【 ဆောင်းပါး 】 “အစွမ်းပြပြီး အလုပ်လုပ်ဖို့ အဓိကလိုအပ်ချက်က ဘာလဲ”

【 ဆောင်းပါး 】  “အစွမ်းပြပြီး အလုပ်လုပ်ဖို့ အဓိကလိုအပ်ချက်က ဘာလဲ”

မော်တန် တီ ဟန်ဆန်ဟာ အခုရေးတဲ့ Great At Work (အစွမ်းပြပြီး အလုပ်လုပ်ခြင်း) မှာ တင်ပြမယ့် အဓိကတွေ့ရှိချက်ဖြစ်တဲ့ လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့ ဉာဏ်ပါပါ အလုပ်လုပ်ခြင်း အလေ့အကျင့်ခုနစ်မျိုး (The seven "work smarter" practices) ကို တွေ့ရှိဖို့အတွက် စဉ်းစားခဲ့ပုံ၊ ကြိုးစားဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်ကို ဆက်လက်ဖော်ပြထားတာက ….

“၂၀၀၂ ကစလို့ ဂျင်မ် ကောလင်းနဲ့ ကျွန်တော်တို့ ၉ နှစ်တိုင်တိုင် ဂျင်မ်ရဲ့  ကြီးမြင့်မှုဖြင့် ကောင်းမြတ်ခြင်းကနေ ကျွန်တော်တို့ရေးခဲ့တဲ့ ရွေးချယ်မှုဖြင့် ကြီးမြင့်ခြင်းအထိ ဆက်တိုက်လုပ်ခဲ့တယ်။စာအုပ်နှစ်အုပ်စလုံးက တိကျတဲ့ စစ်တမ်းများကနေ သက်သေပြခဲ့တဲ့ ကုမ္ပဏီအများအပြားရဲ့ ကြီးမားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်ပေးမယ့် ဆောင်ရွက်ဖွယ်တွေကို လမ်းပြပေးနိုင်ခဲ့တယ်။သင်က စီးပွားလုပ်ငန်းတစ်ခုကို ဦးဆောင်နေရတယ်ဆိုရင်တော့ သင့်အတွက် အလွန်ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့လို ကျန်တဲ့လူတွေအတွက်ကရော။

ကျွန်တော်တို့နှစ်ယောက် ဒီပရောဂျက်ကို အောင်မြင်ပြီးတဲ့နောက်မှာ တစ်ဦးတစ်ယောက်ချင်းရဲ့ စွမ်းဆောင်ရည်ကိုလည်း အလားတူဖော်ထုတ်ပေးနိုင်မယ့် ဆောင်ရွက်ဖွယ်တွေကို ပြုစုဖော်ထုတ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။နာတာလီက ဘာလို့ ကျွန်တော့်ထက် ပိုသာအောင်လုပ်နိုင်ခဲ့သလဲဆိုတာ ရှာဖွေဖော်ထုတ်ဖို့ အချိန်တန်ပြီ၊ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် ဒီပဟေဠိကြီးကို အဖြေရှာဖို့ အချိန်တန်ပြီ။ဘာလို့ အချို့လူတွေက အခြားလူတွေလိုမဟုတ်ဘဲ လုပ်ငန်းခွင်ထဲမှာ ပိုအစွမ်းထက်ကြတာလဲ။”

အလုပ်စွမ်းရည်ပြနိုင်တဲ့ အကြောင်းတွေကို လေ့လာတဲ့အခါ အမျိုးမျိုးကွဲပြားတဲ့ အယူအဆ မူဝါဒတွေရှိနေတာကို မော်တန် တီ ဟန်ဆန် တွေ့ခဲ့ရတယ်။အချို့ ဒါဟာ မွေးရာပါအစွမ်း အရည်အချင်းတစ်ခုဖြစ်တယ် ပင်ကိုယ်အစွမ်းသက်သက်ပဲဆိုတဲ့ ပါရမီရှင်ဝါဒီအယူအဆရှိကြသလို၊ အလုပ်ကြိုးစား Hard Working ဖြစ်ဖို့ပဲလိုတယ်ဆိုတဲ့ အယူအဆ၊ အချို့ကလည်း အလုပ်ကံကောင်းဖို့လိုတာပါလို့ ယူဆကြတယ်။

