【 ဆောင်းပါး 】 “အမေ့ရဲ့ နောက်ဆုံးစာမျက်နှာ”

【 ဆောင်းပါး 】 “အမေ့ရဲ့ နောက်ဆုံးစာမျက်နှာ”

၁၉၉၃ ခုနှစ်တွင် ကျနော် ၁၀ တန်းအောင်သည်။ဒဂုံတက္ကသိုလ်မှာ တစ်နှစ်သွား အလေလိုက်၊ ပြီးတော့ စာမေးပွဲကျ။ကံကောင်းချင်တော့ ဂျီတီအိုင်ဝင်ခွင့်အောင်သွားသည်။ထိုခေတ်က အင်းစိန်ဂျီတီအိုင်တက်ရဖို့ဆိုတာ ဝင်ခွင့်အမှတ်ကောင်းမှ။ထိုအချိန်တွင် ကျနော်က ညနေပိုင်း ဘီယာပရိုမိုးရှင်းလုပ်ရင်း မနက်ဘက် တက္ကသိုလ်တက်သဖြင့် ကိုယ့်ဝင်ငွေနဲ့ကိုယ် အိုကေနေသည်။ဂျီတီအိုင်တက်ပြီဆိုလျှင်တော့ ညနေပိုင်းအလုပ်လုပ်ဖို့မလွယ်တော့။ထို့ကြောင့် မိသားစုဝင်ငွေက ကျနော် ဂျီတီအိုင်တက် နိုင်၊ မနိုင် ဆုံးဖြတ်ပေးတော့မည်။
 
အမေက လမ်းကြောင်းတွေဖောက်နေသည်။အမေကြိုက်တဲ့ ပါတိတ်ဝမ်းဆက်ကိုဝတ်လို့ တက်ကြွနေတာကိုလည်းမြင်ရသည်။။မေးကြည့်တော့ နင့်အဖေ့ဆရာကို သွားကန်တော့မလို့၊ ဒါမျိုးတွေက ငါပါမှ အဆင်ပြေတာလို့လည်း ဂုဏ်ယူစွာနဲ့ ပြောသေးသည်။ပြီတော့ သိပ်မကြာ၊ တကယ့်ကိုဂွင်ကောင်းသော သထုံကို အခြေစိုက်လို့ မွန်၊ကရင်နဲ့ တနင်္သာရီ ဒေသနည်းနည်းကို စာရင်းစစ်တာဝန်ကျပြီဟု ပြောင်းရွှေ့မိန့်ကျလာသည်။
 
ကျနော်တို့အမေ သိပ်ကိုပျော်ခဲ့သည်။ဘာလို့လဲဆိုတော့ သထုံမှာ တာဝန်ကျခြင်းဟာ တခြားဒေသတွေမှာထက် တရားမဝင် လာဘ်ငွေပိုရတာရော ကိုယ့်ဇာတိမြေ ဘီလူးကျွန်းနဲ့ နီးတာရောကြောင့်ဖြစ်သည်။
 
အဖေက အရင် သထုံသွား၊ ဟိုမှာအထိုင်ကျပြီဆိုမှ အမေနဲ့ ကျနော့်ညီမကလိုက်။ကျနော်က အင်းစိန်ဂျီတီအိုင် တက်ဖို့ အမေ့ညီမ အဒေါ်အိမ်မှာ ကျန်ခဲ့။ကျနော့်ညီက ဘီလူးကျွန်းရောက်နေသည်။
 
