【 ဆောင်းပါး 】 “အစိမ်းရောင်များ”

【 ဆောင်းပါး 】 “အစိမ်းရောင်များ”

အစိမ်းရောင်ဆိုတာ ဘာလဲ။

အရောင်မခွဲနိုင်သည့် ကာလာဘလိုင်းဖြစ်နေသည့် လူတစ်ယောက်ကို အစိမ်းရောင် ကင်းဗတ်စတစ်ခုပြပြီး ဒါဘာအရောင်လဲဟု သွားမေးမိလျှင် သူဖြေမည့်အရောင်က တစ်မျိုးပဲဖြစ်သည်။လူတွေက ဘာအရောင်သတ်မှတ်ထားသလဲဆိုတာပင်။

ထိုဖြေဆိုချက်မှားသည်ဟု သင်ထင်ပါသလား။အနီရောင်၊ အဝါရောင် စသည့် အရောင်သတ်မှတ်ချက်များသည် လူတွေအရောင်သတ်မှတ်မှုစသုံးလာကြသည့်အချိန်မှစပြီး ဘယ်လိုအရောင်ကို ဘာအရောင်လို့ခေါ်သဖြင့် အနီအဝါဖြစ်လာခြင်းဖြစ်သည်။အရောင်သတ်မှတ်ချက် ဘယ်ကစသလဲဆိုတာကို မသိသော်လည်း အရောင်တွေခွဲခြားမှုနှင့်ပတ်သက်ပြီး ကြည့်မိတော့ မူရင်းအရောင် (ကာလာ) သုံးမျိုးသာရှိသည်ကို တွေ့ရသည်။ထိုအရောင်တွေက အနီ၊ အဝါနှင့် အပြာ။ဒါကို ပန်းချီသမားတွေက ပထမအရောင်အဖြစ်ခေါ်ကြသည်။

ဒီအရောင်သုံးမျိုးကို တစ်ဆင့်ရောစပ်ရာမှ လိမ္မော်၊ အစိမ်း၊ မရမ်း ဆိုသည့် ဒုတိယအရောင် (ကာလာ) တွေ ထွက်လာသည်။ဒီ ဒုတိယကာလာတွေကို ရောစပ်ခြင်းဖြင့် တတိယအရောင်ဆိုတာဖြစ်လာသည်။ထိုတတိယအရောင်ထဲတွင် အနီနှင့် အဝါရောစပ်ပြီး အနီလိမ္မော်၊ အဝါလိမ္မော်၊ အဝါနှင့် အပြာရောစပ်ပြီး အဝါစိမ်း၊ အပြာစိမ်း၊ အပြာနှင့် အနီရောစပ်ပြီး အပြာမရမ်းစ သည့် တတိယအရောင်တွေဖြစ်လာသည်ဟု ဆိုသည်။ဒီလို အရောင်တွေ ၁၂ မျိုးကို ရောင်စဉ် ၁၂ ရောင်အဖြစ် သတ်မှတ်ကာ ပန်းချီသမားတွေ ဆေးသုတ်သမားတွေနဲ့ အဝတ်အစားဒီဇိုင်းချုပ်လုပ်သူတွေက ရောင်စဉ်အဖြစ် အစဉ်လိုက်သတ်မှတ်ခဲ့ကြတာဖြစ်သည်။

သူတို့သတ်မှတ်သည့်အရောင်တွေက နာရီလက်တံအတိုင်း အနီရောင်မှစပြီး အနီ၊ အနီလိမ္မော်၊ လိမ္မော်၊ အဝါလိမ္မော်၊ အဝါ၊ အဝါစိမ်း၊ အစိမ်း၊ ပြာစိမ်း၊ အပြာ၊ အပြာမရမ်း၊ မရမ်း၊ အနီမရမ်း။ဒီမှာ သွားတွေ့တာက မူရင်းကာလဖြစ်သည့် အနီနှင့် ဆန့်ကျင်ဘက်ရှိနေသည်က ဒုတိယကာလာဖြစ်သည့် အစိမ်းရောင်က နာရီလက်တံအတိုင်း ဟိုဘက် သည်ဘက် ဆန့်ကျင်ဘက်မှာ။

