【 ဆောင်းပါး 】 “လုပ်ငန်းခွင် ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်မလဲ”

【 ဆောင်းပါး 】 “လုပ်ငန်းခွင် ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်မလဲ”

         ခေါင်းဆောင်မှုဆိုတာ နောက်လိုက်များစွာကို ရယူနိုင်တဲ့ အရည်အသွေးကောင်းကို ခေါ်ပါတယ်။လူတွေက သင့်နောက်ကို လိုလိုလားလား လိုက်ပါသလား။
          (Brian Tracy)

ခေါင်းဆောင်တွေမှာ နောက်လိုက်များစွာကို ရယူနိုင်တဲ့ အရည်အသွေးရှိတဲ့အပြင်  သာမန်လူတွေဆီကနေ ထူးထူးခြားခြား တိုးတက်မှုတွေကို  ရယူနိုင်တဲ့ အရည်အသွေးရှိကြသူများလည်းဖြစ်ပါတယ်။ခေါင်းဆောင်ကောင်းတွေမှာ မြင့်မားတဲ့ စဉ်းစားဆင်ခြင်ဉာဏ်ရှိကြတဲ့အပြင် ခေါင်းဆောင်ကောင်းတွေဟာ သူ့နောက်လိုက်တွေ သူ့ဝန်ထမ်းတွေအပေါ် အမှန်တကယ် ဂရုတစိုက်ရှိကြပါတယ်။

မန်နေဂျာတစ်ဦးအနေနဲ့ ခေါင်းဆောင်မှုပြုကြရာမှာ သင်ရဲ့အစောဆုံးသောကာလမှစပြီး သင့်အဖွဲ့နဲ့ အဖွဲ့အစည်းတစ်ဝှမ်းမှာရှိတဲ့ သက်ဆိုင်သူအများအပြားနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ခေါင်းဆောင်မှု ပြုကြရာမှာ လူတွေကိုနားလည်ပြီး လွှမ်းမိုးနိုင်စွမ်းက အရေးကြီးတဲ့ အဓိကအရည်အချင်းတစ်ခုဖြစ်ပါတယ်။လူတစ်ဦးချင်းစီမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ကိုယ်ပိုင်ဇာတ်လမ်းလေးတွေရှိကြပါတယ်။သက်ဆိုင်သူ အများအပြားနဲ့ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ကြရာမှာ ဇာတ်လမ်းလေးတွေ ဖလှယ်ပြီး ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။

          ဇာတ်လမ်းလေးတွေဖလှယ်

လူတစ်ဦးချင်းစီမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ၊ ကိုယ်ပိုင်ဇာတ်လမ်းတွေရှိသလို အဖွဲ့အစည်းတွေမှာလည်း ကြုံခဲ့ရတဲ့ ဇာတ်လမ်းတွေ၊ ဖြတ်သန်းခဲ့ရတဲ့ ဇာတ်ကြောင်းတွေ၊ နောက်ခံအကြောင်းတရားတွေ ရှိကြပါတယ်။ကျွန်တော်တို့တစ်ဦးချင်းစီမှာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ၊ စိတ်ခံစားမှုတွေ၊ အလေ့အထတွေနဲ့ အတွေးအမြင်တွေကို နားလည်သဘောပေါက်စေဖို့ နှစ်များတစ်လျှောက် ကျွန်တော်တို့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ဇာတ်ကြောင်းတွေကို ကျွန်တော်တို့ခေါင်းထဲမှာ သယ်ဆောင်ခဲ့ကြပါတယ်။

