【 ဆောင်းပါး 】 “သတိမလွတ်နဲ့၊ COVID-19 ရှိနေဆဲ”

【 ဆောင်းပါး 】 “သတိမလွတ်နဲ့၊ COVID-19 ရှိနေဆဲ”

COVID-19 အတည်ပြုလူနာ မတ်၂၃ရက်နေ့တွင် စတင်သည်ဆိုတော့ ယခုဆိုလျှင် နှစ်လကိုနည်းနည်းစွန်းခဲ့ပြီဖြစ်သည်။ယခု မေ ၃၀ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ၂၂၄ ဦး၊ အတည်ပြုများအနက် သေဆုံးသူ ၆ ဦးနှင့် ရောဂါပိုးကင်းစင်သူ ၁၃၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

တစ်ကမ္ဘာလုံး ကူးစက်နှုန်းမြန်မြန်သွက်နေသည့်အချိန်တွင် ၂၂၄ ဦးဆိုသည့်ပမာဏမှာ အင်မတန်နည်းပါးလှသည်ဟု ဆိုသော်ရ၏။ပြီးတော့ ကိုယ့်နိုင်ငံ၏ စုစုပေါင်းလူဦးရေနှင့် နှိုင်းယှဉ်ပါကလည်း စိတ်ချမ်းသာချင်စရာ။အင်းစိန်ဘာသာရေးအခမ်းအနားအစုအဝေး၏ ကူးစက်မှုကလွဲ ရူးချင်ချင်ဖြစ်လောက်အောင် ကူးစက်မှုနှုန်း ရုတ်တရက်ဆောင့်တက်ခြင်းမရှိသေးတာကလည်း ဘာပဲဖြစ်ဖြစ် စိတ်သက်သာစရာ။

စိတ်မသက်သာစရာအကြောင်းဘက် လှည့်တွေးကြည့်ပါကလည်း သက်ပြင်းချစရာများက မရေတွက်နိုင်အောင်ပင်။ COVID-19 ဗိုင်းရပ်စ်သည် အချိန်တန်လျှင် သူ့ဘာသာအလိုလိုပြန်ပျောက်သွားမည် မဟုတ်သလို ယင်းဗိုင်းရပ်စ်နှင့် လူသားတို့ကြား ပြဿနာအနည်းဆုံးဖြင့် ယဉ်ပါးစွာအတူယှဉ်တွဲနေထိုင်ဖို့ ဆိုသည်မှာလည်း (ဖြစ်ခဲ့သည့်တိုင်) အချိန်အတော်ကြာယူရဦးမှာဖြစ်သလို သေချာရေရာသည့် ကိစ္စလည်းမဟုတ်ပေ။

ထို့ကြောင့် လက်တွေ့ကျသည့် တစ်ခုတည်းသောမျှော်လင့်ချက်မှာ COVID-19 ၏ အဖျက်စွမ်းအင်ကို ပြန်လည်တွန်းလှန်နိုင်မည့်ကာကွယ်ဆေး အမြန်ဆုံးပေါ်ပေါက်ရေးပင်ဖြစ်သည်။ယခုဆိုလျှင် ကာကွယ်ဆေးဖော်စပ်မှုကို ကမ္ဘာ့အဆင့်ဆေးဝါးကုမ္ပဏီကြီးများက ငွေအားရော ပညာအားပါ ပုံအောဆောင်ရွက်နေကြောင်း သိရသဖြင့် အနှေးနဲ့အမြန်ဆိုသလို ကာကွယ်ဆေးပေါ်လာရန် ရာခိုင်နှုန်းများသလို မြန်မြန်ဆန်ဆန် ဆေးမဖော်စပ်နိုင်သည့် အခြေအနေလည်းရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစားထားသင့်ပေသည်။

မြန်မြန်ဆန်ဆန်ဆိုတော့ ဘယ်လောက်ထိမြန်နိုင်ပါသနည်း။ဖော်စပ်ထားသောဆေးသည် တစ်ချည်မျှင်မလွဲ ရောက်လိုသောပစ်မှတ်တည့်တည့်သို့ ထိမှန်မှု ရှိ၊ မရှိနှင့် ဘေးထွက်ဆိုးကျိုးများကိုသိရှိရန် စမ်းသပ်မှုအဆင့်ဆင့်ကို ဖြတ်သန်းရဦးမည်။ထို့ကြောင့် မြန်မြန်ဆန်ဆန်ဆိုသည်မှာ သတင်းများအရ ယခုနှစ်ကုန်ပိုင်း အစောဆုံး။ဒါ့ထက်ပိုကံကောင်းလျှင်တော့ နောက်ထပ် ၅ လ မကျော်။

ဆိုတော့ ကာကွယ်ဆေးမပေါ်မီ ကမ္ဘာပေါ်ရော မြန်မာနိုင်ငံတွင်ပါ COVID-19 ကင်းစင်ရေးဆိုသည်မှာလည်း မည်သို့မျှမဖြစ်နိုင်။ထို့ကြောင့် မြန်မာနိုင်ငံတွင်း COVID-19 အတည်ပြုလူနာအရေအတွက်သည် မည်သည့်အချိန်နှင့် မည်သည့်ကိန်းဂဏန်းသို့အရောက်တွင် ရပ်တန့်သွားမည်နည်းဆိုသည့် မေးခွန်းမှာလည်း ယနေ့အထိအဖြေမရှိသေးပေ။

