【 ဆောင်းပါး 】 “ရှက်လွန်လွန်းလို့”

【 ဆောင်းပါး 】 “ရှက်လွန်လွန်းလို့”

လူဆိုတာ ရှက်တတ်သည့်သတ္တဝါပါ။သူများအထင်သေးမှာ သူများကဲ့ရဲ့မှာ သူများတစ်မျိုးထင်မှာ ရှက်တတ်ကြသည်။

ရှက်တတ်တာမှန်သော်လည်း တစ်ယောက်နှင့် တစ်ယောက် အရှက်ချင်းမတူတာလည်းရှိပါသည်။တချို့က ရုပ်မချောလို့ရှက်သည်။တချို့က အရပ်ပုလို့ရှက်သည်။တချို့က အရပ်ရှည်လွန်းလို့ရှက်သည်။တချို့က ခန္ဓာကိုယ်ဝတုတ်နေလို့ရှက်သည်။တချို့က ပိန်လို့ရှက်သည်။တချို့က အသားမည်းလို့ရှက်သည်။တချို့က အသားဖြူလွန်းလို့ရှက်သည်။တချို့က ဆင်းရဲလို့ရှက်သည်။ထိုသို့အမျိုးမျိုးရှက်နေကြသော်လည်း အချိန်ကြာလာလို့ နေသားကျသွားသောအခါ မိတ်ဆွေသူငယ်ချင်းများနှင့် ရင်းရင်းနှီးနှီးနေဖြစ်ကြသောအခါ ရှက်ရမှန်းပင်မသိတော့ပါ။သူငယ်ချင်းတွေက ရုပ်ဆိုးလို့ပြောလည်း မနာတော့ပါ။ဖက်တီးဘုတ်ခေါ်လည်း ပြဿနာမရှိတော့ပါ။လောရှည်လို့ခေါ်လည်း စိတ်မဆိုးနိုင်တော့ပါ။

တစ်ခါတလေမှာ အကျပ်အတည်းတစ်ခုခုကြုံလာလို့ မရှက်နိုင်တော့တာလည်း ရှိတတ်သည်။လူကြားထဲ အိပ်ငိုက်ရမှာ ရှက်တတ်သော်လည်း အိပ်ရေးသိပ်ပျက်လာသောအခါမျိုးမှာတော့ ဘတ်စ်ကားပေါ်မှာလည်း အိပ်ပျော်သွားတတ်ကြပါသည်။

သင်္ဂဇာဆရာတော်၏ စာများမှ မျက်နှာကသာ ရှက်တတ်တာပါဆိုသည့် ကိုရင်လေးအကြောင်း ပြောချင်ပါသည်။

တစ်ခါက ကိုရင်လေးတစ်ပါးသည် မနက်ခင်းတစ်ခုမှာ ဆွမ်းခံထွက်လာပါသည်။ကျောင်းနှင့်အတန်ဝေးပြီး ဆွမ်းခံရွာသို့အဝင်တွင် ညကသောက်ခဲ့သော ဝမ်းနုတ်ဆေးက အစွမ်းပြလာလေသည်။ထို့ကြောင့် ဘေးပတ်ဝန်းကျင်မှာ သွားလာနေသောလူများကို ဂရုမစိုက်နိုင်တော့ဘဲ သင်္ကန်းလေးမကာ သပိတ်ကိုခေါင်းမှာစွပ်လိုက်ပြီး လမ်းဘေးမှာပင် ဝမ်းထိုင်သွားလိုက်လေတော့သည်။လမ်းသွားလမ်းလာများက ကိုရင်လေးရှေ့မှဖြတ်သွားရင်း တချို့က မျက်နှာလွှဲသွားသည်။တချို့က အနံ့မခံနိုင်သဖြင့် နှာခေါင်းပိတ်ကာသွားကြသည်။တချို့ကတော့ မျက်နှာပြုံးတုံးတုံးနှင့် ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသည်။ကိုရင်လေးကတော့ ဘမှမဖြစ်သလို ခပ်တည်တည်နှင့် သူ့အလုပ်သူဆက်လုပ်နေလေသည်။ကိစ္စဝိစ္စပြီးသွားလို့ ကိုရင်လေးထလာသောအခါ ရင်းနှီးသော ဒါယကာတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်သည်။

 “ဘယ်လိုဖြစ်တာလဲ ကိုရင်ရယ် လမ်းဘေးတောင် မရှောင်နိုင်ဘူးလား”

