【 ဆောင်းပါး 】 “အပြင်ထွက်ပြီး ရှုံးနိမ့်ကြည့်လိုက်ပါ”

【 ဆောင်းပါး 】 “အပြင်ထွက်ပြီး ရှုံးနိမ့်ကြည့်လိုက်ပါ”

ဒီဆောင်းပါးမှာ ဂျက်ဖ်ကီလာ အဓိကပေးချင်တဲ့ မက်ဆေ့ချ်က အပြင်ထွက်ပြီး ရှုံးနိမ့်ကြည့်လိုက်ပါတဲ့။

အဲဒီလို စိတ်ထဲကို တင်းကနဲဖြစ်သွားစေမယ့် စကားနဲ့ဖွင့်လိုက်ပြီးတဲ့နောက် ကမ္ဘာကျော်အဆိုအမိန့်တစ်ခုနဲ့ ထပ်မဲတင်းလိုက်တာက … နောက်ထပ် သူပေးတဲ့မက်ဆေ့ချ်က ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းသို့ သွားရာလမ်းမှာ မလွဲမသွေ တွေ့ဆုံကျော်လွှားရတဲ့ အောင်မြင်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပါတဲ့။

တကယ်တော့ လူဆိုတာ အကြိမ်ကြိမ်ရှုံးနိမ့်ခြင်းနဲ့ ငယ်စဉ် ကလေးဘဝထဲက ရင်ဆိုင်ခဲ့ဖူးပြီး၊ ရှုံးနိမ့်ခြင်းကပေးခဲ့တဲ့ သင်ခန်းစာနဲ့ အောင်မြင်ဖြတ်ကျော်ခဲ့ပြီး အဲဒါရဲ့ ချိုမြိန်တဲ့ အောင်နိုင်ခြင်းအရသာကို သိပြီးဖြစ်နေကြတာပါ။အဲဒါကို ပေါ်လွင်အောင် ငယ်ငယ်တုန်းက ကျွန်တော်တို့ စက်ဘီးသင်ခဲ့ တတ်မြောက်ခဲ့တာနဲ့ ဥပမာပေးခဲ့တာဟာ သဘောကျစရာတစ်ခုပါပဲ။နောက်ထပ် အကြိမ်ကြိမ်ရှုံးနိမ့်မှုကြားက မဆုတ်မနစ်ကြိုးစားပြီး အံ့မခန်းအောင်မြင်ကြသူတို့ရဲ့ နယ်ပယ်အသီးသီးက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ၊ ကမ္ဘာကျော် အဆိုအမိန့်တွေနဲ့ လမ်းညွှန်ပြီး စိတ်တက်ကြွအားတက်အောင် တင်ပြထားတာက တော်တော်စိတ်ဝင်စားစရာ၊ တက်ကြွနည်းယူစရာ ကောင်းလှပါတယ်။

          ဆက်လက်ဖတ်ရှုကြည့်ကြရ‌အောင်ပါ။

•    သူမဟာ ခရက်ဒစ်ကဒ် အကြွေးတွေကို ၂၆ နှစ်ကြာ မပေးနိုင်ခဲ့ပါ။သူမ ဟာ ၂၅ ခါ အလုပ်ရှာခဲ့ရတယ်။သူမဟာ အလုပ်ကနေ ၁၈ ခါ အထုတ်ခံခဲ့ရတယ်။
•    သူမဟာ ၂၆ နှစ် အလုပ်လုပ်ခဲ့ပြီးမှ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၂,၀၀၀ ရရှိလာခဲ့တယ်။
•    သူမ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၂,၀၀၀ မရခင် ၂၆ နှစ် အလုပ်လုပ်ခဲ့ရတယ်။
•    သူမဟာ ရံဖန်ရံခါ ထမင်းစားကဒ်ပြားနဲ့ အသက်ဆက်ခဲ့ရပြီး ကားပေါ်မှာ အိပ်ခဲ့ရတယ်။
•    ဒီစာအုပ်က အောင်မြင်ရေးအကြောင်းရေးတာဆိုပြီး၊ ဘာလို့များ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ထပ်ခါတလဲလဲ တကျီကျီပြောနေပါလိမ့်လို့ သင်တွေးကောင်းတွေးနေလိမ့်မယ်။