နောက်ထပ် ၇ လအကြာ ကျောင်းပိတ်လို့ သထုံရောက်သွားတော့ လန်းနေဆန်းနေသော ကျနော်တို့အမေကို မြင်လိုက်ရသည်။အဖေ့ရဲ့ တစ်လဝင်ငွေ နည်းမည့်ဟန်မတူ၊ အင်မတန်အသန့်အပြန့်ကြိုက်ပြီး အလှကြိုက်သော အမေမှာ ရွှေဆွဲကြိုးဆိုလည်း အကြီးကြီး၊ ပါတိတ်ဆိုလည်း ဝမ်းဆက်တွေ ဝီခေါ်လို့။ရံဖန်ရံခါ ဇာတိမြေ ဘီလူးကျွန်းသို့ပြန်လိုက်၊ မော်လမြိုင်က အစ်မဆီဝင်လိုက်နဲ့ အမေဖြစ်ချင်တယ်ဆိုသောဘဝသည် ထိုသို့ဖြစ်သည်။
 
အမေနဲ့ပြေလည်အောင်နေ၊ အမေ့အကြိုက်လျှောက်ပြော၊ အမေခေါ်လျှင်လိုက်သွားပေး အဲဒါဆို မုန့်ဖိုးကောင်းကောင်းရသည်။အမေက ၅၀ နားနီးပြီဖြစ်သော်လည်း နုနုပျိုပျို လှနေသေး။သို့သော်၊ ခန္ဓာကိုယ်မဝသော်လည်း ဗိုက်ကတော့ နည်းနည်းပူသည်။ကျနော်တို့မောင်နှမ ၃ ယောက်စလုံးကို ခွဲမွေးထားလို့ ဗိုက်ပူတာဟုအမေကဆိုသည်။
 
ထို့ကြောင့် ဗိုက်ပူခြင်းသည် အမေ့အတွက် ကြီးကြီးမားမားစိတ္တဇဖြစ်သည်။အင်မတန်အလှအပကြိုက်သဖြင့် ပူနေသောဗိုက် မပူအောင် ဘာပဲလုပ်ရလုပ်ရ လုပ်မည့်သဘောရှိသည်။အရည်အသွေးကောင်းသော ဗိုက်ချပ်ဘောင်းဘီမျိုးကို ဝယ်ဝတ်သည်။ကျနော်ပိုက်ဆံတောင်းစရာရှိလျှင် ‘မေမေ့ဗိုက် သိပ်မပူတော့သလိုပဲ’ဟု ပြောတတ်ပြီး ငွေမလိုသည့်အချိန်မျိုးတွင် မေမေ့ဗိုက် ပိုပူလာသည်ဟု ပြောလေ့ရှိသည်။ကျနော့်စိတ်ကူးရသလိုလျှောက်ပြောနေမှန်းသိသော်လည်း ဗိုက်သိပ်မပူတော့ဘူးဟုဆိုလျှင် အမေကျေနပ်မြဲဖြစ်သည်။
 
အမေက ကျနော်တို့မောင်နှမ ၃ ယောက်စလုံးနဲ့ ဘော်ဒါတွေ၊ ကြောက်စရာမလို၊ ဟိုးငယ်စဉ်ကတည်းက ကျနော်တို့မောင်နှမတွေကို တစ်ခါမှမရိုက်၊ မကြောက်ခဲ့ရ။သို့သော်၊ ဘယ်လိုမှ နားမခံနိုင်အောင် ပွားတာတော့ရှိသည်။သို့သော် အမေကရှက်တတ်သဖြင့် အော်ကြီးဟစ်ကျယ်မပွား။အမေ့ကို ကျနော်တို့ မကြာခဏပြန်ခံပြောလေ့ရှိသည်။ကျနော်အရွယ်ရောက်လာတော့ ကျနော့်ရည်းစားကိစ္စတွေလည်း သူစပ်စုသည်။ကျနော်လစ်လျှင် ကျနော့်ရည်းစားပို့ထားသည့်စာကို ခိုးဖတ်တတ်သည်။ထို့ကြောင့် အဖေနဲ့ မေးတစ်ခွန်း ပြောတစ်ခွန်းသာရှိသလောက် အမေနဲ့က တောင်ပြောမြောက်ပြော လွတ်လပ်စွာ လျှောက်ပြောနိုင်သည်။
 
