【 ဆောင်းပါး 】 “အနန္တသူရိယ နှင့် မျက်ဖြေလင်္ကာ”

【 ဆောင်းပါး 】 “အနန္တသူရိယ နှင့် မျက်ဖြေလင်္ကာ”

အနန္တသူရိယဆိုလျှင် မြန်မာတို့က "သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ. . ." အစချီသော လင်္ကာကိုသီကုံးရေးဖွဲ့သူဟု ယှဉ်တွဲသိကြပါသည်။

ရာဇကုမာရ်သည် ကျန်စစ်သား၏ သားတော်ဟု အများက စွဲမှတ်လာကြသည့်နည်းတူ၊ အနန္တသူရိယသည် မင်းက အမျက်ရှ၍ သတ်မိန့်ကျခံနေရစဉ် သူတည်းတစ်ယောက်. . .အစချီလင်္ကာကို ရေးဆက်သောကြောင့်၊ မင်းက အမျက်ပြေကာ သတ်မိန့်မှလွတ်စေသော်လည်း၊ ပါးကွက်အာဏာသားတို့က လက်ဦးနှင့်သောကြောင့် အနန္တသူရိယကား အသက်သေနှင့်လေပြီဟူသည့် လွမ်းမောဖွယ်ဇာတ်လမ်းကို ချန်ခဲ့သူအဖြစ် ကရုဏာသက်ကြပါသည်။

သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်တုန်းက ဘုရင်တစ်ပါးပါးက လက်အောက်ငယ်သား အမှုတော်ထမ်းကို အကြောင်းမသင့်၍ ရာဇမာန်ရှပြီး သတ်စေ အမိန့်ပေးခြင်းက အဆန်းမဟုတ်ပေ။သာမန်အမှုတော်ထမ်းတစ်ယောက် သတ်မိန့်ကျခံရခြင်းသည် ထိုခေတ်ထိုအခါက စကားလုပ်ပြောရလောက်သည့် အမှုဟုတ်ဟန်မတူ။

သို့သော် အနန္တသူရိယကား နှောင်းလူတို့ အကြောင်းတိုက်ဆိုင်တိုင်း မျက်ဖြေလင်္ကာကို ယူငင်အသုံးပြုကြခြင်းကြောင့် ယနေ့တိုင် ပြောင်မြောက်သော ကဗျာလင်္ကာကို ရေးဖွဲ့သူအဖြစ် မှတ်တမ်းတင်ခံရသူဖြစ်ပါသည်။

အနန္တသူရိယအကြောင်းကို ဦးကုလား မဟာရာဇဝင်အရ၊ အလောင်းစည်သူမင်းကြီး၏ သားတော်များကို ထိန်းကျောင်းရသည့် အထိန်းတော်သားအဖြစ် စတင်မှတ်တမ်းတင်ထားသည်။အထိန်းတော်သားဟူသည် ဘုရင့်ရင်သွေး မင်းသားတို့ကို အနီးကပ်ထိန်းကျောင်းသွန်သင်ရသော အမှုထမ်းဖြစ်သည်။သို့သော် သားတော်အားလုံး၏ အထိန်းတော်သား (သို့မဟုတ်) သားတော်ကြီး၏ အထိန်းတော်သားဟူ၍ကား မကွဲပြားပေ။ထို့ပြင် အလောင်းစည်သူမင်း၏ မြေးတော် မင်းယဉ်နရသိင်္ခ၏ အထိန်းတော်ဟု ရေးသားထားပြန်ပါသည်။

အလောင်းစည်သူမင်းကြီးတွင် သားတော် ၃ ပါးရှိသည်။ရတနာပုံမိဖုရားက ဖွားမြင်သော သားတော်ကြီး မင်းရှင်စောနှင့် အလောင်းစည်သူမင်းကြီးက ကိုယ်လုပ်တော်အဖြစ် ကောက်ယူထားသော ကျန်စစ်သားမင်း၏ အမတ်၊ အမတ်ကျင်၏ သမီးက ဖွားမြင်သော သားတော်အလတ်နရသူတို့ကို ဖော်ပြထားသော်လည်း အငယ်ဆုံး သားတော်ကို ဖော်ပြထားခြင်းမရှိပေ။

