【 ဆောင်းပါး 】 “အဖွဲ့အနွဲ့မပါသော တောလက်ဖက်ရည်ဆိုင်”

【 ဆောင်းပါး 】 “အဖွဲ့အနွဲ့မပါသော တောလက်ဖက်ရည်ဆိုင်”

တစ်ချိန် လူငယ်ဘဝတုန်းက လက်ဖက်ရည်ဆိုင်နှင့် ကျနော်ကြား ဆက်ဆံရေးမှာ ကိုယ့်အိုးကိုယ့်အိမ်ပမာ ကျွမ်းဝင်ခဲ့ဖူးသည်။တစ်ရက်လျှင် အနည်းဆုံး တစ်ခေါက်လောက်မှ လက်ဖက်ရည်ဆိုင်မရောက်ခဲ့လျှင် လူဖြစ်ရှုံးသူတစ်ဦးပမာ ခံစားခဲ့ရသည်။လက်ဖက်ရည်ကြိုက်တာလည်းပါသည်။လက်ဖက်ရည်ထက် ပိုကြိုက်တာက လွတ်လပ်မှု။
လက်ဖက်ရည်ဆိုင်သည် ကျနော်တို့လူငယ်များအတွက် လွတ်မြောက်နယ်မြေ။ကျဆိမ့်တစ်ခွက်၊ ရော့ခ်ခပ်ပြင်းပြင်းသီချင်းနှင့် လက်ဖက်ရည်ဆိုင်ဒေါင့်ကွေးတွင် ငေးငေါင်လိုက်ရမှ ဟက်တက်ကွဲနေသောနှလုံးသားသည် ပို၍ခံစားရသည့်ပမာ။ ၁၉၉၀ ပြည့်နှစ်လွန်ကာလများကဖြစ်သည်။

တကယ်တော့ ကျနော်နှင့်လက်ဖက်ရည်ဆိုင်ကြား ဆက်ဆံရေးမှာ ၁၉၈၆ ခုနှစ်ကတည်းကဖြစ်သည်။ကျနော့်အစ်မဝမ်းကွဲ၏ရည်းစား၊ ယောက်ဖလောင်းက ကျနော်တို့အိမ်နှင့်ကပ်လျက်တွင်။သူက ထိုခေတ်အခါက နာမည်ကျော် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း။ကျောင်းဆင်းပြီးခါစ အလုပ်လည်းမရသေးသဖြင့် အိမ်တွင်းတနိုင် ကြက်မွေးမြူရေးဖြင့် ဟန်ကျနေသူ။သူက လက်ဖက်ရည်ဆိုင်မထိုင်ရ မနေနိုင်၊ ပြီးတော့ တစ်ယောက်တည်းလည်းမထိုင်ချင်သဖြင့် ကျနော့်ကိုအဖော်ခေါ်ခြင်းဖြစ်သည်။

ရန်ကုန်တွင် ၈ တန်းကျောင်းသားတစ်ယောက် လက်ဖက်ရည်ဆိုင်ပုံမှန်ထိုင်နိုင်ဖို့က ငွေရေးကြေးရေးအရပင်မလွယ်သောကာလ။ထိုအချိန် လူငယ်ဖြစ်ခါစမို့ လက်ဖက်ရည်ကိုသာကြိုက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအရသာကို သိပ်နားမလည်။

၁၉၉၀ ကျော် ကာလ၊ လက်ဖက်ရည်ဆိုင်အရသာကို သေချာသိပြီဆိုသည့်အခါကျမှ လက်ဖက်ရည်ဆိုင်သည် ကျောက်ချရပ်နားစရာ ဆိပ်ခံကောင်းတစ်ခုမှန်း သိရှိတော့သည်။နောက်ပိုင်း တက္ကသိုလ်နောက်ခံဝတ္ထုများထဲ နစ်ဝင်သွားသည့်အခါ နာမည်ကျော် ဦးချစ်လက်ဖက်ရည်ဆိုင်ကို စိတ်ကူးဖြင့် ပုံဖော်ငေးတတ်လာသည်။