  “အန္တရာယ်လွယ်မထားနိုင်တော့ဘူးလေ ဒကာကြီးရဲ့”

   “ကိုရင်ခုလိုလုပ်တာမရှက်ဘူးလား”

   “ရှက်လို့ မျက်နှာကို သပိတ်နဲ့ကာထားတာပေါ့ ဒကာကြီးရဲ့”

   “ဟာ ကိုရင်ကလဲ မဟုတ်သေးပါဘူး ရှက်တယ်လည်းဆိုသေးရဲ့ ဖင်ပြောင်ကြီးကိုတော့ မကာကွယ်ဘဲနဲ့ ဘယ့်နှယ် မျက်နှာကိုကာရတာလဲ”

   “ဒကာကြီးကလည်း ဒုံးဝေးလိုက်တာ ရှက်တယ်ဆိုတာ ဖင်ကရှက်တတ်တာမဟုတ်ဘူး။မျက်နှာကသာ ရှက်တတ်တာလေ” ကိုရင်လေး၏အဖြေကိုကြားတော့ ဒါယကာကြီးလည်း မပြုံးဘဲနှင့် ဝါးလုံးကွဲရယ်မိလေတော့၏။

လူတော်တော်များများက ရှက်တတ်သော်လည်း အရှက်မလွန်ပါ။အခြေအနေနှင့် အချိန်အခါအရ လိုက်လျောညီထွေ ကျင့်သုံးနေထိုင်လေ့ရှိပါသည်။အခြားလူတွေက သူတို့၏အားနည်းချက်ကိုပြော၍ နှိမ့်ချဆက်ဆံသောအခါမျိုးမှာလည်း သာမန်ရှက်တာလောက်ဖြစ်သော်လည်း နာနာကြည်းကြည်း မခံစားတတ်ကြပါ။သူတို့၏အားနည်းချက်ကို အမှန်အတိုင်းလက်ခံပေးကြသည်။အကောင်းမြင်စိတ်ရှိသည်ခေါ်ရပေမည်။ထူးခြားသော လူတချို့ရှိပါသည်။သူတို့ကတော့ ပင်ကိုယ်စိတ်ကိုက စိတ်ဆတ်သူများ၊ ပြိုင်ဆိုင်လိုစိတ်ပြင်းပြသူများ၊ မနာလိုစိတ်လွန်ကဲသူများ၊ အဆိုးမြင်သူများဖြစ်သည်။

ကိုယ်ကရုပ်ဆိုးလို့ ရုပ်ချောသူတွေက အထင်သေးမှာလား ကိုယ်ကဆင်းရဲလို့ ချမ်းသာသူတွေက ကဲ့ရဲ့မှာလား၊ ကိုယ်ကဆုံးရှုံးသောကြောင့် အောင်မြင်သူတွေကရှုံ့ချမှာလား စသည်ဖြင့် သိမ်ငယ်စိတ်၊ အားငယ်စိတ်တွေရှိပါသည်။ထိုသိမ်ငယ်စိတ် အားငယ်စိတ်တွေကြောင့် ဟိုလူနှင့်စကားမပြောရဲ ဒီလူနှင့်စကားမပြောရဲ ဟိုလူကဘယ်လိုထင်မလဲ ဒီလူကဘယ်လိုထင်မလဲ တွေးရင်း တွေးရင်းနှင့် လူတောမတိုးရဲဖြစ်ကြသည်။

ရှက်တတ်တာကောင်းသော်လည်း အရှက်လွန်လျှင်တော့ ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါသည်။တချို့က အရှက်လွန်ပြီး သိမ်ငယ်ကြောက်ရွံ့စိတ်တွေဝင်လာသည်။ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲလောက်အောင် အားငယ်လာသည်။ဖြစ်သင့် မဖြစ်သင့် ဆင်ခြင်သည့်စိတ်တွေ ပျောက်ဆုံးသွားသည်။