ကြုံခဲ့ရ၊ ဖြတ်သန်းခဲ့ရတဲ့ ဒီဇာတ်လမ်းတွေဟာ အခြေအနေအသစ်မှာ ကျွန်တော်တို့ရဲ့ အမြင်တွေအပေါ် လွှမ်းမိုးနေလေ့ရှိပြီး၊ အနာဂတ်ကို လက်ခံယုံကြည်ဖို့ တွန်းပို့နိုင်ပါတယ်။ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ဘက်သို့ တွန်းပို့နိုင်ပါတယ်။ဒီအဖြစ်အပျက် ဒီဇာတ်လမ်းတွေကို ကျွန်တော်တို့တွေ့ဆုံတဲ့ အခြားသူများနဲ့ ဖလှယ်ခြင်းဖြင့် ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေကို ပြောပြတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်တို့ရဲ့ နောက်ခံတွေ၊ အခန်းကဏ္ဍတွေနဲ့ ယုံကြည်ချက်တွေအကြောင်း ပိုမိုထုတ်ဖော်ပြီး၊ အသစ်အသစ်သော အဖြစ်အပျက်များ ဇာတ်လမ်းများကို ဖန်တီးနိုင်ပါတယ်။လူတစ်ဦးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွေရှိသလို အဖွဲ့အစည်းတွေမှာလည်း ဖြတ်သန်းခဲ့ရတဲ့ ကိုယ်ပိုင်ဇာတ်ကြောင်းတွေ၊ သမိုင်းကြောင်းတွေ ရှိကြပါတယ်။ ဒီဇာတ်လမ်းတွေ ဇာတ်ကြောင်းတွေဟာ အဖွဲ့အစည်းရဲ့ သမိုင်းနဲ့ တန်ဖိုးတွေ (History and Value of Organization) ကို လွှမ်းခြုံထားပြီး ဘာတွေကိုဆောင်ရွက်အောင်မြင်ခဲ့တယ် မှတ်တိုင်ထူနိုင်ခဲ့တယ်ဆိုတာကို ဖော်ညွှန်းပါတယ်။

          ဇာတ်လမ်းလေးတွေ နားထောင်ခြင်းဖြင့်

အဲဒါတွေ နားထောင်တော့ ဘာရမှာလဲ။ဘာဖြစ်မှာလဲ။လူတစ်ဦးတစ်ယောက်ချင်းရဲ့ ဇာတ်လမ်းကို ပိုင်းခြားစိတ်ဖြာနားထောင်ခြင်းဖြင့်၊ သူတို့ ဘာကြောင့် သင်နဲ့ အလုပ်တွဲလုပ်လိုကြောင်းကို နားလည်နိုင်ပါတယ်။သူတို့ရဲ့ စေ့ဆော်မှုများကို သင်နားလည်နိုင်ပါတယ်။လူတစ်ဦးချင်း (ဒါမှမဟုတ်) ကုမ္ပဏီနဲ့ အောင်မြင်စွာ ညှိနှိုင်းဆွေးနွေးဖို့ နည်းလမ်းများကို ရရှိလာနိုင်မှာဖြစ်ပါတယ်။ဖက်စပ်လုပ်ငန်းတစ်ခု အောင်မြင်မှု ရှိ၊ မရှိကိုလည်း ညွှန်ပြနိုင်ပါတယ်။လူတစ်ဦး (ဒါမှမဟုတ်) အဖွဲ့အစည်းတစ်ခုရဲ့ အတိတ်က အတွေးတွေ၊ ယဉ်ကျေးမှု၊ လုပ်ဆောင်ချက်များနဲ့ ဆန္ဒများအပြင် လက်ရှိအခိုက်အတန့်မှာ ဖြစ်ပျက်နေမှုတွေကို သတိမပြုမိတဲ့ ခေါင်းဆောင်များဟာ မျှော်လင့်မထားတဲ့ ယဉ်ကျေးမှုတိုက်ပွဲကို ရင်ဆိုင်ကြုံတွေ့လာနိုင်ပါတယ်။

