【 ဆောင်းပါး 】 “မိမိကိုယ်ကို နားလည်ခြင်း”

【 ဆောင်းပါး 】 “မိမိကိုယ်ကို နားလည်ခြင်း”

မိမိကိုယ်ကို သိနားလည်ခြင်းသည် အခြားသူများကို စီမံခန့်ခွဲရာ၌ မိမိ၏ပင်ကိုဉာဏ်ပါရမီတွင် တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်နိုင်စွမ်းကို ဖြစ်ပေါ်စေပါသည်။

မိမိကိုယ်ကို မှန်ကန်စွာသိမှ၊ နားလည်မှသာလျှင် အခြားသူများနှင့် ဆက်ဆံလုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ပါသည်။အခြားသူများအကြောင်းကိုသိဖို့ထက် ကိုယ့်ကိုယ်ကို ဦးစွာဆန်းစစ်ဖို့လိုသည်။ကိုယ့်အကြောင်းကိုယ်သိဖို့လိုသည်။ကိုယ့်အကြောင်းကို မှန်ကန်စွာသိနားလည်ခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အသိအမြင်ဉာဏ်ပွင့်လင်းမှုကိုရရှိစေပြီး၊ မိမိ၏ပင်ကိုဉာဏ်ပါရမီကို ထက်သန်စေမည်ဖြစ်ပါသည်။

မိမိကိုယ်ကို မှန်ကန်စွာသိမြင်နိုင်ရန် ကိုယ့်ကိုယ်ကိုယ် မလိမ်တမ်းမညာတမ်း ဆန်းစစ်ဖို့လိုသည်။အခြားသူများက မိမိအပေါ် မည်သို့နားလည်မှတ်ယူသည်ကို သဘောပေါက်ထားဖို့လိုသည်။မိမိကိုယ်ကိုသိဖို့က ပိုအရေးကြီးလား။ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ဟူသော စကားရှိသည်မဟုတ်ပါလားဟု စောဒကတက်စရာရှိသည်။ကိုယ့်အကြောင်းကို ကိုယ်သိဖို့ အရေးကြီးသကဲ့သို့ အခြားသူများ၏ ထင်မြင်ချက်သည်လည်း အရေးကြီးသည်။ကိုယ့်ကို အခြားလူတွေက ဘယ်လိုမြင်လဲ၊ ဘယ်လိုနားလည်ထားလဲ၊ ဘယ်လိုသဘောထားလဲ၊ ဘယ်လိုလက်ခံမှတ်ယူထားသလဲဆိုသည်ကို သိထားဖို့ ကောင်းစွာနားလည်သဘောပေါက်ထားဖို့လိုပါသည်။ကိုယ့်ကို အခြားသူတွေက ဘာကြောင့် ဒီလိုတုံ့ပြန်သလဲဆိုသည်ကို ဆန်းစစ်သင့်သည်။
အခြားသူများထံမှ အကောင်းဆုံးသော တုံ့ပြန်မှုများနှင့် အကောင်းဆုံးသောစွမ်းဆောင်ရည်များ ရရှိနိုင်ဖို့အတွက် ပထမဆုံးလုပ်ဆောင်ရမည့်အချက်မှာ ကိုယ့်အကြောင်းကိုယ်သိဖို့၊ မိမိကိုယ်ကို မှန်ကန်စွာနားလည်ဖို့ဖြစ်ပါသည်။

မိမိကိုယ်ကို မှန်ကန်စွာနားလည်နိုင်ရေးတွင် -
၁။ ကိုယ့်ကိုယ်ကို အစဉ်သတိပြုမိအောင် အားထုတ်ခြင်း၊  (Developing Self-awareness)
၂။ စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးများကို အသုံးပြုခြင်း၊ (Using emotional intelligence)
၃။ ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာလုပ်ဆောင်ခြင်း၊ တိကျပြတ်သားခြင်း၊ (Applying Assertiveness)
၄။ မိမိယူဆချက်များကို ဆန်းစစ်စစ်ဆေးခြင်း၊ (Examing your assumptions)
၅။ ကိုယ့်တန်ဖိုးကို ကိုယ်အလေးထားခြင်း၊ သိစေခြင်းနှင့်၊ (Clarifying your values)
၆။ ကိုယ့်ရည်မှန်းချက်ကို စနစ်တကျဖော်ထုတ်ဆောင်ရွက်ခြင်း၊ (Developing your personal mission statement) တို့ ပါဝင်သည်။

