【 ဆောင်းပါး 】 “အပူစာနှင့် မပြုစုမပျိုး‌ထောင်ကြပါနဲ့”

【 ဆောင်းပါး 】 “အပူစာနှင့် မပြုစုမပျိုး‌ထောင်ကြပါနဲ့”

ကလေးတစ်ယောက်မွေးလိုက်ရုံနှင့် မိဘဖြစ်သွားတာမို့၊ မိဘလုပ်ရတာ လွယ်ကူလှသည်၊ ဂုဏ်ယူစရာကောင်းလှသည်ဟု သာမန်အတွေးနှင့် လူတိုင်းပီတိတွေဖြစ်နေတတ်ကြပါသည်။မိမိသားသမီးကို ကောင်းကောင်းဝတ်စားနေထိုင်ရရန်၊ အတန်းပညာကောင်းကောင်းသင်ပေးနိုင်လျှင်လည်း ငါကွဟု ဘဝင်မြင့်နေတတ်ကြပါသည်။အစားအသောက်ကောင်းကောင်းကျွေး၊ အဝတ်အထည်ကောင်းကောင်းဆင်၊ ပိုက်ဆံအကုန်အကျခံနိုင်လျှင် မိမိကိုယ်ကို မိမိတာဝန်ကျေလှပြီဟု အထင်ကြီးတတ်ကြပါသည်။တကယ်ကော မိဘ၀တ္တရားကျေပြီလားဆိုတာ ယနေ့ခေတ်မြင်နေရသည့် ပညာတတ်ပြီး အသိမရှိသည့်သူတွေ၊ မောက်မာရိုင်းစိုင်းနေသည့်သူတွေ၊ လူတကာ စိတ်ဆင်းရဲစေရသည့် အရပ်တကာအော့ကြော့လန်ရသည့်သူတွေကိုမြင်လျှင် မိဘ၀တ္တရားမှာ ပညာသင်ပေးရုံ၊ ဥစ္စာပစ္စည်းပြည့်စုံအောင်ထားပေးရုံနှင့် မိဘ၀တ္တရားမကျေပွန်သေးဘဲ အမျိုးအနွယ်ကို နာမည်ပျက်မဖြစ်အောင်၊ သေသွားသည့် မိဘဆွေမျိုးဂုဏ်ကိုပျက်ဆီးအောင် မလုပ်ရန်လည်း ဆုံးမသွန်သင်ဖို့လိုမည်ဆိုတာကို သိလိမ့်မည်ဖြစ်သည်။

ကလေးတစ်ယောက်မွေးလိုက်ရုံနှင့် မိဘဖြစ်သွားတတ်တာ အသိဉာဏ်ရှိသည့်လူသားမှမဟုတ်ပါ။အသိဉာဏ်မရှိသည့်တိစ္ဆာန်လည်းဖြစ်တာပါပဲ။လူတွေထဲမှာ သူတောင်းစားလည်း မိဘဖြစ်သလို၊ လယ်သမား၊ အလုပ်သမား၊ စာရေးဝန်ထမ်းလည်း မိဘဖြစ်တာပါပဲ။ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ စက်ရုံအလုပ်ရုံ၊ ရုံးဌာန အရာရှိများလည်းမိဘဖြစ်သလို၊ မြေရှင်၊ လယ်ရှင်၊ ငွေရှင်၊ အလုပ်ရှင်တွေလည်း မိဘဖြစ်ပါသည်။တိုင်းပြည်အုပ်ချုပ်သည့် ဘုရင်နှင့် ဝန်ကြီးများလည်း မိဘဖြစ်ပါသည်။

သို့သော်လည်း အရေးကြီးတာက မိဘပီသဖို့ဖြစ်သည်။မိမိသားသမီးကို တရားသဖြင့် အလုပ်နှင့်ပြုစုပျိုး ထောင်ဖို့ အရေးကြီးလှသည်။

ထို့အတွက် မကောင်းသည့်လုပ်ငန်းဖြင့်၊ မကောင်းသည့်လုပ်ရပ်ဖြင့် မိဘတွေက သားသမီးကိုရှာမကျွေးဖို့ အရေးကြီးသည်။

