【 ဆောင်းပါး 】 “အပူစာ”

【 ဆောင်းပါး 】 “အပူစာ”

မကြာသေးမီက ကပ်ဘေး၏ ဆိုးဝါးသောအခြေအနေအပိုင်းအခြားသို့ ကံမကောင်းအကြောင်းမလှစွာ မြန်မာနိုင်ငံသားတွေ ခံစားရောက်ရှိခဲ့ရသည်။ကူရာကယ်ရာမဲ့သော အခြေအနေတစ်ခုအောက်သို့ ကာလအပိုင်းအခြားတစ်ခုရောက်ရှိနေချိန်တွင် လူတွေ၏စိတ်ရင်းစိတ်မှန်ကို သိလိုက်ရသလို ဖုံးကာထားသည့် မျက်နှာတွေအောက်မှ ယုတ်မာသော စိတ်ဓာတ်တွေနှင့် အတွင်းစိတ်တွေကို မြင်ရသည်။ယခုလိုအချိန်ကာလတွင် လူပုဂ္ဂိုလ် အဖွဲ့အစည်းအချို့၏ အပေါ်ယံမျက်နှာဖုံးမှာ ကွာကျသွားခဲ့သလို လူအများအတိဒုက္ခရောက်နေသည့်အချိန်တွင် ဘယ်သူဘာဖြစ်ဖြစ် ငါချမ်းသာဖို့ ငါအဆင်ပြေဖို့ ဒါကအခွင့်အရေးပဲဟု ယူဆကာ ဝိသမလောဘဖြင့် ကိုယ်ကျိုးရှာခဲ့ကြသူများကြောင့် လူအသက်တစ်ချောင်း မသေသင့်ဘဲ သေရသည်များကို စိတ်နှလုံးမချမ်းမြေ့ဖွယ် မြင်တွေ့ ကြားသိခဲ့ရသည်။လူကမွေးပါလျှက် လူလို့ပင်မခေါ်ထိုက်သည့်သူတွေကို ဒီကာလတွင် အစုလိုက်အပြုံလိုက် တွေ့လိုက်ရသည်က ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် ထိတ်လန့်ဖွယ်ဖြစ်သလို ကိုယ်ကျင့်တရားကို ခါးဝတ်ပုဆိုးဆိုသလို လိုက်နာကြသည့် ဘာသာတရားကို ရိုးရိုးသားသား ယုံကြည်ကြသူများအတွက် သက်ဝင်ယုံကြည့်သည့် အယူဝါဒအပေါ် သံသယဖြစ်သည့်အထိပင် ရိုက်ခတ်မှုကြီးမားခဲ့သည်။

“မကောင်းတာလုပ်လျှင် မကောင်းတာခံရမည်” ဆိုသည့် တစ်သက်တာလုံး စွဲမြဲစွာယုံကြည်ထားမှုက ယခုကာလအတွင်း ပြိုကျခဲ့သည်များလည်းရှိခဲ့သည်။ကောင်းသောအလုပ်အကိုင်ဖြင့် ကိုယ်ကျင့်တရားထိန်းခဲ့သူတို့အဖို့ ဒုက္ခကို ခါးစည်းခံရသလောက် ကိုယ်ကျင့်တရားမကောင်းပဲ ဘယ်အရာမဆို တရားသည် မတရားသည် မစဉ်းစား လူတကာအပူကိုချနင်းကာ အမြတ်ထုတ်သူတို့ အောင်ပွဲခံစံစားနေသည်ကို မြင်ရသည့်အခါ ကိုယ်လက်ခံကျင့်သုံးနေသည့် ကောင်းသောအလုပ်အကိုင် (ဝါ) သမ္မာအာဇီ၀အလုပ်ဖြင့် အသက်မွေးခြင်းက မှန်ကန်သည့်လုပ်ရပ် ဟုတ်မှဟုတ်ပါလေစဟု သံသယရှိမှုများလည်း ဖြစ်လာခဲ့သည်။

လောကတွင် ကောင်းသောအသက်မွေးခြင်းနှင့် မကောင်းသောအသက်မွေးခြင်းဆိုပြီး အသက်ရှင်သန်နေထိုင်ဖို့အတွက် လုပ်ကိုင်ရသည့် အသက်မွေးခြင်းအပေါ် ဗုဒ္ဓဘာသာဝင်တို့ ခွဲခြားသတ်မှတ်ထားကြသည်။ကျမ်းစာအလိုအရဆိုလျှင် ကောင်းသောအသက်မွေးခြင်းကို "သမ္မာအာဇီဝ" ဟု ခေါ်ဆိုပြီး မကောင်းသောအသက်မွေးခြင်းကို "မိစ္ဆာဇီဝ" ဟု ခေါ်ဆိုကြသည်။