အလောင်းစည်သူသည် အနန္တသူရိယအား ဝတ်လုံချွတ်စေသော သားတော်ကြီးကို အမျက်ရှပြီး မြို့တွင်မနေစေဘဲ တောရပ်သို့နှင်သည်။သားတော်အလတ် နရသူ ကို တိုင်းပြည်ရေးရာ စီမံစေသည်။အလောင်းစည်သူ အသက်ရွယ်ရ၍ နာမကျန်းဖြစ်လျှင် နရသူ က ခေါင်းအုံးနှင့်ဖိသတ်ပြီး နန်းတက်ရန်ပြင်သည်။

ခမည်းတော်နတ်ရွာစံကြောင်း ကြားသိသော မင်းရှင်စော က နောက်လိုက်အင်အားနှင့် စုရုံးချီတက်မည် ပြင်ဆင်သည်။နရသူ က ပံ့သကူမဟာထေရ် ကို စေလွှတ်ပြီး မင်းရှင်စော ကို နန်းအပ်မည်ဟု စေ့စပ်စေသည်။နောင်တော်မင်းရှင်စော ကို နရသူ က ကောင်းစွာဆီးကြိုပြီး ညဘက်တွင် ပွဲတော်ထဲ ဆေးခတ်၍ လုပ်ကြံသည်။သို့ဖြင့် နရသူမင်းဖြစ်လာသည်။နရသူ လွန်သော် နရသူ၏ သားတော် မင်းယဉ်နရသိင်္ခ မင်းပြုသည်။ညီတော် နရပတိစည်သူ က အိမ်ရှေ့မင်းဖြစ်လာသည်။

နရပတိစည်သူ၏ အိမ်ရှေ့မိဖုရားကို မင်းယဉ်နရသိင်္ခ က သိမ်းပိုက်သည်။နရပတိစည်သူ က ကျွန်တော် အောင်စွာငယ် ကို လွှတ်ပြီး မင်းယဉ်နရသိင်္ခ ကို လုပ်ကြံစေသည်။ထိုနောက် မင်းယဉ်နရသိင်္ခ၏ အထိန်းတော်သား အနန္တသူရိယကိုလည်း ဖမ်းဆီး၍ သတ်စေဟု သူသတ်သမားလက်သို့ အပ်သည်။

ဤတွင် အနန္တသူရိယ က စာပုဒ်လေးပုဒ်ပါသော လင်္ကာရေးဖွဲ့ ဘုရင်ထံပေးပို့သည်။ကဗျာလင်္ကာက ဘုရင်၏စိတ်နှလုံးကို ပြောင်းစေသည်ထိ ပြောင်မြောက်သည်။ဘုရင်က လွှတ်စေဟု အမိန့်ကို ပြင်သော်လည်း သူသတ်တို့က လက်ဦးနှင့်ပြီ။

မျက်ဖြေလင်္ကာ၏ ရေးဟန်သည် ပုဂံခေတ်စာအရေးအသားမဟုတ်။ကဗျာရေးဖွဲ့မှု ဖွံ့ဖြိုးလာသော ပင်းယခေတ်ရေးဟန်ဟု စတင်ဖော်ထုတ်သူက မြန်မာစာပညာရှင် ဆရာကြီးဦးလှဘေ ဖြစ်ပါသည်။ဆရာကြီး သည် ကမ္ဘာသိ မြန်မာဘာသာစကားပညာရှင်ဖြစ်၏။ဆရာကြီးဒေါက်တာလှဘေ က "Three immortal Burmese songs" အမည်ဖြင့် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက လေ့လာသင်ကြားရေးကျောင်း စာစောင် (SOAS) တွင် အင်္ဂလိပ်ဘာသာဖြင့် ၁၉၆၃ ခုနှစ်က ဆောင်းပါးရေးသားခဲ့ပါသည်။ဆောင်းပါးတွင် မျက်ဖြေလင်္ကာနှင့် ဦးပုည ရေးသည့် "ဟုတ်ပလေ နှုတ်ချွေဟရမှာဖြင့်" လေးချိုး၊ လက်ဝဲသုန္ဒရ၏ "မဲဇာတောင်ခြေ" ချီရတုနှင့် "ဝေရွှန်းစန္ဒာ" ချီရတု ၃ ပုဒ် အကြောင်း ရေးသားဖော်ပြခဲ့ပါသည်။