တစ်ခါက ကျနော်ကျောင်းပိတ်လို့ပြန်လာစဉ် ပန်းဆိုးတန်းစာအုပ်အဟောင်းတန်းထဲမှ ကိရိယာလွတ် ကိုယ်ကာယလေ့ကျင့်ခန်းစာအုပ်တွေ့သဖြင့် ဝယ်လာသည်။၁၉၉၆ ခုနှစ်ဝန်းကျင်ကာလက ထိုသို့သောစာအုပ် မျိုးမှာ ခပ်ရှားရှားဖြစ်သလို မိန်းကလေးများ လေ့ကျင့်ခန်းလုပ်တာကိုပင် ရှက်စရာဟု ယူဆနေဆဲသော ကာလဖြစ်သည်။ထို့ကြောင့် အိမ်ထဲတွင် လူမသိသူမသိ လေ့ကျင်ခန်းယူချင်သော မိန်းကလေးများအတွက် အကြိုက်တွေ့လွန်းသည့် စာအုပ်ဖြစ်သည်။
 
သထုံအိမ်ရောက်တော့ အမေမြင်သာမည့်နေရာတွင် စာအုပ်ကို တင်ထားလိုက်သည်။အမေက မိန်းမလှပုံမျက်နှာဖုံးနဲ့မို့ ကောက်လှန်ကြည့်လိုက်ပြီးနောက် စိတ်ဝင်တစားလှန်လှောတော့သည်။ပြီးတော့ ‘ဟဲ့၊ ဒီစာအုပ် ဘာလုပ်ဖို့ဝယ်လာတာလဲ’ဟု မေးသည်။ကျနော့်ရည်းစားအတွက်ဟု ပြန်ဖြေလိုက်တော့ သိပ်မကြည်။
 
ညဘက်ထမင်းစားကြတော့ ရန်ကုန်က ကျနော့်သူငယ်ချင်း မေမေ့ထက် ဗိုက်ပိုပူကြောင်း ယခုနောက် ဆုံးပေါ် ဗိုလ်ချုပ်ဈေးက ဗိုက်ချပ်ဆေးဝယ်လိမ်းလိုက်ပြီး ၃ လမပြည့်ခင်မှာပင် ဗိုက်သိသိသာသာကျသွား  ကြောင်း သို့သော်၊ ဆေးလိမ်းပြီး လေ့ကျင့်ခန်းလုပ်မှ ကျကြောင်း ကိုယ့်ဘာသာဇာတ်ညွှန်းရေးပြီး လုပ်ဇာတ်ထွင်တော့ ကျနော်တို့အမေ မျက်လုံးတွေ အရောင်တောက်လာသည်။
 
‘ဟဲ့ လေ့ကျင့်ခန်းမလုပ်ဘဲ ဆေးချည်းလိမ်းလို့မရဘူးလား’
 
‘မရဘူး ဆေးအညွှန်းမှာ တစ်ခါတည်းရေးထားတယ်။ဆေးလိမ်းပြီး လေ့ကျင့်ခန်းလုပ်မှ ဗိုက်ကျမှာ’
 
လေ့ကျင့်ခန်းကိစ္စ အမေထပ်မပြော။လိမ်းဆေးကိုသာ တွင်တွင်မေးနေသဖြင့် ကျနော့်ပါးစပ်ထဲ တွေ့ရာလျှောက်ပြောပြနေမိသည်။
 
နောက်ရက်ကျတော့ ကျနော့်ကို သထုံဈေးထဲခေါ်၊ အဝတ်အစားတွေဝယ်ပေး၊ စားချင်ရာကျွေး၊ မုန့်ဖိုးတွေလည်းပေးလိုက်သေးသည်။အိမ်ပြန်ရောက်ပြီး နည်းနည်းကြာတော့ ‘နင့်ညီမလည်း အပျိုဖြစ်နေပြီ၊ လေ့ကျင့်ခန်းလုပ်လို့ရအောင် နင့်စာအုပ်ထားခဲ့ပါလား’ဟု ပြောသည်။
 