ဘာကြောင့်လဲဆိုတာ ကျွန်တော်ပြောပြပါမယ်။အပေါ်ကပြောပြတဲ့  “ရှုံးနိမ့်ခြင်း” က TV စကားပြောခန်းအစီအစဉ်နဲ့ လူသိများတဲ့ တင်ဆက်သူ အမျိုးသမီး ဆယ်လီဂျက်စီရာဖဲလ်ကို ပုံဖော်နေတာဖြစ်လို့ပါပဲ။

သင်တွေ့တဲ့အတိုင်းပဲ သူမဟာ အကြိမ်ကြိမ် ပက်လက်လန်အောင် ရှုံးနိမ့်ခဲ့ပေမယ့် သူမကလေးဘဝတည်းက မက်ခဲ့တဲ့ ရုပ်သံလွှင့်တင်ဆက်သူဖြစ်ချင်တဲ့ အိပ်မက်ကို လက်လျှော့ဖို့ ငြင်းဆန်ခဲ့ပါတယ်။သူမဟာ သူမအောင်မြင်မချင်း အထပ်ထပ်အခါခါရှုံးနိမ့်ခြင်း၊ အကြိမ်ကြိမ်အခါခါရှုံးနိမ့်ခြင်းကို လိုလိုလားလား လက်ခံခဲ့လို့ပါပဲ။ဆယ်လီဂျက်စီရာဖဲလ်ဟာ ဝင်ငွေ ဒေါ်လာသန်းချီရရှိပြီး အောင်မြင်တဲ့ TV အလုပ်ကို နှစ်ရှည်လများ ပျော်ရွှင်စွာလုပ်ကိုင်နိုင်နေခဲ့ပါပြီ။အဲဒါက ဘာကြောင့်လဲဆိုတော့ သူမဟာ နှစ်ရှည်လများ ရှုံးနိမ့်ခဲ့တဲ့ကြားကနေ မြင့်မားတဲ့ စိတ်နေသဘောထား ထားရှိခဲ့လို့ဖြစ်ပါတယ်။

          အစပိုင်းတုန်းက

ဘာကြောင့် ဆယ်လီဂျက်စီရာဖဲလ် လို အမျိုးသမီးတစ်ယောက်ဟာ ၂၆ နှစ်လောက် ရှုံးနိမ့်မှုဒဏ်ကို ကြံ့ကြံ့ခံပြီး ဆက်လျှောက်လှမ်းလာနိုင်ခဲ့တာလဲ။သင့်ငယ်ဘဝကို သင်ပြန်ကြည့်မယ်ဆိုရင် သင် ဒါကိုသ‌‌ဘောပေါက် သိမြင်လာနိုင်မှာပါ။သင်ကိုယ်တိုင်လည်း ထပ်ခါတလဲလဲ ကျဆုံးမှုတွေရဲ့ မျက်နှာစာမှာ ကြီးကျယ်တဲ့ နာလန်ထူခြင်းကို လုပ်နိုင်ကြောင်း သရုပ်ပြခဲ့ပြီးပါပြီ။