ရန်ကုန်မြို့တော်တွင်း လက်ဖက်ရည်ကောင်းသည်ဆိုသော ဆိုင်မှန်သမျှ လိုက်အရသာခံသည်။တာမွေတွင် မော်ဒန်၊ ရောကျော်တွင် မောင်အေး၊ မြောက်ဒဂုံထိပ်၀ ဘေလီတံတားအဆင်းတွင် ဗိုလ်ဗိုလ်မင်း စသည်ဖြင့်။သစ်ရိပ်ဝါးရိပ်ကောင်းကောင်းဖြင့် ငေးလို့ကောင်းတွေးလို့ကောင်းသည့် ဆိုင်ကိုမြင်လျှင်လည်း မနေနိုင်မထိုင်နိုင်ဖြစ်မိသည်။လက်ဖက်ရည်ဆိုင်ဆို လက်ဖက်ရည်အကောင်းစားမဟုတ်တောင် ကျယ်ကျယ်ဝန်းဝန်း၊ သစ်ရိပ်ဝါးရိပ်ကောင်းကောင်း၊ ပြီးတော့ ရပ်ကျော်ရွာကျော်အော်နိုင်သည့် ဆောင်းဘောက်ကြီးရှိလျှင် အိုကေ။

အဝေးပြေးကားစီးသည့်အခါ ဘယ်မြို့ဝင်ဝင် မြို့မြင်ကွင်းကိုကြည့်ချင်စိတ် ပြင်းပြသလို သစ်ပင်ကြီးများအောက် ဖွဲ့စည်းထားသော လက်ဖက်ရည်ဆိုင်များကိုလည်း လိုက်ရှာကြည့်မိသည်။အရသာတွေ့မိသော လက်ဖက်ရည်ဆိုင်များကို ဆင်းမထိုင်နိုင်သော်လည်း စိတ်ကူးဖြင့် အရသာခံထိုင်ကြည့်ခြင်းဖြစ်သည်။

ကျနော်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ထိုသို့စိတ်ကူးကောင်းကောင်းဖြင့် ဖွဲ့နွဲ့လေ့ရှိသော်လည်း ကျနော့်ငယ်ဘ၀ လက်ဖက်ရည်ဆိုင်များမှာမူ အဖွဲ့အနွဲ့မပါဘဲ သိပ်လက်တွေ့ကျလွန်းသော ဆိုင်များသာဖြစ်သည်။

ကျနော်တို့ ဘီလူးကျွန်း၊ ချောင်းဆုံက လက်ဖက်ရည်ဆိုင်များဖြစ်သည်။ကျနော်တို့ ချောင်းဆုံလက်ဖက်ရည်ဆိုင်များမှာ အိမ်နှင့်တွဲလျက်ဖွင့်သော လက်ဖက်ရည်ဆိုင်များဖြစ်သည်။လူငယ်အမြင်တွင် ထိုင်ရပြုရမလှပသော ဆိုင်များဖြစ်သော်လည်း နှစ်ပေါင်းရှည်ကြာ မိသားစုစီးပွားရေး ပင်မဒေါက်တိုင်ဖြစ်ခဲ့သည်။

ယနေ့ထိတိုင်ဖွင့်လှစ်ထားသော ဦးဂျင်ဆိုင်ဆိုလျှင် နှစ် ၁၀၀ သက်တမ်းပင် ပြည့်တော့မည်ဟု ထင်၏။ဦးဂျင်ဆိုင် ဘယ်လောက်နာမည်ကြီးသလဲဆို ဆိုင်နာမည်မရှိသော်လည်း ဦးဂျင်လက်ဖက်ရည်ဆိုင်ရှေ့နေရာကို ဦးဂျင်လမ်းဝဟု ခေါ်ဆိုသည်အထိဖြစ်သည်။ဦးဂျင်လက်ဖက်ရည်ဆိုင်သည် ချောင်းဆုံအနောက်ပိုင်းရပ်ကွက်၏ ထိပ်ဆုံးနေရာတွင်။သူ၏ဘေးတွင် တိုးချဲ့ကွက်သစ်နှင့် ကုလားတို့ရွာသို့သွားရာလမ်း။အဆိုပါလမ်းသည် ကုလားတို့မှသည် မုရစ်ကလေးရွာအထိ ရောက်ရှိသောလမ်း။ကျနော်တို့ငယ်ငယ်က မြေသားလမ်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အစိုးရလက်ထက်ကျမှ ကွန်ကရစ်လမ်းဖြစ်လာခဲ့သည်။

