【 ဆောင်းပါး 】 “မြစ်ချောင်းတွေထဲ..မှာ”

【 ဆောင်းပါး 】 “မြစ်ချောင်းတွေထဲ..မှာ”

ငယ်စဉ်က ချောင်းတွေ မြောင်းတွေ ဖြတ်ရသည့်အခါတိုင်း ကျနော်စဉ်းစားလေ့ရှိမိတာက ရေတွေမရှိလျှင်ကောင်းမည်ဆိုသည့် စိတ်ဖြစ်သည်။ဒီလိုတွေးမိရတာလည်း ကျနော်က ရေကြောက်သူဖြစ်သည့်အပြင် မိသားစုကပါ ရေကြောက်ကြသည်။ထို့ကြောင့် ရေမြင်လျှင် စိတ်က အလိုလိုလန့်နေတတ်သည်။

မျိုးနဲ့ရိုးနဲ့ ရေကြောက်တတ်ကြတာဖြစ်သဖြင့် ရေလမ်းခရီးကနေသွားရသည့်ခရီးမှန်သမျှ ကျနော်တို့မိသားစုတွေ မရောက်ဖြစ်။ဘယ်လောက်တောင် ကျနော်ရေကြောက်သလဲဆိုလျှင် ငယ်စဉ်က ရေချိုးသည့်အခါ စည့်အိုးထဲမှရေကို မျက်စိမှိတ်ခပ်ပြီး အတော်လှမ်းလှမ်းတွင် ရေသွားချိုးသည့်အထိပင်။ဒီလို ကျနော်ပြောနေတော့ ကျနော်နေခဲ့သည့်အရပ်က မြစ်ချောင်းတို့နှင့်ဝေးသည့်အရပ်ဟု ထင်ဖွယ်ရှိမည်။အမှန်တကယ်တော့ ကျနော်မွေးဖွားကြီးပြင်းခဲ့ရာအရပ်သည် လှိုင်မြစ် ရေတက် ရေကျ ပုံမှန်ခံရလေ့ရှိသည့် အရပ်ဒေသဖြစ်သည်။တစ်နှစ်ကို ရေတက် ရေကျမဆိုနှင့် လေးငါးလလောက် ရေကြီးတက်သည့် ကမ်းနားပိုင်းမှာနေခဲ့တာဖြစ်ပြီး ဒီနေရာမှာနေသူက ရေကြောက်နေသည်မှာ ကြားရသူအတွက် လူရယ်စရာပင်ဖြစ်သည်။

ရေကြောက်သည့်စိတ်ကြောင့် နှစ်စဉ်ရေကြီးသည့်အခါတိုင်း ရေထဲပြုတ်ကျမှာကိုလန့်ပြီး အိမ်ပေါ်ကတောင်မဆင်းရဲ။ကျနော်တို့ငယ်ငယ် သိတတ်စဆိုတာ ၁၉၇၅-၈၀ ဝန်းကျင်ကာလတွေဖြစ်သဖြင့် အိမ်အောက်ရေဝင်ပြီး ရေကြီးသည့်အချိန်ဆို လူကြီးပေါင်ရင်းထိရောက်တတ်သည့် အရပ်ဒေသဖြစ်သည်။ယခု ချောင်းကောသာသာဖြစ်နေသည့် သမိုင်းချောင်းမှာ ကျနော်တို့ငယ်စဉ်ကဆိုလျှင် မြစ်၀မှ ယခု သမိုင်းလမ်းဆုံ ဓာတ်ငွေ့ဆိုင်အကျော်အထိ ဓနိသမ္ဗာန်တွေ၊ လှေကြီးတွေ ဝင်ထွက်လို့ရအောင် ချောင်းထဲရေဝင်သဖြင့် ထိုတစ်၀ိုက်နေရာတွေမှာ ရေထရက် မိုးကြီးသည့်ရက်တွေဆို ရေကြီးသည်မှာ ထူးဆန်းသည့်ကိစ္စမဟုတ်။ကျနော်တို့ငယ်စဉ်ကနေ နောက် ၁၉၉၀ လောက်ထိ လှိုင်မြစ်နောက်ခြမ်းလို့ခေါ်ကြသည့် မီးရထားလမ်းနောက်ဘက်တွေဆိုသည်မှာ နွေမှာ မီးဘေး၊ မိုးမှာ ရေဘေး နှစ်စဉ်ကြုံရသည့်အရပ်ဖြစ်သည်။သို့ဖြစ်သဖြင့် ဤအရပ်ဒေသတွင် အိမ်ကြီးအိမ်ကောင်းရှားပြီး အတန်အသင့် ဓနိမိုး၊ ထရံကာအိမ်တွေက များသည်။သွပ်မိုးသည့်အိမ်ဆိုသည်မှာ လမ်းထဲရပ်ထဲ ရှိလှ တစ်အိမ် နှစ်အိမ်။သွပ်မိုးနိုင်သည့်အိမ်ဆိုလျှင် မိုးရွာသည့်အခါ သွပ်ပေါ် မိုးပေါက်ကျသံကပင် ငယ်စဉ်ကကြားရသည်မှာ သာယာနာပျော်ဖွယ်လို့ပင် ထင်ရသည်အထိ ချို့တဲ့သည့်ခေတ်ဖြစ်သည်။ယခုမှသာ ထိုအရပ်ဒေသက လူ့မလိုင်လွှာတွေနေသည့်အရပ်တွေ ဖြစ်ကုန်တာဖြစ်သည်။  

