【 ဆောင်းပါး 】 “လမ်းလျှောက်ခြင်းကရတဲ့ ဒဿန”

【 ဆောင်းပါး 】 “လမ်းလျှောက်ခြင်းကရတဲ့ ဒဿန”

လူတိုင်းမွေးလာသည့်အခါ ပထမဆုံး လူ့လောကထဲ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရန်အတွက် စလုပ်ရသည့် အလေ့အကျင့်မှာ  လမ်းလျှောက်တတ်ဖို့ဖြစ်သည်။ကလေးငယ်များကို လမ်းလျှောက်တတ်ဖို့ လူကြီးမိဘတွေက ဘေးကနေ လက်ကိုကာရံပေးကာ ကလေးရှေ့တည့်တည့် ခပ်လှမ်းလှမ်းတွင် ကလေးမိဘ သို့မဟုတ် ထိုကလေးကြိုက်နှစ်သက်တတ်သည့် ကစားစရာများကိုထားပေးကာ ကလေးငယ်ကို မက်လုံးပေးပြီး လမ်းလျှောက်တတ်ဖို့ လေ့ကျင့်ပေးကြရသည်။ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ပညာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ထိုသို့ပြုစုပျိုးထောင်ကြခြင်းကို လူသားဖြစ်စဉ်တစ်ခုအဖြစ် လေ့ကျင့်ပေးကြသည်။ထိုနေရာတွင် ကိုယ့်သားသမီး ကလေးငယ်ကို ငယ်စဉ်ကတည်းက စိတ်ဓာတ်ခိုင်မာစေချင်သူက လဲလျှင် လဲကျပါစေ ကိုယ့်ဘာသာကိုယ် ပြန်ထတတ်ပြီး ရုန်းကန်တတ်စေရန် ခပ်ကြမ်းကြမ်းလေ့ကျင့်ပေးကြသလို တချို့ကတော့ လူသားဖြစ်စဉ်အတိုင်း တဖြေးဖြေးတိုးတက်မှုရှိလာအောင် မလျှော့မတင်း လေ့ကျင့်ပျိုးထောင်ပေးကြသည်ကို တွေ့ရသည်။

ထိုအခြေခံက လူ့ဘ၀တစ်လျှောက်လုံးကို ထိုကလေး ဘယ်လိုဖြတ်သန်းရမလဲဆိုတာကို ငယ်စဉ်ကတည်းက ရိုက်သွင်းပေးလိုက်သည့် “စိတ်ဓာတ်” ဖြစ်သည်။ထိုစိတ်က ထိုကလေးတစ်ယောက်၏ ဘ၀အတက်အကျနှင့် လောကဓံကို ကောင်းကောင်းဆုံးဖြတ်ပေးတာရှိသလို လူတွေအပေါ် ချစ်ခြင်းမေတ္တာကို ခံစားတတ်ခြင်း၊ မခံစားတတ်ခြင်းကလည်း ထိုစိတ်အခြေခံကိုမူတည်ကာ ဆုံးဖြတ်ခဲ့ကြသည်ကို တွေ့ရသည်။ဆိုသည်က ငယ်စဉ်က လမ်းလျှောက်တတ်ခြင်းသင်သည်ကပင် ကလေးတစ်ယောက်၏ ကြီးပြင်းအရွယ်ရောက်လာသည့်အချိန်အထိ ရိုက်ခတ်မှုများရှိနေခြင်းကို ပြောလိုခြင်းဖြစ်သည်။

