【 ဆောင်းပါး 】 “မြေးနှင့်အတူ စာဖတ်ခြင်း”

【 ဆောင်းပါး 】 “မြေးနှင့်အတူ စာဖတ်ခြင်း”

မိသားစုတွင် တစ်ဦးတည်းသော သမီးဖြစ်သူက မြေးတစ်ယောက်မွေးခဲ့သဖြင့် ကျနော်တို့ အလုပ်လက်မဲ့ လင်မယားတွင် အလုပ်မရှိသည့်နေ့ဆိုတာ မရှိလောက်အောင် ရှားသွားသည်။ 
 
သမီးဖြစ်သူနှင့် သမက်ဖြစ်သူက မနက်စောစော အလုပ်မသွားခင်လေး ကလေးကို အိမ်လာပို့ကြသည်။ပြီးမှ အလုပ်ဆက်သွားသည်။နှစ်ဦးစလုံးက ကုမ္ပဏီဝန်ထမ်းတွေဖြစ်သဖြင့် သူတို့အလုပ်ပြန်လာချိန်က မမှန်။အချိန်အတော်လင့်သည်။ဒီတော့ ကလေးကို လာခေါ်ချိန်မှာ အတော်နောက်ကျသဖြင့် ကလေး၏ တစ်နေ့တာ ဝေယျ၀စ္စမှန်သမျှ ပြီးနေပြီ။လာခေါ်လျှင် ကလေးမှာ အိပ်နေတာက များသည်။ဒီတော့ မြေးဖြစ်သူမှာ ကျနော်တို့ ဖိုးဖွားနှင့်သာ အချိန်ကုန်နေရသည့် သဘောဖြစ်ပြီး မိဘနှင့်နေရသည့်အချိန်မှာ တနင်္ဂနွေ တစ်ရက်သာရှိသည်။ 
 
ဒီလိုနေထိုင်မှုပုံစံက ကျနော်တို့မှ မဟုတ်။ယနေ့ခေတ်၏ ပုံစံမှန်ဖြစ်သည်။ခေတ်စနစ်အရ မိဘများမှာ သားသမီးဖြစ်သူများကမွေးသည့် ကလေးတွေကို ပြန်ထိန်းရာတွင် အဓိကကျသည့်နေရာသို့ရောက်လာခဲ့ပြီး ငွေအားဖြင့် သားသမီးတွေကို မကူမထောက်ပံ့နိုင်သည့်အခါ လူအားဖြင့် တတ်နိုင်သည့်အကူကို ပေးရသည့်သဘောပင်ဖြစ်သည်။ဒီအတွက် မိဘတွေမှာ သားသမီးတွေကို အပြစ်မမြင်သည့်အပြင် မြေးဖြစ်သူရှိသဖြင့် အသက်ကြီးလာလို့ အသုံးမဝင်တာကို ကုစားပေးသလိုဖြစ်နေလို့ ဒီလို မြေးဖြစ်သူကို အိမ်လာပို့ပြီး လာထိန်းခိုင်းတာကိုပင် ကျေးဇူးတင်နေကြသည်။ဒါက မြန်မာမိသားစုတွေမှာရှိသည့် ချစ်စရာ ဓလေ့ထုံးပင်။ 
 
လောကတွင် ပေးသူနှင့် ယူသူတွင် ပေးရသူက ပိုပြီးစိတ်ကြည်နူးသည်ဆိုသည်မှာ မိဘနှင့် သားသမီးကြားက ဆက်ဆံရေးပင်ဖြစ်သည်။ 
 