တချို့ကတော့ ထိုရှက်အားငယ်စိတ်သည် မနာလိုစိတ်နှင့် ရန်ငြိုးဖွဲ့စိတ်အဖြစ် ပြောင်းလဲသွားသည်။တစ်ဖက်လူကို အကောင်းမမြင်တော့ပေ။ရုပ်ဆိုးသူက ရုပ်ချောသူကိုတွေ့လျှင် ဆင်းရဲသူက ချမ်းသာသူကိုမြင်လျှင် အလိုလိုနေရင်း ကြည့်လို့မရအောင် ခံစားရသည်။သူ့ကို အခြားလူက နှိမ့်ချဆက်ဆံသည်ဟု သံသယဖြစ်လျှင် ထိုသူကို ပြဿနာရှာချင်လာသည်။ထိုသူသည် သူ့ဘဝအတွက် အဟန့်အတားအဖြစ် အနှောင့်အယှက်အဖြစ် နောက်ဆုံးတွင် ရန်သူအဖြစ် ထင်မြင်လာသည်။သူ့အထင်ကို မှန်သည်၊ မှားသည် မသုံးသပ်နိုင်တော့ဘဲ အခွင့်အရေးရလျှင်ရသလို အခွင့်အရေးမရလျှင်လည်း တမင်မရရအောင် ဖန်တီးကာ ထိုလူပျက်စီးရာပျက်စီးကြောင်းကိုသာ ကြံစည်သည်အထိ ဖြစ်လာတတ်သည်။

အလောင်းတော် ဆဒ္ဒါန်ဆင်မင်းဇာတ်တွင် စူဠသုဘဒ္ဒါဆင်မိဖုရားသည် အရှက်လွန်ပြီး ချစ်ခင်မြတ်နိုးသော ဆဒ္ဒါန်ဆင်မင်း ကို ရန်သူအဖြစ် သတ်မှတ်ခဲ့ဖူးပါသည်။