မော်တန် တီ ဟန်ဆန်ကတော့ လုပ်ပုံကိုင်ပုံ Work Smart က အလုပ်စွမ်းရည်ထူးချွန်ရာမှာ အဓိကကျတဲ့ အရည်အချင်းဖြစ်တယ်ဆိုတဲ့ စိတ်ကူးကို သဘောကျပြီး အဲဒီအတွေးအခေါ်ဖက်ကနေသူ့ သုတေသနကို ပုံစံဖော်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာကို အောက်ပါအတိုင်း ထဲထဲဝင်ဝင် ရှင်းပြခဲ့ပါတယ်။

“လူမှုသိပ္ပံပညာရှင်တွေနဲ့ စီမံအုပ်ချုပ်မှုပညာ ကျွမ်းကျင်သူတွေက လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားတာနဲ့ပတ်သက်ပြီး လူတို့ရဲ့ မွေးရာပါအစွမ်းနဲ့ ပင်ကိုယ်စွမ်းအားတွေကို ထောက်ပြကြတယ်။

“သူက မွေးရာပါ အရောင်းသမားတစ်ယောက်ပဲ” ဒါမှမဟုတ် “သူက ထူးချွန်တဲ့ အင်ဂျင်နီယာတစ်ယောက်ပဲ” ဆိုတဲ့ စကားတွေက မကြာခဏကြားဖူးတယ်မလား။ ပါရမီရှင်တွေအတွက် တိုက်ပွဲဆိုတဲ့ သြဇာကြီးတဲ့ စာအုပ်ကတော့ ကုမ္ပဏီတစ်ခုရဲ့  ပါရမီရှင်တွေကို ရွေးချယ်ခန့်အပ်နိုင်ပြီး ရေရှည်စည်းရုံးထားနိုင်တဲ့ အရည်အချင်းကသာ အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်လို့ ငြင်းချက်ထုတ်ထားပါတယ်” နာမည်ကျော် StrengthFinder ဆိုတဲ့ စစ်ဆေးရွေးချယ် နည်းပညာကို ပံ့ပိုးကြသူများကတော့ လူတွေက သူတို့ရဲ့ပင်ကိုယ်အားသာချက် အရည်အချင်းအစစ်ကို အသိအမှတ်ပြု တန်ဖိုးထားတဲ့ ကုမ္ပဏီနဲ့သာ ရွေးချယ်အလုပ်လုပ်ကြပြီး အဲဒီကနေမှတစ်ဆင့် မိမိရဲ့တိုးတက်အောင်မြင်မှုကို တက်လှမ်းကြတယ်လို့ ဆိုကြပါတယ်။အဲဒီပါရမီရှင်ဝါဒီတွေရဲ့ ဖြေရှင်းချက်တွေက အောင်မြင်ရခြင်း အကြောင်းအရင်းတွေနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို လေးနက်ခိုင်မာစေပါတယ်။ဒါပေမဲ့ သူတို့ပြောတာ မှန်ရဲ့လား။

အချို့ လုပ်ငန်းခွင်ကျွမ်းကျင်ပညာရှင်တွေက ပါရမီရှင်ဝါဒီတွေရဲ့ အတွေးအမြင်အပေါ်ကို ထောက်ပြ စောဒကတက်ထားတာတွေရှိပါတယ်။သူတို့က တစ်ဦးတစ်ယောက်ချင်းရဲ့ မဆုတ်မနစ် လုံ့လစိုက်ထုတ် ကြိုးစားမှုကသာ အောင်မြင်မှုရရှိကြောင်းအတွက် အဓိကအရေးပါတဲ့အချက် (သို့မဟုတ်) ထိုထက်ပိုတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ငြင်းချက်ထုတ်ကြပါတယ်။အဲဒီ “အလုပ်ကြိုးစားပါ” ဆိုတဲ့ ပုံသေကားချပ် အမျိုးမျိုးထဲက တစ်ခုရဲ့အဆိုအရ ခက်ခဲမှုတွေကြားကနေ အံကြိတ်ပြီး အတားအဆီးတွေကို တွန်းလှန်ပစ်ချင်တဲ့စိတ်ကြောင့် လူတွေက အပတ်တကုတ်ကြိုးစားကြတယ်လို့ ဆိုပါတယ်။

