【 ဆောင်းပါး 】 “လူလား----- ဘာလား”

【 ဆောင်းပါး 】 “လူလား----- ဘာလား”

အရှက်ဆိုတာ အထင်သေးခံရခြင်း အကဲ့ရဲ့ခံရခြင်း အရှုံးနှင့်ရင်ဆိုင်ရခြင်း အပြစ်တစ်ခုခုကျူးလွန်မိခြင်း အမှားတစ်ခုခုပြုလုပ်မိခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှုဖြစ်သည်။ထိုအရှက်တရားရှိနေသောကြောင့်သာ လူလို့သတ်မှတ်ခံရတာပါ။

အရှက်မရှိသော ရှက်ရကောင်းမှန်းလည်းမသိသော တိရစ္ဆာန်ကိုတော့ အရိုင်းအစိုင်းသတ္တဝါအဖြစ် သတ်မှတ်ထားပါသည်။အဝတ်အစားဆိုတာလည်း သူနားမလည်ပါ။ယဉ်ကျေးမှုဆိုတာလည်း သူမသိပါ။တရားတာ မတရားတာလည်း သူမတွေးတတ်ပါ။သူ့အတွက် အရေးကြီးတာက သူအသက်ရှင်ဖို့ သူကောင်းကောင်းစားရဖို့ သူကောင်းကောင်းအိပ်ရဖို့ သူလုပ်ချင်တာလုပ်ဖို့အတွက်ပါပဲ။သူဆာလောင်လာသောအခါ စားချင်စိတ်ဖြစ်လာသောအခါ သူစားချင်သည့်အကောင်ကို ဖမ်းယူစားသောက်လိုက်သည်။အားနည်းသူကို အနိုင်ကျင့်တာ ရှက်စရာကောင်းမှန်း သူမသိပါ။သူ့ထက် အားခွန်ဗလကောင်းသော အကောင်ကြီးမျိုးတွေ့ရင်တော့ အမြီးတန်းပြီးပြေးပြီ။သူ့ကို မတရားသဖြင့် ဒုက္ခပေးသူကို ကျောခိုင်းပြေးခြင်းက ရှက်စရာလို့ သူမတွေးပါ။တွေးရကောင်းမှန်းလည်း မသိပါ။ပြေးလို့မလွတ်သာသည့် အနေအထားမျိုးမှာဆိုရင်တော့ ချောင်ကပ် အမြီးကုပ်ကာ ငြိမ်နေလိုက်သည်။အားကြီးသည့်အကောင်က ပြုံးပြုံးလေးနှင့် သူ့ကိုထိန်းချုပ်ထားရင်တော့ အမြီးလေးတနံ့နံ့နှင့် ပီတိတွေဖြစ်ကာ အကောင်ကြီး၏ အရိပ်အကဲကိုသာ အာရုံစိုက်နေလေသည်။ဒီအချိန်မှာ သူကြောက်ရသောအကောင်ကြီး ဘာလိုအပ်မလဲ သူ့ကိုဘာပြောမလဲ ဘာခိုင်းမလဲ ဒါပဲသူစဉ်းစားသည်။သူ့အသက်သေချင်သေပါစေ အကောင်ကြီးခိုင်းတာတွေကို တိတိကျကျလိုက်လုပ်ပေးဖို့က သူ့အတွက် အရေးအကြီးဆုံးဖြစ်သည်။အသားနာမှာကြောက်လို့ အသက်သေမှာကြောက်လို့ အကောင်ကြီးကို မလှန်ရဲသည့်သူက သူကြောက်သောအကောင်ကြီးခိုင်းတာ လိုက်လုပ်လို့ အန္တရာယ်တစ်ခုခုနှင့်ကြုံပြီး သူ့အသားနာသွားမှာ သူ့အသက်သေသွားမှာကိုတော့ ကြောက်ရမှန်းမသိတော့ပါ။

