【 ဆောင်းပါး 】 “အပြောကောင်းတာ ထောင်ချောက်ပါ”

【 ဆောင်းပါး 】 “အပြောကောင်းတာ ထောင်ချောက်ပါ”

ကျူရှင်ဆရာဆိုတာ အပြောကောင်းတဲ့သူလို့ သတ်မှတ်ကြသည်။သို့သော် တကယ်က ကျူရှင်ဆရာတွေထက် ပိုအပြောကောင်းတာက စျေးရောင်းသူတွေဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်က သူငယ်ချင်းတစ်ယောက်ဆီကနေ တစ်ဗူးကို ၃၅၀၀ နှင့် ဝယ်ထားသည့် ကြယ်ပဲကို အသိတစ်ယောက်က တစ်ဗူး သုံးသောင်းဖြင့် အတင်းထိုးရောင်းသည်။ပြီးတော့ သူ့ဆီက ဆေးတွေသောက်ရင် ယခုပဲ ရောဂါကင်းရှင်းပြီး ချက်ခြင်း လူငယ်တစ်ယောက်လိုဖြစ်မတတ်။အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် ပြောလေသည်။တစ်ကယ်လို့သာ တံဆိပ်တူ ကြယ်ပဲဗူးသာမရှိလျှင် ကျွန်တော် သူ့အပြောကို ယုံမိပြီး ဝယ်မိမည်ဖြစ်သည်။ထိုနေ့ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းကာ တစ်ခုမှ မဝယ်ဖြစ်။သူငယ်ချင်းပြန်သွားမှ ကျွန်တော်တွေးမိသည်။
အပြောကောင်းတဲ့သူတွေ မဟုတ်တဲ့ဘက်တွေရောက်သွားရင် တော်တော်ကြောက်ဖို့ကောင်းပါလားဟု…။

စိုက်ပျိုးရေးခြံလုပ်နေသည့် အစ်ကိုတစ်ယောက်က ပိုးသတ်ဆေးရောင်းသူ ကိုယ်စားလှယ်တစ်ဦး အပြောကောင်းပုံကို ပြောပြသည်။ထိုသူက ပိုသတ်ဆေးရောင်းတာ အပြောကောင်းပုံ၊ ဆင်ခြေဆင်လက်ပေးတာကောင်းပုံကို ပြောပြသည်။

အစ်ကိုက မှော်ဘီဘက်မှာ ရာသီသီးနှံတွေကို  ခြံစိုက်စားနေသူဖြစ်သည်။တစ်ကယ်က ပိုးသတ်ဆေးကို အတိုင်းအဆနှင့်သုံးရတာ။သို့သော် တချို့ခြံတွေက ပိုးမကျအောင် ပေါင်းသင် မြက်သင် မှိုင်းတိုက် ဒါတွေမလုပ်ဘဲ အလွယ်လိုက်ကာ ပိုးသတ်ဆေးကိုသာ တရစပ်သုံးသည်။တရစပ်ဆိုသည်မှာ အဆိုပါပိုးသတ်ဆေးသည် (၁၂) နာရီ အစွမ်းသတ္တိရှိသည်ဆိုပါစို့၊ ထို (၁၂) နာရီပြည့်သည်နှင့်  နောက်တစ်ကြိမ်ပြန်ဖျန်း၏။ထို့နောက် အသီးအရွက်ဖြစ်လာပါကာ အမြင်လှအောင် ဆိုးဆေးစိမ်ပြန်သည်။ပြီးမှ ဈေးကွက်ကို တင်ပို့သည်။အစ်ကိုက တစ်ခါတလေအမုန်းခံပြီး ဒီလောက်ထိမသုံးသင့်ဟု ပြောသည်။ခြံစိုက်သူတွေက ကိုယ့်အကျိုးသာကြည့်သည်။ဒီလိုတွေဖြစ်နေရသည့်အထဲ ဆေးကိုယ်စားလှယ်က ပိုးသတ်ဆေးဖြင့် ထမင်းနယ်စားချင်စိတ်ဖြစ်လောက်အောင် အညွှန်းကောင်းလေတော့ ဘယ်လိုပြောလို့ ပြောရမှန်းတောင်မသိဟု ဆိုသည်။

အစ်ကိုပြောမှ ထိုအသီးအရွက်ကျိုးကြားထဲတွင် ပိုးမွှားကိုသတ်သော ပိုးသတ်ဆေးအကြွင်းအကျန်တွေ၊ ဓာတုဆိုးဆေးတွေ ဘယ်လောက်ပါလာမလဲဆိုတာကိုသာ တွေးကြည့်ပြီး အတို့အမြုပ်တောင် မစားရဲတော့။    

