတ်အလိုလိုက်ခဲ့မိသည့်ရလဒ်ကား အနှိုင်းမရှိ ဆုံးရှုံးခြင်းသာဖြစ်ခဲ့ရသည်။မိမိကိုယ်ကို ကောင်းအောင်မကြိုးစားနိုင်ဘဲ မကောင်းအောင်ကြိုးစားသလို ဖြစ်ခဲ့သည့်အတွက် ဆူးလှည်းကြီးမောင်းနှင်လာသလို မိမိသာမက မိမိနှင့်ပတ်သက်သမျှ အဇာတသတ်၊ ဗိမ္မိသာရအပါအဝင် လူရဟန်းတော်တော်များများ အကွဲကွဲအပြဲပြဲ ဖြစ်ကုန်ကြရသည်။မရောင့်ရဲ မတင်းတိမ်သော လိုချင်တပ်မက်မှုလောဘ မနာလိုဝန်တို အလိုမကျမှုဒေါသ အမှန်အမှားမခွဲခြား တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားသည့် မသိမှုမောဟ အကုသိုလ်တရားများသည် မိမိကိုယ်ကို ကောင်းအောင်မကြိုးစားနိုင်သူများအတွက် အဆိပ်လူးထားသော လက်နက်များသာဖြစ်လေသည်။ထိုအကုသိုလ်အဆိပ်များသည် သူများထိလည်းမကောင်းသလို မိမိကိုယ်ကိုပြန်ထိလည်း မကောင်းပါ။

ရည်ရွယ်ချက်ရှိသောသူများအတွက် ခရီးတစ်ခု၏အစမှ အဆုံးထိ အသိနှင့်ယှဉ် သတိနှင့်ယှဉ်ကာ အား မာန်အပြည့်နှင့် သွားရပါမည်။တာထွက်ကောင်းရန် အရေးကြီးသလို ပန်းဝင်ကောင်းရန်လည်း အရေးကြီးပါသည်။လွယ်တော့မလွယ်ပါ။သို့သော်လည်း ကြိုးစားရပါမည်။

မည်သို့ပင်ဆိုစေ -

မိမိကိုယ်ကို ကောင်းအောင်ကြိုးစားရပါမည်။မိမိအတန်းကို ကောင်းအောင်ကြိုးစားရပါမည်။မိမိကျောင်းကို ကောင်းအောင်ကြိုးစားရပါမည်။မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားရပါမည်။                                                                         

ရိုက်မောင်း
နိုဝင်ဘာ - ၁၆