【 ဆောင်းပါး 】 “ယဉ်ကျေးမှုကောင်း ဥပါသကာ”

【 ဆောင်းပါး 】 “ယဉ်ကျေးမှုကောင်း ဥပါသကာ”

မြန်မာအဘိဓာန်က ဥပါသကာ - ရတနာသုံးပါးကို ရိုသေဆည်းကပ်သော ယောကျာ်းဟု ဖွင့်ဆိုသည်။ဘီလူးကျွန်းသားတို့ခေါ်ဆိုသော အသံထွက်မှာ ဥပတ်သကာဖြစ်သည်။ဥပါသကာဆိုသည့် ဝေါဟာရကို ကျနော်လူမှန်းသိစအရွယ်ကတည်းက ရင်းနှီးပြီးဖြစ်သည်။ဝါတွင်းကာလ အဖိတ်နေ့တိုင်းတွင် ဥပါသကာလာပြီဆိုသည့်အသံကို ကျနော်ကြားဖူးခဲ့သည်။

ကျနော်တို့ဆီက ဥပါသကာဆိုသည်မှာ အင်္ကျီ၊ လုံချည် အပေါ်ဖြူ၊ အောက်ဖြူဖြင့် ဘုန်းကြီးကျောင်းများကိုယ်စား ရွာတကာလှည့်လည်အလှူခံကြသော အမျိုးသားအုပ်စုဖြစ်သည်။တချို့အဖွဲ့များမှာ လူအယောက် ၂၀ ကျော်အထိ အင်အားတောင့်တင်းလှသည်။

ဥပါသကာအဖွဲ့ကို ရပ်ရွာအလိုက် လူကြီးများကဦးဆောင်ပြီး ၎င်းတို့ကိုးကွယ်ရာ ဘုန်းကြီးကျောင်းများကိုယ်စား လုပ်အားဒါနပြု အလှူခံထွက်ခြင်းဖြစ်သည်။ဥပါသကာအဖွဲ့တိုင်းသည် အလှူထည့်ကြပါရန် အင်မတန်နားထောင်လို့ကောင်းသော စာသားများကို ရွတ်ဖတ်ကြပြီး တစ်ဖွဲ့လျှင် ထိုသို့ရွတ်ဖတ်နိုင်သူ ၂ ယောက်တော့ ရှိကြမြဲဖြစ်သည်။တစ်ဖွဲ့နှင့် တစ်ဖွဲ့ ရွတ်ဖတ်ကြပုံချင်းမတူ။
ရွတ်ဖတ်သည့်စာသားများကို ရွာအလိုက် ဘုန်းတော်ကြီးများက သင်အံခဲ့ပေးခြင်းကြောင့် မတူခြင်းဖြစ်နိုင်သည်။တချို့သောပုဂ္ဂိုလ်များမှာ အသံသြဇာကလည်းကောင်း၊ အင်မတန်အရွတ်အဖတ်ကောင်း၊ အသံအဖိအဖော့ အဆွဲအငင်တို့ဖြင့် ကြားသူတိုင်းက ငေးမောရသည်အထိဖြစ်သည်။တစ်ဦးတည်းရွတ်ဆိုရသည့် စာသားများပါသည်။ဥပါသကာအဖွဲ့ဝင်များအားလုံး သံပြိုင်ရွတ်ရသည့် စာသားများလည်းရှိသည်။ပြီးတော့ ကြေးစည်ထုရသည့်နေရာလည်းရှိသဖြင့် သူ့အခန်းနှင့်သူ လှနေသလို။

ရှေ့ဆုံးတွင် သစ်သားငွေပုံးလေး လည်မှာဆွဲထားသူတစ်ဦး။သူက ဥပါသကာ အဖွဲ့ခေါင်းဆောင်။ငွေလှူလိုသူက သစ်သားငွေပုံးအပေါက်ထဲထည့် လှူလိုက်။ထိုပုံးကို သော့ခတ်ထားပြီး သော့ကို ကျောင်းထိုင်ဘုန်းကြီးက ယူထားပြီးဖြစ်သည်။