မကောင်းသည့်အလုပ်အကိုင် မကောင်းသည့်လုပ်ငန်းဆိုသည်မှာ ဘယ်အရာတွေလည်းဆိုလျှင် လူတောထဲတွင်နေ၊ လူ့ရပ်လူ့ရွာတွင်နေထိုင်လျှင် ထင်သာမြင်သာမည်ဖြစ်သည်။အထူးပြောဖို့ပင်မလိုဟုထင်သည်။

ယုတ်အစွဆုံး တောင်းရမ်းစားသောက်သည့်သူဖြစ်လျှင်တောင် ကိုယ်ကျင့်တရားကောင်းလျှင် သူတပါးကိုမယုတ်မာလျှင် အများက ၎င်းတို့၏သားသမီးများကို သူ တောင်းစား၏ သားသမီးများအဖြစ်သာ မြင်ကြလိမ့်မည် ဖြစ်ပြီး နောင် ထိုအနေအထားမှ ရုန်းထွက်နိုင်သည့်အခါ ထိုလုပ်ကိုင်စားသောက်ရသည့်အဖြစ်က ကိုယ်ကျင့်တရားဖောက်ဖျက်ခြင်း မဟုတ်သည့်အတွက် သားသမီးအတွက် လိပ်ပြာလုံနိုင်မည်ဖြစ်သည်။သားသမီးဖြစ်သူမှာလည်း မိဘလက်ထက်က တောင်းစားရသည့်ဘ၀မှာတောင် ကိုယ်ကျင့်တရားလုံခဲ့သဖြင့် ထိုထက်မြင့်သည့်အခြေအနေတွင်  ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီး မိဘတွေဂုဏ်ကို ဆက်ထိန်းကြမည်ဖြစ်သည်။ 

ထိုနေရာတွင် မိဘကတောင်းစားရသည့်အလုပ်ဖြင့် သားသမီးကိုရှာကျွေးရသည့်ဥပမာဖြင့် ရှင်းပြခြင်းဖြစ်ပြီး သူတောင်းစားဘ၀တွင်ပင် အေးအေးဆေးဆေး မတောင်းစားဘဲ ပိုက်ဆံပေးကမ်းကူညီသူကိုရန်ပြုကာ လုယက်ခြင်း၊ ကူညီသည့်အမျိုးသမီးကို ဆွဲလားရမ်းလားပြုခြင်း လစ်ရင်လစ်သလို ခိုးဝှက်ယူငင်ခြင်းတို့ ကျူးလွန်ပြီး သားသမီးကိုရှာကျွေးလျှင်တော့ ထိုသူကို သူတောင်းစားထက်နိမ့်သည့် ‘လူယုတ်မာ’ အောက်တန်းစားဘ၀အဖြစ် လူတွေကသတ်မှတ်ကြမှာ ဖြစ်ပြီး ထိုသူ၏သားသမီးများကိုလည်း လူယုတ်မာ၏သားသမီးများအဖြစ် အထင်သေးကြလိမ့်မည်ဖြစ်သည်။

ဆိုသည်က ကိုယ်ကျင့်တရားကောင်းလျှင် သူတောင်းစားတောင် “ဟာ မရှိလို့သာ တောင်းစားရတာ ဒီလူက ကိုယ်ကျင့်တရားကောင်းတယ် မှန်မှန်ကန်ကန်လုပ်စားတာ” ဟု လူတွေချီးမွမ်းကြမှာဖြစ်ပြီး တောင်းစားနေရပြီး စာရိတ္တမကောင်းပါက “တောင်းစားနေရမှာပေါ့ အကျင့်ကမှမကောင်းတာ” ဟု လူတွေကကဲ့ရဲကြမည်ဖြစ်သည်။

မိမိရွေးချယ်သည့် ဆိုးခြင်းကောင်းခြင်းက မိမိရွေးချယ်သည့်အလုပ်အကိုင်ထက် မိမိမျိုးဆက်ကို အရိပ်ထိုး တတ်သည်မှာ သတိထားသင့်သည့် ဓမ္မတာဖြစ်သည်။