ပြောရလျှင် ယခုလိုနှုန်းထားအတိုင်း တရိပ်ရိပ်ဖြည်းဖြည်းချင်းဖြင့် ခြေနိုင်လက်နိုင်အဆင့် ဆက်တက်သွားမည်လား။ဝရုန်းသုန်းကား ထိန်းမနိုင်သိမ်းမရပုံစံမျိုး ဖြစ်လာမည်လားဆိုသည်ကိုလည်း ဘာမှမပြောနိုင်။သို့သော်၊ ပြည်သူတို့၏ အကြောက်တရားမှာမူ အတန်အသင့်လျော့ပါးလာတာက သေချာသည်။

သင်္ကြန်နားနီးကာလ ထိတ်ခြင်းလန့်ခြင်းများစွာဖြင့် ရန်ကုန်မြို့လမ်းမကြီးများပေါ် ယာဉ်အသွားအလာပါးခဲ့ပြီး သင်္ကြန်ရုံးပိတ်ရက်ရှည်တွင်လည်း ရန်ကုန်မြို့လမ်းမကြီးများပေါ် ကားတစ်စီးဖြတ်လာလျှင်ပင် အထူးအဆန်းသဖွယ် ကြည့်နေရသည်အထိ တိတ်ဆိတ်ခဲ့သလောက် ဧပြီ ၂၀ ရက်နေ့ ရုံးများပြန်ဖွင့်ပြီဆိုတာနဲ့ လမ်းမများပေါ် ကားရောလူပါ သိသာစွာနည်းနည်းပြန်များလာခဲ့သည်။ယခု မေ ၃၀ ရက်တွင်ဆို ပိုသိသာစွာ ရန်ကုန်မြို့လမ်းများပေါ် ယာဉ်သွားယာဉ်လာများပြားလာခဲ့သည်။

ဆိုတော့၊ ဧပြီလကုန်ပိုင်းခန့်က အင်းစိန်မြို့နယ်မှ တိုင်းလွှတ်တော်အမတ် ဦးဝေဖြိုးဟန် ပြောခဲ့သောစကားကို အမှတ်ရမိသည်။“ရောဂါနဲ့ပတ်သက်ပြီး ဆယ်ဂဏန်းလောက်တွေ့တဲ့အချိန်မှာ တစ်မြို့လုံးနီးပါး လူရောကားပါ မတွေ့ရတဲ့အခြေအနေကနေ အခုဆိုရင် ၁၄၄ ယောက် (အတည်ပြုလူနာ) ဖြစ်လာအခါ လူတွေက ပုံမှန်အတိုင်းလောက်ကို လမ်းပေါ်မှာတွေ့လာရတယ်။”

ယခုဆိုလျှင် COVID-19 အတည်ပြုလူနာ (၂၂၄) ဦး။သို့သော်၊ ကြောက်ရတာနည်းနည်းကြာလာတော့ ကြောက်ရတာနည်းနည်းထုံလာကာ အကြောက်တရားလျော့ပါးလာသည်ဟု ဆိုရမည်လား။မည်သို့ကြောင့်ဖြစ်စေ၊ COVID-19 သည် ကမ္ဘာတခွင်အပေါ် အသာစီးရနေတုန်း။
ကူးလို့ကောင်းတုန်း၊ သေလို့ကောင်းတုန်း။တစ်ဦးချင်းစီ၏ အနေအထိုင်ပေါ့လျော့မှုကြောင့် အချိန်မရွေး ဝုန်းဒိုင်းကြဲကူးစက်နိုင်တုန်း။ဥပမာ - စင်ကာပူဖြစ်စဉ်ကိုကြည့်။ပထမအကျော့ COVID-19 တွင် နိုင်နိုင်နင်းနင်းအဆင့်ဖြင့် ပြီးစီးသွားသော်လည်း ဒုတိယအကျော့တွင်မူ မျက်ဖြူဆိုက်ရသည်။မေ ၂၅ ရက်နေ့ စာရင်းအရဆိုလျှင် စင်ကာပူ၌ အတည်ပြုလူနာ ၃၁၆၁၆ ဦး၊ ရောဂါပိုးကင်းစင်သူ ၁၄၈၇၆ ဦးနှင့် ပိုးတွေ့သေဆုံးလူနာ ၂၃ ဦး။ရောဂါပိုးတွေ့ရှိမှုတွင် စင်ကာပူသည် အာဆီယံနိုင်ငံများထဲ နံပါတ်တစ်အဆင့်၌ရှိနေဆဲ။

ကျနော်တို့နိုင်ငံ၏ ထူးခြားချက်မှာ နိုင်ငံတကာ၌ COVID-19 ဝုန်းဒိုင်းကြဲနေချိန် မတ်လ တတိယပတ်မှစတင်ကာ ထိုင်းနှင့် တရုတ်ရောက် မြန်မာလုပ်သားအများအပြား နိုင်ငံတွင်းသို့ အပြေးအလွှားပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။ပထမဆုံးအတွေ့အကြုံမို့ ပြည်တော်ပြန်များကို ကျန်းမာရေးအသိရှိစွာဖြင့် စနစ်တကျပြန်လည်ကြိုဆိုနေရာချထားနိုင်ခြင်းမရှိ။