အရောင်ထဲမှာ အနီနှင့် အစိမ်းက ဆန့်ကျင်ဘက်။အနီဆိုတာ သတ်မှတ်ထားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာတော့ အင်္ဂါဂြိုဟ် (Mars) နှင့်ဆိုင်သော အရောင်အဖြစ်သတ်မှတ်ထားပြီး စိတ်အားထက်သန်မှု၊ အကြမ်းဖက်မှု၊ မီး။အကျယ်တဝင့် ဆိုလိုချက်မှာတော့ အနီရောင်သည် ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပြတ်သားခြင်း စသည်တို့ကို ကိုယ်စားပြုသည်ဟု ဆိုထားသည်။စိတ်ပိုင်းဆိုင်ရာအနေဖြင့် အားအင်ပြည့်ဝသော၊ တက်ကြွမှုရှိသော၊ ယုံကြည်မှုရှိသောဟု။ဗေဒင်ဆရာတွေ အဟောဆရာတွေကတော့ အနီရောင်ကို စွမ်းအင်၊ စစ်ပွဲ၊ အန္တရာယ်၊ ခွန်အား၊ အစွမ်းသတ္တိ၊ အရေးကြီးမှု၊ စိတ်ပိုင်းဖြတ်မှု၊ ပြင်းပြသောစိတ်၊ အလိုဆန္ဒနှင့် ချစ်ခြင်းမေတ္တာတို့ကို ကိုယ်စားပြုမှု။

အစိမ်းရောင်ကတော့ ကြီးထွားမှု၊ သဟဇာတဖြစ်မှု၊ လန်းဆန်းမှု၊ ဉာဏ်ရွှင်မှု၊ တည်ငြိမ်မှု၊ သည်းခံမှု။အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာတော့  စနေဂြိုဟ် (Saturn) နှင့်ဆိုင်သော အရောင်။ယေဘုယျဖွင့်ဆိုချက်များထဲတွင်တော့ အစိမ်းရောင်မှာ မျှော်လင့်ခြင်း၊ Spring အရောင်ပြန်လည်မွေးဖွားခြင်း၊ လူတိရစ္ဆာန်တို့၏ အစားအစာဟု။စိတ်ပိုင်းဆိုင်ရာမှာတော့ သဘာဝကျသော၊ အားအင်ပြည့်ဝသော၊ အေးဆေးတည်ငြိမ်သော၊ ခိုင်မာသောဟု ဖွင့်ဆိုယူဆထားတာ တွေ့ရသည်။

အရောင်များရွေးချယ်မှုကိုကြည့်လျှင် လူအချို့၏ စိတ်နေစိတ်ထားကို တွေ့ရမည်ဖြစ်သည်။သို့သော် တစ်ခုသတိထားရမည်က အဆိုပါအရောင်ကို တကယ်ကြိုက်တာလား၊ သူများအထင်ကြီးအောင် ကြိုက်ပြတာလား၊ ဒါမှမဟုတ် သူများဒါကြိုက်လို့ လိုက်ကြိုက်ပြတာလားဆိုတာ။  

အရောင်နှင့်ပတ်သက်ပြီး ဘယ်အချိန်ကတည်းက လူတွေဝိဝါဒဖြစ်ကြသလဲတော့မသိ။သေချာသည်ကတော့ အရောင်တွေကို လူတွေက ကိုယ်ပိုင်အဖြစ် ယူငင်ကြရာကနေ အရောင်တွေမှာ နေရင်းထိုင်ရင်း ရန်ဘက်တွေဖြစ်လာကြတာ ဖြစ်နိုင်သည်။ဒီထဲမှာ ထူးထူးခြားခြား အနီရောင်ကို ကန့်လန့်တိုက်သည့် အစိမ်းရောင်က စိတ်ဝင်စားဖို့ကောင်းသည်။