လူတွေက ခေါင်းဆောင်ဖြစ်တဲ့ သင့်ကို စကားပြောချင်နေတဲ့အချိန်မှာ သင်က အချိန်ပေးပြီး သူတို့ရဲ့စကားကို နားထောင်ပေးဖို့ လိုအပ်ပါတယ်။ဒါဟာ စစ်မှန်တဲ့ စေ့ဆော်တိုက်တွန်းသူတစ်ယောက် ဖြစ်လာစေပါတယ်။လူတွေရဲ့ အဖြစ်အပျက်ဇာတ်လမ်းတွေမှာ ထပ်တလဲလဲပါလာတတ်တဲ့ ပုံစံတွေကို နားထောင်ပေးဖို့ လိုအပ်ပါတယ်။ဥပမာ တခြားသူတွေနဲ့ဆက်ဆံပုံ၊ သူတို့ရဲ့ တွေးခေါ်မှုပုံစံတွေ၊ ဘက်လိုက်မှုတွေနဲ့ အတားအဆီးတွေအကြောင်း သူတို့ဘာပြောလဲ နားထောင်ပေးဖို့ လိုအပ်ပါတယ်။

.          အဖြစ်အပျက်ဇာတ်လမ်းတွေဟာ အကာအကွယ် ဗန်းစကားတွေနဲ့ ဖော်ပြနေပါသလား။

.          အဖြစ်အပျက်ဇာတ်လမ်းတွေဟာ လူတစ်ဦးချင်းစီအတွက် သီးခြားအရည်အချင်းတွေကို တောင်းဆိုပါသလား။

.          အဖြစ်အပျက်ဇာတ်လမ်းတွေဟာ စူးစမ်းလေ့လာမှုတွေ စွန့်စားခန်းတွေ များလား။ ရှေးရိုးဆန်နေပါသလား (ဒါမှမဟုတ်) မျှခြေကို ထိန်းသိမ်းထားဖို့ အာရုံစိုက်နေပါသလား။

.          အဖြစ်အပျက်ဇာတ်လမ်းတွေဟာ လူတစ်ဦးချင်းစီကို သူရဲကောင်း၊ ပါဝင်သူ (ဒါမှမဟုတ်) သားကောင်နေရာပေးပါသလား။

.          အဖြစ်အပျက်ဇာတ်လမ်းတွေဟာ အများအားဖြင့် အတိတ်၊ ပစ္စုပ္ပန် (ဒါမှမဟုတ်) အနာဂတ်မှာ တည်ရှိနေပါသလား။

.          အဖြစ်အပျက်ဇာတ်လမ်းတွေဟာ ခိုင်မာတဲ့ ကိုယ်ကျင့်တရားများ၊ စီရင်ချက်များနဲ့ ယုံကြည်ချက်များကို ဖော်ပြနေပါသလား။

.          အဖြစ်အပျက်ဇာတ်လမ်းတွေဟာ အကြောင်းအရာတွေကြားက ဆက်စပ်မှုကို တည်ဆောက်နိုင်ပါသလား။ဆက်စပ်မှုကို ဖောက်ဖျက်သလား။

          အဖြစ်အပျက်ဇာတ်လမ်းလေးတွေက သင်ယူ

လူတစ်ဦး (ဒါမှမဟုတ်) အဖွဲ့အစည်းတစ်ခုကပြောတဲ့ အဖြစ်အပျက်ဇာတ်လမ်းတွေကို နားထောင်ခြင်းဖြင့် ၎င်းတို့နဲ့ ဘယ်လိုဆက်ဆံရေးမျိုး ဖြစ်လာမယ်ဆိုတာကို ကြိုတင်ထိုးထွင်း သိမြင်လာနိုင်မှာဖြစ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးရဲ့ သဘောသဘာဝကို နားလည်ခြင်းဖြင့် သင်ဟာ သင့်ရဲ့ကိုယ်ပိုင်အပြုအမူကို အကောင်းဆုံးအသုံးချနိုင်မှာဖြစ်ပါတယ်။

ဆက်ဆံရေးတည်ဆောက်မှုပုံစံ အဓိကအမျိုးအစား လေးမျိုးရှိပါတယ်။

          ၁။ ငါနိုင်တယ်၊ မင်းရှုံးတယ် (I win, you lose)
          ၂။ ငါရှုံးတယ်၊ မင်းအနိုင်ရတယ် (I lose, you win)
          ၃။ ငါရှုံးတယ်၊ မင်းရှုံးတယ် (I lose, you lose)
          ၄။ ငါအနိုင်ရတယ်၊ မင်းအနိုင်ရတယ် (I win, you win)