အကယ်၍ တရုတ်နှင့် ထိုင်းမှ ပြန်လာခဲ့သူများထဲ ရောဂါပိုးခပ်နည်းနည်းပါလာခဲ့လျှင်ပင် ထိန်းမနိုင်သိမ်းမရ ကူးစက်ခံရမည့်ကိန်းမို့ အားလုံးကတထိတ်ထိတ်ဖြင့် စောင့်ကြည့်ခဲ့ရသည်။သို့သော်၊ ကျနော်တို့နိုင်ငံ၏ ကံကောင်းချက်ဟုဆိုရမည်လားမသိ။ယနေ့ထိတိုင် တရုတ်နှင့် ထိုင်း ပြည်တော်ပြန်များမှတစ်ဆင့် COVID-19 မွှေနှောက်ဂယက်ပြင်းမှုမရှိ။

မေ ၁ ရက်မှစတင်ကာ ထိုင်းရောက် မြန်မာလုပ်သားများကို ဒုတိယအကျော့ ပြန်လက်ခံခဲ့သည်။သို့သော်၊ ထိုင်းအစိုးရထုတ်ပြန်ထားသော ညမထွက်ရအမိန့်နှင့် ခရိုင်ဖြတ်ကျော်သွားလာခွင့်မပြုခြင်းအရ နေ့စဉ် မြဝတီသို့ပြန်လည်ဝင်ရောက်မှုမှာ ခပ်ပါးပါး။မေ ၁ ရက်မှ ၂၀ ရက်နေ့အထိ ပြန်လည်ဝင်ရောက်မှုမှာ ၇၈၄ ဦးမျှသာ။ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ညှိနှိုင်းမှုအရ ထိုင်းအာဏာပိုင်များက မေ ၂၂ ရက်ညမှစတင်ကာ ပြည်တော်ပြန်လိုသူ မြန်မာလုပ်သားများအား ထိုင်းရဲလိုက်ပါစောင့်ရှောက်မှုဖြင့် ဘန်ကောက်-မဲဆောက် အထူးကားပြေးဆွဲပေးခြင်းအရ ပြည်တော်ပြန်များလာခဲ့သည်။စာရင်းများအရ မြဝတီနယ်စပ်ဂိတ်သို့ မေ ၂၄ ရက် တစ်ရက်တည်းတွင် ပြန်ဝင်လာသူ တစ်ထောင်ကျော်။

ထို့အတူ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ယူမှုမှာ မေ ၂၂ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ စုစုပေါင်း၂၂၀၁ ဦး ရှိပြီဖြစ်သည်။ယင်းအထဲမှ လတ်တလောထုတ်ပြန်ချက်များအရ မလေးရှားပြန် ၁၁ ဦး၊ ယူအေအီးပြန် ၈ ဦး၊ အိန္ဒိယပြန် ၂၁ ဦးနှင့် အီတလီပြန် ၁ ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည်။

သို့သော်၊ သက်ဆိုင်ရာအာဏာပိုင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံ အထိုက်အလျောက်ရှိနှင့်ပြီဖြစ်၍ ၎င်းတို့ကို ရန်ကုန်လေဆိပ်ရောက်ချိန်မှစကာ စနစ်တကျသီးခြားစောင့်ကြည့်ခဲ့ခြင်းအရ ရောဂါပျံ့နှံ့မှုမရှိ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့သူများအား ရှာဖွေရမခက်သလို သိပ်လည်းမရှိ။

ထို့အတူ ယခု ထိုင်း-မြန်မာနယ်စပ်မှ ပြန်ဝင်လာသူများထဲမှ (ကရင်ပြည်နယ်ပြင်ပ) အဆင့်ဆင့်ပို့ဆောင်ရသော ချင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်နေ ပြည်တော်ပြန်များအား ကော့သောင်းနှင့် မြဝတီတို့တွင် သီးခြားစောင့်ကြည့်ကာ ဓာတ်ခွဲစစ်ဆေးမှုရလဒ်ထွက်ပေါ်လာပြီးမှ သက်ဆိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် အခြားသောတိုင်းနှင့်ပြည်နယ်တို့မှ ဒေသခံများအား ၎င်းတို့ဒေသရှိ Quarantine စခန်းများသို့ စနစ်တကျပို့ဆောင်ပေးလျက်ရှိသည်။ထို့ကြောင့် ထိုင်းပြည်တော်ပြန်များထဲ ရောဂါပိုးပါလာဦးတော့၊ သက်ဆိုင်ရာအာဏာပိုင်များမသိ၍ ရောဂါပိုးပျံ့နှံ့သွားနိုင်မည့် ရာခိုင်နှုန်းနည်းမည်ဟုထင်၏။

ထို့ကြောင့် ပြည်တော်ပြန်များတွင် ရောဂါပိုးတွေ့ရှိခြင်းသည် အရေအတွက်များလာပါက ဖိအားတစ်ရပ်ရှိလာနိုင်သော်လည်း အထိန်းအကွပ်မရှိ ကူးချင်သလိုကူးမည့်အရေး တွေးပူစရာတော့မလိုဟုထင်၏။ကျနော်တို့ အဓိကတွေးပူရမည့်ကိစ္စမှာ ဘယ်ကဘယ်လိုကူးခဲ့မှန်းမသိသော အတည်ပြုလူနာများရှိခဲ့ခြင်းအရ   အင်းစိန်ဘာသာရေးအခမ်းအနားထက် ကူးစက်နိုင်မှုဧရိယာပိုကျယ်သော စက်ရုံကဲ့သို့သော နေရာမျိုးသို့ မရောက်ရေးဟုထင်၏။