မနက်စောစော ကျနော်လမ်းလျှောက်သည်မှာ လွန်ခဲ့သော ၂၀၁၈ လောက်ကတည်းကဖြစ်သည်။ပထမတော့ အလုပ်တစ်ခုအနေဖြင့်ဆိုတာထက် လူက အသက်ကြီးလာသည့်အခါ အားကစားတစ်ခုခုကို လုပ်မှဖြစ်မည်။သို့မှသာ ကျန်းမာရေးကောင်းလိမ့်မည်ဆိုသည့်စိတ်ဖြင့် လမ်းစလျှောက်ခဲ့ခြင်းဖြစ်သည်။ထိုသို့ စလျှောက်သည့်အချိန်က ကျနော့်ခန္ဓာကိုယ်အလေးချိန်က ပေါင်ချိန် ၁၇၀ ကျော်ချင်နေပြီ။အရပ် ၅ ပေ ၆ လက်မရှိသည့်လူတစ်ယောက်အတွင် အသက် ၃၀၊ ၄၀ အရွယ်မှာ ပေါင် ၁၆၀ ဆိုရင်တောင် သိပ်မကောင်းသည့် အချိုးအစားဖြစ်ရာ ဒီလိုအသက် ၆၀ ကျော်ချိန်တွင် ပေါင် ၁၇၀ ဆိုတာက ဘယ်လိုမှမကောင်း။အထူးသဖြင့် ဒူးတွေက အရမ်းနာသည်။အလိုလိုနေရင်း နာနေခြင်းဖြစ်သည်။
ဒီလိုဒူးနာနေရသည်အထဲ ကိုယ်လုပ်နေရသည့်အလုပ်က စာသင်ခြင်း။

စာသင်သည့်အခါ တိုက်ခန်းတွေမှာ လိုက်သင်ရသည်ဖြစ်တော့ စာသင်သည့်နေရာကိုရောက်လျှင် ပထမဆုံး ရေတစ်ခွက်တောင်းသောက်ရသည်။ ၁၅ မိနစ်လောက်နားရသည်။နောက် စာကို ၁ နာရီခွဲ ၂ နာရီသင်။နောက်ပြန်ဆင်းလာသည့်အခါ ဒူးခေါင်းကို အားပြုပြီး လှေကားကနေ ဆင်းရသည့်အခါ လှေကားလက်ရမ်းကိုကိုင်ပြီး ဆင်းနေရသည်။တက်သည့်အခါတုန်းကလည်း လှေကားလက်ရမ်းကိုအားပြု၊ ဆင်းသည့်အခါလည်း လှေကားလက်ရမ်းကိုကိုင်ပြီးဆင်း။

ဒီအခါ တွေးမိသည်က အသက်ကြီးလာသည့်အခါ ဘယ်အရာမှ မကောင်းပါလားဆိုသည့် အတွေးပင်ဖြစ်သည်။ဘယ်နေရာကို သွားသွား၊ လှမ်းလှမ်း သတိနှင့်လှမ်းရသည်။သတိနှင့်သွားရသည်။နောက်ဆုံး စားသည့်သောက်သည့်နေရာတောင် စိတ်က အရင်လိုမဟုတ်။စားသည့်အခါမှာ ယခင်က ဘာစားစားဖြစ်သော်လည်း ၅၀ ကျော်လာသည့်အခါ အစာက မချေနိုင်သည့်အစာတွေ စားမိသည့်အခါ တော်တော်နှင့် အစာမကြေသဖြင့် ထိုစဉ်ကတည်းက အစာစားသည့်အခါတိုင်း ကိုယ်စားချင်တာထက် ဘယ်ဟာက ကိုယ့်ကိုဒုက္ခမပေးနိုင်တာလဲဆိုတာကို ရွေးပြီးစားရသည်။