ဒါက အများမိုးခါးရေသောက်မို့လို့ သောက်ရသည် မှန်သော်လည်း ဒီလောက်တော့မလုပ်သင့်ဟု အစ်ကိုက ဆိုသည်။ကိုယ်ဖျန်းခဲ့ ဆေးစိမ်ခဲ့သည့် သစ်သီး၊ သစ်ရွက် သစ်ဥ စသည်တွေကို ငယ်ရွယ်သူ ကလေးငယ်တွေ၊ ကိုယ်နှင့်ပတ်သက်သည့်သူတွေ ကိုယ်နှင့်ဆက်နွယ်တဲ့သူတွေ မစားရနိုင်လောက်ဘူးဟု ကျိန်းသေကံမ ဘယ်သူပြောနိုင်ပါနည်း။ယခုပဲ ဆေးကို နေ့စဉ်ကိုင်တွယ်တဲ့သူတွေ သားသမီးမရတာတွေဖြစ်နေပြီ။ဒါကို ယခုထိ သတိမမူသေး။

ယခုအခါ ခေတ်မီနိုင်ငံကြီးငယ်တို့က အန္တရာယ်ကင်းသည့် ဓါတုကင်းစင်သည့် စားသောက်နေထိုင်မှုဖြင့် ဘဝကိုဖြတ်သန်းရန် ကြိုးစားနေကြစဉ် မြန်မာလူမျိုးများက အပြောကောင်းကောင်း အပြကောင်းကောင်းဖြင့် ထိုအိမ်နီးချင်းနိုင်ငံတွေမှ လက်တည့်စမ်းထုတ်လုပ်သော ဆေးဝါး၊ စားသောက်ကုန်တွေ၊ ဓါတုဓါတ်ပေါင်းတွေကို စွဲစွဲလမ်းလမ်း ဈေးကြီးပေးဝယ်၍ သုံးစွဲနေကြသည်။ကိုယ့်ရဲ့ ကောင်းမွန်သောအလေ့အထကိုဖျက်၍ ရုပ်ပြကောင်းသော (အပြင်ပန်းလှအောင် ပြုပြင်ထားသည်) စွဲမက်ဖွယ်ကြော်ငြာတို့၏ ဆွဲဆောင်မှုနောက်မှာ အသက်ကိုရင်းပြီး ပေးဆပ်စားသုံးနေရသည်ကို သတိပြုသင့်ပေသည်။

မြန်မာနိုင်ငံကို လာရောက်သော ပြင်သစ်နိုင်ငံသူတစ်ဦး၏ မှတ်ချက်ချသော စကားတစ်ခွန်းကို တစ်ဆင့်စကားကြားခဲ့ရ၏။ထိုစကားမှာ အခြားမဟုတ်၊ အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ဖြစ်သည်။သူတို့ အနောက်ဥရောပနိုင်ငံတွေမှာက ဘယ်အလှကုန်ပစ္စည်းမဆို တိရစ္ဆာန်တွေ၊ တခြား တခြားသော လူထက်နိမ့်ကျသော သတ္တဝါတွေနဲ့ စမ်းသပ်ပြီး အန္တရာယ်မရှိမှ ထိုအလှကုန်ကို ထုတ်လုပ်ခြင်းဖြစ်သည်။ဒါတောင် မပြီးသေး ကိုယ်ထုတ်သော အလှကုန်ပစ္စည်းကိုသုံး၍ သုံးစွဲသူမှာ ဘေးထွက်ဆိုးကျိုးတစ်ခုခုပေါ်သည်နှင့် ကြီးမားသည့် လျော်ကြေးပမာဏကို ပေးလျော်ရသည့်အပြင် ထုတ်လုပ်သည့်ကုမ္ပဏီမှာလည်း ထိုအလှကုန်ပစ္စည်းထုတ်လုပ်သည့် လောကမှာ ရပ်တည်နိုင်စွမ်းမရှိနိုင်လောက်အောင် သုံးစွဲသူတို့က အယုံအကြည်မရှိတော့။ထိုအတူ ထိုပစ္စည်းကိုထုတ်လုပ်သော ကုမ္ပဏီနှင့် စစ်ဆေးပေးခဲ့သော အဖွဲ့အစည်း၊ တရားဝင်သုံးစွဲခွင့်ပေးခဲ့သော လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို သက်ဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့နှင့် ဒေသန္တရအာဏာပိုင်တို့က ထိရောက်စွာအရေးယူသလို ပြင်းပြင်းထန်ထန်လည်း အပြစ်ပေးလေသည်။