ဥပမာ - ရောဂါပိုးမတွေ့တော့သဖြင့် ဆေးရုံမှဆင်းသွားပြီဖြစ်သော အတည်ပြုလူနာ (၁၄၄) ဆိုလျှင် ဝန်ထမ်းအင်အား ၉၀၀၀ ကျော်ရှိသော လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ ချန်းရီဖိနပ်စက်ရုံမှ တရုတ်စကားပြန်။၎င်းနှင့်ထိတွေ့ခဲ့သော စက်ရုံဝန်ထမ်းများမှာ ကူးစက်ခံရခြင်းမရှိ၍သာ တော်တော့သည်။

ယခုဆိုလျှင် ပိုးတွေ့လူနာအများဆုံးသော ရန်ကုန်တွင် COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော နည်းလမ်းများအတိုင်း ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ သက်ဆိုင်ရာအာဏာပိုင်များကစစ်ဆေးကာ အမှန်တကယ်ဆောင်ရွက်ထားသော စက်ရုံများအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း သတင်းများအရသိရသည်။

Covid-19 ကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်ထားမည်ဆိုပါက အလုပ်ရှုပ်ပြီး ငွေကုန်မှာသေချာသည်။ထို့ကြောင့် စက်ရုံဖွင့်ခွင့်ရရန် စစ်တုန်းခဏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားပြီး စက်ရုံဖွင့်ခွင့်ရပြီးနောက်ပိုင်း အလုပ်ရှုပ်သော ငွေကုန်သော ကာကွယ်ရေးနည်းလမ်းများကို လျော့တိလျော့ရဲဖြစ်သလို ကြုံသလိုသွေးအေးသွားမည်ဆိုပါကမလွယ်။

ထို့ကြောင့် ကူးစက်ခံရပါက ကူးစက်မှုဧရိယာကျယ်ဝန်းသော စက်ရုံကဲ့သို့သောနေရာမျိုးတွင် COVID-19 ခြိမ်းခြောက်မှုအန္တရာယ်မပြီးမချင်း သတိတစ်ချက်မလစ်စေရေးမှာ သိပ်အရေးကြီးလှသည်။တစ်ခါစစ်ပြီး၊ လုံးဝပြီးသွားတာမျိုးမဟုတ်ဘဲ ဖွင့်လှစ်ပြီးစက်ရုံများကို စောင့်ကြည့်စစ်ဆေးမှုများ အမြဲမပြတ်ရှိနေခြင်းမှာ အာဏာပိုင်တို့၏သတိရှိမှုဖြစ်ပြီး စက်ရုံပိုင်ရှင်နှင့် အလုပ်သမားတို့၏ အသိရှိရှိပူးပေါင်းပါဝင်မှုရှိမှသာလျှင် ပြီးပြည့်စုံမည်ဖြစ်သည်။

ယခုဆောင်းပါးကိုချုပ်ရသော် COVID-19 နှင့် ပတ်သက်ပြီး အတင့်မရဲမိဖို့လိုသည်။
မိမိ၏ဆန္ဒခေါ်ရာနောက်လိုက်ကာ အကောင်းမြင်စိတ်မများမိဖို့လိုသည်။အစိုးရနှင့်ပြည်သူ ချိတ်ဆက်မှုအားကောင်းစွာဖြင့် ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြရန် လိုအပ်နေဆဲဖြစ်သည်။

လင်းဆက်ငြိမ်းချမ်း
မေ - ၃၀

( Zawgyi )

COVID-19 အတည္ျပဳလူနာ မတ္၂၃ရက္ေန႔တြင္ စတင္သည္ဆိုေတာ့ ယခုဆိုလွ်င္ ႏွစ္လကိုနည္းနည္းစြန္းခဲ့ၿပီျဖစ္သည္။ယခု ေမ ၃၀ ရက္ေန႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာ၂၂၄ ဦး၊ အတည္ျပဳမ်ားအနက္ ေသဆုံးသူ ၆ ဦးႏွင့္ ေရာဂါပိုးကင္းစင္သူ ၁၃၀ ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။

တစ္ကမာၻလုံး ကူးစက္ႏႈန္းျမန္ျမန္သြက္ေနသည့္အခ်ိန္တြင္ ၂၂၄ ဦးဆိုသည့္ပမာဏမွာ အင္မတန္နည္းပါးလွသည္ဟု ဆိုေသာ္ရ၏။ၿပီးေတာ့ ကိုယ့္ႏိုင္ငံ၏ စုစုေပါင္းလူဦးေရႏွင့္ ႏႈိင္းယွဥ္ပါကလည္း စိတ္ခ်မ္းသာခ်င္စရာ။အင္းစိန္ဘာသာေရးအခမ္းအနားအစုအေဝး၏ ကူးစက္မႈကလြဲ ႐ူးခ်င္ခ်င္ျဖစ္ေလာက္ေအာင္ ကူးစက္မႈႏႈန္း ႐ုတ္တရက္ေဆာင့္တက္ျခင္းမရွိေသးတာကလည္း ဘာပဲျဖစ္ျဖစ္ စိတ္သက္သာစရာ။

