【 ဆောင်းပါး 】 “အမွေယူကြဦးမလား”

【 ဆောင်းပါး 】 “အမွေယူကြဦးမလား”

“ဟိုကောင် ဒီကိုလာသွားတယ်မဟုတ်လား ဆရာ”

“ဟုတ်ကဲ့၊ လာသွားပါတယ်”

“ကျွန်တော်က သူ့ကို မလေးရှားအတင်းသွားခိုင်းနေတယ်လို့ တိုင်သွားမှာပေါ့”

“တိုင်တယ်လို့တော့ မဟုတ်ပါဘူး။ခင်ဗျားက စေတနာနဲ့သွားစေချင်တာ သူသိပါတယ်။ဒါပေမဲ့ သူက ဒီမှာကျောင်းပြီးအောင်ဆက်တက်ပြီး ဒီမှာပဲအလုပ်ဝင်ချင်တယ်လို့ ပြောတာပါ”

“ဆရာပဲ စဉ်းစားကြည့်လေ။ကျောင်းပြီးတဲ့အထိ တက်မှာဆိုတော့ နောက်ထပ်အနည်းဆုံး လေးနှစ်လောက်ကြာဦးမှာ။ဘွဲ့ရတော့ရော အလုပ်ကလွယ်လွယ်နဲ့ရမှာလား။အလုပ်ရတော့ရော လခက ဘယ်လောက်ရမှာမို့လို့လဲ။ဒီကောင် ကျွန်တော့်စေတနာကို လုံး၀နားမလည်ဘူး။သူ့အမေက သူ့သားနဲ့ မခွဲနိုင်ပါဘူးလုပ်နေလို့ ကျွန်တော် မနည်းနားချထားရတာ။သူ့အမေနဲ့အဆင်ပြေခါမှ သူကကန့်လန့်တိုက်နေတယ်”

“ကန့်လန့်တိုက်တယ်လို့တော့ မတွေးပါနဲ့ဗျာ။ခင်ဗျားဘက်ကလည်း ငွေစိုက်ပေးမယ့်သူအဆင်သင့်၊ အတူနေဖို့ စိတ်ချရမယ့်အဖေါ်ရော အဆင်သင့်ဆိုတော့ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ သွားစေချင်တယ်။သူ့ဘက်ကလည်း အမေနဲ့မခွဲချင်တာရယ်၊ ကျောင်းတက်ရင်းတန်းလန်းဆိုတော့ ပြီးအောင်ဆက်တက်ချင်တာရယ်၊ အားတဲ့အချိန်လေးတွေမှာ အချိန်ပိုင်း Guide လုပ်တဲ့ ဝင်ငွေက သူ့ကျောင်းစရိတ်ကာမိတဲ့အပြင် သူ့အမေကိုလည်း ပိုက်ဆံနည်းနည်းပါးပါး ထောက်ပံ့နေနိုင်တာရယ်ဆိုတော့ ဟိုဘက်ကိုမသွားချင်ဘူးဖြစ်နေတာပါ”

“ဒါပေမယ့် ဆရာရယ်၊ အရှည်ကိုစဉ်းစားရမယ်မဟုတ်လား”

“ဟုတ်တော့ ဟုတ်ပါတယ်ဗျာ။ဒါပေမယ့် နှစ်ဖက်စလုံးကမှန်နေတော့ ကျွန်တော့်အနေနဲ့ မဆုံးဖြတ်ပါရစေနဲ့။မိသားစုသုံးယောက် မျက်နှာစုံညီနဲ့ အေးအေးဆေးဆေးတိုင်ပင် ဆုံးဖြတ်စေချင်တယ်။ဒေါသမပါစေချင်ဘူး။မိသားစုစိတ်ဝမ်းမကွဲဖို့ အဓိကပဲလို့ ကျွန်တော်ထင်တယ်။သေချာတာကတော့ နှစ်ခုလုံးပြိုင်တူလုပ်လို့မရတဲ့အတွက် တစ်ခုပဲလုပ်ဖြစ်မှာပါ။အဲဒီလုပ်ဖြစ်တဲ့တစ်ခုကို မိသားစုသုံးယောက်လုံး ကျေကျေနပ်နပ်လက်ခံစေချင်တယ်”

“အဲဒီလုပ်ဖြစ်တဲ့တစ်ခုက ကျွန်တော်လုပ်စေချင်တဲ့ဆန္ဒပဲဖြစ်ရပါမယ် ဆရာ”