အစိမ်းရောင်အကြောင်း မပြောခင် အရောင်များဆီသို့ ဆက်ဦးစို့။အရောင်များတွင် ပရိုင်မာရီကာလာ (primary colors) ဟု ခေါ်ကြသည့် နီ၊ ဝါ၊ ပြာအရောင်တွေက သူ့ကိုဘာနဲ့ရောရော မူလအရောင်ကိုမစွန့်။ခိုင်မာသည့်သဘောဖြစ်သည်။နောက် ဒီကနေတစ်ဆင့်ဆင်းသက်သည့် ဒုတိယအရောင်၊ တတိယအရောင်တွေမှာတော့ ဒီလို မခိုင်မာတော့။ရောသည့်အရောင်နှင့် ပမာဏပေါ်မူတည်ပြီး အရောင်က တစ်ခါတစ်လေဆို ပျောက်တောင် ပျောက်သွားသည်။ဆိုလိုသည်ကတော့ မခိုင်သည့်သဘောပင်။

ဒီမှာပြောချင်သည့်သဘောကိုရောက်လာပြီ။ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ခိုင်မာသည့်သူတွေ (ဆိုသည်က ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ရဲသူတွေ) ကို ကြည့်လျှင် အနီရောင်နှင့်ပတ်သက်သည့် ရွေးချယ်မှုကို မြင်ရမည်ဖြစ်ပြီး ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ရှင်သန်ဖို့ ကြိုးစားနေသူများ (ဝါ) ယုံကြည်ချက်မရှိသူများကိုကြည့်လျှင် အစိမ်းရောင်နှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်နွယ်ရွေးချယ်ကြိုက်နှစ်သက်သူများဖြစ်နေမည်ကို တွေ့ရမည်ဖြစ်သည်။

စိတ်ဝင်စားဖို့ကောင်းသည့်က အရောင်များ၏လွှမ်းမိုးမှုပင်။အနီရောင်နှင့် အစိမ်းရောင် လွှမ်းမိုးခံရသူများအကြား ဒီခေတ်မှာပဲ ပဋိပက္ခဖြစ်ကာ တွန်းတိုက်နေကြသည်မဟုတ်။ကမ္ဘာဦးကတည်းက ကြိုကြားကြိုကြားရှိသည်။အရောင်နှင့်ပတ်သက်ပြီး သတိထားမိရာတွင် နပိုလီယံဘိုနာပတ်ကဲ့သို့သော ကမ္ဘာ့စစ်ဘုရင်မှာတောင် တခါတရံ အစိမ်းရောင်ကို ကြိုက်နှစ်သက်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။သို့သော် စစ်နှင့်ပတ်သက်လာတာပဲဖြစ်ဖြစ် ခေါင်းဆောင်မှုနှင့်ပဲဖြစ်ဖြစ် သူရဲကောင်းဆန်မှု၊ သစ္စာရှိမှုနှင့်ပဲဖြစ်ဖြစ် အနီရောင်ကိုသာသုံးကြတာ တွေ့ရသည်။

သို့ဆို အစိမ်းရောင်ကရော။

အစိမ်းရောင်ကို ငယ်စဉ်ကတည်းက ကျွန်တော်မကြိုက်။ကျောင်းစိမ်းဆိုတာ ငယ်စဉ်ကတည်းက ဝတ်ခဲ့ရသော်လည်း ယခုထိသဘောမကျ။စိမ်းကားခြင်း၊ ရက်စက်ခြင်းအဖြစ် စိတ်ထဲကစွဲနေသည်။ကျောင်းတွင် ကြီးနိုင်ငယ်ညှင်းသမားတွေရှိသည်။ဆရာ၊ ဆရာမတွေက ကာကွယ်ပေးတာနည်းပါးသည်။အားကြီးသူကိုသာ အသာပေးသည်။ဆရာ၊ ဆရာမဆိုတာ စည်းကမ်းဖောက်ပြီး သူတို့ခိုင်းတာမလုပ်လျှင် ကြိမ်လုံးကိုပူးချည်ပြီး အရှိုးရာထင်အောင်ရိုက်သည့် လူတွေစုထားသည့် အလွှာဖြစ်သည်။ပန်းဖိုး၊ ကျောင်းလခမပေးလျှင် အတန်းထဲ အရှက်ကွဲအောင်အော်ပြီး သတိပေးသည်။မှားလျှင် ဘယ်တော့မှခွင့်မလွှတ်ဘဲ ရက်ရက်စက်စက်လုပ်တာ အစိမ်းရောင်ဖြစ်သည်။သို့သော် ရည်ရွယ်ချက်က ကျောင်းစိမ်းဆိုတာ ရှင်သန်ခြင်း၊ အသစ်ဖြစ်ခြင်း၊ နုပျိုခြင်း၊ သန့်စင်ခြင်းတဲ့။တကယ်ဖြစ်ခဲ့သည်က ကျောင်းသားတိုင်းမဟုတ်တောင် အတော်များများစိတ်ထဲတွင် ခွဲခြားဆက်ဆံခံရခြင်း အနှိမ်ခံရခြင်း၏ စရိုက်လက္ခဏာ။