စိတ္မသက္သာစရာအေၾကာင္းဘက္ လွည့္ေတြးၾကည့္ပါကလည္း သက္ျပင္းခ်စရာမ်ားက မေရတြက္ႏိုင္ေအာင္ပင္။ COVID-19 ဗိုင္းရပ္စ္သည္ အခ်ိန္တန္လွ်င္ သူ႔ဘာသာအလိုလိုျပန္ေပ်ာက္သြားမည္ မဟုတ္သလို ယင္းဗိုင္းရပ္စ္ႏွင့္ လူသားတို႔ၾကား ျပႆနာအနည္းဆုံးျဖင့္ ယဥ္ပါးစြာအတူယွဥ္တြဲေနထိုင္ဖို႔ ဆိုသည္မွာလည္း (ျဖစ္ခဲ့သည့္တိုင္) အခ်ိန္အေတာ္ၾကာယူရဦးမွာျဖစ္သလို ေသခ်ာေရရာသည့္ ကိစၥလည္းမဟုတ္ေပ။

ထို႔ေၾကာင့္ လက္ေတြ႕က်သည့္ တစ္ခုတည္းေသာေမွ်ာ္လင့္ခ်က္မွာ COVID-19 ၏ အဖ်က္စြမ္းအင္ကို ျပန္လည္တြန္းလွန္ႏိုင္မည့္ကာကြယ္ေဆး အျမန္ဆုံးေပၚေပါက္ေရးပင္ျဖစ္သည္။ယခုဆိုလွ်င္ ကာကြယ္ေဆးေဖာ္စပ္မႈကို ကမာၻ႔အဆင့္ေဆးဝါးကုမၸဏီႀကီးမ်ားက ေငြအားေရာ ပညာအားပါ ပုံေအာေဆာင္႐ြက္ေနေၾကာင္း သိရသျဖင့္ အေႏွးနဲ႔အျမန္ဆိုသလို ကာကြယ္ေဆးေပၚလာရန္ ရာခိုင္ႏႈန္းမ်ားသလို ျမန္ျမန္ဆန္ဆန္ ေဆးမေဖာ္စပ္ႏိုင္သည့္ အေျခအေနလည္းရွိႏိုင္ေၾကာင္း ထည့္သြင္းစဥ္းစားထားသင့္ေပသည္။

ျမန္ျမန္ဆန္ဆန္ဆိုေတာ့ ဘယ္ေလာက္ထိျမန္ႏိုင္ပါသနည္း။ေဖာ္စပ္ထားေသာေဆးသည္ တစ္ခ်ည္မွ်င္မလြဲ ေရာက္လိုေသာပစ္မွတ္တည့္တည့္သို႔ ထိမွန္မႈ ရွိ၊ မရွိႏွင့္ ေဘးထြက္ဆိုးက်ိဳးမ်ားကိုသိရွိရန္ စမ္းသပ္မႈအဆင့္ဆင့္ကို ျဖတ္သန္းရဦးမည္။ထို႔ေၾကာင့္ ျမန္ျမန္ဆန္ဆန္ဆိုသည္မွာ သတင္းမ်ားအရ ယခုႏွစ္ကုန္ပိုင္း အေစာဆုံး။ဒါ့ထက္ပိုကံေကာင္းလွ်င္ေတာ့ ေနာက္ထပ္ ၅ လ မေက်ာ္။

ဆိုေတာ့ ကာကြယ္ေဆးမေပၚမီ ကမာၻေပၚေရာ ျမန္မာႏိုင္ငံတြင္ပါ COVID-19 ကင္းစင္ေရးဆိုသည္မွာလည္း မည္သို႔မွ်မျဖစ္ႏိုင္။ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္း COVID-19 အတည္ျပဳလူနာအေရအတြက္သည္ မည္သည့္အခ်ိန္ႏွင့္ မည္သည့္ကိန္းဂဏန္းသို႔အေရာက္တြင္ ရပ္တန႔္သြားမည္နည္းဆိုသည့္ ေမးခြန္းမွာလည္း ယေန႔အထိအေျဖမရွိေသးေပ။

ေျပာရလွ်င္ ယခုလိုႏႈန္းထားအတိုင္း တရိပ္ရိပ္ျဖည္းျဖည္းခ်င္းျဖင့္ ေျခႏိုင္လက္ႏိုင္အဆင့္ ဆက္တက္သြားမည္လား။ဝ႐ုန္းသုန္းကား ထိန္းမႏိုင္သိမ္းမရပုံစံမ်ိဳး ျဖစ္လာမည္လားဆိုသည္ကိုလည္း ဘာမွမေျပာႏိုင္။သို႔ေသာ္၊ ျပည္သူတို႔၏ အေၾကာက္တရားမွာမူ အတန္အသင့္ေလ်ာ့ပါးလာတာက ေသခ်ာသည္။

သၾကၤန္နားနီးကာလ ထိတ္ျခင္းလန႔္ျခင္းမ်ားစြာျဖင့္ ရန္ကုန္ၿမိဳ႕လမ္းမႀကီးမ်ားေပၚ ယာဥ္အသြားအလာပါးခဲ့ၿပီး သၾကၤန္႐ုံးပိတ္ရက္ရွည္တြင္လည္း ရန္ကုန္ၿမိဳ႕လမ္းမႀကီးမ်ားေပၚ ကားတစ္စီးျဖတ္လာလွ်င္ပင္ အထူးအဆန္းသဖြယ္ ၾကည့္ေနရသည္အထိ တိတ္ဆိတ္ခဲ့သေလာက္ ဧၿပီ ၂၀ ရက္ေန႔ ႐ုံးမ်ားျပန္ဖြင့္ၿပီဆိုတာနဲ႔ လမ္းမမ်ားေပၚ ကားေရာလူပါ သိသာစြာနည္းနည္းျပန္မ်ားလာခဲ့သည္။ယခု ေမ ၃၀ ရက္တြင္ဆို ပိုသိသာစြာ ရန္ကုန္ၿမိဳ႕လမ္းမ်ားေပၚ ယာဥ္သြားယာဥ္လာမ်ားျပားလာခဲ့သည္။