ကျနော်က လဘက်ရည်ထက် ကော်ဖီကို ပိုကြိုက်သည်။မနက်ဘက်ထက် ညဘက် ကော်ဖီတကျိုက်လောက်သောက်ပြီး အိမ်ရှေ့၀ရန်တာတွင် စာအုပ်လေးတစ်အုပ်လောက်ယူပြီး စာဖတ်ရတာပဲဖြစ်ဖြစ်၊ ရေဒီယိုလေးတစ်လုံးနှင့် ရှေးသီချင်းလေးတွေ၊ နိုင်ငံတကာသီချင်းလေးတွေ၊ သတင်းလေးတွေ နားထောင်ရတာပဲဖြစ်ဖြစ် ကြိုက်သည်။နောက်တော့ ရယ်ဒီမိတ်တွေ ခေတ်စားလာတော့ ဝယ်နေကြ လှည်းတန်းက ကော်ဖီမှုန့်ကြိတ်ပေးသည့်နေရာကနေ မ၀ယ်ဖြစ်တော့။တံဆိပ်စုံနေအောင်စမ်း၊ ကိုယ်ကြိုက်တာသောက်။နောက်တော့ ဒီလိုနှင့် ရယ်ဒီမိတ်ကို စွဲသောက်ဖြစ်သည်။ကြာလာတော့ ရယ်ဒီမိတ်က အဆင်မပြေ။ဒီတော့ တစ်ရက် မနက်စောစော လမ်းလျှောက်ရင်း အိမ်တစ်အိမ်မှ ကော်ဖီကြမ်းအနံ့လေးရသည့်အခါ ထိုအနံ့လေးကိုကြိုက်ပြီး ကော်ဖီမှုန့်ကိုဝယ်ကာ အရင်လိုပဲ ပြန်သောက်မိတော့သည်။

စားတာနေတာတွေက ကိုယ့်စိတ်အလိုတိုင်းမဖြစ်လာသည့်အခါ ဇရာ၏သဘောသဘာ၀ကို နားလည်သဘောပေါက်လာသည်။ခန္ဓာကိုယ်၏ ယိုယွင်းမှုကို လက်ခံလာသည်။အရင်လို ပြန်မကောင်းလာသည့် ထိခိုက်နာကျင်မှုတွေကို နားလည်လာသည်။ဘာပဲလုပ်လုပ် ယခင်က စိတ်မြန်လက်မြန်ဆိုသည့်အစား ကိုယ့်စိတ်ကိုပါ ပြင်လာရပြီး အရာရာကို ကိုယ်တတ်နိုင်သည့်လောက်သာ တုံ့ပြန်မိသည်။ဆိုသည်က ရှိနေသည့်အသက်အရွယ်နှင့် လိုက်လျောညီစွာ နေထိုင်မှုပင်ဖြစ်သည်။ဒီမှာ နေ့စဉ်ကျန်းမာရေးဆိုတာက လိုအပ်လာသည်။

သင်ကြားရေးကို ခုံမင်သည့် ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ကျနော့်အတွက် စာသင်ခြင်းကို ဝင်ငွေထက် စိတ်ထားတတ်လျှင် ကုသိုလ်ပါရသည့်အလုပ်မို့ အသက်အရွယ်ရလာသော်လည်း မစွန့်လွှတ်နိုင်။ယခင်ကတော့ စာသင်သည့်၀ိုင်းထက် ပုဂ္ဂုလိကကျောင်းတစ်ခုတွင် အချိန်ပိုင်း တစ်ဘာသာကို သင်သည်။သင်ရသည့်နေရာက မြောက်ဥက္ကလာပဘက်မှာ။လမ်း၀မှတ်တိုင်ကနေ အနည်းငယ်လျှောက်ရသည်။ဒီတော့ လမ်းကလျှောက်ပြီးသားလို့ ပြောရသော်လည်း တကယ်က စာသင်ချိန်မီအောင် သွားရလာရနှင့်ဖြစ်သဖြင့် လမ်းလျှောက်တာကို အာရုံမထား။ကျောင်းကိုရောက်ဖို့သာ စိတ်ကရှိသည်။ဒီတော့ စိတ်ထဲ ကျောင်းသာ။လမ်းလျှောက်တာကြတော့ ဒီလိုမဟုတ်။တခြားအာရုံမရှိဘဲ လမ်းကိုလျှောက်။ပြီးတော့ လေကိုရှု။ကွင်းပြင်ရောက်လျှင် ခြေလက်ဆန့်တန်း။ပြီးတော့ ခန္ဓာကိုယ်ကိုလှည့်လည်ကြည့်။ပြီးတော့ အသက်ရှုလေ့ကျင့်ခန်းကို မိနစ်ပိုင်းလောက်လုပ်။နောက် လမ်းကို သတိမှတ်ပြီးလျှောက်။တစ်ခါတလေ အတူလမ်းလျှောက်ဖော်ပါလာပါက ရှေးဟောင်းနှောင်းဖြစ်လေးပြော။တစ်ခါတလေ သတင်းစာလေးဝယ်ပြီး လဘက်ရည်ဆိုင်ထိုင်ကာ ကော်ဖီလေးသောက်ပြီး သတင်းစာဖတ်။   

