【 ဆောင်းပါး 】 “သူကောင်းကြောင်းပြောသည့် သူတော်ကောင်းအချို့”

【 ဆောင်းပါး 】 “သူကောင်းကြောင်းပြောသည့် သူတော်ကောင်းအချို့”

ယနေ့ခေတ်တွင် ငါးပါးသီလလုံသည့်လူဆိုတာ ရှားလှသည်။သို့သော် လူတိုင်းက မိမိကိုယ်ကို သီလမြဲသူ၊ သဘောထားပြည့်၀သူအဖြစ် မြင်စေချင်ကြသည်။တစ်ကယ့်စိတ်ရင်းတွင်မူ ကိုယ်က နေချင်သလိုနေ၊ လုပ်ချင်သလိုလုပ်၊ ကျင့်ဝတ်တွေ ဖောက်ချင်သလိုဖောက်ကြသည်။ဒါက ယနေ့ လူ့လောကအလွှာအသီးသီးတွင် မပြတ်မြင်နေရသည့် အရှိတရားဖြစ်သည်။ဒါကြောင့်လဲ မြတ်စွာဘုရားက လူတိုင်းအတွက် ဘာသာရေးနယ်ထဲမဝင်ခင်၊ ဝတ်ကြောင်ကိုမစွန့်ခင် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ လုံအောင်မြဲအောင်နေထိုင်ကြဖို့ သတိပေးခဲ့တာဖြစ်သည်။

တကယ်တွင် ရှားပါးလှသည့် အကျင့်သီလလုံခြုံသူများကိုတော့ အသိအမှတ်ပြုရန်ခက်လှပြီး “ဒီကောင်က တရားကြောင် ကြောင်နေတာ၊ ဘုရားကြောင် ကြောင်နေတာဆိုပြီး” သိက္ခာချလေ့ရှိသည်။အဓိက ကတော့ လူတိုင်းမလုပ်နိုင်သည့်အလုပ်မှာ ကိုယ်သာလုပ်နိုင်သည် သူများတော့မလုပ်နိုင်ဆိုသည့် ငါမှငါဖြစ်နေခြင်းပင်ဖြစ်သည်။ဒီလိုလူစားတွေ၊ ဒီလိုသဘောတွေကို လောကီလောကုတ္တရာ နှစ်ဌာနတွင် မကြာခဏဆိုသလိုမြင်ရသည်။

တစ်ကယ်က ငါးပါးသီလက စောင့်ထိန်းဖို့ခက်ခဲသလို စောင့်ထိန်းသူအတွက်လည်း အကျိုးများလှသည့် ကိစ္စလည်းဖြစ်သည်။ပထမဆုံး ငါးပါးသီလကို လူတွေက သန်ရာသန်ရာ  အဓိပ္ပာယ်ဖွင့်နေကြသည်ကို တွေ့ရသည်။

၀ိသုဒ္ဓိမဂ်အဋ္ဌကထာတွင် ငါးပါးသီလဟူသည် ဗုဒ္ဓမြတ်စွာ၏ ဆုံးမသြဝါဒဖြစ်၍ လူတို့စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားငါးပါးဖြစ်၏။သီလ၏အနက်ကို ကိုယ်၊ နှုတ်၊ စိတ်အမူအရာတို့ကို ငြိမ်သက်စွာထားခြင်းဟုလည်းကောင်း၊ ကုသိုလ်တရားတို့ကိုဆောင်ခြင်းဟုလည်းကောင်း ဖော်ပြထားသည်။

ငါးပါးသီလမှာ ဘာသာရေးတွင်သာမကာ နေ့စဉ် လူတိုင်းစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်အဖြစ် ဗုဒ္ဓဘာသာဝင်တိုင်း လက်ခံထားကြသည်။ဗုဒ္ဓဘာသာဝင်မှန်လျှင် ငါးပါးသီလမှ လုံခြုံအောင် မထိန်းနိုင်ရင် လူဖြစ်ကျိုးမနပ်ကြပေ။အချို့က စောင့်ထိန်းချင်စိတ်မရှိလို့ မစောင့်ထိန်းကြသလို အချို့က စောင့်ထိန်းရကောင်းမှန်းမသိ၍ မစောင့်ထိန်းကြပေ။ငါးပါးသီလမှာ အမှန်တစ်ကယ်ဆိုလျှင် စိတ်ရိုးရှင်းကောင်းမွန်သူ၊ သန္ဓေစိတ်ကောင်းသူတို့အတွက် ခက်ခက်ခဲခဲကြီးလုပ်ယူရသောအရာမျိုး မဟုတ်ပေ။ကျင့်သုံးလိုက်နာရန် မလွယ်ကူသောအရာများလည်း မဟုတ်ကြပေ။စောင့်ထိန်းချင်သည့်စိတ်ရှိလျှင် မပင်မပန်း လွယ်လွယ်ကူကူ စောင့်စည်းနိုင်သည့် ကျင့်ဝတ်များဖြစ်သည်။