အိမ်ကို မြေးဖြစ်သူ မနက်ရောက်၊ ညမိုးချုပ်မှပြန်ဆိုသည့်အခါ ယခင်က အပြင်ထွက်စရာမရှိလျှင် လဘက်ရည်ဆိုင်မှာ သွားထိုင်တာကြာတတ်သည့် ကျနော်အဖို့ မြေးထိန်းရတာက အဓိကအလုပ်ဖြစ်လာပြီး ကျနော်တို့ အဖိုးအဖွားနှစ်ယောက်၏ နေ့စဉ်အချိန်တွေမှာ မြေးကိုထိန်းရသည့်အချိန်တွေ ဖြစ်လာခဲ့သည်။ဒါကိုပဲ ကျနော်တို့ အဖိုးကြီး အဖွားကြီးတွေမှာ ကျေနပ်သဘောကျနေခဲ့ကြသည်။မြေးယောင်္ကျားလေး ငယ်ရွယ်နေချိန်မှာ‌တော့ သိပ်ပြဿနာမဟုတ်။နည်းနည်း လေးငါးနှစ်ရောက်လာသည့်အခါ မူကြိုပို့ ကျောင်းတက်နှင့် ကလေးပြုစုပျိုးထောင်ရသည့်အချိန်ကိုရောက်လာတော့‌ ကျနော့်အတွက် မလွယ်သည့်အချိန်တွေ ရောက်လာခဲ့သည်။
 
ပြန်ပြောရင်သာ စာတစ်ကြောင်း နှစ်ကြောင်းနှင့် ပြီးသော်လည်း တကယ်က အတော်ကိုပင်ပမ်းသည့် အချိန်တွေဖြစ်သည်။မိမိသားသမီးတုန်းက မကြုံခဲ့ရသည့် ကလေးကျောင်းကြိုပို့တွေ၊ ကလေးဖြစ်သူ ကျောင်းမသွားချင်လို့ ချော့ရသည့်ဟာတွေ၊ ကလေးက ကျောင်းမှာပျော်မှပျော်ပါ့မလားဆိုပြီး မကြာခဏ ကျောင်းနားကို သွားပြီးချောင်းရသည့်အလုပ်တွေနှင့် ကျနော်တို့ အဖိုးအဖွားလင်မယားမှာ မြေးကျောင်းတက်လည်း လိုက်တက်ကြနှင့် ရူးကြရသည်။
 
မိန်းမဖြစ်သူက ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ သူ့အတွက် သိပ်ဆန်းသည့်ကိစ္စမဟုတ်သော်လည်း ကျနော်အတွက်မူ သမီးငယ်စဉ်မှ ကြီးပြင်းအရွယ်ရောက်လာသည်အထိ ငွေရှာသည်အလုပ်ကိုသာလုပ်ခဲ့ရပြီး သမီးဖြစ်သူကို မိန်းမဘက်က အဒေါ်တွေ၊ဦးလေးတွေ အဖိုးတွေ အဖွားတွေက ၀ိုင်းထိန်းကြသဖြင့် ယခု မြေးလက်ထက်ကြမှ သမိုင်းတစ်ပတ်လည်ကာ အသစ်အဆန်းလိုဖြစ်နေသည်။ယခုမှ အဖိုးအဖွားတွေ မြေးတွေနှင့်ပတ်သက်လာလျှင် ဘာကြောင့် သဲသဲလှုပ်နေသလဲဆိုတာကို သိလာရသလို  အသက်ကြီးမှ ‘သားအချစ် မြေးအနှစ်’ ဆိုသည့် စကားအဓိပ္ပာယ်ကို သေသေချာချာသိလာခဲ့သည်။ 
 
စိတ်ထဲ မြေးဖြစ်သူ နေမကောင်းသည့်အခါ၊ ထ မင်းသိပ်ကောင်းကောင်းမစားသည့်အခါ တစ်ခုခုပဲဖြစ်တော့မလို စိုးရိမ်တတ်နေသလို ကျောင်းမှာ မူကြိုမှာ ငါ့မြေးကို တခြားကလေးတွေများ ရိုက်နေမလား၊ ပုတ်နေမလား၊ ဆရာ ဆရာမကများ စာမရလို့ ရိုက်နေမလားဆိုသည့် စိုးရိမ်မှုကလည်း ရင်ထဲအပြည့်ပင်။
 
ကလေးပြုစုပျိုးထောင်မှုဆိုတာ ဘယ်လောက်ခက်မှန်း ယခုမှသိရသည်။လဘက်ရည်ဆိုင် ခဏခဏထွက်တတ်သည့် ကျနော့်အဖို့  မြေးပါလာသည့်အခါ လဘက်ရည်ဆိုင်ကနေ ရောဂါကူးမှာစိုးရ၊ တခြားသော အကျင့်စရိုက်တွေကူးမှာကို စိုးရိမ်ရသဖြင့် ခပ်ကြာကြာမထိုင်တတ်တော့သလို နောင်အခါ  လဘက်ရည်ဆိုင်ပင် ပုံမှန်မထိုင်တတ်တော့အောင်ပင်။ဒီလိုနှင့် ဖုန်းဆိုတာက လူတိုင်းသုံးနိုင်သည့် ယခုကာလတွင် မြေးဖြစ်သူက ခုနှစ်နှစ် ရှစ်နှစ်အရွယ်ရောက်သည့်အခါ မြေးဖြစ်သူ ဖုန်းသုံးတတ်လာတာကို ကျနော်တို့အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။
 