အားခွန်ဗလကောင်းသော အကောင်ကြီးကလည်း သူခိုင်းလို့ရသရွေ့ သူ့ကိုအန္တရယ်တစ်ခုခုပြုမည်ဟု မထင်မှတ်သရွေ့ သူ့အခိုင်းခံလေးကို ဒုက္ခမပေးသေးပေ။သူစားပြီးကျန်သည့် အရိုးလေးပေးကိုက်ပြီး လက်သပ်မွေးထားလေသည်။သူခိုင်းသည့်အတိုင်းဖြစ်မလာရင် ဒါမှမဟုတ် သူ့ကိုအန္တရယ်တစ်ခုခုပေးလိမ့်မယ်လို့ ထင်လာရင်တော့ အချိန်မဆိုင်းဘဲ ကိုက်စားပစ်တော့သည်။သူတို့လောကမှာ ကျေးဇူးဆိုတာမရှိ။အကြင်နာဆိုတာမရှိ။ကိုယ်ချင်းစာတာမရှိ။ကြီးနိုင်ငယ်ညှင်းလုပ်တတ်တာ သူတို့လောက၏ သဘာဝဖြစ်သည်။

သူတို့က ဦးနှောက်မသုံးတတ်လို့ အသိတရားမရှိလို့ လုပ်ချင်တာလုပ်ကြတာပါ။သူတို့ကိုဆုံးမလို့မရပါ။သင်ပေးလို့လည်းမတတ်ပါ။တရားဟောလို့လည်းမသိပါ။သူတို့က သူတို့သဘာဝအတိုင်းပဲနေတတ်သည်။သူတို့က အသက်ရှင်ဖို့ အဓိကထားနေကြသူတွေပါ။အရှက်ဆိုတာ သူတို့မသိကြပါ။သူတို့က အကုသိုလ်များသော တိရစ္ဆာန်ဖြစ်နေကြရလို့ ကံမကောင်းပါ။သူတို့က အသက်ရှင်ရပ်တည်နေသမျှအချိန်များမှာ အကုသိုလ်အလုပ်တွေသာ ဆက်တိုက်ကျူးလွန်နေကြရသည်။ကုသိုလ်ကောင်းမှုလုပ်ဖို့ သူတို့မှာအသိမရှိကြပါ။ဒါကြောင့်လည်း သူတို့တစ်ဘဝစာမှာ အကုသိုလ်အမှုတွေသာ လုပ်နေဖြစ်သည်။

ကုသိုလ်များသော လူသားများကတော့ အလွန်ကံကောင်းပါသည်။လူတွေမှာ အရှက်တရားရှိသည်။ယဉ်ကျေးမှုရှိသည်။ကိုယ်ချင်းစာတရားရှိသည်။ကောင်းတာ မကောင်းတာ တရားတာ မတရားတာ ခွဲခြားနိုင်သည့် အသိရှိသည်။ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကိုသနားသင့်မှန်း သိ သည်။အသက်ရှိဖို့အရေးကြီးသလို အရှက်ရှိဖို့အရေးကြီးမှန်းလည်း သိသည်။တချို့လူတွေဆိုရင် အသက်သာအသေခံမည် အရှက်မဲ့သူတော့ အဖြစ်မခံနိုင်ကြပါ။သူတို့သည် အသက်နှင့်လူလုပ်တာမဟုတ်ဘဲ အရှက်နှင့်လူလုပ်တာလို့ ခံယူထားကြသည်။

တချို့လူတွေက ရုပ်မချောရင် ဆင်းရဲနေရင် အထီးကျန်နေရင် ရာထူးဂုဏ်ရှိန်မရှိရင် ရှက်တတ်ကြသည်။မခံချင်စိတ် အနိုင်ယူလိုစိတ် ယှဉ်ပြိုင်လိုစိတ် မနာလိုစိတ်တွေကြောင့်လည်း ရှက်တတ်သူတွေရှိပါသည်။အရှက်၏တန်ဖိုးကလည်း ခံယူသူအလိုက် ခေတ်ကာလအလိုက် အပြောင်းအလဲတွေရှိလာသည်။တချို့က လူသတ်နေရတာကိုဂုဏ်ယူပြီး မသတ်ရဲမှာကိုရှက်သည်။အရက်သောက်ရမှာ ရှက်တတ်သူရှိသလို အပေါင်းအသင်းတွေကြားထဲ အရက်မသောက်ပဲနေရမှာ ရှက်သူတွေလည်းရှိသည်။တချို့က သူများပစ္စည်းခိုးရမှာ လုရမှာ ရှက်ကြသည်။တချို့ကတော့ ခိုးရမှာ လုရမှာကို မရှက်တတ်ဘဲ ငွေကြေးဥစ္စာမချမ်းသာမှာကိုဘဲ ရှက်မိကြသည်။