သားဖြစ်သူက ကျွန်တော် ဆယ်တန်းစာသင်ပေးခဲ့သည့် တပည့်တစ်ယောက်ပါ။ဆယ်တန်း ပထမနှစ်ကျပြီး ဒုတိယနှစ်ပြန်ဖြေသည့်နှစ်က ကျွန်တော့ကျူရှင်ကို ရောက်လာသူဖြစ်ပါသည်။ပင်ကိုဉာဏ်ကကောင်းသော်လည်း ဝီရိယမရှိ၊ ရည်ရွယ်ချက်မရှိပါ။ဆယ်တန်းစာမေးပွဲဝင်ဖြေဖြစ်ရန်နှင့် ကျူရှင်တစ်ခုတက်ဖြစ်ရန်အတွက် နီးစပ်ရာသူငယ်ချင်းများ၏ ခေါ်ဆောင်ရာသို့ လိုက်ပါလာခြင်းသက်သက်သာဖြစ်၏။သို့သော်လည်း ကျွန်တော်တို့ဆရာများ၊ သူ့သူငယ်ချင်းများနှင့် ကောင်းသောရေစက်ပါလာသည်လားမသိ ကျူရှင်တက်ပြီး တစ်လခွဲ၊ နှစ်လခန့်အကြာမှာပင် သူ့ပုံစံက လုံးဝပြောင်းလဲသွားသည်။ကျောင်းမှန်လာသည်။ဘာသာရပ်အားလုံးကို စိတ်ဝင်စားစွာသင်ယူလေ့ကျင့်လာသည်။ထိုနှစ်က သင်္ချာ၊ ရူပ၊ ဓါတု သုံးဘာသာဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။GTC တက်ရင်း တစ်ဖက်က ဆယ်တန်း Guide လုပ်သည်။သူ့ကျောင်းသင်ခန်းစာများကိုလည်း ဂရုတစိုက်ကြိုးစားခဲ့သည်။သူ့ကျောင်းစရိတ်၊ အဝတ်အစားစရိတ်၊ အသုံးစရိတ်များကို မိဘဆီမှမတောင်းခံရသည့်အပြင် သူ့အမေကိုပါ ပိုက်ဆံထောက်ပံ့နိုင်သည့်အတွက် ဝမ်းသာနေရှာသည်။

ထိုအချိန်တွင် သူ့အဖေက မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ဖိအားပေးလာတော့ သူအရမ်းတုန်လှုပ်သွားသည်။

တကယ်တော့ သူ့သူငယ်ချင်းတစ်ယောက်က ဆယ်တန်းသုံးနှစ်ကျပြီး စာမေးပွဲလည်းဆက်မဖြေ၊ ဘာအလုပ်မှလည်းမလုပ်ဘဲ လေလွင့်နေသဖြင့် မိဘများက မလေးရှားပို့ဖို့ စီစဉ်သည်။သူတို့သား၏ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်၊ အကျင့်စာရိတ္တကောင်းသူလည်းဖြစ်ပြီး သူတို့သားကို အနီးကပ်ထိန်းသိမ်းနိုင်မည့် “သူ့” ကို ပိုက်ဆံထုတ်ချေးပြီး သူတို့၏သားနှင့်အတူ မလေးရှားသို့ပို့ပေးရန် စီစဉ်ခြင်းဖြစ်သည်။

မသေချာသေးသည့် အလုပ်လည်းဖြစ်၊ သူများပိုက်ဆံချေးယူပြီးသွားရမှာလည်းဖြစ်၊ လက်ရှိအခြေအနေကလည်း ကောင်းသင့်သလောက်ကောင်းနေသည်ဖြစ်၍ သူကငြင်းပယ်လိုက်၏။ဒါကို သူ့အဖေက ပြဿနာရှာနေခြင်းဖြစ်၏။

သူက ကျွန်တော့်တပည့်လည်းဖြစ်၊ သူ့လက်ရှိအခြေအနေနှင့် သူ့အတွေးကလည်း မှန်နေသည့်အတွက် သူ့အဖေဆုံးဖြတ်တာကိုနာခံဖို့ မတိုက်တွန်းခဲ့ပါ။သူ့အဖေ လက်ခံလာအောင် အေးအေးဆေးဆေးနှင့် အဆင်ပြေပြေရှင်းပြဖို့လိုကြောင်း၊ မိဘတို့၏ အဆုံးအဖြတ်တွင် အမှားရှိကောင်းရှိမည်ဖြစ်သော်လည်း၊ မိဘတို့၏မေတ္တာကတော့ အဆုံးမရှိကြောင်း ပြောပြခဲ့ပါသည်။