စက်ဘီး အစီးသင်ခဲ့တာကို မှတ်မိမယ် မဟုတ်လား။သင်က အစမှာ လေ့ကျင့်ရေး ဘီးအကူလေးတွေနဲ့ သင်ခဲ့ရတာ ဖြစ်ကောင်းဖြစ်မယ်။အဲဒီ ဘီးအကူလေးတွေကို ဖြုတ်လိုက်တဲ့အခါ တည့်မတ်အောင်ထိန်းဖို့ တော်တော်ခက်တာကို တွေ့လာရမယ်၊ သင်ယိုင်လဲမသွားပဲ မတ်မတ်စီးနိုင်ဖို့ အသည်းအသန်ကြိုးစားရမယ်၊ အကြိမ်နည်းနည်းလဲကျတာမျိုးကြုံရလို့ ပွန်းပဲ့ထိခိုက်တာရှိမယ်။အဲဒါက သင်ဘဝ စောစောပိုင်းမှာ သင်ယူခဲ့ရတဲ့ ရှုံးနိမ့်ခြင်း သင်ခန်းစာပါပဲ။သင်စက်ဘီးစီးလေ့ကျင့်နေတုန်းမှာ သင့်မိဘတစ်ဦးဦးက သင့်ဘေးက အပြေးလျှောက်ပြီး ဘာလုပ် ညာလုပ် ဘယ်လိုလုပ်ဆိုတာတွေ အော်ပြီးညွှန်ကြားမယ်၊  သင်လဲကျလုလု ယိုင်တဲ့အခါမှာ ပြန်တည့်ပြီး ငြိမ်အောင် ဖမ်းထိန်းပေးမယ်၊ သင်ကြောက်ပေမယ့် ပျော်လည်းပျော်နေမယ်ပေါ့။
သင်အောင်မြင်လာမယ့် အချိန်တွေကို မျှော်မြင်ကြည့်နေမယ်၊ သင်ကိုယ်တိုင် အကူမပါဘဲ လွတ်လွတ်လပ်လပ် စီးနိုင်မယ့် အချိန်တွေကို မြင်ယောင်ကြည့်နေမယ်ပေါ့၊ အဲဒီတော့ သင် နေ့တိုင်း အဆက်မပြတ်စီးကျင့်မယ်၊ နောက်ဆုံးတော့ သင်က စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် စီးလာနိုင်တော့တာပေါ့။

စက်ဘီးစီးသင်တာကနေ ဒီလိုအောင်မြင်မှုကြီးရလာအောင် ဘယ်အရာက တွန်းပို့လိုက်တာလဲ။ဟုတ်တယ်၊ အဲဒါက မဆုတ်မနစ်လုပ်ဆောင်မှုနဲ့ မနှစ်မြို့စရာရလဒ်ချည်းပဲ ခဏခဏဖြစ်ခဲ့သည့်တိုင်အောင် အကြိမ်ကြိမ်အဖန်ဖန်လုပ်ခဲ့တာရဲ့ အကျိုးရလဒ်ဆိုတာ အသေအချာပါပဲ။ဘယ်လောက်ကြာကြာလုပ်ရလုပ်ရ ဖက်တွယ်ပြီး လုပ်ခဲ့လို့ပါပဲ၊ နောက်ပြီး သင်က သင့်အောင်မြင်မှုရဖို့အတွက် လုပ်ရမယ့်ကိစ္စကို စိတ်အားထက်သန်စွာ လုပ်ခဲ့လို့ပါပဲ၊ ပန်းတိုင်ကို ချက်ခြင်းပေါက်မြောက်အောင်မြင်ချင်တဲ့ စိတ်စောနေခဲ့လို့ပါပဲ။နောက်ဆုံးပြောပြချင်တာကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ အားပေးအားမြှောက်ပြုခြင်းရဲ့ အကျိုးကျေးဇူးကို လျှော့မတွက်လိုက်နဲ့ဆိုတာကို သိစေချင်တာပါ။သင့်မိဘတွေက သင့်ဖက်မှာ အမြဲရှိပြီး သင့်ကို ပံ့ပိုးပေးမယ်ဆိုတာရယ်၊ သင့်အောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာရယ်ကို သင်ကောင်းကောင်းသိနေခဲ့တာပါ။