နောက်ထပ်တစ်ခုရဲ့ အဆိုအရ လူတွေက အလုပ်ပိုလုပ်ခြင်းဖြင့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အစွမ်းကုန်ထုတ်ပြကြတယ်၊ တာဝန်အများကြီးယူကြပြီး အစည်းအဝေးအများကြီးကို လှည့်ပတ်တက်ရောက်ကြတယ်လို့ ဆိုပါတယ်။အဲဒီနည်းက ကျွန်တော် BCG မှာ သုံးခဲ့တဲ့ နည်းပါပဲ၊ အချိန်အကြာကြီးယူပြီး ကြိုးစားအားထုတ်ရင် အလုပ်များများ ပိုပြီးမယ်ဆိုတဲ့ အယူအဆပေါ့၊ လူများစုကလည်း အလုပ်ကြိုးစားခြင်းဟာ အောင်မြင်ခြင်းရဲ့ သော့ချက်ပဲလို့ ယုံကြည်ကြတယ်လေ။

ပါရမီ၊ ကြိုးစားအားထုတ်မှုနဲ့ ကံကောင်းခြင်းတွေက တချို့လူတွေ အောင်မြင်ပြီး တချို့လူတွေ ဘာကြောင့်မအောင်မြင်တာလဲဆိုတာကို သံသယဖြစ်စရာမရှိအောင် ရှင်းပြနေတဲ့အချက်တွေပဲလို့ ဆိုကြတယ်၊ ဒါပေမဲ့ ကျွန်တော်က ဒီအဆိုတွေကို ဘဝင်မကျဘူး၊ ဒီအဆိုတွေက ဘာလို့ နာတာလီက ကျွန်တော့်ထက် ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာကို ရှင်းမပြနိုင်ဘူး။ဒါ့အပြင် ကျွန်တော် တပြိုင်နက်လေ့လာနေတဲ့ အလုပ်ကြိုးစားသူနဲ့ ပါရမီရှိသူတို့အကြား စွမ်းဆောင်ရည်ကွာခြားမှုနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ တွေ့ရှိချက်နဲ့ မကိုက်ညီခဲ့ဘူး။  ကျွန်တော် နောက်တစ်နည်းနဲ့ စူးစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်၊ သူတို့ အားစိုက်ထုတ်တဲ့ပမာဏထက် သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေကို ဦးစားပေး စဉ်းစားလုပ်ကိုင်လာတဲ့အခါ အလုပ်ထူးချွန်ပြောင်မြောက်ဖို့အတွက် ပိုထိရောက်တယ်ဆိုတာကို  တွေ့ရှိခဲ့ရတယ်။အဲဒီနည်းက ကျွန်တော့်ကို “အလုပ်ကို ဉာဏ်ပါပါလုပ်ခြင်း” (Working Smart) ဆိုတဲ့ အတွေးအမြင်သစ်ရအောင် လမ်းပြပေးလိုက်တာပါပဲ။ဒီလိုနဲ့ လူတွေက အလုပ်ချိန်နည်းနည်းလေးအတွင်းမှာ အလုပ်အများဆုံးပြီးအောင်၊ အကျိုးများများရအောင် လုပ်နိုင်ဖို့ နည်းလမ်းရှာဖွေလာကြ ပါတယ်။