မိမိက လက်နက်ကိုင်ပြီး ဓားပြတိုက်သည့်အတွက်၊ အများက လူဆိုးဓားပြဟုခေါ်ကြလိမ့်မည်။မိမိ၏သားသမီးများကိုလည်း ဓားပြသားသမီးလေးတွေအဖြစ် မြင်လိမ့်မည်။အကယ်၍ မိမိကဓားပြတိုက်ပစ္စည်းယူရုံမဟုတ်ဘဲ အိမ်ရှင်ယောင်္ကျားကိုသတ်ပစ်ကာ၊ အိမ်ရှင်မိန်းမကို မတရားအနိုင်အထက်ကျူးလွန်တာမျိုးလုပ်လျှင်တော့ မိမိကိုလူယုတ်မာဟုခေါ်ပြီး သားသမီးများကို လူယုတ်မာ၏သားသမီးအဖြစ် အထင်သေးကြလိမ့်မည်။

ထိုသဘောအတိုင်းပင် ကောင်းသည့်အလုပ်ဖြစ်သည့် တရားသူကြီးအဖြစ် တရားရုံးမှာ ဥပဒေနှင့်အညီ အမိန့်ချမှတ်ရသူဖြစ်က အများက မိမိ၏သားသမီးများကို တရားသူကြီး၏သားသမီးများအဖြစ် မြင်ကြလိမ့်မည်။အကယ်၍ မိမိက ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး မိမိအပေါ် လာဘ်ထိုးသူများကို အမှုနိုင်စေပြီး တစ်ဖက်အမှု သည်ကို မတရားထောင်ချတာမျိုး၊ သေမိန့်ပေးတာမျိုးလုပ်လျှင်တော့ မိမိကို လူယုတ်မာဟုခေါ်ကြလိမ့်မည်။မိမိ၏သားသမီးများကိုလည်း လူယုတ်မာသားသမီးများအဖြစ် အထင်သေးကြလိမ့်မည်။

မိမိက တိုင်းသူပြည်သားတို့၏အကျိုးအတွက် နိုင်ငံတော်ကိုအုပ်ချုပ်သူဖြစ်လျှင် မိမိကိုအများက ဘုရင်မင်းမြတ်ဟု လေးလေးစားစားခေါ်ကြပါလိမ့်မည်။မိမိ၏သားသမီးများကိုလည်း ဘုရင့်သား၊ ဘုရင့်သမီး အဖြစ် မြင်လိမ့်မည်။အကယ်၍ မိမိက မိမိ၏အာဏာအတွက်၊ အကျိုးစီးပွားအတွက် ပြည်သူကိုအလွယ်တကူ သတ်ပစ်ခြင်း၊ ပြည်သူ့အိုးအိမ်၊ မြေယာကို အလွယ်တကူသိမ်းယူခြင်း၊ တိုင်းတစ်ပါးသားနှင့် မြေပေါ် မြေအောက်လူဆိုးသူခိုးများဘက်မှရပ်တည်ခြင်းတို့ကို ပြုမိပါက ပြည်သူပြည်သားလူအများတို့က “လူယုတ်မာ” ဟု ခေါ်ကြပြီး မိမိ၏သားသမီးများကိုလည်း လူယုတ်မာ၏သားသမီးများအဖြစ် အထင်သေးကြပါလိမ့်မည်။

တရားသဖြင့်လုပ်ကိုင်ခြင်း မတရားသဖြင့်လုပ်ကိုင်ခြင်းဟူ၍ နှစ်မျိုးကို မိမိစိတ်သန္ဓေအခြေခံဖြင့် ရွေးချယ်ကြခြင်းဖြစ်ပြီး သတိထားသင့်သည်က ကံကြမ္မာဆိုသည်မှာ တစ်ဖက်တည်းတွင် တသမတ်တည်း ရပ်တည်ခြင်းမရှိသလို ကိုယ်လုပ်သည့်‘ကံ’ အတိုင်း ကိုယ်အပြည့်ပြန်ဆပ်ရခြင်းပင်ဖြစ်သည်။