သူတို့သားအဖ၏ အဖြစ်အပျက်ကိုကြည့်လျှင်၊ မိဘနှင့် သားသမီးကြားက ဆက်နွယ်နေသော ကြီးမားလှသည့် သံယောဇဉ်အကြောင်း စဉ်းစားမိသည်။တစ်ဆက်တည်းမှာပင် မိဘများ၏ သားသမီးများအပေါ်ထားရှိသော စေတနာ မေတ္တာကို သံသယရှိစရာမလိုသော်လည်း၊ သားသမီး၏ရှေ့ရေးကို အကောင်အထည်ဖေါ်ရာ၌ အကောင်းအဆိုး၊ အကျိုးအပြစ်ကိုဆင်ခြင်ပြီး၊ မှန်မှန်ကန်ကန်ဆုံးဖြတ်ရန်လိုကြောင်း၊ သားသမီးတို့နမူနာယူစေဖို့ အနည်းဆုံး သားသမီးတို့ အများအလယ်မှာ မျက်နှာမငယ်ရစေဖို့ မိမိကိုယ်တိုင်ကလည်း ကိုယ်ကျင့်တရားကောင်းမွန်အောင်ထိန်းသိမ်း၍ မတော်မတရားပြောဆို လုပ်ကိုင်ခြင်းမျိုးကို ရှောင်သင့်ကြောင်း သတိထားမိလိုက်သည်။

မိမိ၏ သားသမီးကောင်းစားရေးအတွက်ဟု ပြောနေကြသော်လည်း၊ အမှန်တကယ်ကောင်းတာလား၊ ကောင်းသည်ဟုထင်တာလား၊ တစ်ယောက်တည်းကောင်းစားပြီး အများဒုက္ခရောက်စေတာမျိုးလား စသည်ဖြင့် ဆင်ခြင်တိုင်းထွာနိုင်သော အသိဉာဏ်တော့ရှိမှဖြစ်လိမ့်မည်။ကလေးတစ်ယောက်မွေးလိုက်ရုံနှင့် မိဘဖြစ်သွားတာမို့၊ မိဘလုပ်ရတာ လွယ်ကူလှသည်၊ဂုဏ်ယူစရာကောင်းလှသည်ဟု သာမန်အတွေးနှင့် ပီတိတွေဖြစ်နေတတ်ကြပါသည်။ဘဝင်မြင့်နေတတ်ကြပါသည်။အစားအသောက်ကောင်းကောင်းကျွေး၊ အဝတ်အထည်ကောင်းကောင်းဆင်၊ ပိုက်ဆံအကုန်အကျခံနိုင်လျှင် တာဝန်ကျေလှပြီဟုလည်း မိမိကိုယ်မိမိ အထင်ကြီးတတ်ကြပါသည်။

မိဘတော့ မိဘပါ။သို့သော်လည်း မိမိ၏ရင်သွေး၊ မိမိ၏သားသမီးအပေါ် တကယ်စေတနာထားသော မိဘဟုတ်၊ မဟုတ်ဆိုတာကိုတော့၊ မိမိ၏အသိ၊ မိမိ၏ခံယူချက်၊ မိမိ၏လုပ်ဆောင်ချက်ကသာ အဆုံးအဖြတ်ပေးနိုင်မှာပါ။

ကလေးတစ်ယောက်မွေးလိုက်ရုံနှင့် မိဘဖြစ်သွားတတ်တာ အသိဉာဏ်ရှိသည့် လူသားမှမဟုတ်ပါ။အသိဉာဏ်မရှိသည့် တိရစ္ဆာန်လည်း ဖြစ်တာပါပဲ။လူတွေထဲမှာ သူတောင်းစားလည်း မိဘဖြစ်သလို၊ လယ်သမား၊ အလုပ်သမား၊ စာရေးဝန်ထမ်းလည်း မိဘဖြစ်တာပါပဲ။ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ စက်ရုံအလုပ်ရုံ၊ ရုံးဌာနအရာရှိများလည်း မိဘဖြစ်သလို၊ မြေရှင်၊ လယ်ရှင်၊ ငွေရှင်၊ အလုပ်ရှင်တွေလည်း မိဘဖြစ်ပါသည်။တိုင်းပြည်အုပ်ချုပ်သည့် ဘုရင်နှင့် ဝန်ကြီးများလည်း မိဘဖြစ်ပါသည်။သို့သော်လည်း အရေးကြီးတာက မိဘပီသဖို့ဖြစ်သည်။

မိမိ၏ တောင်းရမ်းစားသောက်သည့်အတွက် အများက ‘သူတောင်းစား’ ဟု ခေါ်ပါသည်။မိမိ၏ သားသမီးများကိုလည်း သူတောင်းစား၏ သားသမီးများအဖြစ် မြင်ကြပါလိမ့်မည်။အကယ်၍ မိမိက အေးအေးဆေးဆေး တောင်းမစားဘဲ ပိုက်ဆံပေးကမ်းကူညီသူကိုရန်ပြုကာ လုယက်ခြင်း၊ ကူညီသည့်အမျိုးသမီးကို ဆွဲလားရမ်းလားပြုခြင်းတို့ ကျူးလွန်လာလျှင်တော့ မိမိကို ‘လူယုတ်မာ’ ဟု ခေါ်ကြပါလိမ့်မည်။မိမိ၏သားသမီးများကိုလည်း လူယုတ်မာ၏ သားသမီးများအဖြစ် အထင်သေးကြလိမ့်မည်။