          ငါနိုင်တယ်၊ မင်းရှုံးတယ်

ဒီလိုလူမျိုးတွေကို ထိန်းချုပ်ရပါမယ်။ဒါမှမဟုတ်ရင် သူတို့ကို ယှဉ်ပြိုင်ရပါမယ်။သင်နဲ့ဆက်ဆံရေးကို လိုချင်တဲ့ သူတို့ရဲ့အဓိကအကြောင်းအရင်းက သူတို့ရဲ့ ကိုယ်ပိုင်ပန်းတိုင်ကိုရောက်ဖို့ပဲ။သူ့အကျိုးစီးပွားကို ရှေ့တန်းတင်ပါတယ်။သူတို့ရဲ့ ကြောင့်ကြမှုက သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားအတွက် အဓိကဖြစ်ပြီး၊ သူတို့ပိုမိုအောင်မြင်လာဖို့အတွက် သင့်ကို အလျှော့ပေးပါလိမ့်မယ်။

          ငါရှုံးတယ်၊ မင်းအနိုင်ရတယ်

ဒီလိုလူမျိုးတွေကိုပိုင်ဖို့ လိုပါတယ်။သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားထက် ဆက်ဆံရေးကို ဦးစားပေးလိမ့်မယ်။သင့်ဖက်က ပြတ်သားပြီး စေတနာကောင်းမည်ဆိုပါက သူတို့သည် သင့်ဆန္ဒများကို လိုက်လျောညီထွေဖြစ်အောင် အမြဲကြိုးစားနေမှာဖြစ်ပါတယ်။

          ငါရှုံးတယ်၊ မင်းရှုံးတယ်

ဒီလိုလူမျိုးတွေက ပဋိပက္ခကို ရှောင်ရှားလိုတဲ့ ပြင်းပြတဲ့ဆန္ဒရှိတယ်။တကယ်တော့ ဒါဟာ ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို သူတို့ရဲ့ အဓိကစိုးရိမ်မှုပါပဲ။သူတို့ဟာ သဘောထားကွဲလွဲနိုင်တဲ့ အလားအလာရှိတဲ့ နယ်ပယ်များကို ရှောင်ရှားဖို့ ကြိုးစားမှာဖြစ်ပါတယ်။အသေးအဖွဲကိစ္စများကို အာရုံစိုက်မှာဖြစ်ပါတယ်။

          ငါအနိုင်ရတယ်၊ မင်းအနိုင်ရတယ်

ဒီလိုလူမျိုးတွေက ပူးပေါင်းလိုတယ်။သူတို့ဟာ နှစ်ဖက်စလုံးရဲ့အကျိုးစီးပွားကို ရှေ့ရှုပြီး၊ လူတိုင်းအနိုင်ရစေရန်အတွက် ပိုမိုကောင်းမွန်တဲ့ အဖြေတစ်ခုကို ရှာဖွေဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို ရယူလိုကြပါတယ်။နှစ်ဖက်တွေးခေါ်မှုကို အသုံးပြုလိုကြပါတယ်။ဒီလိုလူမျိုးတွေ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ ဖြစ်နိုင်ခြေအသစ်များအကြောင်း ဇာတ်ကြောင်းအသစ်များကို ဖန်တီးရာမှာ ကောင်းမွန်ကြပါတယ်။လူအများစုဟာ ဆက်ဆံရေးတည်ဆောက်ခြင်းရဲ့ အဓိကအမျိုးအစား လေးခုအနက်မှ တစ်ခုခုနဲ့ ကိုက်ညီကြလေ့ရှိပါတယ်။ခေါင်းဆောင်တွေ မန်နေဂျာအနေနဲ့ သက်ဆိုင်သူအားလုံးနဲ့ ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးရမှာဖြစ်ပါတယ်။အပြန်အလှန်ဆက်သွယ် ဆောင်ရွက်ကြရာမှာ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ရမှာဖြစ်ပါတယ်။