ဆိုေတာ့၊ ဧၿပီလကုန္ပိုင္းခန႔္က အင္းစိန္ၿမိဳ႕နယ္မွ တိုင္းလႊတ္ေတာ္အမတ္ ဦးေဝၿဖိဳးဟန္ ေျပာခဲ့ေသာစကားကို အမွတ္ရမိသည္။“ေရာဂါနဲ႔ပတ္သက္ၿပီး ဆယ္ဂဏန္းေလာက္ေတြ႕တဲ့အခ်ိန္မွာ တစ္ၿမိဳ႕လုံးနီးပါး လူေရာကားပါ မေတြ႕ရတဲ့အေျခအေနကေန အခုဆိုရင္ ၁၄၄ ေယာက္ (အတည္ျပဳလူနာ) ျဖစ္လာအခါ လူေတြက ပုံမွန္အတိုင္းေလာက္ကို လမ္းေပၚမွာေတြ႕လာရတယ္။”

ယခုဆိုလွ်င္ COVID-19 အတည္ျပဳလူနာ (၂၂၄) ဦး။သို႔ေသာ္၊ ေၾကာက္ရတာနည္းနည္းၾကာလာေတာ့ ေၾကာက္ရတာနည္းနည္းထုံလာကာ အေၾကာက္တရားေလ်ာ့ပါးလာသည္ဟု ဆိုရမည္လား။မည္သို႔ေၾကာင့္ျဖစ္ေစ၊ COVID-19 သည္ ကမာၻတခြင္အေပၚ အသာစီးရေနတုန္း။
ကူးလို႔ေကာင္းတုန္း၊ ေသလို႔ေကာင္းတုန္း။တစ္ဦးခ်င္းစီ၏ အေနအထိုင္ေပါ့ေလ်ာ့မႈေၾကာင့္ အခ်ိန္မေ႐ြး ဝုန္းဒိုင္းႀကဲကူးစက္ႏိုင္တုန္း။ဥပမာ - စင္ကာပူျဖစ္စဥ္ကိုၾကည့္။ပထမအေက်ာ့ COVID-19 တြင္ ႏိုင္ႏိုင္နင္းနင္းအဆင့္ျဖင့္ ၿပီးစီးသြားေသာ္လည္း ဒုတိယအေက်ာ့တြင္မူ မ်က္ျဖဴဆိုက္ရသည္။ေမ ၂၅ ရက္ေန႔ စာရင္းအရဆိုလွ်င္ စင္ကာပူ၌ အတည္ျပဳလူနာ ၃၁၆၁၆ ဦး၊ ေရာဂါပိုးကင္းစင္သူ ၁၄၈၇၆ ဦးႏွင့္ ပိုးေတြ႕ေသဆုံးလူနာ ၂၃ ဦး။ေရာဂါပိုးေတြ႕ရွိမႈတြင္ စင္ကာပူသည္ အာဆီယံႏိုင္ငံမ်ားထဲ နံပါတ္တစ္အဆင့္၌ရွိေနဆဲ။

က်ေနာ္တို႔ႏိုင္ငံ၏ ထူးျခားခ်က္မွာ ႏိုင္ငံတကာ၌ COVID-19 ဝုန္းဒိုင္းႀကဲေနခ်ိန္ မတ္လ တတိယပတ္မွစတင္ကာ ထိုင္းႏွင့္ တ႐ုတ္ေရာက္ ျမန္မာလုပ္သားအမ်ားအျပား ႏိုင္ငံတြင္းသို႔ အေျပးအလႊားျပန္လည္ဝင္ေရာက္လာျခင္းျဖစ္သည္။ပထမဆုံးအေတြ႕အႀကဳံမို႔ ျပည္ေတာ္ျပန္မ်ားကို က်န္းမာေရးအသိရွိစြာျဖင့္ စနစ္တက်ျပန္လည္ႀကိဳဆိုေနရာခ်ထားႏိုင္ျခင္းမရွိ။

အကယ္၍ တ႐ုတ္ႏွင့္ ထိုင္းမွ ျပန္လာခဲ့သူမ်ားထဲ ေရာဂါပိုးခပ္နည္းနည္းပါလာခဲ့လွ်င္ပင္ ထိန္းမႏိုင္သိမ္းမရ ကူးစက္ခံရမည့္ကိန္းမို႔ အားလုံးကတထိတ္ထိတ္ျဖင့္ ေစာင့္ၾကည့္ခဲ့ရသည္။သို႔ေသာ္၊ က်ေနာ္တို႔ႏိုင္ငံ၏ ကံေကာင္းခ်က္ဟုဆိုရမည္လားမသိ။ယေန႔ထိတိုင္ တ႐ုတ္ႏွင့္ ထိုင္း ျပည္ေတာ္ျပန္မ်ားမွတစ္ဆင့္ COVID-19 ေမႊေႏွာက္ဂယက္ျပင္းမႈမရွိ။