အစောပိုင်းက ရေကြောက်သည့်ကိစ္စကို ဆက်ပါဦးအံ့။ငယ်စဉ်က တစ်ညလုံးမိုးရွာသည့်အခါ မနက်ဆိုလျှင် ရေက အောက်ဆင်းလိုမရနိုင်အောင် ဖိနပ်ချွတ်မြုပ်သည်အထိ ရေကကြီးပြီ။ထိုသို့ရေကြီးလျှင် တစ်နေရာနှင့် တစ်နေရာ၊ တစ်အိမ်နှင့် တစ်အိမ် ကူးရဖို့ တော်တော်ခက်သည်။ဒီတော့ အိမ်ပေါ်မှာ ဝမ်းလျားမှောက်ပြီး အိမ်အောက်က ရေသွားနေတာ ရေတက်နေတာ ရေကျနေတာကို ကြည့်ရင်း အချိန်ကုန်ရသည်။ရေက ကြည့်ဖန်များသည့်အခါ ကြောက်စရာကောင်းလာသည်။ရေကမြန်လာသလို၊ ကိုယ်ကပဲ ရေထဲရောက်တော့မလို။ဒီတော့ ညဘက်ရောက်လျှင် မိဘတွေကြားထဲဝင်အိပ်ပြီး ရေထဲမပြုတ်ကျအောင် တစ်ညလုံးသတိထားနေမိသည့်အထိပင်။ထိုစိတ်က အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်ရသည့်အခါအထိ မပျောက်။
အသက်အရွယ်အရနှင့် တာဝန်ယူမှုနေရာအရသာ မကြောက်ဟန်ဆောင်နေရသော်လည်း ဖြစ်နိုင်လျှင် ရေလမ်းမပါသည့် ခရီးလမ်းကိုသာ ရွေးချယ်မိသည်။မတတ်သာလို့ မြစ်ကူးချောင်းဖျားသွားရသည့်အခါ ရေလမ်းခရီးကြောင့် ခရီးလေးဖင့်ရသည့်အခါမျိုးတွင်တော့ ငယ်စဉ်ကတွေးတွေးခဲ့သည့် ရေတွေသာမရှိရင် အတော်ကောင်းမှာပဲဆိုသည့် စိတ်က ပြန်ပြန်ပေါ်လာတတ်သည်။ဒီလို ရေကိုကြောက်သည့် ကျနော့်စိတ်က တာဝန်အရ ဒေးဒရဲရောက်သည့်အချိန်တွင် ၂၀၀၈ နာဂစ်မုန်တိုင်းကို ကြုံရသည့်အခါ ဒီတစ်သက် ရေလမ်းရှိရာ၊ ရေရှိရာအရပ် ဘယ်တော့မှမသွားတော့ဟု သံဓိဋ္ဌာန်ချမိသည့်အထိပင် ဖြစ်ခဲ့ရသည်။