ခြောက်နှစ်သားလေးတစ်ယောက်ဖြစ်တဲ့ သင့်အနေနဲ့ စက်ဘီးသင်ရတာရဲ့အပေါ်မှာ သင်ဟာ အကောင်းမြင်စိတ်၊ လှုပ်ရှားတက်ကြွစိတ်နဲ့ စိန်ခေါ်မှုကို တုံ့ပြန်ချင်တဲ့စိတ်တွေ ပြည့်နေတယ်။အထပ်ထပ်ကြိုးစားဖို့ မဆုတ်မဆိုင်းပဲဖြစ်နေတယ်။နောက်ဆုံးမှာ ကောင်းကောင်း ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်မယ်ဆိုတာ သင်သိနေတယ်။ဒါပေမဲ့ အဲဒါက ကြာခဲ့ပါပြီ။

          မနေ့ကနဲ့ ဒီနေ့

ကဲ အခု အရွယ်ရောက်သူတစ်ယောက်ရဲ့ တတ်ကျွမ်းမှုအသစ်ရှိလာဖို့အတွက် ဘယ်လိုချဉ်းကပ်တယ်ဆိုတာ စိစစ်ကြည့်ရအောင်။သူတို့ က အကောင်းမြင်စိတ်၊ လှုပ်ရှားတက်ကြွစိတ်နဲ့ စိန်ခေါ်မှုကိုရင်ဆိုင်ဖို့ ပယ်ပယ်နယ်နယ် တုန့်ပြန်ချင်တဲ့စိတ် ဖြစ်နေတယ်လို့ သင်ပြောနိုင်မလား။အဖြေက “နိုးပါ” ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ သိနေတယ်မလား။လူငယ်တစ်စုကို ကျွန်တော်တို့က ဆော့ဖ်ဝဲလ်အသစ်တစ်ခုကို လေ့လာဖို့ ဒါမှမဟုတ် ကုမ္ပဏီထဲက အခြားတာဝန်တစ်ခုမှာ ပြောင်းလုပ်ဖို့ ပြောကြည့်တယ်လို့ စိတ်ကူးကြည့်ရအောင်။သူတို့ ဘယ်လိုတုံ့ပြန်ကြမယ်ထင်သလဲ။

သူတို့ ရအောင်ရှောင်ကြမယ်။သူတို့ ညည်းညူမယ်။သူတို့ ဘာကြောင့်မလုပ်သင့်ဘူးဆိုတဲ့ ဆင်ခြေမျိုးစုံပေးမယ်။သူတို့ လုပ်နိုင်ပါ့မလားလို့ မယုံမရဲဖြစ်မယ်။သူတို့ ကြောက်စိတ်ဖြစ်မယ်။

ခွန်အားအပြည့်ပါတဲ့ တက်ကြွမှုနဲ့ စွန့်စားချင်တဲ့စိတ်တွေ ပြည့်လျှံနေတဲ့ ခြောက်နှစ်သားလေးတစ်ယောက် ဘယ်လိုဖြစ်သွားတာလဲ။အဲဒီကလေးက ဘယ်လိုဖြစ်လို့ အသစ်တစ်ခုခု သင်ယူဖို့ ညည်းတွားတွန့်ဆုတ်တတ်တဲ့ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲကြီးပြင်းသွားရတာလဲ။အသက်ရလာတာနဲ့အမျှ ကျွန်တော်တို့အများစုဟာ သူများကိုယ့်အပေါ်မြင်မယ့် အမြင်ကို ဂရုစိုက်တတ်လာတယ်။တွန့်ဆုတ်နေတာကများလာတယ် ဘာကြောင့်လဲဆိုတော့ သူများက သူ့ကိုဟားမှာ၊ ဝေဖန်မှာ စိုးရိမ်လို့ပါပဲ။