အလွယ်ဆိုရလျှင် "သမ္မာအာဇီဝ" ဆိုသည်မှာ ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော "အသက်မွေးမှု" ဟု နားလည်ထားကြသည်။ "တရားသဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှု" မျိုးကို "သမ္မာအာဇီဝ" ဟု ဆိုခြင်းဖြစ်၏။ဆိုရသော် "မိစ္ဆာဇီဝ" အလုပ်များဖြစ်သည့် "မုဆိုး၊ တံငါ" အလုပ်များဖြင့် သူ့ "အသက်" ကို သတ်ဖြတ် ကာ အသက်မွေးရသည့် "ပါဏာတိပါတာမှု" ၊ "သူခိုး၊ ဓားပြ" လုပ်၍ ပစ္စည်းရှာဖွေရသော "အဒိန္နာဒါနမှု" ၊ "သူတပါး၏ပစ္စည်းဥစ္စာ" ကို ရယူ၍ "ကာမဂုဏ်"ဖျက်စီးရသော "ကာမမှု" ၊ "မတရားရှေ့နေ၊ မတရားသက်သေ" လိုက်၍ဖြစ်စေ၊ "လိမ်လည်လှည့်ပတ် ရောင်းဝယ်" ၍ ဖြစ်စေ ပစ္စည်းဥစ္စာရှာဖွေရသော "မုသာဝါဒမှု" ၊ "ပစ္စည်းဥစ္စာ" ရအောင် "ရန်" တိုက်ပေးရသော"ပိသုဏဝါစာမှု" ၊ "ကွက်စိပ်၊ စာပြော၊ လူပြက်" အလုပ်တို့ဖြင့် "မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီဇာတ်ဝတ္ထုများ" ကို ပြောဆိုသော "သမ္ဖပ္ပလာပမှု" များကို လုပ်ကိုင်မှု ရှောင်ကြဉ်ရခြင်းဖြစ်သည်။

ထိုထဲတွင်ဆိုးဝါးသည်က  "ဓား၊ လှံ၊ သေနတ်၊ ပိုက်ကွန်" စသည့် "လက်နက်များရောင်းချမှု" ၊ "လူ" သတ္တဝါကို "သွေးဆောင်ခေါ်ယူ" ကာ "ကျွန်" အဖြစ်၊ "ပြည့်တန်ဆာ" အဖြစ် ရောင်းချသည့် "လူကုန်ကူးမှု" ၊ "နွား၊ ကျွဲ၊ ဝက်၊ ဆိတ်၊ ကြက်၊ ငှက်" စသည်တို့ကို မွေးမြူ၍ "သတ်ဖြတ်ရောင်းချမှု" ၊ "ထန်းရည်၊ အရက်၊ ဘိန်း" စသည့် "မူးယစ်ဆေးဝါးရောင်းချမှု" ၊ သတ္တဝါကိုသေစေနိုင်သည့် "အဆိပ်" စသည် "ရောင်းချမှုများ" ၊ "မြင်းလောင်း၊ နွားလောင်း၊ ကျွဲတိုက်၊ ကြက်တိုက်၊ ဖဲရိုက်ကာ "လောင်းကစားအမှုများ" ဖြင့် "ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများ" တို့ ဖြစ်သည်။