ကျနော်က ရည်းစားအတွက်ပေးမယ် ပြောပြီးသားဟုဆိုလိုက်တော့ ‘နှာဗူး၊ ခုကတည်းက မယားကိုကြောက်နေတယ်’ တို့ ဘာတို့၊ အမေ့ထုံးစံအတိုင်း တော်ကီတွေစွတ်လွှတ်တော့သည်။အမှန်တကယ်က သူကိုယ်တိုင် လေ့ကျင့်ခန်းလုပ်ချင်သဖြင့် စာအုပ်ကိုထားခဲ့ခိုင်းခြင်းဖြစ်သည်။
 
အမေ့စိတ်ကူးထဲတွင် ကျနော်ပြောသည့် ဗိုက်ချပ်ဆေးဝယ်လိမ်းမည်။စာအုပ်ကြည့်ပြီး လေ့ကျင့်ခန်းယူကာ သူ့ဗိုက်ကိုချပ်အောင်လုပ်မည့်သဘော။သို့သော်၊ သူကရှက်ပြီး လေ့ကျင့်ခန်းလုပ်မည်ဟု မပြောရဲသဖြင့် သမီးကိုလွှဲချခြင်းဖြစ်သည်။
 
ကျနော်ကျောင်းပြန်ခါနီး ၄-၅ ရက်အလိုကျတော့ ‘မေမေ ပွင့်ပွင့်လင်းလင်းပြော၊ မေမေ လေ့ကျင့်ခန်း လုပ်မယ်ဆို စာအုပ်ထားခဲ့မယ်။မလုပ်ဘူးဆို ယူသွားမယ်’ ဟု ခပ်ပြတ်ပြတ်ပြောတော့မှ ‘အေး၊ ထားရင်လည်းထားခဲ့၊ ဆေးလိမ်းပြီးလုပ်မယ်’ဟု ဆိုသဖြင့် ကျနော်တို့မောင်နှမတွေ ဝိုင်းရယ်ကြရသည်။
 
ဗိုက်ချပ်လိမ်းဆေးဆိုသည်မှာ ကျနော်ပြောချင်ရာပြောနေမှန်းသိသွားတော့ ကျောင်းပြန်လျှင် မုန့်ဖိုးမပေးတော့ဘူးဆိုပြီး ရန်လုပ်နေ၍ မနည်းတောင်းပန်ရသည်။
 
ထိုသို့ပျော်ရွှင်စရာကောင်းသော နေ့ရက်များကို ဖြတ်သန်းခဲ့ပြီးနောက် ၆ လလောက်အကြာတွင် အမေ ဆေးရုံတက်နေရတယ်ဟု သတင်းကြားသဖြင့် ကျနော်သထုံပြန်လာတော့ ဘားအံဆေးရုံ တင်ထားရသည်။သားအိမ်ကင်ဆာဖြစ်နေ၍ သားအိမ်ထုတ်ပစ်လိုက်ရသည်တဲ့။
 
ကင်ဆာဆေးတွေက ပြင်းသဖြင့် ထူထဲလွန်းလှသော အမေ့ဆံပင်ကို ကတုံးရိတ်လိုက်ရသည်။ကတုံးဖြစ်ရတာရှက်သဖြင့် ဆေးရုံကဆင်းပြီးနောက် ရန်ကုန်မှာ ဆံပင်အတုသွားဝယ်ပေးရသည်။အိမ်ထဲမှာနေလျှင် အော်ရီဂျင်နယ်ကတုံးကေ၊ ဧည့်သည်လာပြီဆို အခန်းထဲအမြန်ဝင်၊ဆံပင်အတုတပ် ပြန်ထွက်။
 