ယခု ကျနော်ပြောပြတာကိုဖတ်ပြီး လမ်းလျှောက်တာကို သဘောကျနေမည်ထင်သည်။တကယ်က ဒီလိုထက်ပိုသည့်အရာတွေ လမ်းလျှောက်ခြင်းမှာရှိသည်။ကျနော်တို့ ငယ်ငယ်က လမ်းလျှောက်သည့်အခါ  မြန်မြန်လျှောက်သည်။ရွယ်တူချင်း အနိုင်ရအောင် ပြေးသည့်အခါ ပြေးသည်။ကျောင်းတက်သည့်အရွယ်ရောက်သည့်အခါ ကျောင်းလွှတ်သည်နှင့် အိမ်ကို ဘယ်သူအစောဆုံးပြန်ရောက်သလဲဆိုတာကိုပြိုင်ပြီး ပြေးကြသည်။မူလတန်းကနေ အလယ်တန်း၊ အထက်တန်း ရောက်လာသည့်အခါ ပြေးတာအစား မြန်မြန်လျှောက်သည်။ဒီတော့ မိဘတွေက “လမ်းထိပ်တွေ့လို့ မုန့်ဝယ်ကျွေးမလို့ နင့်ကိုလှမ်းခေါ်နေတာ မကြားဘူး၊ တစ်ခါတည်း အမြန်ပြေးတာ။ခေါ်မကြား အော်မကြား”။ဒီကနေ အရွယ်ရလာသည့်အခါ လမ်းမှာ ဘာတွေဖြစ်နေသည်ကို ကျနော်တို့မသိ။ကိုယ့်အာရုံနှင့်ကိုယ် မြန်မြန်အိမ်ရောက်ဖို့၊ မြန်မြန်ရုံးရောက်ဖို့၊ မြန်မြန်အလုပ်ခွင်ကိုရောက်ဖို့ ဒီအာရုံနှင့် ကျနော်တို့ ဖြတ်သန်းခဲ့ရသည်။

ဒီတော့ အစောပိုင်းကဆိုသလို လမ်းစလျှောက်တတ်ဖို့ သင်ခဲ့စဉ်မှာ မြန်မြန်လျှောက်တတ်ဖို့ သင်ခဲ့ခြင်းကြောင့် ဦးတည်ရာနေရာသို့ မြန်မြန်ရောက်ဖို့သာ ကျနော်တို့ စိတ်အာရုံရှိနေခဲ့သည်။ထိုအကျိုးဆက်က ကိုယ်လျှောက်နေသည့်လမ်းတွင် ဦးတည်သည့်နေရာအပြင် ဘာတွေရှိသလဲ၊ ကိုယ့်ဘ၀အတွက် ဘာအခွင့်အရေးတွေရှိနေသလဲဆိုတာ ကျနော်တို့ မကြည့်မိခဲ့ခြင်း၊ မမြင်ခဲ့ခြင်းပင် ဖြစ်သည်။