“အလုပ်ကို အားစိုက်တာထက် ဉာဏ်စိုက်လုပ်ပါ” “Work smarter, not harder” ဆိုတဲ့ စကားက နေရာတိုင်းမှာ အပြောများလွန်းလို့ ရိုးအီလာတဲ့ စကားတစ်လုံးတောင် ဖြစ်နေပါပြီ။ဘယ်သူက အလုပ်ကို “ထူထူအအ ထုံထုံထိုင်းထိုင်း” လုပ်ချင်ပါ့မလဲ။ဒါပေမဲ့ လူတော်တော်များများကတော့ အလုပ်ကို ထူထူအအ ထုံထုံထိုင်းထိုင်း လုပ်နေတုန်းပါပဲ၊ ဘာလို့လဲဆိုတော့ ဉာဏ်ပါပါနဲ့ Work smart ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြလို့ပါ။ကျွန်တော် သူတို့ကိုအပြစ်မတင်ပါဘူး၊ ဘာလို့လဲဆိုတော့ တကယ်ကောင်းမွန်ခိုင်မာတဲ့ လမ်းညွှန်ချက်ကရဖို့ ခဲယဉ်းလို့ပါပဲ။

ကျွန်တော် အလုပ်ကို ဘယ်လိုဉာဏ်ပါပါလုပ်သင့်တယ်ဆိုတဲ့အပေါ် လက်ရှိအကြံပေးချက်တွေကို စိစစ်ကြည့်တော့ ကျွန်တော်မြင်လာတာက လိုက်လုပ်ဖို့ ခက်ခဲတဲ့ လက်လှမ်းမမီအောင် ပုံကြီးချဲ့ထားတာတွေကိုပဲ တွေ့ရပါတယ်။စာရေးတဲ့သူတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူအောင် မထပ်အောင် ပြောနေပုံရတယ်။ဦးစားပေးမှုထားပါ၊ ကိုယ်စားပြုပါ၊ အချိန်ဇယားထားပါ၊ အနှောက်အယှက်ကိုရှောင်ပါ၊ ဦးတည်ချက် ရှင်းရှင်းထားပါ၊ ပိုသာအောင်လုပ်ပါ၊ သူများအပေါ် လွှမ်းမိုးပါ၊ အားကျအောင်နေပါ၊ အထက်ပိုင်းကိုစီမံပါ၊ အောက်ပိုင်းကိုစီမံပါ၊ ကွန်ရက်ထူထောင်ပါ၊ စိတ်အားထက်သန်ပါ၊ ရည်ရွယ်ချက်ရှိပါစေ၊ စသဖြင့်၊ စသဖြင့် အကြံပေးချက်စာရင်း ရာချီ ရှိပါတယ်။ဆိုတော့ ဘာတွေ ဖြစ်နေတာလဲ။တကယ်လို့ နာတာလီက ကျွန်တော့်ထက် ဉာဏ်ပါပါ Work smart အလုပ်လုပ်တယ်ဆိုရင် သူနဲ့ အခြားထိပ်တန်းစွမ်းဆောင်ရှင်တွေက အတိအကျ ဘာတွေလုပ်ခဲ့ကြတာလဲ။ထိပ်တန်းစွမ်းဆောင်ရည်ပြဖို့ သူတို့ရဲ့လျှို့ဝှက်ချက်တွေက ဘာတွေလဲ၊ သူတို့ ဘယ်လိုစဉ်းစားကြသလဲ ဆိုတာတွေကို ရှာဖွေဖော်ထုတ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။နှစ်တော်တော်ကြာကြာ လေ့လာပြီးတဲ့နောက် ကျွန်တော့်တွေ့ရှိချက်တွေက ကျွန်တော့်ကို အကြီးအကျယ် အံ့အားသင့်စေသလို ရှေးပညာရှိတွေရဲ့ အယူအဆတွေကို ချေဖျက်လိုက်သလိုလည်း ဖြစ်သွားပါတယ်။