မြေးဖြစ်သူကို အစောပိုင်းကတော့ လမ်းထဲ၊အိမ်၀ိုင်းလေးထဲ ကလေးကစားလို့ရသည့်ဟာတွေ လုပ်ပေးခဲ့သည်။ခြံထဲ မရှိ ရှိသည့် မြေပေါ် အပင်စိုက်တတ်သည့် ကျနော်မှာ မြေးဖြစ်သူ အတွက် ငရုတ်သီးအပင်လေးစိုက်ပေးကာ “ဖိုးသား .. ဒါ သားရဲ့အပင်နော်၊ ဖိုးဖိုးအပင်က ဒီအပင်၊ မနက်တိုင်း ညနေတိုင်း ရေလောင်းပေး ရမယ်နော်။ရေကို ဘယ်လိုလောင်း” ဆိုပြီး  စိုက်ပျိုးရေးကို စိတ်ဝင်စားဖို့လုပ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေးဖြစ်၊ ကျောင်းတွေပိတ်ထား၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ကိစ္စတွေ ကြောင့် သမီးဖြစ်သူကလည်း အလုပ်မရှိသဖြင့် ကလေးကို ကိုယ်တိုင်ထိန်း၊ ရောဂါတွေကူးစက်မှုများလာသည့်အခါ အဖိုးကြီး အဖွားကြီးတွေဖြစ်သည့် ကျနော်တို့ လင်မယားဆီ လူဝင်လူထွက်နည်းစေရန် အိမ်သို့လာသည့်အခါနည်းလာပြီး ဖုန်းဖြင့်သာဆက်သွယ်ကြ၊ ဒီရှစ်လ ကိုးလမှာ မြေးနှင့် နေ့တိုင်းမတွေ့တော့။
 
နောက် မြေးဖြစ်သူမွေးနေ့အဖြစ် သူ့အဖေဘက်က အဒေါ်တွေက ကလေးအိမ်မှာဘဲနေအောင်၊ အွန်လိုင်းကနေ စသင်လို့ရအောင်ဆိုပြီး တက်ဘလက်ဝယ်ပေးသည့်အခါ မြေးဖြစ်သူမှာ တက်ဘလက်ဖုန်းထဲပါသည့် ဂိမ်းတွေကို ကစားတတ်လာပြီး ပြင်ပက တကယ့်အရာတွေကို စိတ်ဝင်စားမှုနည်းလာသည်။အိမ်ကိုလာသည့်အခါ ဖုန်းဖြင့်ကစားနေတာကများသလို ဖုန်းထဲက ကာတွန်းကားတွေကိုသာ ကြည့်နေတတ်သည်။ 
 
ကပ်ရောဂါအရှိန်ကျလာသည့်အခါ သမီးဖြစ်သူကလည်း အလုပ်ပြန်ဝင်သည့်အခါ မြေးဖြစ်သူ အိမ်ကို ပုံမှန်လာပြန်ထားသည့်အခါ မြေးဖြစ်သူမှာ ဖုန်းမှဖုန်းဖြစ်နေပြီး ဖုန်းထဲက ဂိမ်းများအသစ်ထပ်ယူဖို့ ကျနော်တို့ ဖိုးအေ ဖွားအေတွေကို ဒေါင်းလုပ် (download) လုပ်ဖို့ ဖုန်းဘေလ်ဖိုးသာ ခဏခဏပူဆာတော့သည်။ 
 