ဘ၀တစ်လျှောက်လုံး ဒီပညာသင်၊ ဒီအတန်းတွေတက်၊ ဒီကျောင်းတွေ တက်ခဲ့ကြတာအတူတူ၊ တချို့က ဆယ်တန်းမအောင်သော်လည်း သင်္ဘောသားတွေဖြစ်၊ ကုန်ရောင်းကုန်ဝယ်တွေတက်နှင့် စီးပွားရေးသမားတွေ ဘ၀ကို မပူမပင် မကြောင့်မကြ နေကြရသော်လည်း တချို့က လမ်းဘေးမှာ၊ အလုပ်ကြမ်းတွေလုပ်၊ ဘ၀ကို ချို့ချို့တဲ့တဲ့နှင့် ဖြတ်သန်းကြ။ဒီလို ဘ၀တွေကွာခြားရသည်မှာ ကိုယ်လျှောက်သည့်လမ်းမှာ ဘာတွေရှိသလဲဆိုတာကို မြင်အောင်မကြည့်ခဲ့ကြလို့လားဟု ကျနော်ထင်မိသည်။

ပညာတတ်တွေကော။ဒီလိုပဲဖြစ်မည်ထင်သည်။တချို့က ဘ၀ကို အောင်အောင်မြင်နှင့် လမ်းကောင်းကိုတွေ့သည့်အခါ ချိုးကွေ့လိုက်ခဲ့သဖြင့် ပြောင်းလဲသွားသူတွေလည်း အများကြီး။ဒီလို ဘ၀လမ်းကြောင်းကို ချိုးကွေ့ဖို့ နေ့စဉ်နေ့တိုင်း အိမ်ကနေ ကျောင်း၊ ကျောင်းကနေ အိမ်၊ အိမ်ကနေ ရုံး၊ ရုံးကနေ အိမ် ဒီလိုမျိုးသွားနေတာနှင့် အသားကျနေလျှင် ဘ၀ဟုထင်နေလျှင် မြင်မိကြမည်မဟုတ်။

ကျနော် မနက်လမ်းလျှောက်သည့်အခါ ရေကန်တစ်ခုကိုဖြတ်ရသည်။ထိုရေကန်က မြစ်နှင့်ဆက်နေသည့် ချောင်းငယ်လေး ရေကန်ထဲဝင်နေသည်။ဒီတော့ ရေတက်ရေကျရှိသလို တခါတလေ ဗေဒါပင်တွေ နိုင်းချင်း ကန်ကိုပြည့်နေသည်။တစ်ရက်တော့ မနက်စောစောလမ်းလျှောက်ရင်း ထိုကန်နားဖြတ်သည့်အခါ ဗေဒါတွေပွင့်နေသည်မှာ ခရမ်းရောင် အဆုပ်လိုက် အဆုပ်လိုက်။ကြည့်ရတာ လှလိုက်လေခြင်း။ထိုနေရာကိုပဲ နေ့လယ်ဘက် ကားနှင့်ဖြတ်သည့်အခါ ဗေဒါတွေက မလှနိုင်တော့။ကားနှင့် ထိုနေရာကိုဖြတ်သည့်အခါ မြန်လွန်းသဖြင့် သဘာ၀အလှတွေကို မမြင်ရ။လမ်းလျှောက်သည့်အခါမှာတော့ ဒီလိုမဟုတ်။အသေအချာမြင်ရသည်။

ကျနော့်စိတ်ထဲ စဉ်းစားမိသည်။ယခု ကျနော် အသက် ၆၅ ကျော်ပြီ။ဘ၀တစ်လျှောက်လုံး ကျနော်မမြင်ခဲ့သည့် လူတွေ၏ စိတ်အလှက ဘယ်လောက်တောင်ရှိခဲ့ပြီလဲဆိုတာ။ယခု ကျနော် နေ့တိုင်းလမ်းလျှောက်သည်။အရာ၀တ္တုတွေ၊ နေရာအဆောက်အဦးတွေ၊ လမ်းတွေ၊ လူတွေ၊ ဖြစ်ရပ်တွေ။ဖြေးဖြေးချင်း မျက်စိဖြင့်ကြည့်သည်။စိတ်ဖြင့်ကြည့်သည်။နှလုံးသားဖြင့် ကြည့်သည်။ထိုအခါ အရာရာသည် ရှင်းလင်းပြတ်သားစွာ…..။

မောင်ဦးလွင်
ဒီဇင်ဘာ - ၁