          မတူတဲ့ ဝိသေသ၊ ယဉ်ကျေးမှုအစဉ်အလာနဲ့ တန်ဖိုးထားမှုစံ

စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေမှာ အခြားစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနဲ့ မတူတဲ့ သီးခြားဝိသေသလက္ခဏာတွေ ရှိတတ်ကြပါတယ်။ဝိသေသလက္ခဏာတွေ မတူညီကြသလို တန်ဖိုးစံနှုန်းတွေလည်း ခြားနားကြလေ့ရှိပါတယ်။အခြားလုပ်ငန်းအဖွဲ့အစည်းတွေနဲ့ မတူတဲ့ ဝိသေသလက္ခဏာတွေ၊ မတူညီတဲ့ တန်ဖိုးစံတွေ၊ မတူညီတဲ့ ယဉ်ကျေးမှုထုံးစံတွေကို လုပ်ငန်းအဖွဲ့အစည်းရဲ့ Culture လို့ ရည်ညွှန်းနိုင်ပါတယ်။ခေါင်းဆောင်မန်နေဂျာအနေနဲ့ ကိုယ့်လုပ်ငန်းအဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုအစဉ်အလာတွေ၊ စံထားမှုတွေ၊ တန်ဖိုးထားမှုတွေကို သတိမူရမှာဖြစ်ပါတယ်။ခေါင်းဆောင်တွေ မန်နေဂျာတွေအနေနဲ့ မိမိကိုယ်တိုင်က ကိုယ့်လုပ်ငန်းအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု၊ တန်ဖိုးထားမှု စံနှုန်းသတ်မှတ်ထားရှိမှုများနဲ့ပတ်သက်ပြီး တာဝန်ရှိသလို၊ မိမိဝန်ထမ်းများ ယဉ်ကျေးမှု၊ တန်ဖိုးထားမှု စံများကို နားလည်လက်ခံပြီး၊ တိုးတက်လာဖို့ တာဝန်ရှိပါတယ်။

          ယဉ်ကျေးမှုများ ပေါင်းစည်းခြင်း

ဒီအဖြစ်အပျက်က တကယ့်အဖြစ်အပျက်လေ့လာချက် (case study) တစ်ခု ဖြစ်ပါတယ်။ကုမ္ပဏီနှစ်ခု ပေါင်းစည်းရာမှာ မတူညီတဲ့ ဖြတ်သန်းရာလမ်းကြောင်း၊ မတူညီတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေကြားမှာ ကုမ္ပဏီဇာတ်လမ်းကြောင်းတွေ၊ နောက်ခံအကြောင်းတရားတွေကို ပွင့်လင်းမြင်သာစွာဖလှယ်မှု မလုပ်ခဲ့လို့ ကောလာဟလတွေထွက်ပေါ်ခဲ့ပြီး ဒုက္ခများခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။