အဆိုပါ ကုလားတို့ရွာသို့သွားရာလမ်းဝနှင့် မျက်နှာချင်းဆိုင်တွင် မြင့်မိုရ်တောင်ဘုရားလမ်းသစ်။ထိုလမ်းသစ်ထဲ ဓာတ်မီးတိုင် ၃ တိုင်လောက် ဝင်ပြီးနောက် တွေ့ရသည့် ဘယ်ဘက်သို့ချိုးဝင်သောလမ်းမှာ မြင့်မိုရ်တောင်ဘုရားလမ်းဟောင်း။လမ်းဟောင်းမှာ အင်္ဂလိပ်အက္ခရာ (L) ပုံစံဖြစ်ပြီး လမ်းအဆုံးတွင် မြင့်မိုရ်တောင်ဘုန်းကြီးကျောင်းရှိသည်။
မြင့်မိုရ်တောင်ဘုရားလမ်းသစ်မှာ မျဉ်းဖြောင့်ဖြစ်ပြီး အဆုံးတွင် ချောင်းဆုံမြို့ နာမည်ကျော် ရွှေမြင့်မိုရ်တောင်ဘုရား။လမ်းဟောင်းမှာ ရှေးကျပြီး လမ်းသစ်မှာ နောက်မှဖောက်သောလမ်းဖြစ်သည်။အဆိုပါနှစ်လမ်းစလုံးသည်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ကွန်ကရစ်လမ်းများအဖြစ် ထည်ဝါနေခဲ့ပြီဖြစ်သည်။

ဦးဂျင်ဆိုင်အကြောင်း ပြန်ဆက်ရသော် ယင်းဆိုင်သည် ယခု ၂၀၂၁ ခုနှစ်တွင် ၇၆ နှစ်ရှိပြီးဖြစ်သော ကျနော့်အဖေမမွေးခင်ကတည်းက ရှိနှင့်ပြီးဆိုင်။လွတ်လပ်ရေးမရမီကာလ အတန်ကြာကတည်းက ဖွင့်လှစ်ခဲ့ခြင်းဟု သိရသည်။

‘အရင်တုန်းက ချောင်းဆုံက စာတတ်ပေတတ်တွေက နိုင်ငံရေးတွေဘာတွေ ဦးဂျင်ဆိုင်မှာ ဆွေးနွေးကြတာ။ကြုံတဲ့လူက လက်ဖက်ရည်ဝိုင်းထဲ ဝင်အာချောင်လို့မရဘူး။နားထောင်ချင်ရင် ဘေးဝိုင်းလောက်မှာထိုင်ပြီး ငြိမ်ငြိမ်နားထောင်ပဲ’ ဟု အဖေကဆိုသည်။

ဦးဂျင်ဆိုင်သည် မျက်နှာစာနှစ်ဖက်အဖွင့်မို့ ကုလားတို့သွားသည့်လမ်းရော မျက်နှာစာလမ်းမကြီးကိုပါ အဆီးအတားမရှိမြင်ရသည်။အရင့်အရင်တုန်းက စားပွဲဘယ်နှလုံးရှိသလဲမသိ။ကျနော်ငယ်ငယ်တုန်းက ဦးဂျင်ဆိုင်မှာ စားပွဲသုံးလုံးရှိသည်။မနက်ခင်းတစ်ချက် လူစည်လေ့ရှိပြီး နေ့ခင်းပိုင်းတွင်မူ လူရှိလိုက် မရှိလိုက်။ညနေပိုင်းတွင်တော့ ဆိုင်ပိတ်ပြီ။

ဦးဂျင် ကွယ်လွန်ပြီးနောက်တွင် ဦးဂျင်သမီးက ဆက်ဖွင့်သည်။သက္ကရာဇ် ၂၀၀၀ ဒီဘက်တွင် ချောင်းဆုံမြို့ပေါ်၌ ခမ်းခမ်းနားနား လက်ဖက်ရည်ဆိုင်များ ပေါ်လာသော်လည်း ဦးဂျင်ဆိုင်သည် သူ့မိတ်နှင့်သူ ယနေ့တိုင်ဖွင့်လှစ်ဆဲ။

ဦးဂျင်ဆိုင်လောက် သက်တမ်းမရှည်သော်လည်း နှစ်လရှည်ကြာဖွင့်လှစ်ခဲ့သော ဦးတင်မောင်လက်ဖက်ရည်ဆိုင်လည်း ရှိသေးသည်။ထိုဆိုင်မှာ ချောင်းဆုံမြို့မဈေး နောက်ကျောလမ်း အဝတွင်တည်ရှိသည်။ဦးတင်မောင်မှာ ဦးဂျင်လို ဗမာမဟုတ်၊ တရုတ်စပ်။ဆိုင်နာမည်မရှိသဖြင့် ဆိုင်ပိုင်ရှင်နာမည်အတိုင်း (ဦး) တင်မောင်ဆိုင်ဟု ခေါ်ခြင်းဖြစ်သည်။

ဦးတင်မောင်ဆိုင်မှာ ဦးဂျင်ဆိုင်ထက် ပိုကျယ်သလို အတန်ငယ်သစ်လွင်မှုလည်းရှိသည်။သူ့ဆိုင်မှာ ဈေးအနီးတွင်တည်ရှိသောကြောင့် အဓိကမိတ်မှာ ဈေးသည်များဖြစ်သည်။လက်ဖက်ရည်ကတော့ တောထုံးစံအတိုင်း ချိုရဲရဲဖြင့် မလိုင်ဝေ့နေလေ့ရှိသည်။