တကယ်တော့ ကိုယ့်ကြောင့် တခြားသူတွေ အနှောင့်အယှက်ဖြစ်မှာကို ရှက်ရမှာပါ။ကိုယ့်ဘာသာကိုယ် အိပ်ရာထဲမှာ အဝတ်မဝတ်လို့မရှက်တာ ပြဿနာမရှိသော်လည်း လူကြားထဲ အဝတ်မဝတ်ဘဲနေတာကိုတော့ ရှက်တတ်ကြပါသည်။ကိုယ့်ပစ္စည်းကိုယ်ခိုးတာ တရားချင်တရားမည်။သူများပစ္စည်းခိုးတာတော့ မတရားမှန်းသိပြီး ရှက်သင့်ပါသည်။ကိုယ့်ကြောင့် သူများပစ္စည်းတွေ အသက်တွေဆုံးရှုံး နစ်နာစေမည်ဆိုပါက ရှက်သင့်ပါသည်။

အရေးကြီးတာက အခြားသူများကို မတရားလုပ်ရမှာ ရှက်တတ်ဖို့ဖြစ်သည်။မတရားမှုတွေ များစွာရှိသည့်အနက် အရေးအကြီးဆုံးကတော့ ဒုစရိုက်မှုကိုရှောင်ဖို့ဖြစ်သည်။အဓိကဒုစရိုက်မှုများဖြစ်သော သူ့အသက်သတ်ခြင်း သူ့ဥစ္စာခိုးခြင်း သူ့အိမ်ရာပြစ်မှားခြင်း သူများဒုက္ခရောက်အောင် လိမ်လည်လှည့်ဖျားစွပ်စွဲပြောဆိုခြင်းတို့ကို ရှောင်ရမည်ဖြစ်သည်။ထိုသို့ပြုလုပ်ပြောဆိုရမှာကို ရှက်တတ်ရမည်ဖြစ်သည်။

ဘုရားရှင်ဟောကြားသော ဓမ္မပဒအတ္တဝဂ်မှ မဟာကာလဥပါသကာအကြောင်း ပြောချင်ပါသည်။

မဟာကာလဥပါသကာသည် ဘုရားရှင်၏ တရားနာပရိသတ်တစ်ယောက်ဖြစ်သည်။တစ်နေ့သော အရုဏ်တက်ခါနီးအချိန်တွင် သူခိုးတစ်စုသည် အိမ်တစ်အိမ်ကို ဝင်ခိုးကြသည်။ဥစ္စာထုပ်ကိုယူပြီးချိန်တွင် အိမ်ရှင်များနိုးပြီး အော်ဟစ်ကာ သူခိုးများနောက်သို့ လိုက်ကြလေသည်။သူခိုးများက လူစုခွဲကာ ပြေးကြလေသည်။လူအုပ်ကလည်း နောက်မှတောက်လျှောက်လိုက်လာသဖြင့် သူခိုးများသည် ပစ္စည်းထုပ်များကို အသီးသီးပစ်ချထားကာ ကိုယ်လွတ်ပြေးကြရသည်။ကျောင်းလမ်းအတိုင်းပြေးလာသော သူခိုးတစ်ယောက်သည် ကျောင်းအနီးရှိ ရေကန်ဘေးမှာ ပစ္စည်းထုပ်ကိုချထားပြီး ဆက်ပြေးသွားလေသည်။

တိုက်ဆိုင်ချင်တော့ ကျောင်းထဲတွင် ဥပုသ်စောင့်ကာ တစ်ညလုံးတရားနာခဲ့ပြီး နံနက်စောစောကျောင်းမှပြန်လာသော မဟာကာလဥပါသကာသည် ထိုကျောင်းအနီးရှိ ရေကန်စပ်မှာ မျက်နှာသစ်နေလေသည်။သူခိုးချထားခဲ့သော ပစ္စည်းထုပ်သည် သူ့အနားမှာဖြစ်နေသည်။သူခိုးနောက်သို့လိုက်လာ သောသူတို့သည် သူ့အနားမှာ ပစ္စည်းထုပ်ကိုတွေ့ရသောကြောင့် သူ့ကို သူခိုးဟု စွပ်စွဲကြလေသည်။သူဘယ်လိုရှင်းပြသော်လည်း လက်မခံကြဘဲ ခိုးထုပ်ခိုးထည်နှင့်မိတာတောင် ဥပုသ်သည်ဟန်ဆောင်ရပါမည်လားဆိုကာ ဝိုင်းဝန်းရိုက်နှက်ကြသဖြင့် ထိုနေရာမှာပင် အသက်သေဆုံးခဲ့ရလေသည်။