ရေဆိုတာ လူတွေအသက်ရှင်သန်မှုအတွက် အရေးကြီးဆုံးဆိုတာ၊ ရေမရှိလျှင် လူတွေအသက်ရှင်သန်မှုရပ်ဆိုင်းသွားမှာ စသည့် ရေတန်ဖိုးကိုသိသော်လည်း ကလေးဆန်သည်ပဲပြောပြော ရေကို သိပ်ပြီးမလိုလား မပတ်သက်ချင်တာကတော့ အမှန်ပင်။ပြောရရင် ရေဆိုတာ ကျနော့်အတွက် မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် သဘာ၀လက်ဆောင်ကြီးတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက အိမ်သို့ ပြည်တွင်နေသည့် မိန်းမဘက်မှ တူတော်စပ်သူရောက်လာခဲ့သည်။ရန်ကုန်မှာ သူ့အဒေါ်နှင့် ဦးလေး ဝင်ငွေမရှိ၊ ရှိတာထိုင်စားနေရသည် ကြားသဖြင့် ပြည်ကနေ ဆန်တွေ၊ ဒေသထွက်ကုန်တွေကို လမ်းကြုံကားနှင့်လိုက်လာပြီး လာပေးခြင်းဖြစ်သည်။သူရောက်သည့်ညတွေ စကားတွေ တူ၀ရီးနှစ်ယောက် ပြောဖြစ်ကြသည်။
တိုင်းရေးပြည်ရေးအခြေအနေက နေရာတိုင်းတွင်မကောင်းသဖြင့် နှစ်ယောက်သား ထိုအကြောင်းကို စိတ်မသက်မသာဖြင့်ပြောကြ၊ နောက် ဟိုအကြောင်း ဒီအကြောင်း ပြောကြဖြင့် လူလုပ်ကပ်ဘေးတွေ၊ သဘာ၀ကပ်ဘေးတွေအကြောင်း ရောက်သွားခဲ့သည်။

ဒီမှာ တူဖြစ်သူက ပြည်ဘက်က ဧရာ၀တီမြစ်၏ နွေရာသီအခြေအနေကို ပြောပြသည်။သူက ပြည်မှာ နွေဆို န၀ဒေးတံတားအောက်က သဲသောင်ထွန်းတာက မြစ်ပြည့်လုမတတ်ဖြစ်နေပြီဟု ဆိုသည်။ကျွန်တော်က သိပ်မယုံ။ကျွန်တော် ပြည်ကို နှစ်ခေါက် သုံးခေါက် သွားဖူးသည်။ပြည်တစ်ဖက်ကမ်း ဆင်တဲမှာရှိသည့် သူငယ်ချင်းတစ်ဦးဆီမှာလည်း တစ်ပတ်လောက်သွားနေခဲ့ဖူးသည်။ဧရာ၀တီမြစ်ရိုးတစ်လျှောက် ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းက တော်တော်ကိုလှမ်းသည်။မြစ်ပြင်ကကျယ်သည်။ပြီးတော့ ထိုမြစ်ရိုးတွင် ဟိုဘက်ဒီဘက် ကွန်ပစ်၊ ငါးရှာကြသည့်သူတွေဆီကနေ ဟင်းစားဝယ်ပြီး သူငယ်ချင်းနှစ်ယောက်ချက်စားကြနှင့် ယခု ပြန်တောင်သတိရမိသည်။ယခု ထိုမြစ်ပြင်က နွေဆို သောင်ထွန်းတာ မြင်လို့တောင်မကောင်းသည့်အနေအထားဟု ဆိုသည်။ထိုထက်ဆိုးသည်က ပြည်ဘက်တွင် ရေတွင်းရေကန်တွေ အရင်ကထက် ရေထွက်နည်းလာသည်ဆိုသည့်အကြောင်းပင်ဖြစ်သည်။ထို့ကြောင့် ရေချိုအရင်းအမြစ်ပြဿနာက နောင်ဆိုမလွဲမသွေကြုံရတော့မည်ဟု ဆိုသည်။