ကျနော်ငယ်ငယ်တုန်းက အိမ်သို့ သေချာတည်ခင်းရမည့် ဧည့်သည်များလာလျှင် ချိုင့်ဆွဲကာ ဦးတင်မောင်လက်ဖက်ရည် ပြေးဝယ်ရသည်။ဧည့်သည်က လက်ဖက်ရည်တစ်ဝက်လောက်သာသောက်ပြီး ပြန်သွားလျှင် ကျန်လက်ဖက်ရည်သည် ကျနော့်အတွက်။ကလေးတစ်ယောက်အတွက် သိပ်အရသာတွေ့ခဲ့သည့် လက်ဖက်ရည်နည်းနည်းဖြစ်သည်။

ဦးတင်မောင်လက်ဖက်ရည်ဆိုင်ကိုမူ တစ်ခါမျှ ကျနော်မထိုင်ခဲ့ဖူး။ကလေးတုန်းက ကလေးမို့ တိုက်မည့်သူမရှိလို့။ကြီးလာတော့လည်း လက်ဖက်ရည်ဆိုင်သွားထိုင်လျှင် ပိုက်ဆံမယူမှာစိုးလို့။ဘာလို့လဲဆိုတော့ ဦးတင်မောင်သမီးအငယ်နှင့် ကျနော်မှာ သူငယ်တန်းကတည်းက အတူတက်ခဲ့သော ကျောင်းနေဘက်ဖြစ်ခြင်းကြောင့်ပင်။သူက ဖြူဖြူချောချောမို့ အစ်ကိုကာလသားတို့ စိတ်ကူးယဉ်ချင်စရာ။ကျနော် ချောင်းဆုံပြန်ရောက်ခိုက် သူ့ဆိုင်ရှေ့မှာတွေ့လျှင် လက်ဖက်ရည်သောက်ရန် လှမ်းခေါ်လေ့ရှိသော်လည်း မသောက်ဖြစ်။ဦးတင်မောင် အသက်ရလာတော့ သူနှင့် သူ့အစ်မက လက်ဖက်ရည်ဆိုင်ကို ဆက်ဦးဆောင်။ဒီဘက်နှစ်များတွင် လက်ဖက်ရည်ဆိုင်ကိုပိတ်ကာ ကုန်ခြောက်ဆိုင်ဖွင့်လှစ်ထားသည်တဲ့။ထိုလက်ဖက်ရည်ဆိုင်သာမပိတ်ခဲ့လျှင် ယခုဆို နှစ် ၆၀ ကျော်ရှိတော့မည်။

ကျနော့်အဖေတို့လက်ထက်တုန်းက ချောင်းဆုံအရှေ့၊ ဘုရားကြီးကုန်းတွင် နောက်ထပ်လက်ဖက်ရည်ဆိုင်နှစ်ဆိုင်ရှိသေးသည်။ကျနော်ကလေးဘဝရောက်တော့ ထိုနှစ်ဆိုင်အနက် တစ်ဆိုင်မရှိတော့။နောက်ထပ်တစ်ဆိုင် ထပ်ထွက်သည်။ချောင်းဆုံအရှေ့၊ သမဝါယမရုံး မျက်စောင်းထိုး။

ကျနော်က ဦးဂျင်ဆိုင်တွင် ခဏတဖြုတ်ထိုင်ဖူးသော်လည်း လက်ဖက်ရည်တစ်ခါမှမသောက်ဖူး။ဦးတင်မောင်ဆိုင်ကျတော့ မထိုင်ဖူးသော်လည်း လက်ဖက်ရည်တော့သောက်ဖူး။လက်ဖက်ရည်လည်းသောက်ဖူးပြီး ဆိုင်လည်းထိုင်ဖူးသောဆိုင်မှာ သမဝါယမရုံး မျက်စောင်းထိုးက မွတ်ဆလင်လက်ဖက်ရည်ဆိုင်။