ထိုဆောင်းပါးကို ဆရာကြီးဒေါက်တာသန်းထွန်းက "မည်သည့်အခါမှ တိမ်ကောပျောက်ကွယ်မည် မဟုတ်သည့် မြန်မာလင်္ကာသုံးပုဒ်" ခေါင်းစဉ်ဖြင့် မြန်မာဘာသာပြန်ဆိုခဲ့ပါသည်။ဆရာကြီးဒေါက်တာလှဘေ၏ အယူအဆကို သမိုင်းပညာရှင်များဖြစ်သော ဒေါက်တာသန်းထွန်းနှင့် ဒေါက်တာတိုးလှတို့က လက်ခံသဘောတူကြပါသည်။

လက်မခံနိုင်သူတို့ဘက်ကလည်း ငြင်းဆန်ရေးသားမှုများရှိလာပါသည်။ကျန်စစ်သားနှင့် ရာဇကုမာရ်တုန်းက လက်ခံသူ၊ လက်မခံသူ ကွဲလွဲပုံနှင့် ဆင်တူပါသည်။ကျန်စစ်သားက မွန်-မြန်မာ ချစ်ကြည်ရေးကို ရှေးရှုလျက် မြေးကားအရင်း သားကားအဖျားဟု တင်စားခံခဲ့ရသည်။

ရာဇကုမာရ်သည်လည်း ထီးနန်းမပေးသော ခမည်းတော်ကို စိတ်မကွက်ဘဲ၊ ကျန်စစ်သား သေအံ့မူးမူး၌ ရွှေအတိပြီးသော ဆင်းတုတော်ကို ခမည်းတော်ကို လှုစေသူဟု ကျေးဇူးသိတတ်သူ၊ စိတ်သဘောထားကြီးသူအဖြစ် စာတင်ခဲ့ကြသည်။

မျက်ဖြေလင်္ကာကို အနန္တသူရိယ ရေးသည်ဟု ၁၇၂၉ ခုနှစ်က စလက်ခံလာခဲ့ကြပြီး မြန်မာစာပေ သုတေသီ ပညာရှင် ဆရာကြီးဒေါက်တာလှဘေ က ၁၉၆၃ တွင် အစထုတ် ငြင်းဆန်လိုက်ရာ၊ သမားရိုးစွဲယုံကြည်သူများ အတွက် လက်မခံနိုင်ကြခြင်းက သဘာဝကျပါသည်။

ထစ်ခနဲရှိ သေဒဏ်ပေးလေ့ရှိသော ရှေးဘုရင်များကို သူသူငါငါ မနှစ်မြို့စိတ်အခံရှိကြပါမည်။ဤတွင် က လောင်တံအစွမ်းဖြင့် မင်းကိုအံတုသူကို နှစ်သက်အားပေးလိုစိတ်အခံလည်း ဖြစ်ပေါ်ကြမည်က လူ့သဘာဝဖြစ်ပါသည်။ထို့ပြင် မျက်ဖြေလင်္ကာ ရေးဖွဲ့ထားသည့် စာအသုံးအနှုန်းများက အဆင့်မြင့်ရုံသာမက၊ လှပထိမိသည်။သို့ဖြင့် အားကြီးသူက အားနည်းသူကို နှိပ်ကွပ်သောအခါ အားနည်းသူတို့ဘက်မှရပ်သူများ လက်ကိုင်ပြုစရာ ကဗျာအဖြစ်သုံးခဲ့ကြသည်ကလည်း နှစ်ပေါင်းရာထောင်ချီ ကြာမြင့်ခဲ့သည်။