ကျင့်ဝတ်ငါးပါးတွင် ပါရှိသည့် ကျင့်ဝတ်များမှာ အင်မတန်ရိုးစင်းလွယ်ကူသော ကျင့်ဝတ်များဖြစ်သည်။ထိုကျင့်ဝတ်များတွင် အဓိက က ကိုယ်ချင်းစာတရားပင်ဖြစ်သည်။ကျင့်ဝတ်ဖြစ်သည့် သူများအသက်ကို မသတ်ခြင်းဆိုသည့် ကျင့်ဝတ်တွင် ကိုယ့်ကို အခြားသူများ ရိုက်နှက်ပုတ်သတ်လျှင် မည်သို့ဖြစ်မလဲ၊ ကိုယ်ချင်းစာတရားထားကြည့်လျှင် ထိုကျင့်ဝတ်ကို အလိုလိုစောင့်ထိန်းပြီးသားဖြစ်သည်။ကိုယ်ချင်းစာတရားရှိရန်သာလိုသည်။အခြားကျင့်ဝတ် သိက္ခာပုဒ်များလည်း ထိုနည်းတူပင်ဖြစ်သည်။အများအားဖြင့် ထိုငါးပါးသီလမှာ လူတိုင်း၏ အခြေခံကိုယ်ကျင့်တရားပင်ဖြစ်သည်။

လတ်တလောအခြေအနေများကိုကြည့်မည်ဆိုလျှင် ငါးပါးသီလနည်းပါးသူများ၏ ဘေးရန်၊ တိရစ္ဆာန်သာသာ အသိဉာဏ်ရှိသူများ၏ ရန်လိုဆက်ဆံသတ်ဖြတ်မှုဘေးရန် ဘယ်လောက်ကြီးမားသည်ကို သိနိုင်မည်ဖြစ်သည်။တချို့မှာ ဘယ်လိုပဲ ဘာသာရေးကို အရေခြုံပြီး အထင်ကြီးအောင် ပြောဆိုလုပ်ကိုင်ကြသည်ဖြစ် စေ လူ့ကျင့်ဝတ်အခြေခံဖြစ်သည့် ငါးပါးသီလကိုတောင် မလိုက်နာ မကျင့်သုံးဘဲ ကိုယ့်လိုဘအတွက် ဟိတ်ဟန်တစ်လုံးဖြင့် လုက်ကိုင်ကြသဖြင့် ၎င်းတို့၏ စေတနာနှင့် မောဟ၊ လောဘ၊ ဒေါသကို အထင်းသားမြင်တွေ့နိုင်မည်ဖြစ်သည်။

လူတစ်ယောက်၏သမိုင်းကို လူ့သက်တမ်းဖြင့် တိုင်းထွာလျှင်တောင် သိနိုင်သည့်အတွက် ထိုသူဖြတ်သန်းခဲ့သည့် သက်တမ်းတစ်လျှောက် ဘယ်လောက်လူဆန်လဲ လူမဆန်လဲဆိုတာကို ကျန်ခဲ့သည့် ဆက်နွယ်ပတ်သက်သည့်သူများက အထင်းသား မမြင်ချင်လဲမြင်ရ မဆက်ခံချင်လဲ ဆက်ခံရမည်ဖြစ်သည်။ ဘယ်လိုပဲ ဘေးရှိပါစေ သူတော်ကောင်းများက သီလခြုံရင် လုံတယ်ဟု ဆိုစမှတ်ရှိကြသည်။ထိုသို့လျှင် အကောင်းဆုံး ဘေးရန်ဆီးကာပြီး သံသရာအတွက်ဖြတ်တောက်ရန် အထောက်အပံ့ကောင်းဖြစ်သည့် သီလတည်မြဲမှုက ဘယ်လောက်တောင်အရေးကြီးသလဲဆိုတာ သိနိုင်မည်ဖြစ်သည်။