လောက၌ တရားသဖြင့်အသက်မွေးသူနှင့် တရားသဖြင့်အသက်မမွေးသူဆိုပြီး နှစ်မျိုးနှစ်စားရှိသည်။

ဗုဒ္ဓဘာသာအလိုအရ တရားမျှတတဲ့နည်းလမ်းနဲ့ ပစ္စည်းဥစ္စာရှာဖွေပြီး အသက်မွေးခြင်းကိုတော့ ‘သမ္မာအာဇီဝ’ ဆိုတာ ‘ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှု’ လို့ ဆိုပြီး အကုသိုလ်မကင်းသည့်အလုပ်တွေဖြင့် မတရားပစ္စည်းဥစ္စာရှာဖွေပြီး အသက်မွေးခြင်းကို မိစ္ဆာဇီဝလို့ ခေါ်ဆိုကြသည်။

လောကလူသားများအနေနှင့် ဘဝရပ်တည်ချက်၊ စားဝတ်နေရေးအတွက် ငွေကြေးဥစ္စာရှာဖွေစုဆောင်းရာတွင်  တစ်ဖက်က စီးပွားဖြစ်ဖို့လိုအပ်သလို တစ်ဖက်မှာလည်း သမ္မာအာဇီဝကျဖို့လိုအပ်သည်။

ဘုရားရှင်က “အင်္ဂုတ္တရနိကာယ်” ၊ ‘အန္ဓသုတ္တန်’ တွင်  ‘လူရယ်လို့ဖြစ်လာရင် အသိဉာဏ်မျက်စိနှစ်မျိုးရှိရမယ်’ ဟု ဟောကြားခဲ့သည်။

ဆိုလိုသည်မှာ ကိုယ်ကျိုးစီးပွားအတွက် စီးပွားရေးမျက်စိရှိဖို့လိုအပ်သလို တစ်ဖက်မှာလည်း ကိုယ်ကျင့် တရားနဲ့ဆိုင်တဲ့ ဓမ္မမျက်စိလည်းရှိဖို့ လိုအပ်သည့်သဘောဖြစ်သည်။လူဖြစ်လာရင် စီးပွားရှာတတ်ရမည်။ကိုယ်ကျင့်တရားကောင်းအောင် စောင့်ထိန်းကျင့်သုံးတတ်ရမည်။စီးပွားရှာသည်ဆိုရာတွင် မရသေးသည့်စည်းစိမ်ဥစ္စာတွေရအောင်၊ ရပြီးသားစည်းစိမ်ဥစ္စာတွေကို တိုးပွားအောင်လုပ်ကိုင်ဆောင်ရွက်ရခြင်းကို ဆိုလိုပြီး ထိုသို့ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ရာတွင် တပါတည်း ကိုယ်ကျင့်တရားကောင်းဖို့ စိတ်ဓာတ်မြင့်မားဖို့လည်း အရေးကြီးကြောင်း ဆိုလိုခြင်းဖြစ်သည်။

လောကတွင် ‘ကိုယ်လုပ်မှကိုယ်စားရတာ၊ ဘယ်သူမှဂရုစိုက်မနေဘူး’ ဆိုသည့် အသံမျိုး မကြာခဏကြားဖူးကြမည်ဖြစ်သည်။ ‘အူမတောင့်မှ သီလစောင့်နိုင်မှာ’ ဆိုသည့် စောဒကတက်မှုမှာ စိတ်ဓာတ်ရေးရာယုတ်ညံ့ပြီး မတရားသဖြင့် စီးပွားရှာကြံကြသည့် ရာထူးတက်လမ်းရှာကြံကြသည့် လူအချို့၏  လက်သုံးစကားဖြစ်သည်။ 