ခေတ်တွေ စနစ်တွေက ကပ်ဘေးတွေကြောင့် ပိတ်ထားသည့်အချိန် ရှစ်လ ကိုးလအတွင်းမှာ မြေးနှင့် ကျနော်တို့လင်မယားအမြင်တွေ လိုက်မမီတော့အောင် ပြောင်းလဲသွားသည်။ယခင်က ကျနော်တို့ဖိုးဖွားတွေနားကနေမခွာသည့် မြေးက ဖုန်းနှင့် မျက်နှာမခွာတော့။ဒီတော့ ဖုန်းဂိမ်းက ဘယ်လောက်တောင် ကောင်းနေသလဲ၊ ဘယ်လောက်တောင် ဆွဲဆောင်အားကောင်းနေသလဲ၊ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ကျနော့်အတွက်သိဖို့ ဖြစ်လာခဲ့သည်။ 
 
ယခင် လဘက်ရည်ဆိုင်ထိုင်စဉ်က ဘေး၀ိုင်းက ၁၆-၁၇ အရွယ်တွေ ကျနော်တို့ငယ်ငယ်တုန်းကလို စကားပြောကြ၊ စာအကြောင်းပေအကြောင်း ပြောတာနည်းပြီး ဖုန်းဖြင့် ဂိမ်းကစားကြတာတွေကို  ယခုမှ ကျနော်ဂရုစိုက်မိသည့်အရာတွေ ဖြစ်လာခဲ့သည်။လက်ရှိ နေ့စဉ်လူနေမှုဘ၀တွင် ကျနော်တို့တုန်းကလို စာအုပ်က အရေးပါသည့်နေရာတွင်မရှိတော့ဘဲ ဖုန်းက အရေးပါသည့်နေရာကို ယူလာနေပြီကို တွေ့ရသည်။လမ်းသွားသည့်အခါ အပြင်ကိုသွားသည့်အခါ ဘယ်သူ့ကိုပဲကြည့်‌ကြည့် ခေါင်းငိုက်စိုက်ကာ ဖုန်းကို အာရုံစိုက်ပွတ်နေကြ သည်ကို တွေ့ရမည်ဖြစ်သလို စျေးရောင်းသူ၊ကားစီးသူနှင့် အခြားသော လူမှန်သမျှ ဖုန်းဖြင့်သာ နေ့နေ့ညညဖြစ်နေကြသည်ကို တွေ့ရသည်။ 
 
ကျနော်ပထမကိုင်သည့်ဖုန်းက စကားပြောလိုရရုံ ကီးပတ်ဖုန်းလေးဖြစ်သည်။နောက်တော့ သမက်ဖြစ်သူက အဖေ တရားလေးဘာလေးနာလို့ရအောင်ဆိုပြီး သူကိုင်နေသည့် ဟွာဝေးဖုန်းလေးကိုပေးသည်။ယခုထိ ညဘက်ဆို ထိုဖုန်းလေးနှင့် တရားနာသည်။ facebook လေးကြည့်သည်။ဒီလောက်ပဲ ဖုန်းနှင့် ကျနော် ရင်းနှီးသည်။ဖုန်းကြောင့် ညဘက်တရားနားထောင်ရသည့်အခါ ကိုယ်နားထောင်ချင်သည့်တရားကို နားထောင်လို့ရသလို အိပ်ရာထဲကနေ နားကျပ်လေးဖြင့် ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ကိုယ်ဘာသာနားထောင်နေလို့ရသည်။သတိထားမိသည်က ဖုန်းဖြင့် အရာရာကို သိချင်လို့ရ၊ ဖျော်ဖြေစေချင်တာကို ခံစားလို့ရနေခြင်းဖြစ်သည်။ 
 
တစ်ခါတစ်လေ ကျနော်တို့ လူပျိုဘ၀နားထောင်ခဲ့သည့် သီချင်းများကိုလည်း ဘယ်သူမှမသိဘဲ နားထောင်လို့ရသည်။ဒီအတွက် ကျနော်မှာ ဖုန်းကအသုံးဝင်သည်။
 