ထိုသို့အသက်မွေးမှုများထဲ ယခုချိန်တွင် တစ်ချို့အလုပ်များက လူတိုင်းအတွက် သမ္မာအာဇီ၀အလုပ်သဖွယ် ခေတ်အခြေအနေအရ လက်ခံလာကြသလို သူတပါးအပေါ်မကောင်းပြောခြင်း၊ မကောင်းသောအလုပ်အကိုင်များ လုပ်ကိုင်ရခြင်းမှာလည်း ခေတ်စနစ်၏ ခြိမ်းခြောက်မှုနှင့် လူတွေ၏ လတ်တလောအဆင်ပြေမှုရှေးရှုကာ အများမိုးခါးရေသောက်သဖြင့် လိုက်သောက်ရပေးသလို လက်ခံပေးလိုက်ကြရသဖြင့် လုပ်ရိုးလုပ်စဉ်အလုပ်သဖွယ် ယနေ့ခေတ်တွင် လက်ခံလာခဲ့ရသည်။ယနေ့ ကပ်ဘေးတွေနှင့်ကြုံရသည့် ခေတ်ကာလတွင်တော့ ယခင်အခြေအနေမှ တောရိုင်းဝါဒဖြစ်သည့် တိရစ္ဆာန်များတွင်သာကျင့်သုံးသည့် နိုင်သူစားစတမ်းဝါဒက  လူသားဝါဒဆိုသည့် လူ့ကျင့်ဝတ်နှင့်အညီနေထိုင်ရသည့် စည်းမျည်းစည်းကမ်းများအပေါ် အနိုင်ယူလာခဲသည်ကို တွေ့လာရသည်။မရှိမဖြစ်လိုအပ်သည့် ဆေးဝါးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို မတန်တဆစျေးဖြင့် စျေးတင်ရောင်းချခြင်း၊ လူတွေအသက်ဘေးသင့်ချိန် လည်စင်းခံရသည့်အချိန်တွင် လူ့အသက်ကိုအကြပ်ကိုင်ကာ လိုသည်ကိုရယူဝံ့သည်အထိ အမြတ်ထုတ်ဝံ့လာသည်အထိ လူသားဂုဏ်သိက္ခာကိုချနင်းဝံ့သည်အထိ ရဲတင်းလာကြ၊ လူ့စည်းကိုဖောက်ဖျက်လာကြသည်အထိ ဖြစ်လာခဲ့သည်။  

ဆိုရလျှင် လူတကာမျက်ရည်ဖြင့် စီးပွားရှာကြသည့် အောက်တန်းကျသည်ထက်ပိုသော လူ့အောက်တန်းစားများဟု ခေါ်ရမလိုပင်။ဒီလိုခေါ်သည်ပင် ထိုသို့သောအောက်တန်းစားများအတွက် သူတို့ကိုချီးမြှောက်ပြီးခေါ်သည်ဟု ဖြစ်နေမည်လား တွေးမိရသည်အထိ လုပ်ရပ်တွေက ယုတ်ညံ့လှသည်။တကယ်က ကိုယ်စားသော ထမင်းတစ်လုတ်က  သူတစ်ပါး၏မျက်ရည်နှင့် ဘ၀ကို ချနင်းပြီးမှ ရလာသည်ဆိုတာကို ထိုသူတွေမေ့နေကြသလား၊ သိရဲ့နှင့်စားနေကြသလားဆိုတာ မေးစရာဖြစ်သည်။

အသိဉာဏ်ရှိသော လူသားတစ်ယောက်အနေနှင့် ကိုယ်စားသည့် ထမင်းလုတ်သည် အပြစ်ကင်းစွာဖြင့်စားရသည့် ထမင်းလုပ်လား၊ အပြစ်မကင်းသည်အလုပ်ဖြင့်စားရသော ထမင်းလုပ်ဟုတ်သလားဆိုတာ ဆင်ခြင်ဖို့လိုမည်။ထိုသို့အပြစ်ကင်းခြင်း၊ မကင်းခြင်းကို စဉ်းစားဆင်ခြင်နိုင်သောဉာဏ်ဆိုသည်မှာလည်း မျှတပြီး လူပီသသည့် အတွေးအခေါ်ရှိသည့် လူ့အသိုက်အဝန်းတွင် ကြီးပြင်းခဲ့ဖို့လိုသည်။လူပီသသည့်အတွေးအခေါ်ရှိဖို့ဆိုသည်မှာလည်း လုပ်သင့်၊ မလုပ်သင့်ဆိုသည့် သံသရာနှင့်ယှဉ်ကာ စဉ်းစားနိုင်သည့် အသိဉာဏ်လိုသည်။ဆိုရလျှင် အစဉ်အဆက် မိဘဘိုးဘွားက သမ္မာအာဇီ၀အလုပ်အကိုင်နှင့် အသက်မွေးလာသူများတွင်သာ ထိုသို့စောကြောနိုင်သည့်ဉာဏ်၊ ဆင်ခြင်နိုင်သည့်ဉာဏ်ရှိလိမ့်မည်ဖြစ်သည်။