တူဖြစ်သူက ပြည်မြို့ပေါ်ကမဟုတ်။ပြည်ကိုလွန်ပြီး သွားရသေးသည့် တောအရပ် ကျေးလက်ဘက်ကဖြစ်သည်။လွယ်လွယ်သာ ပြည်လို့ခေါ်ခြင်းဖြစ်သည်။သူတို့ဘက်မှာ ရေကအရေးကြီးသည်။ပဲစိုက်နှမ်းစိုက်ရသည့်အခါတွေဆို ရေဓာတ်ရနေသည့်မြေနှင့်ဆို ပဲနှမ်းကဖြစ်သည်။ယခုနောက်ပိုင်းနှစ်တွေမှာ မြေအစိုဓာတ်က မိုးကုန်သည်နှင့် သိပ်မျှော်လင့်လို့မရသည့်အခြေအနေဟု ဆိုသည်။ပြီးတော့ မြေတွေက ဓာတ်မြေဩဇာတွေကြောင့် မြေဖန်နူန်းက ရှိရမည်ထက် ပိုများနေပြီဟု ဆိုသည်။ကြားရတာတွေက သိပ်ပြီးမကောင်းလှ။မြစ်ထဲ ချောင်းထဲလည်း မိုးတွင်းဆို ဓာတ်မြေဩဇာအကြွင်းအကျန်တွေရှိလို့လားမသိ။ငါး ဖား သိပ်ပြီးမကျဟု ဆိုသည်။ယခင်က လယ်ထဲယာထဲ ငါးတွေ ဖားတွေဆိုသည်မှာ တစ်နပ်စာ ဘယ်ရှာရှာအနေအထားကနေ ရိုးပိတ်၊ တာပိတ်၊ ချောင်းပိတ် မြောင်းပိတ်တဲ့သူတွေကို တကူးတကမှာနေရသည့်အခြေအနေကို ရောက်နေပြီဟု ဆိုသည်။

တူဖြစ်သူပြောတာတွေကို နားထောင်ပြီး မြစ်ကြီးမှာ မြစ်ပိတ်မတတ် သောင်ထွန်းနေတာတွေ၊ မြေအစိုဓာတ်နည်းနေတာတွေ၊ ယခင်လို သီးနှံတွေမဖြစ်ထွန်းတော့တာတွေက ညအိပ်တော့ အတွေးထဲရောက်နေခဲ့သည်။ဖြစ်ချိန်တန်လျှင် ပြုံဖြစ်တတ်သည့် လူ့လောကသဘာ၀ကိုလည်း တွေးမိသည်။ငါတစ်ယောက်တည်းလုပ်လိုက်လို့ ဘာမှမပျက်စီးပါဘူးဆိုသည့် တစ်ကိုယ်ကောင်းစိတ်တွေကြောင့် ပျက်စီးနေရသည့် တောတောင်ရေမြေတွေ၊ သစ်တောတွေကိုကြည့်ပြီး ဘယ်လိုမှပြန်အဖတ်ဆယ်လို့တောင် ရမှရပါ့ဦးမလားဆိုတာကိုလည်း စိတ်မောမိသည်။  

မြစ်တွေသောင်ထွန်းပြီး ရေချိုတွေခမ်းမတတ်ဖြစ်နေရသည်မှာ သိပ်တော့မဆန်းလှဟု ထင်သည်။တလောက မြန်မာပြည်မှာ နောက်ဆုံးကျန်သည့် တောကြီးလို့ခေါ်လို့ရသည့် အလောင်းတော်ကဿပ တောကနေ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး သစ်တွေခိုးခုတ်ကြတဲ့ သတင်းတွေ ပုံတွေကို တွေ့ရသည်။ဒီထဲမှာ ခုတ်ထားသည့်သစ်တွေကမရှိဘူးဆို လူကြီးနှစ်ယောက် သုံးယောက် ဖက်စာတောင်ကမည်မထင်။နှမြောလိုက်သည့်ဖြစ်ချင်း။ထိုအရပ်ဒေသကသူတွေဆို ဘယ်လောက်တောင်နှမြောလိုက်ကြလေမလဲ။အခွင့်အရေးရတုန်း ကုန်အောင်ခုတ်ကြသည့် ဒီလိုအချောင်သမားစိတ်တွေက အတွေ့ရများလာလေပြီ။အသိမရှိတာလား၊ သိသိနှင့် အတင်းဇွတ်တိုးလုပ်နေကြတာလားဆိုတာ မခွဲတတ်။