အခု မြေးဖြစ်သူက ဖုန်းဖြင့် မျက်နှာမခွာသည့်အခါ ကျနော့်မှာ ဖုန်းကိုကြောက်လာသည်။ကလေးမျက်လုံးထိမှာတစ်မျိုး၊ ငယ်ရွယ်သေးသည့် ဦးနှောက်ထိမှာတစ်မျိုး။ဒီတော့ မြေးဖြစ်သူကို ဖုန်းကနေ သူ့စိတ်အာရုံကို ခွာဖို့လုပ်ရသည်။သူကိုင်နေသည့် ဖုန်းထဲမှာပါသည့် ဂိမ်းတွေထက် ပိုစိတ်ဝင်စားစရာကောင်းသည့် ပြင်ပလောကကို ပြန်ပို့မှဖြစ်မည်ဟု ဖုန်းထဲက ကာတွန်းကားလေးတွေ မြေးဖြစ်သူ ကြည့်နေတာကိုကြည့်ရင်း အကြံထွက်လာသည်။
 
ဒီတော့ မြေးဖြစ်သူနှင့် ကာတွန်းကားအတူကြည့်သည်။ပြီးတော့ ပုံပြင်လေးတွေကို စကားပြောဖြင့် အသံသွင်းထားသည့် ပုံပြင်လေးတွေကို အတူနားထောင်သည်။ဒီကနေ ဒီလိုစိတ်ဝင်စားစရာကောင်းသည့် ပုံပြင်တွေရှိသည်ဆိုပြီး ကမ္ဘာကျော် အီစွပ်ပုံပြင်တွေကို မြေးကိုဖတ်ပြသည်။မြေးဖတ်ချင်စိတ်ဖြစ်လာအောင် ဟိုတုန်းကဝယ်ထားသည့် ရွှေသွေးတို့ မိုးသောက်ပန်းတို့ စာအုပ်ကို ဖတ်ပြသည်။နောက်တော့ မြေးဖြစ်သူက စိတ်မရှည်စေရန် ဖတ်ပြနေရင်း အပေါ့ထသွားတာ၊ တစ်ခုခုကိစ္စပေါ်လို့ ထလုပ်တာတွေဖြင့် လုပ်ရသည်။မြေးက အဖိုးဖတ်တာကို စောင့်နားထောင်ရတာကြာတယ်ဆိုပြီး သူ့ဘာသာဖတ်ဖို့ လုပ်သည်။ 
 
ယခင်တုန်းက စာအုပ်တွေကို တရိုတသေသိမ်းထားမိခဲ့တာ အခုတော့ အလုပ်ဖြစ်သည်။ယခုတော့ မြေးဖြစ်သူ ဖုန်းကို ယခင်လောက်သည်းသည်းမည်းမည်းမဟုတ်တော့။ပုံပြင်ထဲမှာပါသည့် ပဲနွယ်ကနေ ပဲဘီလူးကြီးဖြစ်သည့် ပုံံပြင်ထဲက ပဲပင်က ခြံထဲမှာစိုက်ထားတာနှင့် တူသလားဟု မေးလာပြီ။ဘာပဲဖြစ်ဖြစ် ၁၀၀ လုံးမရရင်နေ၊ ၁၀၊ ၂၀ လောက် စာဖတ်သည့်ဖက်ကို ဆွဲလှည့်နိုင်တာပင် ကျနော်ြမှာ ဝမ်းသာရလေခြင်း။
 
အာရုံဆိုတာ ဖြတ်ရခက်သည်။ခုနစ်နှစ် ရှစ်နှစ်အရွယ်ပင် ဖြတ်ရခက်လှသည်ကို ကျနော်တွေ့လာရသည်။တစ်ခါတစ်ရံ ကလေးသီချင်းတွေ ဖွင့်ရင်း မြေးဖြစ်သူ အိပ်ပျော်သွားသည့်အခါ ဖုန်းကိုပိတ်ဖို့ကိုင်ရင်း ကျနော်ကြည့်မိသည်။နောက်မှ သတိဝင်ပြီး ဖုန်းပိတ်ကာ ပြန်ချမိသည်။ဆွဲဆောင်အားကြီးလှချည်လားဟု  စိတ်ထဲမသက်မသာတွေးမိသလို နောက်ဆို မြေးကို စာဖတ်ပြဖို့ အခွင့်အရေးဆိုတာ ရှိမှရှိပါတော့မလား၊ နည်းပညာကြောင့် ကျနော်တို့ ခေတ်က နောက်ဆုံးများဖြစ်လေမလားဆိုတာ …။
 
မောင်ဦးလွင်
နိုဝင်ဘာ - ၄