ေမ ၁ ရက္မွစတင္ကာ ထိုင္းေရာက္ ျမန္မာလုပ္သားမ်ားကို ဒုတိယအေက်ာ့ ျပန္လက္ခံခဲ့သည္။သို႔ေသာ္၊ ထိုင္းအစိုးရထုတ္ျပန္ထားေသာ ညမထြက္ရအမိန႔္ႏွင့္ ခ႐ိုင္ျဖတ္ေက်ာ္သြားလာခြင့္မျပဳျခင္းအရ ေန႔စဥ္ ျမဝတီသို႔ျပန္လည္ဝင္ေရာက္မႈမွာ ခပ္ပါးပါး။ေမ ၁ ရက္မွ ၂၀ ရက္ေန႔အထိ ျပန္လည္ဝင္ေရာက္မႈမွာ ၇၈၄ ဦးမွ်သာ။ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၏ ညႇိႏႈိင္းမႈအရ ထိုင္းအာဏာပိုင္မ်ားက ေမ ၂၂ ရက္ညမွစတင္ကာ ျပည္ေတာ္ျပန္လိုသူ ျမန္မာလုပ္သားမ်ားအား ထိုင္းရဲလိုက္ပါေစာင့္ေရွာက္မႈျဖင့္ ဘန္ေကာက္-မဲေဆာက္ အထူးကားေျပးဆြဲေပးျခင္းအရ ျပည္ေတာ္ျပန္မ်ားလာခဲ့သည္။စာရင္းမ်ားအရ ျမဝတီနယ္စပ္ဂိတ္သို႔ ေမ ၂၄ ရက္ တစ္ရက္တည္းတြင္ ျပန္ဝင္လာသူ တစ္ေထာင္ေက်ာ္။

ထို႔အတူ ကမာၻ႔ႏိုင္ငံအသီးသီးတြင္ ပိတ္မိေနေသာ ျမန္မာႏိုင္ငံသားမ်ားကို ကယ္ဆယ္ေရးေလယာဥ္မ်ားျဖင့္ ျပန္လည္ေခၚယူမႈမွာ ေမ ၂၂ ရက္ေန႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ စုစုေပါင္း၂၂၀၁ ဦး ရွိၿပီျဖစ္သည္။ယင္းအထဲမွ လတ္တေလာထုတ္ျပန္ခ်က္မ်ားအရ မေလးရွားျပန္ ၁၁ ဦး၊ ယူေအအီးျပန္ ၈ ဦး၊ အိႏၵိယျပန္ ၂၁ ဦးႏွင့္ အီတလီျပန္ ၁ ဦးတို႔တြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့သည္။

သို႔ေသာ္၊ သက္ဆိုင္ရာအာဏာပိုင္မ်ားတြင္ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးအေတြ႕အႀကဳံ အထိုက္အေလ်ာက္ရွိႏွင့္ၿပီျဖစ္၍ ၎တို႔ကို ရန္ကုန္ေလဆိပ္ေရာက္ခ်ိန္မွစကာ စနစ္တက်သီးျခားေစာင့္ၾကည့္ခဲ့ျခင္းအရ ေရာဂါပ်ံ႕ႏွံ႔မႈမရွိ၊ ေရာဂါပိုးေတြ႕ရွိသူမ်ားႏွင့္ ထိေတြ႕သူမ်ားအား ရွာေဖြရမခက္သလို သိပ္လည္းမရွိ။

ထို႔အတူ ယခု ထိုင္း-ျမန္မာနယ္စပ္မွ ျပန္ဝင္လာသူမ်ားထဲမွ (ကရင္ျပည္နယ္ျပင္ပ) အဆင့္ဆင့္ပို႔ေဆာင္ရေသာ ခ်င္း၊ ကခ်င္ႏွင့္ ရခိုင္ျပည္နယ္ေန ျပည္ေတာ္ျပန္မ်ားအား ေကာ့ေသာင္းႏွင့္ ျမဝတီတို႔တြင္ သီးျခားေစာင့္ၾကည့္ကာ ဓာတ္ခြဲစစ္ေဆးမႈရလဒ္ထြက္ေပၚလာၿပီးမွ သက္ဆိုင္ရာေဒသမ်ားသို႔ ျပန္လည္ပို႔ေဆာင္ေပးျခင္းႏွင့္ အျခားေသာတိုင္းႏွင့္ျပည္နယ္တို႔မွ ေဒသခံမ်ားအား ၎တို႔ေဒသရွိ Quarantine စခန္းမ်ားသို႔ စနစ္တက်ပို႔ေဆာင္ေပးလ်က္ရွိသည္။ထို႔ေၾကာင့္ ထိုင္းျပည္ေတာ္ျပန္မ်ားထဲ ေရာဂါပိုးပါလာဦးေတာ့၊ သက္ဆိုင္ရာအာဏာပိုင္မ်ားမသိ၍ ေရာဂါပိုးပ်ံ႕ႏွံ႔သြားႏိုင္မည့္ ရာခိုင္ႏႈန္းနည္းမည္ဟုထင္၏။