ထိရောက်သော မန်နေဂျာတစ်ဦး ဖြစ်မြောက်အောင်မြင်ရေးတွင် မိမိ၏စိတ်ခံစားမှုများကို အစဉ်သတိမူခြင်း၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ခြင်း စသည်တို့သည် အရေးကြီးပြီး၊ ကိုယ့်အကြိုက်ကို ကိုယ်သိခြင်း၊ ကိုယ်မနှစ်သက်သည့်အချက်များကိုသိခြင်း၊ ကိုယ့်ကျွမ်းကျင်မှုကို ကိုယ်သိခြင်း၊ ကိုယ့်အတွက် ခက်ခဲသောအရာများ၊ စိန်ခေါ်မှုများကို သိရှိထားခြင်းတို့သည် မိမိကိုယ်ကိုဆန်းစစ်ရန် အချက်များဖြစ်သည်။အရိုးရှင်းဆုံးအချက်မှာ မိမိကိုယ်ကို မထိန်းချုပ်နိုင်သောသူသည် အခြားသူများကို စီမံကွပ်ကဲရန် မဖြစ်နိုင်ပေ။

မိမိကိုယ်ကို သတိပြုမိမှု တိုးတက်လာစေရန် အကောင်းဆုံးနည်းလမ်းမှာ - မိမိ၏နေ့စဉ်ဘဝဖြတ်သန်းရာများမှ စနစ်တကျဆွဲထုတ်လေ့လာရန်ဖြစ်ပါသည်။သတိပြုသင်ယူရန်ဖြစ်ပါသည်။မိမိ၏နေ့စဉ်ဘဝမှ စတင်ရမည်ဖြစ်ပြီး အခြားသူများအပေါ် မိမိ၏တုံ့ပြန်ဆောင်ရွက်မှုများ၊ ထွက်ပေါ်လာသောရလဒ်များ စသည်တို့ကို ပြန်လည်ဆွဲထုတ် စစ်တမ်းယူရမည်ဖြစ်ပါသည်။
စနစ်တကျ အချိန်ဇယားတစ်ခုဆွဲ၍ စစ်တမ်းထုတ်ယူသင့်သည်။မနက်ပိုင်း လုပ်ငန်းမစတင်မီသို့မဟုတ် ညနေအလုပ်သိမ်းချိန်တွင် စနစ်တကျပြန်လည်သုံးသပ်သင့်သည်။အလုပ်ပါးသောအချိန်ကို ရွေးချယ်သင့်ပေသည်။အနှောင့်အယှက်ကင်းဝေးသည့် တစ်ဦးတည်း အေးအေးလူလူရှိနိုင်မည့် နေရာနှင့် အချိန်ကို ရွေးချယ်သင့်ပေသည်။ဖြစ်ရပ်တစ်ခုချင်း၊ အခြေအနေတစ်ရပ်ချင်းစီမှ သင်ခန်းစာထုတ်ယူပြီး ပိုမိုနားလည်အောင် အားထုတ်သင့်ပေသည်။

မန်နေဂျာတစ်ဦးသည် မိမိ၏ အားသာချက်၊ အားနည်းချက်များကို ပြည့်ပြည့်ဝဝနားလည်နိုင်ရန် မိမိ၏ရည်မှန်းချက်နှင့်ယှဉ်သော တိုးတက်မှုများကို အကဲဖြတ်ရန် လိုအပ်ပေသည်။အရေးကြီးသောကိစ္စရပ်များကို ဆောင်ရွက်သည့်အခါတိုင်း သို့မဟုတ် အဓိကကျသော ဆုံးဖြတ်ချက်များကို ချမှတ်ရသည့်အခါတိုင်းတွင် မိမိ၏မျှော်လင့်ချက် သို့မဟုတ် မိမိဖြစ်စေလိုသည့်အချက်များကို စာအုပ်တွင် ချရေးထားသင့်သည်။သုံးလေးလကြာပြီးနောက်တွင် တကယ့်ရလဒ်များနှင့် မိမိမျှော်မှန်းထားချက်များနှင့် နှိုင်းယှဉ်ချိန်ထိုးသင့်သည်။မန်နေဂျာတစ်ဦးသည် ဤနည်းစနစ်ကို တစ်စိုက်မတ်မတ် လက်တွေ့ကျင့်သုံးလျှင် “မိမိဘာတွေလုပ်ဆောင်နေသည်၊ ဘာတွေပျက်ကွက်နေသည်ကို ရှာဖွေတွေ့မြင်လာပြီး” မိမိ၏ အားနည်းချက်၊ အားသာချက်များကို ကောင်းစွာသိမြင်လာမည်ဖြစ်သည်။မည်သည့်နယ်ပယ်ရပ်များ၌ မိမိသည် လုံလောက်သော ကျွမ်းကျင်မှု ရှိသည်/မရှိသည်ကို ကောင်းစွာနားလည်လာမည်ဖြစ်သည်။