          စွမ်းဆောင်ရည်ကို လေ့လာခြင်း

၂၀၁၁ ခုနှစ်မှာ ကျွန်တော်က လူတစ်ဦးချင်းစီရဲ့ လုပ်ငန်းခွင်တွင်းမှာ စွမ်းဆောင်ရည်ကို ပထမဆုံး နှိုက်နှိုက်ချွတ်ချွတ်လေ့လာတဲ့ သုတေသနပရောဂျက်တစ်ခုကို စတင်ခဲ့ပါတယ်။ ကျွန်တော်က သုတေသနလုပ်တတ်တဲ့ ခွဲခြမ်းစိတ်ဖြာ စာရင်းအင်းကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့လေးတစ်ဖွဲ့ ခန့်အပ်ပြီး စွမ်းဆောင်ရည်မြင့်မားခြင်းကို ဘယ်အပြုအမူက ဖြစ်စေသလဲဆိုတဲ့ သီအိုရီအယူအဆကိုရှာဖွေတဲ့ မူဘောင်တစ်ခု တည်ဆောက်တာကနေ စတင်ဆောင်ရွက်ခဲ့တယ်။ကျွန်တော် အရင်ကတွေ့ရှိခဲ့တဲ့ ပညာရေးသုတေသန နယ်ပယ်အသီးသီးက အသိပေးဖြန့်ဝေခဲ့တဲ့ လေ့လာတွေ့ရှိချက် ၂၀၀ နဲ့ ကျွန်တော်ကိုယ်တိုင် အရင်က ရာချီတဲ့ မန်နေဂျာနဲ့ အမှုဆောင်တွေနဲ့ တွေ့ဆုံမေးမြန်း ရှာဖွေထားတဲ့ တွေ့ရှိချက်တွေ စတဲ့ ပြန့်ကျဲနေတဲ့ အချက်အလက်တွေနဲ့လည်း နှိုင်းယှဉ်အခြေခံပြီး စဉ်းစားခဲ့ရပါတယ်။ဒါ့အပြင် ကျွမ်းကျင်ပညာရှင် အယောက် ၁၂၀ နဲ့ အလွတ်တမ်း စူးစမ်းမေးမြန်းချက်တွေရော၊ လူအယောက် ၃၀၀ နဲ့ အစမ်းလေ့ကျင့် ရှေ့ပြေးစစ်တမ်းကောက်ယူမှုတွေရော ဆောင်ရွက်ခဲ့ပါသေးတယ်။နောက်ဆုံးအဆင့်အနေနဲ့ အဲဒီရှေ့ပြေးစမ်းသပ်ချက်တွေကို ပေါင်းစပ်ထားတဲ့ စစ်တမ်းကောက်ယူပုံစံကို မန်နေဂျာနဲ့ ဝန်ထမ်း စုစုပေါင်း ၅၀၀၀ နဲ့ လေ့လာစမ်းသပ်ပြီး ထုတ်ယူနိုင်ခဲ့တယ်။အဲဒီများမြောင်လှသော “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” ကို ဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို စုစည်းဖို့အတွက် ကျွန်တော်က လုပ်ကိုင်စွမ်းရည်အတွက် အရေးကြီးတဲ့ အချက်အလက်တွေအလိုက် အုပ်စုဖွဲ့လိုက်တယ်။အလုပ်ကို အောက်ပါအချက်တွေ ပါဝင်ဖွဲ့စည်းထားတယ်လို့ ယူဆ အုပ်စုခွဲလိုက်ပါတယ် - အလုပ်ဒီဇိုင်းသွင်ပြင် လက္ခဏာများ (ဘာတွေလုပ်ရမှာလဲ)၊ အရည်အချင်းတိုးတက်ဖွံ့ဖြိုးရေး (ဘယ်လိုတိုးတက်မှာလဲ)၊ စိတ်ဓာတ်လှုံ့ဆော်စေသော အချက်များ (ဘာလို့ အင်စိုက်အားစိုက်လုပ်သလဲ) နဲ့  ပေါင်းသင်းဆက်ဆံရေးအတိုင်းအတာ (ဘယ်သူနဲ့ ဘယ်လိုတုံ့ပြန်ဆက်ဆံလဲ)၊ ကျွန်တော် ခုလိုကျယ်ပြန့်တဲ့အုပ်စုတွေကို စုစည်းသတ်မှတ်ပြီးတဲ့နောက် အုပ်စုတစ်ခုချင်းကို အရှေ့က သုတေသနတွေက သော့ချက်လို့ဆိုထားတဲ့ အချက်တွေပေါ် မူတည်ပြီး ဖော်ထုတ်စိစစ်ကြည့်တယ်။ (သုတေသနအညွှန်း နောက်ဆက်တွဲထဲမှာ ကျွန်ုပ်တို့ရဲ့ နည်းစနစ်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။)