ကုမ္ပဏီ (A) က နိုင်ငံတကာကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ကုမ္ပဏီ (B) က သေးငယ်ပေမယ့် သွက်လက်တဲ့ အလားအလာကောင်းတဲ့  ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ကုမ္ပဏီ (A) နဲ့ ကုမ္ပဏီ (B) ပေါင်းစည်းဖို့ အကြောင်းဖြစ်လာပါတယ်။ဒီလိုဖြစ်လာတဲ့အခါမှာ ကုမ္ပဏီ (B) ဖက်မှာ  အတော်လေး ဂယက်ရိုက်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ကုမ္ပဏီ (B) ဖက်မှာ မွမ်းမံမှုများစွာဖြင့် ပေါင်းစည်းမည်ဆိုတဲ့ သတင်းကြောင့်ဖြစ်ပါတယ်။ကောလာဟလများကြောင့် အတော်လေး ပွက်လောရိုက်သွားပြီး မလိုလားအပ်တဲ့ အခြေအနေများ ဖြစ်ပေါ်ခဲ့ပါတယ်။ကုမ္ပဏီနှစ်ခုလုံးက ဒါရိုက်တာများဟာ ကောလာဟလများ ထွက်ပေါ်နေချိန်မှာ ကုမ္ပဏီဇာတ်လမ်းများ၊ နောက်ခံအကြောင်းတရားများ၊ ပကတိအခြေအနေနဲ့ ရှေ့လျှောက်ရမယ့် အစီအစဉ်သစ်များကို ပွင့်လင်းမြင်သာစွာ ဖလှယ်မှုပြုလုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ကုမ္ပဏီနှစ်ခုလုံးက ဒါရိုက်တာများဟာ ကုမ္ပဏီပေါင်းစည်းပြီးတဲ့နောက် ယဉ်ကျေးမှုနှစ်ခုလုံးသည် ပေါင်းစပ်ဇာတ်လမ်းသစ်တစ်ခုအနေနဲ့ ဘယ်လိုလိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်မယ်ဆိုတာများကို မဆွေးနွေးခဲ့ပါ။ပွင့်ပွင့်လင်းလင်း ချမပြခဲ့တာကြောင့် အဆိုးမြင်လွန်းတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီး ဒုက္ခရောက်ခဲ့ကြရပါတယ်။အပ်နဲ့ထွင်းရမယ့်ကိစ္စတွေ ပုဆိန်နဲ့ထွင်းရပါတော့တယ်။သင်ခန်းစာယူကြရမှာဖြစ်ပါတယ်။

          ပွင့်လင်းမြင်သာ ခိုင်မာတဲ့ဆက်ဆံရေး

လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ပတ်သက်လို့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သင့်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေ များပြားတာကြောင့် အဖွဲ့အစည်းရှိ လူတိုင်းနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ဖို့ အခွင့်သာချင်မှ သာပါလိမ့်မယ်။ခေါင်းဆောင်တစ်ဦးအနေနဲ့ သင်ဟာ ပရောဂျက်တစ်ခုမှာ အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုရှိသူများ၊ သြဇာညောင်းမှုကို ကူညီပေးနိုင်တဲ့သူများ (ဒါမှမဟုတ်) တိုးတက်မှုကို ဟန့်တားနိုင်တဲ့ အဓိကပါဝင်ပတ်သက်သူများအပေါ် အာရုံစိုက်ဖို့ လိုအပ်ပါတယ်။

အလျဉ်းသင့်လို့ ဖော်ပြရရင် ခေါင်းဆောင်မှုရဲ့ ဂုဏ်ပုဒ်ကို ဖော်ညွှန်းကိုယ်စားပြုတဲ့ "C" သုံးလုံး ရှိပါတယ်။

          ၁။ စဉ်းစားဆင်ခြင် သုံးသပ်နိုင်မှု (Consideration)
          ၂။ ဂရုတစိုက်ရှိမှု၊ သတိထားမှု (Caring)
          ၃။ လောကဝတ်ကျေပွန်မှု (Courtesy) တို့ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေဟာ အဆိုပါအချက်တွေ ပြည့်စုံရတဲ့အပြင် လူတကာကို ယဉ်ကျေးပျူငှာစွာနဲ့ ဆက်ဆံပြောဆိုရပါတယ်။ခေါင်းဆောင်မန်နေဂျာများအနေနဲ့ ခေါင်းဆောင်မှုရဲ့ ဂုဏ်ပုဒ်တွေ ပြည့်စုံရတဲ့အပြင် “အားလုံးပါဝင်တဲ့ ကုမ္ပဏီယဉ်ကျေးမှု၊ စံနမူနာပြခေါင်းဆောင်မှုပေးခြင်း၊ တိုးတက်ရာ တိုးတက်ကြောင်း အခွင့်အလမ်းကောင်းတွေကို ရှာဖွေဖန်တီးပေးခြင်း” တို့နဲ့အတူ လုပ်ငန်းခွင်ဆက်ဆံရေးမှာ “ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းခွင်ဆက်ဆံရေး၊ ယဉ်ကျေးပျူငှာတဲ့ လုပ်ငန်းခွင်ဆက်ဆံရေး” ကို တည်ဆောက်ရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မှူးခန့်စံ