မန်နေဂျာတစ်ဦးအဖို့ အတွေ့အကြုံများမှ သင်ခန်းစာထုတ်ယူရေးတွင် မှတ်စုမှတ်တမ်းစာအုပ်ထားရှိခြင်းသည် ကောင်းမွန်သောနည်းလမ်းတစ်ရပ်ဖြစ်သည်။အဆိုပါမှတ်စုမှတ်တမ်း (Journal) သည် ကိုယ်ရေးမှတ်တမ်း (Diary) နှင့် အလားသဏ္ဌာန်တူသော်လည်း မိမိ၏စီမံခန့်ခွဲမှုအတွေ့အကြုံများကို ဝေဖန်ဆန်းစစ်ထားသောရှုထောင့်မှ ရေးမှတ်ထားခြင်းဖြစ်သည်။

၎င်းတွင် အထက်အရာရှိများနှင့် အပြန်အလှန်ဆက်သွယ်ရေး၊ တုံ့ပြန်မှုများ၊ ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်မှု၊ ဆောင်ရွက်မှုများကို စီမံမှုအမြင် ဝေဖန်ရေးရှုထောင့်မှ သုံးသပ်ရေးသားထားချက်များပါဝင်သည်။အကယ်၍ အကူအညီရလိုလျှင် အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း၊ Facebook ကဲ့သို့သော Social Media များမှ တုံ့ပြန်မှုများ တောင်းခံရရှိနိုင်ပေသည်။ ၎င်းမှတ်တမ်းဂျာနယ်တွင် ပါဝင်သင့်သော အချက်များမှာ-

၁။ ပြဿနာတစ်ရပ်ကို တစ်စုံတစ်ဦးက ကိုင်တွယ်ဖြေရှင်းရာတွင် ကောင်းမွန်သောနည်းလမ်းတစ်ရပ်သို့မဟုတ် ဆိုးဝါးသောဖြေရှင်းမှု၊
၂။ ပြဿနာတစ်ရပ်စတင်ခြင်း၊
၃။ အခြေအနေတစ်ရပ်ပေါ်တွင် မတူညီသော တုံ့ပြန်မှုများ၊
၄။ ဉာဏ်ပွင့်လင်းစေသော မှတ်ချက်များ၊ ကောက်ချက်များ၊ စိတ်ဝင်စားဖွယ်ရာ အကိုးအကားများ၊ အဆိုအမိန့်များ။
၅။ သတင်းဆောင်းပါးများ၊ ပုံတိုပတ်စများ၊ ကာတွန်းများ၊
၆။ စာအုပ်များ၊ ရုပ်ရှင်များ၊ သတင်းများအပေါ် မိမိ၏အတွေးများ၊ ထင်မြင်ချက်များ စသည်တို့ဖြစ်ပါသည်။

မိမိအပေါ်တွင် ရိုးသားသော၊ အကြံကောင်းဉာဏ်ကောင်းပေးနိုင်သော၊ ကူညီတတ်သော၊ ယုံကြည်အားကိုးထိုက်သောပုဂ္ဂိုလ် အနည်းဆုံးတစ်ဦး မိမိဘဝတွင်ရှိသင့်သည်။အဆိုပါပုဂ္ဂိုလ်သည် မိတ်ဖက်တစ်ဦး၊ မိတ်ဆွေတစ်ဦး၊ ဆရာတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ နည်းပြကောင်တစ်ဦးစသည်ဖြင့် ဖြစ်နိုင်ပေသည်။

ယနေ့ခေတ် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများတွင် အားနည်းချက်၊ အားသာချက်များကို သုံးသပ်၍ အသိအမြင်ပွင့်လင်းလာစေရန် ရည်ရွယ်၍ ၃၆၀ ဒီဂရီတုံ့ပြန်မှုများ (360 Degree Feedback) ရရှိအောင် ဆောင်ရွက်ထားကြပြီဖြစ်ပါသည်။

မှူးခန့်စံ
ဇန်နဝါရီ - ၁၂