ဒီရှေ့ပြေးအချက်အလက် တွေ့ရှိချက်တွေ လက်ထဲရောက်ပြီးတဲ့နောက် ကျွန်တော်နဲ့အဖွဲ့က မေးခွန်း ၉၆ ခုပါတဲ့ စစ်တမ်းကောက်ယူတဲ့ ကိရိယာတစ်ခုကို ပုံစံထုတ်နိုင်ခဲ့ပါပြီး၊ အဲ့ဒါနဲ့ လက်ရွေးစင်နမူနာပိုင်ရှင်နဲ့ ဝန်ထမ်း ၃၀၀ ကို စမ်းသပ် စစ်တမ်းကောက်ယူနိုင်ခဲ့ပါတယ်။ကျွန်တော်တို့က ထိုလူတွေ တစ်ပတ်ကို ဘယ်နှစ်နာရီ အလုပ်လုပ်တယ်ဆိုတာပါ သိလာနိုင်ခဲ့တယ်၊ အဲဒီစွမ်းဆောင်ရည်က သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ နှိုင်းစာရင် ဘယ်လိုရှိသလဲဆိုတာ တိုင်းတာကြည့်နိုင်ခဲ့တယ်။အဲဒီနည်းနဲ့ ကျွန်တော်တို့က စွမ်းဆောင်ရည်အပေါ် အလုပ်လုပ်ချိန်ရဲ့ ထိရောက်မှုနဲ့ “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေရဲ့ ထိရောက်မှုကို နှိုင်းယှဉ်ကြည့်နိုင်ခဲ့တယ်။ကျွန်တော်တို့ လပေါင်းများစွာ ကနဦးစစ်တမ်းများရဲ့ ခွဲခြမ်းစိတ်ဖြာစာရင်းရလဒ်များနဲ့ အလွတ်မေးထားတဲ့ အင်တာဗျူးတွေကရတဲ့ မှတ်ချက်များကို အချိန်ယူပြီး အာရုံစိုက် စိစစ်ခဲ့တယ်။ကျိုးကြောင်းဆီလျော်မှန်ကန်တဲ့ အချက်အလက်တွေကို ရှာဖွေသွားရင်းနဲ့ အဓိကအချက်ကြီးရှစ်ချက် ကျန်တဲ့အထိ ဆန်ကာတင် ရွေးထုတ်နိုင်ခဲ့ပါတယ်။အဲဒီနောက် ထပ်ပြီးသုံးသပ်ကြည့်တဲ့အခါ အချက်နှစ်ချက်က ဆင်တူဖြစ်နေတာ တွေ့ခဲ့တယ်။ဆိုတော့ အဲဒီနှစ်ချက်ကို တစ်ချက်အနေနဲ့ ပေါင်းလိုက်တယ်။

တီ ဟန်ဆန် ချပြလိုက်တဲ့ ဉာဏ်ပါပါ အလုပ်လုပ်ခြင်း အလေ့အကျင့်ခုနစ်မျိုးက ….

          ၁ - သင်ဉာဏ်ပါပါနဲ့ Work Smart အလုပ်လုပ်တဲ့အခါ ဦးစားပေးလုပ်ရမယ့် အချက်လေးတွေကို ရွေးထုတ်ပြီး အဲဒီရွေးချယ်ထားတဲ့ကဏ္ဍကို အင်ပြည့်အားပြည့် အာရုံစိုက်လုပ်ရမှာဖြစ်ပါတယ်။ (ကျွန်တော်က အလုပ်ကို ကန့်သတ်ရွေးချယ်လုပ်ရန် လေ့ကျင့်ခြင်းလို့ နာမည်ပေးထားတယ်)။သင်အာရုံစိုက်ရမှာက တန်ဖိုးဖန်တီးဖို့ဖြစ်တယ်။