 ဆဒ္ဒါန်ဆင်မင်းမှာ မဟာသုဘဒ္ဒါနှင့် စူဠသုဘဒ္ဒါ မိဖုရားနှစ်ပါးရှိသည်။ဆင်မင်းက သူ၏မိဖုရားနှစ်ပါးကို ချစ်မြတ်နိုးသကဲ့သို့ ဆင်မိဖုရားနှစ်ပါးကလည်း ဆင်မင်းကို ချစ်မြတ်နိုးကြ၏။တစ်နေ့တွင် ဆဒ္ဒါန်ဆင်မင်း က အင်ကြင်းပင်ကို ဦးကင်းဖြင့်တိုက်ကာ မိဖုရားနှစ်ပါးအပေါ် အင်ကြင်းပန်းတွေကိုကြဲဖြန့်ကာ ဆော့ကစားသည်။ဖြစ်ချင်တော့ မဟာသုဘဒ္ဒါအပေါ် ကျလာသော အင်ကြင်းပန်းတွေက ဝတ်မှုန်လေးတွေဖြစ်သော်လည်း စူဠသုဘဒ္ဒါအပေါ် ကျရောက်လာသော အင်ကြင်းပန်းတွေမှာ ခါချဉ်ကောင်တွေ ပါလာလေသည်။ဆဒ္ဒါန်ဆင်မင်းနှင့် မဟာသုဘဒ္ဒါတို့က သတိမထားမိသော်လည်း စူဠသုဘဒ္ဒါကတော့ မိဖုရားနှစ်ပါးအနက် ဆင်တွေအားလုံးရှေ့မှာ မိမိတစ်ဦးတည်းအပေါ် ခါချဉ်ကောင်တွေကျစေသည်ဆိုပြီး အရှက်ကြီးရှက်သွားခဲ့သည်။အရှက်ကြီးရာမှ အငြိုးကြီးသွားသည်။ထို့ကြောင့်လည်း သူမကိုအရှက်ရစေသည့်ဆဒ္ဒါန်ဆင်မင်းအပေါ် အချစ်ကြီးလို့ အမျက်ကြီးခဲ့လေသည်။တစ်ခါသော် မြစ်ကမ်းမှာရေကစားရင်း ဆဒ္ဒါန်ဆင်မင်းက ကြာပန်းကြာဝတ်ဆံတို့ကို နှာမောင်းနှင့်မှုတ်ကာ ဆင်မိဖုရားနှစ်ပါးအပေါ် ကြာဝတ်ဆံမိုးရွာစေသည်။နောက်ဆုံး နှာမောင်းမှာကျန်နေသော ကြာပန်းကို မဟာသုဘဒ္ဒါ ကို ပေးလိုက်သည်။စူဠသုဘဒ္ဒါသည် ရှက်သွားပြီး ဆဒ္ဒါန်ဆင်မင်းအပေါ် ဒုတိယအကြိမ် အငြိုးထားပြန်သည်။စူဠသုဘဒ္ဒါ၏ အငြိုးကား ကြီးမားလှသည်။နတ်သုဒ္ဒါကဲ့သို့ အရသာကောင်းမွန်သော ကြာဝတ်ရည်များ ကြာပျားရည်များပြုလုပ်ကာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ငါးရာတို့ကိုလှူပြီး ဆုတောင်းသည်။နောင်ဘဝတွင် ဧကရာဇ်ဘုရင်မင်း၏ မိဖုရားဖြစ်ပြီး ဇာတိဿရဉာဏ် ရရပါလို၏။ဆဒ္ဒါန်ဆင်မင်း၏ အသက်ကိုသတ်၍ အစွယ်နှစ်ချောင်းကိုလည်းဖြတ်၍ ကလဲ့စားချေရပါလို၏ ဟု ဆုတောင်းခဲ့သည်။စူဠသုဘဒ္ဒါသည် ဆင်ဘဝမှသေပြီးနောက် သူ၏ဆုတောင်းကား ပြည့်ခဲ့လေသည်။နောက်ဘဝတွင် ဧကရာဇ်မင်း၏ မိဖုရားဖြစ်ခဲ့သည်။ဇာတိဿရဉာဏ်လည်းရသဖြင့် ဆဒ္ဒါန်ဆင်မင်းနှင့် ဘဝကို သတိရကာ ဆဒ္ဒါန်ဆင်မင်းအပေါ် ဆက်လက်အငြိုးထားသည်။ဆဒ္ဒါန်ဆင်မင်း၏အစွယ်ကို နားဒေါင်းပန်ဆင်ချင်ကြောင်း ချစ်လင် ဘုရင်မင်းမြတ်ကို ပူဆာသည်။ဘုရင်ကလည်း သောနုတ္တရမုဆိုးကိုခေါ်ကာ ဆဒ္ဒါန်ဆင်မင်း၏ အစွယ်ကို အဖြတ်ခိုင်းသည်။ဆဒ္ဒါန်ဆင်မင်းကလည်း မုဆိုး၏စကားကြောင့် စူဠသုဘဒ္ဒါ၏ အငြိုးကိုသိကာ အသာတကြည်ပင် အစွယ်အဖြတ်ခံပေးသည်။စူဠသုဘဒ္ဒါအပေါ် နားလည်ခွင့်လွှတ်ကြောင်းနှင့် သည်ဘဝတစ်ခုမှာတင် အငြိုးအာဃာတကို ဖြေလျှော့လိုက်ပါတော့ဟု တစ်ဆင့်မှာလိုက်သည်။အစွယ်များကို အရင်းမှအဖြတ်ခံရသောကြောင့် ထိုဒဏ်ရာနှင့်ပင် ဆဒ္ဒါန်ဆင်မင်း သေဆုံးသွားခဲ့သည်။အရှက်လွန် အငြိုးကြီးခဲ့သော စူဠသုဘဒ္ဒါလည်း ဆဒ္ဒါန်ဆင်မင်း၏ နားလည်ခွင့်လွှတ်မှု အသက်အသေခံ၍ အစွယ်ကိုပေးဆက်မှုတို့ကြောင့် နောင်တရကာ ဝမ်းနည်းပူဆွေးပြီး သွေးအန်ကာ သေဆုံးခဲ့ပြန်သည်။

ရှက်တတ်တာကောင်းသော်လည်း အရှက်ကြီးပြီး သိမ်ငယ်စိတ်ဝင်လာတာတော့ မကောင်းပါ။ကိုယ့်အရှက်လွန်စိတ်ကြောင့် ကိုယ့်ဘဝရော တခြားသူများ၏ ဘဝတွေပါ ပေးဆပ်ရတာကတော့ အရင်းအနှီးများလွန်းလှပါသည်။

တကယ်တော့ အရှက်လွန်စိတ် သိမ်ငယ်စိတ်သည် ဘယ်သူကမှ တကူးတကလာလုပ်သည်မဟုတ်ဘဲ ဖြစ်သင့်၊ မဖြစ်သင့် အကျိုးအကြောင်းမဆင်ခြင်နိုင်သော မိမိ၏အားနည်းချက်ပင်ဖြစ်သည်။

 

No one can make you feel inferior without your consent. (Eleanor Roosevelt) 

 

သင်စိတ်သိမ်ငယ်မှု ခံစားရစေရန် သင့်သဘောတူညီချက်မရဘဲ ဘယ်သူမှမလုပ်နိုင်ပါ။

 

ရိုက်မောင်း

မတ် - ၁