ခြောက်နှစ်သားဘဝတုန်းက ကျွန်တော်တို့ဟာ စက်ဘီးပေါ်ကနေလဲကျမယ် နောက်ပြန်ထ ပြန်ကြိုးစားပြီးလုပ်ရင် ကျွမ်းကျင်မှုအသစ်ကို ရလာမယ်ဆိုတာ သိနေခဲ့တယ်။စက်ဘီးပေါ်က လဲကျတာဟာ ဆိုးတဲ့အဖြစ်မဟုတ်ဘူးလို့ စဉ်းစားခဲ့တယ်။ဒါပေမဲ့ အသက်ရလာတဲ့အခါကျ လဲကျရှုံးနိမ့်တာဟာ အဖြစ်ဆိုးတစ်ခုလို့ ကျွန်တော်တို့ ခံယူလာခဲ့ကြတယ်။ဒါဟာ ကိုယ့်ပန်းတိုင်ကို အရောက်လှမ်းဖို့ သွားရာလမ်းမှာ မလွဲမသွေကြုံလာရမယ့် အဖြစ်တစ်ခုပဲလို့ မခံယူနိုင်ကြတော့ဘူး။

အရှေ့ကဆောင်းပါး (သင့်ကြောက်စိတ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် တိုးတက်မှုရယူပါ။) မှာ ပြောပြခဲ့သလို အသစ်တစ်ခုကို ကြိုးစားကြည့်တဲ့အခါ သက်တောင့်သက်သာ မရှိတာတွေနဲ့ ကြုံလာနိုင်ပါတယ်။ကြောက်စိတ်တောင် ဝင်လာနိုင်ပါတယ်။ကိုယ်သွားရမယ့် ပန်းတိုင်ကို မမှိတ်မသုန်ကြည့်ရမယ့်အစား အခြားသူတွေ ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတဲ့အပေါ်မှာ အာရုံစိုက်သွားမိရင် သင့်ဟာ သင့်ကိုယ်သင် သေတွင်းပို့မယ့်ဒုက္ခကို အကြီးအကျယ်ရှာနေတာပဲဖြစ်တယ်။

ကျွမ်းကျင်မှုအသစ်တစ်ခုဖြစ်ထွန်း‌အောင် ကြိုးစားမယ် ဒါမှမဟုတ် အဓိပ္ပာယ်ရှိတဲ့ ပန်းတိုင်တစ်ခုဆီရောက်အောင် သွားတော့မယ်ဆိုရင် ဘာပဲကြုံရကြုံရ ဘာပဲဖြစ်ဖြစ် လုပ်ဖို့လိုတာ လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုး၊ အဆိုးနဲ့ ရင်ဆိုင်လာရရင်တောင်၊ မကြာခဏ မှောက်ရက်ဟပ်ထိုး လဲကျခဲ့ရင်တောင် ဆက်လုပ်မှာပဲဆိုတဲ့ ကတိကဝတ်မျိုးထားဖို့ လိုပါတယ်။

အောင်မြင်တဲ့လူတွေဟာ သူတို့ရဲ့အောင်မြင်မှုဆီ သွားတဲ့လမ်းမှာ ဘယ်လိုရှုံးနိမ့်ကြည့်ရမယ်ဆိုတာ သင်ယူတတ်ကြတယ်။ရှုံးနိမ့်မှုဟာ ပျော်စရာမဟုတ်ပေမယ့် အောင်မြင်မှုအတွက် သွားရာလမ်းမှာ မရှိမဖြစ်လိုအပ်တဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတာ သူတို့ခံယူထားကြတယ်။အတိုချုပ်ပြောရရင် ဘာကိုမဆို ကျွမ်းကျင်ဖို့အတွက် အချိန်ပေးရမယ်၊ ကြိုးစားအားထုတ်မှုနဲ့ စည်းစနစ်ရှိဖို့လိုတယ်။နောက်ပြီး ဘယ်လိုအခက်အခဲမျိုး ကြုံလာပါစေ မဆုတ်မနစ် လိုလိုလားလား ဆက်လုပ်ချင်စိတ်ရှိဖို့လိုပါတယ်။