ခေါင်းဆောင်၏နောက်တွင်တော့ ဝါအလိုက် လူကြီးများ တန်းစီလျှောက်ကြ။ရွတ်ဖတ်သူများက ရှေ့ဆုံးလူကြီးတန်းထဲ ပါဝင်သည်။သူတို့၏နောက်တွင် ဆန်လှူလိုသူများအတွက် သပိတ်ကိုင်ထားသော လူငယ်များ တန်းစီလျက်။ဝါးလုံးတန်းဖြင့် ကြေးစည်ထမ်းထားသော ရှေ့နောက်လူငယ်နှစ်ဦးလည်းရှိသည်။နောက်ဆုံးနေရာက အဖွဲ့ဝင်များမှာမူ အလှူခံရရှိထားသည့် ဆန်များကို ပုံးထဲထည့်ကာ ရှေ့နောက်နှစ်ယောက်ကျ ထမ်းလာကြသူများဖြစ်သည်။

လူနည်းလျှင် ရပ်ရွာက သိပ်မလေးစားချင်။ဥပါသကာအဖွဲ့ဝင်များသော အဖွဲ့များကိုမူ ဘယ်ကျောင်းကအဖွဲ့လဲဟု မေးတတ်ကြသဖြင့် လူများလျှင် ဂုဏ်ရှိသည့်သဘော။

‘ဝါတွင်းရောက်ရင် ဘီလူးကျွန်းက ဘုန်းကြီးကျောင်းတိုင်းလိုလိုက ဥပါသကာအဖွဲ့ ဖွဲ့ပြီး တခြားရပ်ရွာတွေဘက်သွားပြီး အလှူလိုက်ခံကြတယ်။လှူတဲ့သူတွေက တချို့ကဆန်၊ တချို့ကငွေပေါ့။အဖိတ်နေ့တိုင်း ဥပါသကာအဖွဲ့ မလာဘူးဆို ၁၅ ဖွဲ့လောက် အနည်းဆုံးလာတာဆိုတော့ ဆန်ဆိုလည်း တစ်ဖွဲ့နည်းနည်း၊ ငွေဆိုလည်းတစ်ဖွဲ့နည်းနည်း လှူကြတယ်။လှူတဲ့သူကများတော့ အပတ်စဉ် ဆန်တော်တော်ထမ်းပြန်ရတယ်’ ဟု ကျနော့်အဖေကရှင်းပြသည်။

ဘီလူးကျွန်းတွင် ဥပါသကာ ဘယ်အချိန်ကတည်းက စတင်သလဲဟုမေးကြည့်ရာ အဖေ့ဘကြီးတို့ လူပျိုကတည်းက ဥပါသကာလိုက်နေပြီဟုဆိုသဖြင့် အနည်းဆုံး နှစ် ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်။

ကျနော်တို့ဆွေမျိုးစု ကိုးကွယ်သည့် ဘုန်းကြီးကျောင်းမှာ ချောင်းဆုံအနောက်ရပ်ကွက်၊ မြင့်မိုရ်တောင်ဘေးက မြင့်မိုရ်တောင်ဘုန်းကြီးကျောင်းဖြစ်သည်။အစဉ်အဆက် ဆရာရင်း ဒကာရင်းများမို့ ကျနော့်အဘွား၏အစ်ကို ဦးချစ်စံသည် လူပျိုဘဝကတည်းက မြင့်မိုရ်တောင်ကျောင်း ဥပါသကာအဖွဲ့ဝင်ဖြစ်ခဲ့သည်။ဦးချစ်စံ အိမ်ထောင်ကျပြီး ဆထုံးနောက်ယောင်ပါ မရမ်းရွာသို့ သွားရောက်အခြေချသည့်တိုင် အပတ်စဉ် အဖိတ်နေ့တိုင်း နံနက်အစောကြီးထ၊ ချောင်းဆုံသို့လာကာ ဥပါသကာအဖွဲ့ကို ဦးဆောင်သည်ဟု သိရသည်။

‘သူ့သား (ဦးချစ်စံ သား) တစ်နှစ်ကျော်လောက်ရောက်တော့ လှည်းနဲ့လာတဲ့အခါလာတယ်။ခြေလျင်ဆိုလည်း သူ့သားကို ပုခုံးပေါ်တင်ပြီးလာတာ။ချောင်းဆုံရောက်ရင် သားကို ဖေဖေတို့နဲ့ထားခဲ့ပြီး ဥပါသကာလိုက်တယ်။ဒီမှာ ညမအိပ်ရင်လည်း ညနေဆို ဘကြီးတို့သားအဖ မရမ်းပြန်ကြတယ်’ ဟု သူမှတ်မိသမျှ သူ့ဘကြီးပုံရိပ်ကို ကျနော့်အဖေက ပြောပြသည်။