မျက်ဖြေလင်္ကာကို အနန္တသူရိယ ရေး၊ မရေး တစ်ကျော့ပြန်ငြင်းခုံကြစဉ် မြန်မာစာပေပညာရှင်လည်းဖြစ်၊ စာရေးဆရာလည်းဖြစ်သည့် ဆရာမောင်ခင်မင် (ဓနုဖြူ) က "သူတည်းတယောက် လင်္ကာကို တစ်ကြိမ်ပြန်ကြည့်ခြင်း" ခေါင်းစဉ်ဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလထုတ် မဟေသီမဂ္ဂဇင်းတွင် ပါဝင်ရေးသားခဲ့ပါသည်။

ဆရာမောင်ခင်မင် က ပုဂံခေတ် ကျောက်စာ၊ မင်စာ အရေးအသားများတွင် တွေ့ရသည့် စာအသုံးအနှုန်းများ၊ အခေါ်အဝေါ်များကို သေးစိတ်ထောက်ပြပြီး မျက်ဖြေလင်္ကာသည် ပုဂံခေတ် (၁၁၊ ၁၂ ရာစု) အရေးအသားမဟုတ်။ ၁၅ ရာစု ပင်းယခေတ် စာပေလက်ရာဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။

ယနေ့ မျက်ဖြေလင်္ကာစာသားများနှင့်၊ ဦးကုလားမဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသော စာသားတချို့ ကွဲလွဲနေခြင်းကိုလည်း ဆရာမောင်ခင်မင် က ရှင်းပြထားပါသည်။မြန်မာစာပေပညာရှင်များ၊ သမိုင်းပညာရှင် များ၏ သုတေသနပြုချက်များအရ မြန်မာတို့ အစဉ်အဆက်လက်ခံလာသော သမိုင်းကြောင်းတချို့ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါသည်။စိတ်ခံစားမှုကိုပေးခဲ့သော သမိုင်းဇာတ်လမ်းတချို့ အဖြေဆက်ရှာရကိန်း ကြုံရလေသည်။

ပုဂံခေတ် မင်းယဉ်နရသိင်္ခ၏ အထိန်းတော်သား အနန္တသူရိယ မရေးဟု ငြင်းချက်ထုတ်နိုင်သော်လည်း၊ ပင်းယခေတ်တွင် မည်သူရေးသည်ဟု ယနေ့တိုင် အဖြေမရှာနိုင်သေးပါ။လင်္ကာရေးသူ ခြေရာပျောက်သည့်နည်းတူ၊ ပုဂံခေတ်ကျောက်စာများတွင် မင်းယဉ်နရသိင်္ခ အမည်ကို မတွေ့ရ။မင်းယဉ်နှင့် နရသိင်္ခ တစ်ဦးစီသာ တွေ့ရသည်ဟုလည်း ဆိုကြပါသည်။

မြန်မာဂန္ထဝင်စာပေတွင် ရေးသူမသိသောစာများစွာ ရှိနေပါသည်။မြန်မာတို့ သည်းခြေကြိုက် မျက်ဖြေလင်္ကာသည်လည်း သုတေသနကြောင့် ရေးသူမဲ့ရရှာလေပြီ။ မည်သူရေးသည်ဖြစ်စေ -

     ၁။ သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။
     ၂။ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊           သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
     ၃။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
     ၄။ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လှ တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း  ဟူသော မျက်ဖြေလင်္ကာကား မြန်မာစာပေနယ်တွင်     ထာဝရရှင်သန်နေပေမည်။

(၂၀၁၉ စိတ်ကူးချိုချိုက ပုံနှိပ်ခဲ့သည့် အငြင်းပွားစရာ သမိုင်းပြဿနာများ စာအုပ်ပါ ဆောင်းပါးကို စာရေးသူခွင့်ပြုချက်အရ ပြန်လည်ဖော်ပြပါသည်။)

ခင်နှင်းဦး
ဖေဖော်ဝါရီ - ၂၀