          ၂ - သတ်မှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် (targeting) ရောက်ရုံတင် မဟုတ်ပါဘူး။

          ၃ - အရည်အချင်းတက်ဖို့ အလေ့အကျင့်ကောင်းဖြစ်အောင်ဆိုပြီး အာရုံမစိုက်ဘဲ ထပ်ခါတလဲလဲလုပ်ခြင်းကို ရှောင်ရပါမယ် (အရည်အသွေးရှိ လေ့လာသင်ယူခြင်း)။

          ၄ - ရည်ရွယ်ချက်ကောင်းကောင်းထားရှိတဲ့ သင်ရဲ့ စိတ်အားထက်သန်မှုနဲ့ လိုက်ဖက်ညီတဲ့တာဝန်ကို ရွေးချယ်ပါ (အတွင်းလှုံ့ဆော်စိတ်)။

          ၅ - အခြားသူတွေရဲ့ ပံ့ပိုးမှုကိုရဖို့အတွက် လွှမ်းမိုးအနိုင်ယူတဲ့နည်းကို ရှောင်ရှားပါ (ထောက်ခံအားပေးမှု)။

          ၆ - အချိန်ကုန်ရုံသက်သက်ဖြစ်တဲ့ အဖွဲ့အစည်းအဝေးတွေကကို လျှော့ချပါ၊ သင်လုပ်တဲ့ အစည်းအဝေးတွေက ပွင့်လင်းတဲ့အမြင်တွေကို ဆွေးနွေးဖော်ထုတ်စေတဲ့ အစည်းအဝေးမျိုးပဲဖြစ်ပါစေ (တိကျနှံ့စပ်သော၊ အလေးဂရုပြုသော အသင်းအဖွဲ့ပူးပေါင်းဆောင်ရွက်မှု)။

          ၇ - သင်ပါဝင်ရန် မည်သည့် ယူနစ်အစုအဖွဲ့ ပေါင်းစပ်ထားသည့် ပရောဂျက်များတွင် ပါဝင်ပတ်သက်မည်ကို ဂရုတစိုက်ရွေးချယ်ပြီး ထိရောက်မှုနည်းသော ပရောဂျက်များကို ငြင်းပယ်ပါ (စည်းကမ်းသတ်မှတ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု)။”

မော်တန် တီ ဟန်ဆန်က အထက်ကလို ထိပ်တန်းအလုပ်စွမ်းဆောင်ရှင်ဖြစ်ဖို့အတွက် ပါရမီပါသူဖြစ်ရမယ်၊ အလုပ်ကြိုးစားသူဖြစ်ရမယ်၊ အလုပ်လာဘ်ကောင်းသူဖြစ်ရမယ် စတဲ့ ရှေးအစဉ်အလာလမ်းကြောင်းအတိုင်း အယူအဆတွေကို ဘဝင်မကျနိုင်ပဲ၊ သူ့စိတ်ကို အစဉ်တစ်စိုက် နှောက်ယှက်နေတဲ့ “နာတာလီ ပဟေဠိ” ကို အဖြေညှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဇွဲကောင်းကောင်း စနစ်ကောင်းကောင်းတွေနဲ့ ရှာဖွေခဲ့ရာမှာ “ဉာဏ်ပါပါ အလုပ်လုပ်ခြင်း အလေ့အကျင့် ခုနစ်မျိုး” ကို တိတိကျကျ ဖော်ထုတ်နိုင်ခဲ့ပါပြီ။

နောက်ဆောင်းပါးတွေမှာ အဲဒီခုနစ်မျိုးက တစ်မျိုးခြင်းကို ဘယ်လိုရှင်းပြလမ်းညွှန်သွားမယ်ဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်။

          အစွမ်းပြပြီး အလုပ်လုပ်ကိုင် အောင်မြင်သူများ ဖြစ်ကြပါစေ။

သက်ထွန်း (သျှမ်း)