စာရေးသူတို့လို တတိယကမ္ဘာ့နိုင်ငံများမှာတော့ သုံးစွဲသူတွေဘက်ကနေ အမြဲတစေ စောင့်ကြည့်စစ်ဆေးပေးနိုင်မည့် ကန့်ကွက်တားဆီးပေးမည့် အဖွဲ့အစည်းမျိုးက မရှိသလောက်ရှားသည်မို့ သူများနိုင်ငံများ၏ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမျိုးက လက်တည့်စမ်းထုတ်လုပ်သည့် ပစ္စည်းမျိုးကို ဘာအာမခံချက်၊ ဘာထောက်ခံချက်မှမပါဘဲ အပြောလေးကောင်းတာ ကြော်ငြာကောင်းတာလေးဖြင့် ယုံကြည်ပြီး နည်းမျိုးစုံဖြင့် တွင်ကျယ်စွာ အသုံးပြုနေသည်ဆိုတော့ စာရေးသူတို့သည် အစမ်းသပ်ခံသတ္တဝါမျိုးဖြစ်နေပြီဟု မပြောရုံပဲရှိတော့သည်။

နေရာတကာတိုင်း သူများတွေးမှ လိုက်တွေးနေရလျှင် သူများသိမှ လိုက်သိနေရလျှင် မကောင်းတော့။ကိုယ်ညံ့ရာ၊ ကိုယ်ဖျင်းရာ ကိုယ်တကယ်ဂရုတစ်စိုက်မလုပ်ကိုင်ခဲ့တာကို တိုက်ရိုက်ပြဆိုနေသလို ဖြစ်နေတော့မည်။စာရေးသူတို့ လူမျိုးတွေက “ကြော်ငြာတစ်ခု၏ ရည်ရွယ်ချက်ထက် အပေါ်ယံဝတ်စားဆင်ယင်မှုကိုသာ သွား၍ မြင်နေလေသည်။ထိုကြော်ငြာ၏ ဓါတုအန္တရာယ်၊ ကလေးသူငယ်များပေါ် မသိမသာပေးလိုက်သည် သက်ရောက်မှုဆိုးကျိုး၊ နားလည်တတ်ကျွမ်းသူကိုပါ နားလည်ပါးရိုက်အန္တရာယ်ကို မမြင်သာစေသည့် ပေးချက် (message)၊ အသက်အရွယ် အချိန်ကာလနှင့် လိုက်နာကျင့်သုံးသင့်သည့် တားမြစ်ချက်လမ်းညွှန် (အထူးသဖြင့်) တိုင်းရင်းသားဘာသာစကားဖြင့် ဆေးသုံးစွဲပုံ စသည့်တို့ကို သေချာဂရုတစိုက် စိစစ်ဖို့လိုသည်။

မုန်တိုင်းဖြစ်ပြီးခါစက သစ်ပင်တွေ အလဲလဲအပြိုပြိုဖြစ်နေစဉ် အကောင်းပကတိကျန်ရှိနေသေးသည့် သစ်ပင်ကြီးငယ်တို့ကို ဆိုင်မျက်နှာစာပိတ်နေ၍ ခြံကိုတိုးချဲ့လို၍ “ရောင်တော်ပြန်” ခုတ်ခဲ့သူတို့ ရှိခဲ့သေးသဖြင့် ရောင်တော်ပြန်ဖြင့် ရောလွှတ်တတ်သည့်  “ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဗူးလေးရာ ဖရုံဆင့်” ဆိုသည့် လူစားမျိုးတွေရန်က ကာကွယ်ဖို့ တာဝန်မဲ့သူတွေရန်က ကာကွယ်ဖို့ဆိုတာ ယနေ့အချိန်တွင် လွယ်တော့လွယ်မည်တော့မဟုတ်။မမြင်ရသည့်ဘေးကို ကာကွယ်ဖို့ ဒီလိုအပြောကောင်းသူတွေကိုကျော်ပြီး ပြောဟောဖို့ဆိုတာ စဉ်းစားကြည့်ရင် လွယ်မည်တော့ မဟုတ်။