ဥပါသကာလိုက်မည့်သူများသည် နံနက်စောစော ဘုန်းကြီးကျောင်းတွင် လူစု။ဘုန်းကြီးကျွေးသော ထမင်းဟင်းကိုစားပြီးနောက် မိတ်များသောရွာများဆီသို့ အလှူခံထွက်ကြသည်။မြင့်မိုရ်တောင်ကျောင်းမှာ ဒကာအင်အားတောင့်တင်းသဖြင့် မုကွဲသို့တစ်ဖွဲ့နှင့် မရမ်းသို့တစ်ဖွဲ့ဟူ၍ နှစ်ဖွဲ့ခွဲ အလှူခံထွက်ကြသည်။

ကျနော့်အဘိုး မရမ်းရွာသား ဦးထွန်းလွင်သည်လည်း ဆံထုံးနောက်ပါလာကာ ချောင်းဆုံတွင် အခြေချပြီးနောက် ဥပါသကာလူကြီးဖြစ်လာခဲ့သည်။ထို့ကြောင့် မိုးကာလ လယ်ယာလုပ်ငန်းခွင်ထဲ ရောက်ရှိနေ သည့်တိုင် အဖိတ်နေ့ တစ်ရက် ဥပါသကာလိုက်ရန် ရောက်လာမြဲဖြစ်ကာ သူ့ဇာတိ မရမ်းရွာဘက်သို့ အလှူခံထွက်ရာ၌ သူ့ယောက်ဖ ဦးချစ်စံနှင့်အတူ ဦးဆောင်ခဲ့ကြောင်း သိရသည်။

‘မုကွဲရွာကြတော့ ဘုန်းကြီးဇာတိရွာဆိုတော့ မြင့်မိုရ်တောင်ကျောင်းကလာရင် လှူတဲ့သူများသလို ဘုန်းကြီးအမျိုးတွေက ဥပါသကာအဖွဲ့ကို မုန့်တွေ ဘာတွေနဲ့ ဧည့်ခံလေ့ရှိတယ်။မရမ်းရွာကြတော့ မင်းတို့အဘိုးကလည်း မရမ်းသား။ဘကြီးချစ်စံကလည်း မရမ်းမှာပြောင်းနေနေတာဆိုတော့ လှူတဲ့သူလည်းများ၊ ဧည့်ခံသူလည်းရှိတယ်’ အဖေက နောက်ကြောင်းပြန်ပြသည်။

ကျနော်ငယ်ငယ်က လူပျိုဖြစ်ပြီးသူတိုင်း ဥပါသကာလိုက်ချင်ကြသည်။ဥပါသကာလိုက်ခွင့်ရခြင်းကို လူကြီးဖြစ်ပြီဟု ထင်ကြသလို ဂုဏ်ရှိသလိုလည်း ခံစားကြပုံရသည်။သို့သော်၊ လူကြီးများကလက်ခံမှ လိုက်ခွင့်ရသဖြင့် လူငယ်တိုင်း လိုက်ခွင့်မရ။အထူးသဖြင့် လူကြီးကို လူကြီးမှန်းမသ်သူနှင့် ပေတေလေလွင့်နေသူများကို ဥပါသကာအဖွဲ့က လက်မခံ။

ဥပါသကာအဖွဲ့များမှာ တစ်ရွာနှင့် တစ်ရွာကြား အိမ်ခြေမရှိသောနေရာများတွင် အလျဉ်းသင့်သလို ပေါ့ပေါ့ပါးပါးနေကြသော်လည်း ရွာထဲသို့ဝင်ပြီဆိုတာနဲ့ အားလုံးသည် စမတ်ကျကျ။အင်္ကျီကြယ်သီးကအစ အဖြုတ်မခံ။ကြည့်လိုက်တာနဲ့ လောင်းလှူချင်စရာဖြစ်အောင် ကိုယ့်အဖွဲ့ကိုယ် ထိန်းကွပ်ကြသည်။အလှူခံ ခရီးက အသွား၊ အပြန်မရှိဘူးဆို အနည်းဆုံး ၇ မိုင်မို့ တော်တော်မလွယ်။သို့သော်၊ ရပ်ထဲရွာထဲ လိုက်ချင်သူ လူငယ်ပုံလို့။

သက္ကရာဇ် ၂၀၀၀ ဒီဘက်ရောက်တော့ အမျိုးသမီး ဥပါသကာအဖွဲ့များကိုလည်း တွေ့လာရသည်။မြန်မာအဘိဓာန်က ဥပါသိကာ - ရတနာသုံးပါးကို ရိုသေဆည်းကပ်သော မိန်းမဟု ဖွင့်ဆိုသည်။ဆိုတော့ ဥပါသိကာအဖွဲ့။သို့သော် ကျနော်တို့ရပ်ရွာက အမျိုးသမီးဥပါသကာအဖွဲ့ဟုသာ ခေါ်ကြသည်။