ဆိုသည်က စီးပွားဥစ္စာရရှိရေးတစ်ခုတည်းကိုသာကြည့်ပြီး ပိုက်ဆံရရင်ပြီးရောဆိုသည့်စိတ်နှင့် မတရားလုပ် တာ၊ မတရားလုပ်ခြင်းကို အားပေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ထိုသို့စောင့်ထိန်းအပ်သည့် ကိုယ်ကျင့်တရားကို မစောင့်ထိန်းပဲ ငွေမျက်နှာတစ်ခုပဲကြည့်ပြီး ရရှိလာသည့် စီးပွားရေးအောင်မြင်မှုမှာလည်း တစ်ခဏသာခံပြီး အကြောင်းတစ်မျိုးမဟုတ် တစ်မျိုးနှင့် ယုတ်လျော့သွားတတ်သဖြင့် ကိုယ်ကျင့်တရားထိန်းသိမ်းမထားဘဲ ရှာလို့ရသည့် စီးပွားဥစ္စာတိုးတက်မှုမှာ ထိုသူအတွက် ရေရှည်တွင် ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်လာမည်ဖြစ်သည်။

လူတိုင်းက မိသားစုအတွက် ဇနီးခင်ပွန်းသားသမီးအတွက် ကိုယ်ကျင့်တရားကိုစတေးကာ အပြစ်ကျူး လွန်ခြင်းကို မိသားစုကောင်းဖို့အတွက် ပေးဆပ်ခြင်းဟု လွဲမှားစွာ ဂုဏ်ယူချင်တတ်ကြသည်။အမှန်တကယ်က မိသားစုနှင့် ဆွေမျိုးမိဘမှာ ထိုအကျိုးဆက်ကို မကျူးလွန်ပါဘဲ ဆက်ခံရသဖြင့် သူယုတ်မာ၏သားသမီးဆွေမျိုးအဖြစ်ခံရတာ အလွန်ဝမ်းနည်းစရာကောင်း သည့်အဖြစ် ဖြစ်သည်။

သူတို့လေးတွေမှာ ယုတ်မာသည့်၊ ကိုယ်ကျင့်တရားဖောက်ဖျက်သည့်၊ ဆိုးဝါးသည့်လုပ်ရပ်ဖြင့် အပူစာရှာ ကျွေးခဲ့သည့် မိဘကြောင့် ဘိုးဘွားကြောင့်  အသက်ရှင်နေပါလျက် အသက်သေသည်နှင့်မခြား လူ့လောကတွင် ခံစားကြရလေသည်။စဉ်းစားသင့်သည်မှာ မိမိလုပ်ရပ်ကြောင့် မိမိသားသမီးမြေးမြစ်တွေ အချိန်တိုင်း အသက်ရှင်နေသမျှ လူတော့မတိုးသလို အချိန်တိုင်း မိမိက ငရဲပေးသလို အကုသိုလ်ပေးနေသလို လုပ်မိနေမလားဆိုတာ မလုပ်သင့်သည့်အလုပ်ကို လုပ်မည်ကြံတိုင်း စဉ်းစားသင့်ပေသည်။

မိဘတစ်ယောက်သည် ဥစ္စာဓနရှာဖွေရာတွင် မျက်စိနှစ်လုံးဖြင့် ရှာရမည်ဖြစ်သည်။စီးပွားရေးမျက်စိ၊ ဓမ္မမျက်စိဖြင့်ရှာရန် အရေးကြီးသည်။သူတောင်းစားပဲဖြစ်ဖြစ်၊အရာရှိကြီးပဲဖြစ်ဖြစ်၊ သူဌေးသူကြွယ်ပဲဖြစ်ဖြစ် စီးပွားရှာရာတွင် တိုးတက်မှုရှာရာတွင် မတရားမှုကိုပယ်ပြီး တရားသဖြင့် မိသားစုအတွက် စေတနာထားလုပ်ဆောင်သင့်သည်ဟု ထင်ပါသည်။

သို့မှ အပူစာကိုမရှာသည့် မိမိကြောင့် မိမိသားသမီးနှင့် မိသားစုအတွက် ယခုရော နောင်ပါ မိဘအစစ်ဖြစ်ပါမည်။ “အရိပ်စစ်” ဖြစ်မည် ဖြစ်သည်။

ဖြိုးဝေလှ
ဩဂုတ် - ၄