စျေးဝယ်လျှင်ကော အစိမ်းရောင်သည် ဂျင်းထည့်ခံရခြင်း (လိမ်ညာခံရခြင်း) ဖို့အရောင်ဖြစ်သည်။အသီးအရွက်အတော်များများတွင် အစိမ်းရောင်သည် လတ်ဆတ်ခြင်း အမှတ်လက္ခဏာ။သို့သော် အစိမ်းရောင် ပုပ်အဲ့အဲ့သစ်သီးများ၊ စိမ်းဖန်ဖန့် ပုဇွန်များ (လတ်ဆတ်ဟန် ဆေးဆိုးခံရခြင်း)၊ အစိမ်းရောင် ဆိုးဆေးများ။

အစောပိုင်းကဆိုသလို အစိမ်းရောင်သည် တခြားအရောင်နှင့် အလွယ်တကူရောစပ်နိုင်သလို မူလအစိမ်းရောင်ကို ပျောက်ကွယ်သည်အထိ  အရောင်ဖျောက်နိုင်သည့် ကာလာစပ်အရောင်ဖြစ်သည်။နဂိုကတည်းက အရောင်မခိုင်သလို ကြုံရာအရောင်များနှင့်စပ်ပြီး ကြုံရာအရောင်သို့ အလွယ်တကူ ကူးသွားနိုင်သည်။ဒါကိုပဲ ကြုံရာအခြေအနေတွင် ရှင်သန်ခြင်းဟု သတ်မှတ်ကြလေလားမသိ။ကျွန်တော်ကတော့ အစိမ်းရောင်ကို မယုံ။သစ္စာမဲ့ခြင်းဟု။

သို့သော် အစိမ်းရောင်တွင် ကောင်းသည့်အချက်က အစာကွင်းဆက်တွင် အစာချက်သည့် သစ်ပင်များရှိ အရွက်များမှ အစိမ်းရောင်ကလိုရိုဖီးလ်များပင်။သူတို့ကြောင့် ကမ္ဘာမြေကြီး၏ အစာကွင်းဆက်က အဆက်မပြတ်လည်နေခြင်းဖြစ်သည်။ဒီထဲတွင် အစိမ်းရောင်သစ်ရွက်များ နေရောင်ခြည်မှရရှိသည့် ဗီတာမင်ဒီဖြင့် အစာချက်လို့ထွက်လာသည့် အောက်ဆီဂျင်က အဓိက။တစ်ခုသိရမည်က အောက်ဆီဂျင်ဆိုတာ မီးလောင်ခြင်းကိုအားပေးသည့် ဓာတ်ဖြစ်သည်။မီးလောင်ခြင်း ဆိုသည်မှာလည်း အနီရောင်၏အဓိပ္ပါယ်။ပြောချင်တာ ဒါပဲဖြစ်သည်။အရောင်ဆိုတာ ရှုပ်ထွေးခြင်းနှင့် သိမှတ်မှုအမှားပင်ဖြစ်သည်။

လင်းနိုင်ကျော်စိုး
သြဂုတ် - ၁၂