တစ်ခါတစ်ရံ ကျနော်က အမေ့ဆံပင်အတုကို ဖွက်ထားသည်။ဧည့်သည်လာသဖြင့် အခန်းထဲ ဆံပင်အတုပြေးတပ်သောအမေ ဆံပင်အတုမတွေ့သဖြင့် ဗျာများရသည်။ဒီကြားထဲ ကျနော်ကို ‘မေမေ ဧည့်သည်ရောက်နေတယ်’ဆိုပြီး ဧည့်ခန်းထဲကနေ မရမကခေါ်နေသဖြင့် ပိုဗျာများရသည်။ပြီးတော့မှ ကျနော်အခန်းထဲဝင်သွားပြီး ငွေညှစ်၊ ငွေရမှ ဆံပင်အတုပြန်ပေး။ကျနော်လည်း လက်ဖက်ရည်ဆိုင်ချီတက်၊ လက်ဖက်ရည်ဆိုင်ကနေပြန်လာသည့်အခါ ‘အမေ့ကိုလည်မျိုညှစ်ပြီး ငွေတောင်းတဲ့ကောင်၊ မြေမျိုမယ်…’ စသည်ဖြင့် တော်ကီတွေလွှတ်တော့သည်။
 
အမေက သထုံမှာပျော်သည်။ရန်ကုန်မပြန်ချင်၊ သထုံမှာ အခြေချတော့မည်ဟု စိတ်ကူးရှိသည်။ထို့ကြောင့် သထုံမှာ မြေဝယ်ပြီး အိမ်ဆောက်သည်။အိမ်က တစ်ထပ်ခွဲပုံစံ ကျယ်ကျယ်ဝန်းဝန်း။အိမ်ဆောက်ပြီးတဲ့နှစ်ကျမှ အဖေက ရန်ကုန်ရုံးချုပ် ပြန်ပြောင်းရသည်။အမေကတော့ သူ့ဆန္ဒအတိုင်း သထုံမှာပဲကျန်ခဲ့သည်။ကျနော်တို့ညီအစ်ကိုနှစ်ယောက်နဲ့ အဖေက ရန်ကုန်မှာ၊ ညီမက မော်လမြိုင်၊ ဖားအောက်ဂျီတီအိုင်မှာ၊ အမေနဲ့ သူ့သားတစ်ယောက်လိုချစ်တဲ့ ကောင်လေးဆိုတဲ့ ကြောင်လေးသာ သထုံမှာကျန်ရစ်။အဖေကတော့ သွားလိုက်ပြန်လိုက်။
 
သားအိမ်ထုတ်လိုက်ပြီးကတည်းက ကင်ဆာပြဿနာ လုံးဝကင်းသွားပြီဟု ကျနော်တို့ပြောထားသည်။အမေတကယ် ယုံ၊ မယုံတော့ မသိ။ဆံပင်တွေကတော့ အချိန်တိုအတွင်းမှာပင် မဲနက်ပြီး ထူထဲထဲထွက်လာသဖြင့် ကျနော်တို့လည်းပျော်ရသည်။
 
သို့သော် ဆေးရုံကဆင်းပြီး တစ်နှစ်ကျော်အကြာ ရောဂါအခြေအနေဆိုးလာသည်။အမေစိတ်ကျေနပ်အောင် ရန်ကုန်တစ်ခေါက်လာ၊ ဆေးခန်းတွေဘာတွေပြ။ဆရာဝန်ကြီးက အလွန်ဆုံး ၂ လဆိုလား ဟောကိန်းထုတ်ခဲ့သည်။
 
‘မေမေ ရန်ကုန်မှာမပျော်တော့ဘူး၊ နောက်မလာတော့ဘူး’ တဲ့။သထုံပြန်သွားခဲ့သည်။နောက်ထပ်တစ်လလောက်အကြာ အမြန်လာခဲ့ပါဆိုသည့် သတင်းစကားအရ ကျနော်တို့ သုတ်ခြေတင်ရသည်။နောက်တစ်ရက် မနက် ကျနော်ရောက်သွားတော့ အမေ့မျက်နှာနည်းနည်းအမ်းနေခဲ့ပြီ။ရင်ထဲမှာပူနေတယ်ဟု ကျနော့်ကို ပြောသည်။
 