ဒီလိုတိုင်းပြည်အပေါ် စေတနာမထားသည့်သူတွေကြောင့် တိုင်းပြည်လဲ ထောင်းလမောင်းကြေအောင် ပျက်စီးနေရပြီ။ရေလဲခမ်း၊ အပင်လဲကန်း၊ နေစရာမရှိစတမ်းဆိုသည့် သဘာ၀ကျိန်စာကို ကျနော်တို့ခံနေရပြီလားဆိုတာ ပြန်ပြန်တွေးမိသည်။

၂၀၁၉ ခုနှစ်လောက်က သူငယ်ချင်းတွေစုပြီး ရှမ်းတောင်ဘက် ပရဟိတစာသင်သွားကြသည့်အခါ နာမည်ကြီး လွိုင်ဆမ်ဆစ်တောင်ကို လွင်တီးခေါင်သာသာမြင်ရသည်။ထင်ထားသလို တောတွေက အရိပ်မထိုးနိုင်အောင်မဟုတ်။အပင်ပါးသဖြင့် ထိပ်ပြောင်နေသည့်ခေါင်းမှာ ဆံပင်လေးတွေပေါက်နေသလို။ထိုတုန်းက ဟုတ်မှဟုတ်ရဲ့လားဆိုတာ စိတ်ထဲတွေးမိသည်။
ထိုတောတွေတောင်တွေမှာ သဘာ၀ရေထွက်က အရေးကြီးသည်။ထိုရေထွက်တွေ ရေမထွက်ပါက တောလည်းလွင်တီးခေါင်ဖြစ်ကာ တောခြောက်ပြီး နောင်တွင် တောမီးလောင်တာတွေဖြစ်လာသည်ဟု ဒေသခံတွေက ဆိုသည်။ထိုသို့ ရေထွက်တွေမခမ်းအောင် သစ်ကြီးဝါးကြီးတွေကို ထိန်းသိမ်းရသည်ဟု ဆိုသည်။

တူဖြစ်သူပြောသည့် မြေအစိုဓာတ်ကကော ဒီသဘောပဲမဟုတ်လားဟု ကျနော်တွေးမိသည်။ပြည်နဲ့နီးသည့် အနောက်ဘက်က ရခိုင်ရိုးမ၊ ပြည် အထိုင်ချထားသည့် ပဲခူးရိုးမဆိုတာတွေက အမည်နာမသာ ရိုးမလို့ အမည်တပ်ထားသည်။တောလို့ခေါ်ရအောင် သစ်ကြီးဝါးကြီးတွေ၊ နေပြောက်မထိုးနိုင်အောင် သစ်ပင်တို့ ကြီးထွားရှင်သန်မှုရောရှိပါရဲ့လားဆိုတာ တွေးမိသည်။သစ်တောဆိုတာ မြန်မာပြည်မှာ ရှိရောရှိသေးရဲ့လားဆိုတာ တွေးမိသည်။

ဒီရက်ထဲ မုန်တိုင်း ဆိုင်ကလုံးဂူလပ်ကြောင့် ရန်ကုန်မှာ မိုးသည်းသည်းမည်းမည်းရွာသည်။လှိုင်သာယာမြစ်နှင့် နီးသည့်နေရာတွင်နေသည့် ကျနော့်အရပ်တွင် မိုးရွာသည်ဆို ရေစပ်စပ်နှင့် လမ်းပေါ်ရေကရောက်လာသည်။လမ်းထဲက ကလေးငယ်တွေ ထိုရေစပ်စပ်ထဲ ပြေးကြလွှားကြ၊ တချို့က ဘောလုံးကန်၊ တချို့ကတော့ ရေထဲမှာဝမ်းလျားထိုးကာ မိုးရွာထဲကစားကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျနော့်စိတ်ထဲ ငယ်စဉ်အချိန်ကို ပြန်သတိရမိသည်။ထို့နောက်တွေးမိသည်မှာ နောင်ဆို ဒီလိုရေစပ်စပ်လေး ငါတို့မြစ်တွေ ချောင်းတွေမှာ ရှိတောင် ရှိပါဦးမလား ဆိုတာကိုပင်။

မောင်ဦးလွင်
စက်တင်ဘာ - ၂၈