လူတစ်ယောက် ဘယ်လောက်လူသားဆန်သလဲဆိုတာ ထိုသူလိုက်နာကျင့်သုံးခဲ့သည့် သီလကသာ အဖြေဖြစ်လိမ့်မည်ဖြစ်သည်။ဆိုသည်က ဘယ်လောက်ပင် သီလအကြောင်း ထောင်းလမောင်းထကာ ပြောသည်ဖြစ်စေ ထိုသူဖြတ်သန်းလာသည့် သမိုင်းကိုကြည့်လျှင် ထိုသူ၏သီလကို သိမည်ဖြစ်သည်။ပြောကြသည့် ဆိုကြသည့်အခါများတွင် အများစုက ကိုယ်ကောင်းကြောင်းပြောရင်း သူများမကောင်းကြောင်း ပြောရသလို ဖြစ်ဖြစ်သွားကြသည်။ထိုအခါ ရန်များလေ့ရှိကြသည်။

ရပ်ထဲရွာထဲတွင် ဒီလိုအဖြစ်တွေကို မကြာခဏမြင်ရမည်ဖြစ်သည်။တရားအကြောင်း ဆွေးနွေးရင်း စကားများကြတာ၊ ရန်ဖြစ်ကြတာကို မြင်ရမည်ဖြစ်သည်။သူတော်ကောင်းများက တရားဆိုသည်မှာ မျှတခြင်းဟု အဓိပ္ပာယ်ဖွင့်သလို တရားကျင့်ခြင်းဆိုသည်မှာလည်း အလုပ်လုပ်ခြင်းဟု သတ်မှတ်ထားသည်။တရားနှင့်နေခြင်းဆိုသည်မှာလည်း မျှတသည့်သဘောဖြင့်နေထိုင်ခြင်း၊ နားလည်ပေးတတ်ကာနေထိုင်ခြင်းကို ဆိုကြသည်။

တရားဖြင့် လူတစ်ယောက် နေထိုင်ခြင်း မနေထိုင်ခြင်းဆိုသည်မှာ ဝတ်ထားသည့် အဝတ်အစားနှင့် အဆောင်အယောင်နှင့်မဆိုင်။ထိုသူ၏မျက်နှာကိုကြည့်သည်နှင့် ထိုသူတွင် တရားသဘောဖြင့်‌နေထိုင်ခြင်း၊ တရားဓာတ်ကိန်းနေခြင်း ရှိ/မရှိကို သိမြင်နိုင်သည်။ငါတရားအလုပ် လုပ်နေသည်၊ ငါ့ကိုလာမနှောင့်ယှက်နှင့်၊ ငါကတရားလုပ်နေတာ ငါ့ကိုမစော်ကားနှင့်ဆိုသည့် လူတွေကို မြင်ဖူးကြမည်ဖြစ်သည်။အခွင့်ထူးခံရဖို့ အခွင့်ထူးခံစားရဖို့ တရားကို အကာအကွယ်ပြုနေသည်က မြင်လို့ပင်မကောင်း၊ ဒါကို အဟုတ်ထင်နေသရွေ့ ဘယ်တော့မှ တရားနှင့်တွေ့မည်မဟုတ်ပေ။

ယနေ့ခေတ်တွင် ထိုသို့သောသူတွေ ဒုနဲ့ဒေးတွေ့ရမည်ဖြစ်သည်။မတရားလုပ်နေသူတွေက တရား၊ တရားဆိုပြီး မည်မျှပြောနေကြ ဆိုနေကြသည်ဖြစ်စေ ထိုသူ၏လုပ်ရပ်ကိုကြည့်လိုက်ရုံဖြင့် ဘာလဲဆိုတာ လူတိုင်းက သိနိုင်ကြသည်။

သို့သော် ကိုယ်မတရားတာကိုလုပ်ထားသည့်သူက စိတ်ဇောတွင် မတရားသည့်စိတ်ဖုံးနေသဖြင့် ပကတိအဖြစ်ကိုပင် မမြင်နိုင်။သေချာသည်ကတော့ တရားဆိုသည်မှာ မျှတသည့်သဘောဖြစ်သည်။ဒီသဘောကို လူတစ်ယောက် ကိုယ်လုပ်ကိုင်ခဲ့သမျှ စိတ်မပူပန်ရခြင်း၊ နောင်တမရခြင်းနှင့် အသေဖြောင့်ခြင်း သို့မဟုတ် ကြောင့်ကြကင်းနေလျှင် ကိုယ်တရားဖြင့် နေထိုင်ခဲ့သလား မနေထိုင်ခဲ့သလားဆိုတာ အဖြေထွက်နေပြီဖြစ်သည်။

ဘယ်သူက တရားကိုခြုံကာ လုံနေသည်လဲဆိုတာ မြင်နိုင်သိနိုင်နေပြီဖြစ်သည်။

မောင်ဦးလွင်
ဒီဇင်ဘာ - ၂၉