ထို႔ေၾကာင့္ ျပည္ေတာ္ျပန္မ်ားတြင္ ေရာဂါပိုးေတြ႕ရွိျခင္းသည္ အေရအတြက္မ်ားလာပါက ဖိအားတစ္ရပ္ရွိလာႏိုင္ေသာ္လည္း အထိန္းအကြပ္မရွိ ကူးခ်င္သလိုကူးမည့္အေရး ေတြးပူစရာေတာ့မလိုဟုထင္၏။က်ေနာ္တို႔ အဓိကေတြးပူရမည့္ကိစၥမွာ ဘယ္ကဘယ္လိုကူးခဲ့မွန္းမသိေသာ အတည္ျပဳလူနာမ်ားရွိခဲ့ျခင္းအရ   အင္းစိန္ဘာသာေရးအခမ္းအနားထက္ ကူးစက္ႏိုင္မႈဧရိယာပိုက်ယ္ေသာ စက္႐ုံကဲ့သို႔ေသာ ေနရာမ်ိဳးသို႔ မေရာက္ေရးဟုထင္၏။

ဥပမာ - ေရာဂါပိုးမေတြ႕ေတာ့သျဖင့္ ေဆး႐ုံမွဆင္းသြားၿပီျဖစ္ေသာ အတည္ျပဳလူနာ (၁၄၄) ဆိုလွ်င္ ဝန္ထမ္းအင္အား ၉၀၀၀ ေက်ာ္ရွိေသာ လႈိင္သာယာၿမိဳ႕နယ္၊ အေနာ္ရထာစက္မႈဇုန္ရွိ ခ်န္းရီဖိနပ္စက္႐ုံမွ တ႐ုတ္စကားျပန္။၎ႏွင့္ထိေတြ႕ခဲ့ေသာ စက္႐ုံဝန္ထမ္းမ်ားမွာ ကူးစက္ခံရျခင္းမရွိ၍သာ ေတာ္ေတာ့သည္။

ယခုဆိုလွ်င္ ပိုးေတြ႕လူနာအမ်ားဆုံးေသာ ရန္ကုန္တြင္ COVID-19 ကာကြယ္ေရးအတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ခ်မွတ္ထားေသာ နည္းလမ္းမ်ားအတိုင္း ေဆာင္႐ြက္ထားျခင္း ရွိ၊ မရွိ သက္ဆိုင္ရာအာဏာပိုင္မ်ားကစစ္ေဆးကာ အမွန္တကယ္ေဆာင္႐ြက္ထားေသာ စက္႐ုံမ်ားအား ျပန္လည္ဖြင့္လွစ္ခြင့္ျပဳေၾကာင္း သတင္းမ်ားအရသိရသည္။

Covid-19 ကာကြယ္ေရးနည္းလမ္းမ်ားကို ေဆာင္႐ြက္ထားမည္ဆိုပါက အလုပ္ရႈပ္ၿပီး ေငြကုန္မွာေသခ်ာသည္။ထို႔ေၾကာင့္ စက္႐ုံဖြင့္ခြင့္ရရန္ စစ္တုန္းခဏ သတ္မွတ္ခ်က္မ်ားအတိုင္း ေဆာင္႐ြက္ထားၿပီး စက္႐ုံဖြင့္ခြင့္ရၿပီးေနာက္ပိုင္း အလုပ္ရႈပ္ေသာ ေငြကုန္ေသာ ကာကြယ္ေရးနည္းလမ္းမ်ားကို ေလ်ာ့တိေလ်ာ့ရဲျဖစ္သလို ႀကဳံသလိုေသြးေအးသြားမည္ဆိုပါကမလြယ္။

ထို႔ေၾကာင့္ ကူးစက္ခံရပါက ကူးစက္မႈဧရိယာက်ယ္ဝန္းေသာ စက္႐ုံကဲ့သို႔ေသာေနရာမ်ိဳးတြင္ COVID-19 ၿခိမ္းေျခာက္မႈအႏၲရာယ္မၿပီးမခ်င္း သတိတစ္ခ်က္မလစ္ေစေရးမွာ သိပ္အေရးႀကီးလွသည္။တစ္ခါစစ္ၿပီး၊ လုံးဝၿပီးသြားတာမ်ိဳးမဟုတ္ဘဲ ဖြင့္လွစ္ၿပီးစက္႐ုံမ်ားကို ေစာင့္ၾကည့္စစ္ေဆးမႈမ်ား အၿမဲမျပတ္ရွိေနျခင္းမွာ အာဏာပိုင္တို႔၏သတိရွိမႈျဖစ္ၿပီး စက္႐ုံပိုင္ရွင္ႏွင့္ အလုပ္သမားတို႔၏ အသိရွိရွိပူးေပါင္းပါဝင္မႈရွိမွသာလွ်င္ ၿပီးျပည့္စုံမည္ျဖစ္သည္။

ယခုေဆာင္းပါးကိုခ်ဳပ္ရေသာ္ COVID-19 ႏွင့္ ပတ္သက္ၿပီး အတင့္မရဲမိဖို႔လိုသည္။
မိမိ၏ဆႏၵေခၚရာေနာက္လိုက္ကာ အေကာင္းျမင္စိတ္မမ်ားမိဖို႔လိုသည္။အစိုးရႏွင့္ျပည္သူ ခ်ိတ္ဆက္မႈအားေကာင္းစြာျဖင့္ ကိုယ့္တာဝန္ကိုယ္ေက်ပြန္ၾကရန္ လိုအပ္ေနဆဲျဖစ္သည္။

လင္းဆက္ၿငိမ္းခ်မ္း
ေမ - ၃၀