အဖေရောက်လာပြီး ဆေးရုံတက်ချင်လားလို့မေးတော့ တက်ချင်တယ်တဲ့။ဆေးရုံသွားခါနီး မှန်ကြည့်ပြီး မျက်နှာကိုကြည့်ကောင်းအောင် လုပ်သွားသေးသည်။သထုံဆေးရုံက အိမ်နဲ့သိပ်မဝေး၊ ဆေးရုံရှေ့ ကားဆိုက်လို့ ကျနော်တွဲမယ်လုပ်တော့ အတွဲမခံ။လူတွေက သူ့ကို လူနာပုံစံမျိုးမြင်မှာ စိုးရိမ်သည့်ပုံ။
 
ဆေးရုံကုတင်ပေါ်ရောက်ပြီး ပလတ်စတစ်ဖျာခင်းပြီးနောက် ‘မေမေ ရင်တွေပူနေတယ်။ဈေးထဲသွားပြီး တစ်ယောက်အိပ် သင်ဖြူးဖျာတစ်ချပ် သွားဝယ်ပေး’ ပါတဲ့။ဖျာဈေးနှုန်းနဲ့ ဈေးဘယ်နေရာမှာ ဝယ်ရမလဲဆိုတာကိုပါ ပြောပြလိုက်သေးသည်။
 
ကျနော့်ညီကို အမေ့အနားမှာထားပြီး ဖျာဝယ်ဖို့ ဆေးရုံအပြင်ဘက် လှမ်းမိရုံရှိသေး အမေဆုံးသွားရှာပြီတဲ့။ကြားထဲဟသွားသည့်အချိန်မှာ ၅ မိနစ်ပင်ရှိမည်မထင်။ညီကိုမေးကြည့်တော့ တစ်ချက်တွန့်ခနဲဖြစ်သွားပြီး သေဆုံးသွားတာတဲ့။အမေ့ရဲ့ အသက်ဓာတ်ကို တစ်စုံတစ်ရာက ဆောင့်ဆွဲလိုက်လေသလား မသိ။ကျနော်တို့ မမျှော်လင့်ထားသေးသော သေခြင်းတရားက သိပ်မြန်လွန်းလှသည်။
 
ဘာပဲဖြစ်ဖြစ် အမေမဖြစ်စေချင်သလို ရုပ်ပျက်ဆင်းပျက် အော်ဟစ်ညီးညူရခြင်းမျိုးမရှိဘဲ သတိရှိရှိမှသည် ဖြတ်ခနဲကွယ်လွန်သွားခဲ့တာကို ကျနော်ကျေနပ်မိသည်။ကြောက်တတ်သော အမေက သူသေလျှင် သူ့အဖေ အမေနားမှာ ဂူလုပ်ပေးဖို့ တောင်းဆိုခဲ့ဖူးသည်။ထို့ကြောင့် အမေ့ရုပ်အလောင်းကိုမီးသင်္ဂြိုဟ်၊ ကြွင်းကျန်အရိုးတွေကို ကျနော်သယ်ပိုးလို့ ဘီလူးကျွန်း၊ ကွမ်သဲရွာက သူ့မိဘအုတ်ဂူဘေး ဂူသွင်းပေးခဲ့သည်။
 
သေတယ်ဆိုတာ ဘယ်လိုအကြောင်းနဲ့မှ ဘယ်တော့မှ ပြန်မတွေ့တော့တာလို့ ကျနော်စတင်ခံစားခဲ့ရသည်။
 
ငြိမ်းဆက်
ဒီဇင်ဘာ - ၄