ကောင်းသည့်နေရာ ကောင်းသည့်အဝန်း၀ိုင်းတွင် ကြီးပြင်းခဲ့သည့်သူတိုင်း ကိုယ်လုပ်သည့်အလုပ်အပေါ် ဒွိဟစိတ် (ဝါ) သံသယစိတ်ကင်းပြီးဖြစ်သဖြင့် စိတ်ဖြောင့်ဖြောင်လုပ်နိုင်ပြီးသားဖြစ်သည်။ဒီနေရာတွင် ကောင်းသည့်နေရာ ကောင်းသည့်အဝန်း၀ိုင်းဆိုသည်မှာ ငွေကြေးအရဆိုခြင်းမဟုတ်။ကိုယ်ကျင့်တရားကိုဆိုလိုခြင်းဖြစ်သည်။အချို့မှာ အခြေအနေအရ သမ္မာအာဇီ၀နှင့်ကင်းကွာပြီး လုပ်နေရသော်လည်း စိတ်အခံကောင်းသဖြင့် ကိုယ်ကျင့်တရားအတတ်နိုင်ဆုံးကောင်းအောင်နေကြသူလည်း ရှိကြသည်။ထိုသို့သောသူများမှာ မိစ္ဆာဇီဝအလုပ်တွင် လုပ်နေကြရသော်လည်းအခြေအနေပေးသည်နှင့်  သမ္မာအာဇီ၀အလုပ်အကိုင်ဘက်သို့ ပြောင်းလာကြသည်။ထိုသို့သောသူများကို အရပ်သုံးအပြောဖြင့်ပြောရလျှင် “ဒီလူက လူဆိုး ဆိုပေမယ့် မျှတတယ်” ဆိုသလိုပင်။မစင်ပုံမှ ကြာပွင့်သလို။

တချို့ကတော့ ဒီလိုမဟုတ်။ကောင်းမွန်သည့် အလုပ်အကိုင်၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်နေရသော်လည်း တကယ့်ကျဉ်းထဲကျပ်ထဲရောက်လာသည့်အခါ မူရင်းအခြေခံမကောင်းသည့် တိရစ္ဆာန်စိတ်ပေါက်လာကာ တိရစ္ဆာန်လို ပြုမူကြသည်။ပြောရလျှင် အပူစာ စားကြခြင်း၊ စားရက်ကြခြင်းက အခြေအနေနှင့်မဆိုင်၊ အခြေခံအသိုင်းအ၀ိုင်းနှင့်မဆိုင် ထိုသူ၏ ကိုယ်ကျင့်တရားကောင်းခြင်း၊ မကောင်းခြင်းနှင့် အဓိကသက်ဆိုင်သည်ဟု ပြောရမလိုပင်။  

ကိုယ်ကျင့်သီလကောင်းခြင်း (Morality) မှာ  လူတို့တွင် မရှိမဖြစ်လိုအပ်သော ဂုဏ်တစ်ရပ်ဖြစ်သည်။ကိုယ်ကျင့်သီလကောင်းခြင်းသည် အကောင်းဆုံးဝါဒဖြစ်သည် ရိုးသားဖြောင့်မတ်စွာကျင့်ကြံရာ၏။ကိုယ်ကျင့်သီလကောင်းခြင်းသည် ဗုဒ္ဓဘာသာတွင် လွန်စွာအရေးကြီးသော အရည်အချင်းတစ်ရပ်လည်းဖြစ်သည်။သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊ နှုတ်၊ စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပါယ်ရသည်။

ဆိုသည်က ယခုကာလတွင် ကိုယ်ကျင့်တရားကောင်းခြင်း၊ မကောင်းခြင်းကို သိသာထင်ရှားစွာမြင်ရသကဲ့သို့ ဘယ်သူက မကောင်းသည့်စိတ်ဖြင့် လုပ်ကိုင်နေကြသည်ကိုလည်း ရှင်းရှင်းလင်းလင်းမြင်ရသည့်အချိန်လည်းဖြစ်သည်။လူတွေမျက်ရည်ဖြင့် ဖြစ်တည်လာသည့် အပူစာကို စားရဲ၊ စားရက်ကြသည့် သံသရာမကြောက်သည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို  မြင်ရသည့်အခါ လားရာလမ်းကြောင်းတွေမတူခြင်းက အတွင်းစိတ်ခံမတူကြခြင်းဟု သိမြင်လာနေကြပြီဖြစ်ပြီ။လူငယ်တွေပြောသလို “ကြောင်ကြာကြာ ရေမငုပ်ဆိုသလို” ဆိုသည့် စကားလို ဘယ်သူက ဘာလဲဆိုတာကို ယခုမြင်နေရပြီဖြစ်သည်။ထို့အတွက် ကိုယ့်ကောင်းမွန်သည့် ဆောက်တည်မှုကို ဖျက်စရာမလိုပဲ သူတို့အကုသိုလ်နှင့် သူသွားလိမ့်မည်ဟု နှလုံးသွင်းဖို့လိုမည်ဟု ယူဆမိသည်။

ဖြိုးဝေလှ
သြဂုတ် - ၁၈