မဟာကာလ၏ ပိုးစိုးပက်စက်သေနေသော ရုပ်အလောင်းနှင့် အဖြစ်အပျက်တို့ကို သိရှိသွားသည့် ရဟန်းသာမဏေတို့က တစ်ညလုံးတရားနာကာပြန်လာသူသည် သူခိုးစွပ်စွဲခံရပြီး ဝိုင်းအရိုက်ခံရလို့ သေသည်မှာ မဖြစ်သင့်ကြောင်း ဘုရားရှင်ကို လျှောက်ထားကြသည်။ထိုအခါ ဘုရားရှင်က မဟာကာလဥပါသကာ၏ အတိတ်ဘဝတစ်ခုအကြောင်း ပြန်ပြောပြသည်။

ထိုအချိန်က မဟာကာလဥပါသကာသည် ဗာရာဏသီပြည်ကို အုပ်စိုးသော ဘုရင်ကြီး၏ မင်းခယောင်္ကျားတစ်ယောက်ဖြစ်ခဲ့သည်။နိုင်ငံတော်၏ နယ်စပ်တောအုပ်တစ်ခုတွင် ခိုးဆိုးလုယက်သူတွေပေါသည့်အတွက် ထိုတောအုပ်အတွင်း ခရီးသွားများ၏လုံခြုံရေးကို တာဝန်ယူကာ တောအုပ်တစ်ဖက် အဝင်ပေါက်မှ အခြားတစ်ဖက် အထွက်ပေါက်အထိ အသွားအပြန်ပို့ဆောင်ပေးရသည့် တာဝန်ထမ်းဆောင်ရသူဖြစ်သည်။

တစ်နေ့တွင် ခရီးသွားလင်မယားနှစ်ယောက်သည် လှည်းယာဉ်ကိုမောင်းကာ သူတာဝန်ယူရသော တောအုပ်သို့ ရောက်လာသည်။မယားဖြစ်သူအမျိုးသမီးသည် ငယ်ရွယ်နုပျိုပြီး ရုပ်ဆင်းအင်္ဂါ တင့်တယ်စိုပြည်သူလေးဖြစ်နေသဖြင့် သူ့စိတ်ထဲတွင် နှစ်သက်စွဲလမ်းသွားကာ သိမ်းပိုက်ဖို့ ကြံရွယ်ပါတော့သည်။ထို့ကြောင့် လင်မယားနှစ်ယောက်ကို တောအုပ်ဖြတ်သန်းခွင့်မပြုသေးဘဲ လုံခြုံရေးအတွက် စိတ်မချရသောကြောင့် တစ်ညစောင့်ပြီး မနက်မိုးလင်းမှ ခရီးဆက်ရန် ပြောသည်။ခရီးသွားယောင်္ကျားက ချက်ချင်းသွားချင်ကြောင်း မိုးမချုပ်သေးလို့ ခရီးဆက်ချင်ကြောင်း ဘယ်လိုပြောပြော သူကခွင့်မပြုဘဲ တစ်ညအိပ်ပြီးမှ သွားရမည်ဖြစ်ကြောင်း ပြောသည်။သူက စေတနာကောင်းသူတစ်ယောက်လို ဟန်ဆောင်ကာ လင်မယားနှစ်ယောက်အတွက် နေရာထိုင်ခင်းမှအစ အစားအသောက်အတွက်ပါ အကုန်စီစဉ်ပေးသည်။ထို့နောက် သူပိုင်ဆိုင်သောပတ္တမြားကို လင်မယားနှစ်ယောက်၏ လှည်းယာဉ်တစ်နေရာမှာ ဝှက်ထားရန် သူ့လက်အောက်ငယ်သားများကို ညွှန်ကြားသည်။