‘ဘီလူးကျွန်းက ယောကျာ်းလေးတော်တော်များများက ရှမ်းကမ်း (ထိုင်း) သွားကြတော့ ယောကျာ်းနည်းသွားတာနဲ့ ဆိုင်မယ်ထင်တယ်။မိန်းကလေးတွေလည်း သူ့အဖွဲ့နဲ့သူ ရွတ်တာဖတ်တာကအစ အကုန်သပ်သပ်ရပ်ရပ်ပဲ’ ဟု ဘီလူးကျွန်းသား ကျနော့်ဦးငယ်က မှတ်ချက်ပေးသည်။

မိန်းကလေးဥပါသကာအဖွဲ့မှာ ယောကျာ်းလေးအဖွဲ့လောက် မများသော်လည်း တစ်ဝက်နီးပါးရှိလာခဲ့သည်။သို့သော် ကျနော်တို့ငယ်စဉ်ကကဲ့သို့ ဥပါသကာအဖွဲ့ သိပ်မများတော့ဟု သိရသည်။သို့သော် ပြီးခဲ့သည့် ၆ နှစ်၊ ၇ နှစ်ကစလို့ ဥပါသကာအဖွဲ့ ပိုများလာသလို ဥပါသကာအဖွဲ့များကို ကုသိုလ်ပြုကျွေးမွေးမှုမှာလည်း သိသိသာသာများပြားလာသည်ဟု သိရသည်။
ပြီးခဲ့သည့် ၆ နှစ် ၇ နှစ်ဆိုတော့ ၂၀၁၅ ခုနှစ်ဝန်းကျင်မှစတင်ကာ ဥပါသကာယဉ်ကျေးမှု ပြန်လည်အားကောင်းလာသည့်သဘော။

‘မင်းတို့ငယ်ငယ်တုန်းကနဲ့ အခုဘာကွာသွားသလဲဆိုတော့ အရင်က ပါးစပ်နဲ့ရွတ်ဖတ်တဲ့နေရာမှာ အခု အသံပိုကျယ်အောင် ဟွန်းတွေဘာတွေနဲ့ ရွတ်တယ်။တချို့ကြတော့ တွန်းလှည်းပေါ် လော်စပီကာတွေတင်ပြီးတော့ မိုက်နဲ့ရွတ်တယ်။အကျွေးအမွေးကတော့ ဥပါသကာအဖွဲ့တွေ မစားနိုင်လောက်အောင် အပတ်စဉ်ကျွေးကြတယ်’ ဟု ကျနော့်ဦးငယ်က ဆိုသည်။

ကျနော်တို့ ငယ်ငယ်တုန်းက ဥပါသကာလမ်းကြောင်းတစ်ခုတွင် အကျွေးအမွေးဒါနပြုအိမ် အလွန်ဆုံးရှိလှ ၃ အိမ်။အကျွေးအမွေးမှာ မုန့်ထန်းလိမ် (ထန်းသီးမုန့်)၊ လက်ဖက်ရည်နှင့် မုန့်၊ ပဲဟင်းခေါက်ဆွဲ။ယခုအခါတွင်မူ အထက်ပါအစားအစာများအပြင် မုန့်ဟင်းခါး၊ ရှမ်းခေါက်ဆွဲ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော် စသည်ဖြင့် အစုံဒါနပြုလာကြသည်ဟု သိရသည်။

‘အခု ၂၀၂၀၊ ၂၀၂၁ကတော့ ကိုဗစ်ရှိနေတော့ ဥပါသကာ မလှည့်ကြဘူး။ကိုဗစ်ပြီးရင်တော့ ပြန်စကြမယ်။လူတွေစီးပွားရေးကောင်းရင် ကောင်းသလို ယဉ်ကျေးမှုတွေလည်း ပိုအားကောင်းလာမှာပဲ’ ဟု ဦးငယ်က ဆိုသည်။

အဆိုးများကိုချန်၊ ကောင်းမွေကို လက်ဆင့်ကမ်းသယ်ဆောင်ကာ ကောင်းသထက်ကောင်းအောင် ကျနော်တို့တည်ဆောက်ကြရမည်။ဥပါသကာယဉ်ကျေးမှု ဆက်လက်အဓွန့်ရှည်ပါစေသတည်း။

ငြိမ်းဆက်
အောက်တိုဘာ - ၁၆