တစ်ကယ်တော့ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်း၌ မှီတင်းနေထိုင်သော လူ၊ သတ္တဝါ၊ ဂေဟစနစ်အပါအဝင် ရေပေါ်ရေအောက် မြေပေါ်မြေအောက် သဘာဝပေါက်ပင်အနေအထားမှန်သမျှ တစ်ခုမျှ အရေးမကြီးသည် မရှိ။ကိုယ်မွေးထားသည့်ခွေး အရေးကြီးသလို သူများမွေးထားသည့်ခွေးလည်း အရေးကြီးသည်ဖြစ်ပေသည်။လတ်နက်နှင့် တိုက်ခိုက်လာသူကို လက်နက်နှင့်ကာကွယ်ရန် ကာကွယ်ရေးအဖွဲ့အစည်းထားရသကဲ့သို့ မသိမသာ ဘေးထွက်ဆိုးကျိုး ဖြစ်ပွားစေနိုင်သည့် အစားအသောက် ဆေးဝါး၊ လူသုံးကုန်၊ စက်မှုကုန်ကြမ်း အစရှိသည့် လူနှင့် သတ္တဝါ ထိစပ်နိုင်သမျှ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ထိတွေ့နိုင်သမျှ အရာအားလုံးအတွက် ကိုယ့်ဌာနမှီတင်းနေထိုင်သူ လူ၊ တိရစ္ဆာန်တို့အတွက် အန္တရာယ်အဆိပ်အတောက်မရှိနိုင်အောင် စစ်ချပေးဖို့ တာဝန်ဆိုတာထက် ပို၍လေးနက်သော သတိအမြဲတစေရှိဖို့ လိုနေပြီဖြစ်သည်။

တစ်ကယ်တော့ အချောင်ရလိုခြင်း၊ နားယောင်တတ်ခြင်း၊ ကြီးနိုင်ငယ်ညှင်း သာရာဘက်လိုက်လိုခြင်း၊ မှန်ကန်သည့်ဘက်ထက် မှားယွင်းသည့်ဘက်တွင် နေထိုင်ရပ်တည်၍ ကိုယ်ကျိုးရှာလိုခြင်း စသည်တို့က လောလောဆယ် အန္တရာယ်ကင်းကြီးပွားနိုင်သည်မှန်သော်လည်း တစ်ခဏသာခံပြီး လူ၊ နတ်နှင့် သူတော်ကောင်းတွေ မကြိုက်သော အကျင့်တွေဖြစ်သည်။
လူသားတစ်ယောက်အဖို့ အနာဂတ်လူသားမျိုးဆက် ရသင့်ရထိုက်သော သံယံဇာတသဘာဝအမွေကို မတိုးပွားရင်နေ မလျော့ပါးသွားစေရန်တော့ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိသည်ဟု ထင်သည်။

ဘယ်လောက်အပြောကောင်းကောင်း စဉ်းစားချင့်ချိန်ဖို့ တာဝန်မှာ နားထောင်သူတွေ၏ တာဝန်ဖြစ်သည်။လောကမှာ ဘယ်အရာမှ အလကားမရဟူသော စကားရှိသည်။ယူထားသမျှ အခုမပေးရလျှင်တောင် နောင်တစ်ချိန်ချိန် ပြန်ပေးရမှာတော့ အမှန်ပင်ဖြစ်သည်။ဒီသဘောမျိုးနှင့်ယှဉ်၍ သတိနှင့်ယှဉ်ကာ စဉ်းစားမည်ဆိုလျှင် တာဝန်အသီးသီးယူနေသူတို့၏ သမိုင်းတွင် အမည်းစက်ကင်းစင်လိမ့်မည်ဖြစ်သည်။

အနာဂတ်အတွက် အနာကင်းစင်သော နိုင်ငံသားနှင့် ကောင်းမွန်သော သဘာဝဂေဟစနစ်၊ တာဝန်ယူမှုရှိသော နိုင်ငံရေးစနစ်ကောင်း၊ အခြေအနေကောင်းကို လက်ဆင့်ကမ်းနိုင်လိမ့်မည်ဖြစ်သည်။

သို့မဟုတ်ပါဘဲ မဟုတ်တာကို ဟုတ်သယောင်၊ ကျူးလွန်တာကို မကျူးလွန်သယောင်၊ တာဝန်ရှိတာကို မရှိသယောင် ပြောနေဆိုနေတာတွေကို တားဆီးဖို့ ပျက်ကွက်နေလျှင် အရေးယူဖို့ ပျက်ကွက်နေလျှင် တာဝန်ယူဖို့ ပျက်ကွက်နေလျှင်တော့ ဒီအမှားသံသရာက ဘယ်တော့မှပြတ်နိုင်တော့မည်မဟုတ်။အပြောကောင်းတိုင်း ယုံတဲ့သူတွေ သိဖို့လိုသည်။ဉာဏ်နှင့်ချင့်ချိန်ကာ ဘာကအမှား ဘာကအမှန်၊ ဘယ်သူက ကိုယ့်ကိုအမြတ်ထုတ်ဖို့ လုပ်နေသည်ကို ခွဲခွဲခြားခြားသိနေဖို့ လိုနေပါသည်။

မောင်ဦးလွင်
နိုဝင်ဘာ - ၁၁