မနက်မိုးလင်းသောအခါ သူ့လူများက ရုတ်ရုတ်သဲသဲလုပ်ကာ  ပတ္တမြားအခိုးခံရကြောင်း ပြောသည်။ထိုအချိန်တွင် လင်မယားနှစ်ယောက်လည်း သူ့ကိုနှုတ်ဆက်ပြီး တောအုပ်အတွင်းဝင်ရန် လှည်းယာဉ်ကို မောင်းထွက်သွားသည်။သူ့လူများက တောအုပ်အဝင်ဝမှနေကာ လှည်းများကိုစစ်ဆေးသည်။လင်မယားနှစ်ယောက်၏ လှည်းယာဉ်ကိုစစ်ဆေးရန်အလှည့်ရောက်သောအခါ သူတို့ကြိုတင်ဝှက်ထားခဲ့သော ပတ္တမြားကိုယူပြီး ပစ္စည်းသက်သေနှင့်တကွ ဖမ်းဆီးလိုက်ကြသည်။သူ့လူများက ခရီးသွားယောင်္ကျားကို ပတ္တမြားသူခိုးအဖြစ် သူ့ရှေ့မှောက်သို့ ခေါ်ဆောင်လာသည်။ထိုယောင်္ကျား အတန်တန်တောင်းပန်နေသည့်ကြားမှ သူ့စေတနာကိုစော်ကားကာ သူ့ပတ္တမြားကို ခိုးယူသည်ဆိုပြီး ရိုက်နှက်ဆုံးမရန် အပြစ်ပေးလိုက်သည်။နောက်ဆုံး သူ့လူများ၏ ဝိုင်းဝန်းရိုက်နှက်မှုများကြောင့် ခရီးသွားယောင်္ကျား သေဆုံးသွားလေတော့သည်။

ထိုမင်းခယောင်္ကျားသည် သူလုပ်ခဲ့သော အကုသိုလ်ကြောင့် ငရဲမှာ ဘဝပေါင်းများစွာခံခဲ့ရသည်။ငရဲမှလွတ်ပြီး လူ့ဘဝတွေမှာကျင်လည်ရာတွင်လည်း ဘဝတိုင်းမှာ မတရားအစွပ်အစွဲခံ အရိုက်အနှက်ခံပြီး သေရတာချည်းပဲဖြစ်သည်။ယခု မဟာကာလဥပါသကာ ဘဝမှာလည်း အစွပ်အစွဲ အရိုက်အနှက်ခံရကာ သေဆုံးရပြန်သည်ဟု ဘုရားရှင်က အကုသိုလ်သည် ပြုလုပ်သူနောက်မှ အရိပ်လိုလိုက်ပါလာကြောင်း ဟောပြောခဲ့သည်။

မဟာကာလသည်အတိတ်ဘဝတွင် သူများမယားကိုခိုးသည်။သူများမယားကိုကျူးလွန်သည်။သူများအသက်ကိုသတ်သည်။သူများဒုက္ခရောက်အောင် လိမ်လည်လှည့်ဖျား မတရားစွပ်စွဲပြောဆိုသည်။သူတစ်ယောက် ဖန်တီးလိုက်သည့် မမှန်ကန်သည့် မနောကံ ဝစီကံ ကာယကံတွေကြောင့် ရိုးရိုးသားသား ခရီးသွားလာနေသည့် လင်မယားနှစ်ယောက်လည်း အရှက်ရော အသက်ရော ဘဝရော ပျက်ခဲ့ရသည်။သူကိုယ်တိုင်လည်း ဘဝအဆက်ဆက်မှာ သူပြုလုပ်ခဲ့သော အကုသိုလ်အပြစ်ကြွေးကို ပြန်ပေးဆပ်ခဲ့ရသည်။

လူမှန်ရင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှာ ကြောက်ကြသူတွေချည်းဖြစ်ပါသည်။သူများတွေလည်း ကိုယ့်လိုပဲ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှာ ကြောက်ကြလိမ့်မယ်လို့ ကိုယ်ချင်းစာစိတ်လေးထားလိုက်ရုံနှင့် ကြေကွဲစရာတွေ အရှက်ရစရာတွေကို ဟန့်တားပြီးသားဖြစ်သွားမှာပါ။

မတရားသောအလုပ်ကို မလုပ်ခင် ရှက်သင့်ပါသည်။မလုပ်ခင် မရှက်မိရင်တောင်မှ လုပ်နေစဉ်တော့ ရှက်သင့်ပါသည်။လုပ်နေစဉ်မှာ မရှက်မိဘူးဆိုရင်တော့ လုပ်ပြီးသည့်အချိန်မှာ ကျိန်းသေရှက်ရပါတော့မည်။ထိုအချိန်တွင်မှ ရှက်ရကောင်းမှန်းမသိခဲ့ရင်တော့ ကိုယ့်ကိုယ်ကိုယ်သာ ပြန်မေးရပါတော့မည်။

ငါဟာ --- လူလား --- ဘာလား --- လို့ ။        ။

ရိုက်မောင်း
ဖေဖော်ဝါရီ - ၁