ကျနော့်အဒေါ်အပျိုကြီးက သမရုံးဝန်ထမ်းမို့ သူ့ဆီရောက်တော့ လက်ဖက်ရည်လိုက်တိုက်ခြင်းဖြစ်သည်။မှတ်မှတ်ရရ ၅ တန်းကျောင်းသား၊ တစ်ခါမှ လက်ဖက်ရည်ဆိုင်မထိုင်ဖူး။လက်ဖက်ရည်ဆိုင်တွင် ဆမူဆာလည်းရှိသဖြင့် သိပ်ကြိုက်။ဆမူဆာထဲ အချဉ်ရည်ထည့်လိုက်၊ ဆမူဆာကိုစားလိုက်ဖြင့် ဆမူဆာ ၃ ခုကုန်တော့ အချဉ်ရည်တစ်ဗူးလည်းကုန်ပြီ။
အဒေါ်မျက်နှာကြောင့်သာ မာမူကြီး မျက်စောင်းမထိုးခြင်းဖြစ်သည်။

မာမူကြီးဆိုင်တွင် ထိုတစ်ကြိမ်သာထိုင်ဖူးပြီး နောက်ထပ်တစ်ခါမျှ ထပ်မထိုင်ဖူးတော့။ကျနော်လက်ဖက်ရည်ဆိုင်ထိုင်တတ်သည့်အရွယ်ကျတော့ မာမူကြီးဆိုင်ပိတ်သွားခဲ့ပြီ။ဆိုင်သစ်များထွက်ပေါ် လာသည်။ဆိုင်သစ်များသည် ဆောင်းဘောက်နဲ့ သီချင်းသံခပ်ပြင်းပြင်းနဲ့ လူငယ်များအကြိုက်။တချို့ဆိုင်သစ်များလည်း ပြန်ပိတ်သွားသည်။

ဆိုင်သစ်များထဲတွင် ကက်ဆက်မရှိ ဘာမရှိဖြင့် ဦးဂျင်ဆိုင်လို ဦးတင်မောင်ဆိုင်လို တုံးတိကြီး လက်ဖက်ရည်သာရောင်းပြီး ယနေ့ထိတိုင်အဓွန့်ရှည်နေသောဆိုင်မှာ ချောင်းဆုံအနောက်ပိုင်းက မန်ကျည်းပင်လက်ဖက်ရည်ဆိုင်။ဆိုင်နာမည်မရှိ၊ မန်ကျည်းပင်အရိပ်မိုးထားသောဆိုင်မို့ မန်ကျည်းပင်ဆိုင်။ပိုင်ရှင်မှာ ကျနော့်အစ်မဝမ်းကွဲနှင့် ယောက်ဖ။သူတို့နှစ်ဦးစလုံးမှာ ယခင်က ကျောင်းဆရာ၊ ဆရာမ။ ၁၉၉၇ခုနှစ်၊ လက်ဖက်ရည်ဆိုင်ဖွင့်တော့ ယောက်ဖက ကျောင်းဆရာအဖြစ်မှ အရင်ထွက်သည်။ဒီဘက်နှစ်များရောက်မှ အစ်မဝမ်းကွဲသည်လည်း အလယ်တန်းပြဆရာမအဖြစ်မှထွက်ကာ အောင်မြင်နေသော လက်ဖက်ရည်ဆိုင်တွင် အထိုင်ချ။ယောက်ဖမှာမူ လက်ဖက်ရည်ဖျော်ခြင်းနှင့် ပရဟိတလုပ်ငန်းတွင် ပျော်ဝင်လို့။ထိုဆိုင်ဖွင့်စကာလများက ကျနော့်အဖေထက်ပင် အသက်ကြီးသော မန်ကျည်းပင်ကြီးကရှိနေသေးသဖြင့် ချောင်းဆုံရောက်ခိုက် မန်ကျည်းပင်အောက် အရသာခံကာ သွားထိုင်လေ့ရှိသည်။နောက်ပိုင်း လမ်းတိုးချဲ့ရာ မလွတ်သဖြင့် မန်ကျည်းပင်ကို ခုတ်လှဲလိုက်ရသည်တဲ့။ကျနော်လည်း ခပ်ကြာကြာမထိုင်ဖြစ်တော့။

ပြောရလျှင် ချောင်းဆုံတွင် ဦးဂျင်ဆိုင်၊ ဦးတင်မောင်ဆိုင်၊ မန်ကျည်းပင်ဆိုင်။တခြားအဖွဲ့အနွဲ့မပါ။လက်ဖက်ရည်ရမည်။နံပြားနှင့် တခြားမုန့်နည်းနည်းပါးပါးရမည်။တော်ကီကြိုက်သလောက်ပစ်လို့ရမည်။သို့သော် ကျနော်တို့ချောင်းဆုံသားများက တော်ကီလည်းသိပ်မများ ကျနော့်လိုလည်း လျှောက်ခံစားနေပုံမရ။သူတို့သည် လက်တွေ့ကျကျ။

ငြိမ်းဆက်
သြဂုတ် - ၂၁