          ဒီရှုံးနိမ့်မှုတွေက ဒေါ်လာသန်းချီ ရှာပေးတယ်

ကျွမ်းကျင်သူ ဘေ့စ်ဘော ကစားသမားတစ်ယောက်ကို နမူနာယူရအောင်။ဒီနေ့ ဒီအချိန်မှာ ၁၀ ခါရိုက် သုံးခါထိတဲ့သူဟာ သူ့လောကရဲ့ ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်နေပြီ၊ တစ်နှစ်ကို ဒေါ်လာသန်းချီရှာနိုင်နေပြီ၊ ဒါက လွဲသွားတဲ့ရိုက်ချက် ၇၀ ရာခိုင်နှုန်းဖြစ်ပါတယ်။သူရိုက်တဲ့အခါတိုင်း ပရိသတ်က သူဒေါသထွက်ပြီး တုန်လှုပ်အောင် လှောင်ပြောင်အော်ဟစ်ကြမှာ သံသယဖြစ်စရာမရှိပါဘူး။ဘေ့စ်ဘောအကြောင်း ပြောကြမယ်ဆိုရင် ၁၉၉၈ ဘေ့စ်ဘောရာသီတုန်းက အခါ ၇၀ ထိအောင်ရိုက်ပြီး ပတ်ပြေးနိုင် (Home Run) ခဲ့တဲ့ စိန့်လူးဝိစ် ကာဒီနယ်က မတ်ခ်မက်ဂွိုင်း ကစားတာကို ကြည့်ရတာ ဘယ်လောက် စိတ်တက်ကြွစရာ ကောင်းလိုက်သလဲ၊ သူက စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။

နောက်တစ်ခု သိသေးလား သူက ၁၉၉၈ တုန်းက ၁၅၅ ကြိမ် ရိုက်ချက်လွဲ (Struck Out) ခဲ့တယ်၊၊သူ့ကစားသမားဘဝတစ်လျှောက်မှာ မက်ဂွိုင်းဟာ ၄၅၇ ကြိမ် ထိအောင်ရိုက်ပြီး ပတ်ပြေးနိုင်ခဲ့ပေမယ့်၊ လွဲချော်တဲ့ ရိုက်ချက်ပေါင်းက ၁၂၅၉ ကြိမ်ရှိခဲ့တယ်။ ဒါက သူအောင်မြင်ခဲ့တဲ့ ပတ်ပြေးမှုပေါင်းရဲ့ သုံးဆဖြစ်ပါတယ်။

ဘတ်စကက်ဘော ကစားသမားတွေထဲက အကျော်ကြားဆုံးတစ်ယောက်ရဲ့ နာမည်ကို ပြောပါဆိုရင် အရင်ဆုံးစဉ်းစားမိတာက ဘယ်သူဖြစ်မလဲ။ကျွန်တော် မှန်းကြည့်တာတော့ သင်တို့အားလုံးရဲ့အဖြေက မိုက်ကယ်ဂျော်ဒန်လို့ပဲ ချက်ခြင်းဖြေကြမယ် ထင်တယ်။ကျွန်တော် သူ့ကိုပဲထောက်ခံမဲပေးတယ်။ကိန်းဂဏန်း စာရင်းလေးတစ်ခု ပြောပြပါရစေ၊ မိုက်ကယ်ဂျော်ဒန်ဟာ ၅၀ ရာခိုင်နှုန်း ဂိုးသွင်းသေချာမှုရှိတယ်။တစ်နည်းပြောရရင် အားကစားသမားဘဝတစ်လျှောက်လုံး သူပစ်သွင်းသမျှ ဘောလုံးတွေရဲ့ တစ်ဝက်က အလွဲတွေချည်းပဲ။ဒီအချက်က သူ့အားကစားကို မတားဆီးနိုင်ခဲ့ပါဘူး။ကျွန်တော်တို့အားလုံး သိခဲ့သလိုပဲ အောင်မြင်ထင်ရှားတဲ့ သရုပ်ဆောင်တွေ၊ ဖျော်ဖြေရေးသမားတွေ၊ လူထုဆက်သွယ်ရေးသမား မီဒီယာတွေဟာလည်း ရှုံးနိမ့်မှုနဲ့ မစိမ်းကြပါဘူး။

သရုပ်ဆောင် တော်တော်များများဟာ ၁၀ နှစ် ၁၅ နှစ်လောက် ရင်းနှီးမြှုပ်နှံခဲ့ရတယ်၊ လက်ရှိနေရာကို ရောက်ရှိစေမယ့် ပထမ‌လှေကားထစ်ပေါ် ခြေလှမ်းမလှမ်းရခင် အကြိမ်ရာပေါင်းများစွာ ငြင်းပယ်ခံခဲ့ရတယ်။အောင်မြင်မှု ဒီဂရီလေး နည်းနည်းတက်လာတဲ့ အနေအထားမှာတောင် ရုံမပြည့်တဲ့ကားတွေ တစ်ခါတရံ ကြုံခဲ့ရပါသေးတယ်။သူကောလိပ်စာမေးပွဲအောင်ခဲ့တဲ့ ညမှာပဲ ဂျယ်ရီစိုင်းဖဲက သူ့ရဲ့ဟာသတင်ဆက်မှုတစ်ပွဲ လုပ်ခဲ့ပါတယ်။နယူးယောက်စီးတီးက ဟာသကလပ် တစ်ခုမှာပါ။သူဂွမ်းခဲ့ပါတယ်။အဲဒီညအကြောင်း ပြောစမ်းပါလို့ဆိုတော့ စိုင်းဖဲက “ကြောက်စရာတော်တော်ကောင်းတယ်၊ ရေနစ်တော့မယ့် ခံစားမှုမျိုးပဲ” လို့ ပုံဖော်ခဲ့ပါတယ်။ဒါပေမဲ့ သူနောက်မဆုတ်ခဲ့ပါဘူး။သူ့ပြက်လုံးထုတ် တင်ဆက်မှုကို ညတိုင်းဆက်လုပ်ခဲ့တယ်။သူက ခက်ခဲကြမ်းတမ်းတဲ့ ငါးနှစ်တာကို ဖြတ်သန်းခဲ့တယ်။အဲဒီနောက် ‌ဂျော်နီကာဆင်က “တူနိုက်ရှိုး” အစီအစဉ်မှာ သူနဲ့အတူတူဖျော်ဖြေဖို့ ၁၉၈၁ ခုနှစ်မှာ ဖိတ်ကြားခဲ့တယ်။သူအကြီးအကျယ် ပေါက်သွားခဲ့ပြီး သူ့ရဲ့ မယုံနိုင်စရာကောင်းအောင် အောင်မြင်တဲ့အလုပ်ဆီ သွားရာလမ်းပေါ်ကို ရောက်ရှိခဲ့တယ်။

အဲဒီအောင်မြင်သူတွေအားလုံး ဥခွံထဲမှာနေနေခဲ့ရတဲ့ ဘဝကနေ သူတို့မျှော်မှန်းခဲ့တဲ့ အောင်မြင်မှုအတိုင်း ကြီးထွားပေါက်ဖွားလာတာဟာ အဆက်မပြတ် မဆုတ်မနစ် အထပ်ထပ်ကြိုးစားခဲ့မှုကြောင့်ပါပဲ။ဆိုလိုတာက သင်ဟာ ပန်းတိုင်ကိုသွားရာတစ်လျှောက်လုံး ဆက်တိုက်ကြိုးစားမယ်၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် မပြတ်တမ်းလုပ်နေမယ်၊ ချိန်ဆထိန်းညှိမှုတွေ အဆက်မပြတ်လုပ်နေမယ်ဆိုရင် အောင်မြင်မယ်ဆိုတာပါပဲ။

လုပ်ရမှာက ရိုးရိုးလေးပါ။ကြုံလာရင် မလွဲအောင်ရိုက်ပါ၊ စိစစ်အကဲဖြတ်မှုတွေ ဆက်တိုက်လုပ်ပါ၊ ဖောက်သည်ဖြစ်လာမယ့်လူတွေဆီ မကြာခဏသွားပါ။

သက်ထွန်း (သျှမ်း)