မိမိက လက်နက်ကိုင်ပြီး ဓားပြတိုက်သည့်အတွက်၊ အများက လူဆိုးဓားပြဟုခေါ်ကြလိမ့်မည်။မိမိ၏ သားသမီးများကိုလည်း ဓားပြသားသမီးလေးတွေအဖြစ် မြင်လိမ့်မည်။အကယ်၍ မိမိက ဓားပြတိုက် ပစ္စည်းယူရုံမဟုတ်ဘဲ အိမ်ရှင်ယောင်္ကျားကိုသတ်ပစ်ကာ၊ အိမ်ရှင်မိန်းမကို မတရားအနိုင်အထက် ကျူးလွန်တာမျိုးလုပ်လျှင်တော့ မိမိကို လူယုတ်မာဟုခေါ်ပြီး သားသမီးများကို လူယုတ်မာ၏ သားသမီးအဖြစ် အထင်သေးကြလိမ့်မည်။

မိမိက တရားရုံးမှာ ဥပဒေနှင့်အညီ အမိန့်ချမှတ်ရသူဖြစ်၍ အများက တရားသူကြီးဟုခေါ်ကြပါမည်။မိမိ၏ သားသမီးများကိုလည်း တရားသူကြီး၏ သားသမီးများအဖြစ် မြင်လိမ့်မည်။အကယ်၍ မိမိက ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး မိမိအပေါ်လာဘ်ထိုးသူများကို အမှုနိုင်စေပြီး တစ်ဖက်အမှုသည်ကို မတရားထောင်ချတာမျိုး၊ သေမိန့်ပေးတာမျိုးလုပ်လျှင်တော့ မိမိကိုလူယုတ်မာဟု ခေါ်ကြလိမ့်မည်။မိမိ၏ သားသမီးများကိုလည်း လူယုတ်မာသားသမီးများအဖြစ် အထင်သေးကြလိမ့်မည်။

မိမိက တိုင်းသူပြည်သားတို့၏ အကျိုးအတွက် နိုင်ငံတော်ကိုအုပ်ချုပ်သူဖြစ်လျှင် မိမိကိုအများက ဘုရင်မင်းမြတ်ဟု လေးလေးစားစားခေါ်ကြပါလိမ့်မည်။မိမိ၏ သားသမီးများကိုလည်း ဘုရင့်သား၊ ဘုရင့်သမီးအဖြစ် မြင်လိမ့်မည်။အကယ်၍ မိမိက မိမိ၏အာဏာအတွက်၊ အကျိုးစီးပွားအတွက် ပြည်သူကို အလွယ်တကူသတ်ပစ်ခြင်း၊ ပြည်သူ့အိုးအိမ်၊ မြေယာကို အလွယ်တကူသိမ်းယူခြင်း၊ တိုင်းတစ်ပါးသားနှင့် မြေပေါ် မြေအောက် လူဆိုးသူခိုးများဘက်မှ ရပ်တည်ခြင်းတို့ကိုပြုမိပါက ပြည်သူပြည်သား လူအများတို့က “လူယုတ်မာ” ဟု ခေါ်ကြပြီး မိမိ၏ သားသမီးများကိုလည်း လူယုတ်မာ၏ သားသမီးများအဖြစ် အထင်သေးကြပါလိမ့်မည်။

အပြစ်ကျူးလွန်သူက မိဘ၊ တကယ်ခံရသူက သားသမီးဆိုတာကတော့ အလွန်ဝမ်းနည်းစရာကောင်းသည့် အဖြစ်ပါ။

လောကမှာ “သူတောင်းစား” သားသမီးဆိုတာ အတော်မျက်နှာငယ်ရသည်။

“ဓားပြ” သားသမီးဆိုလျှင် အတော်မျက်နှာမရှိသလောက်ဖြစ်ရသည်။

“တရားသူကြီး” သားသမီးဆိုတော့ အတော်မျက်နှာကြီးပါသည်။

“ဘုရင့်” သားသမီးဆိုတော့ ကောင်းကင်ကြီးလောက် မျက်နှာကြီးပါသည်။

“လူယုတ်မာ” ၏ သားသမီးဆိုလျှင်တော့ သူတို့လေးတွေသည် အသက်ရှင်နေပါလျက် အသက်သေသည်နှင့်မခြား ခံစားကြရလေသည်။

မိဘတစ်ယောက်သည် မိမိကိုယ်တိုင်က အမှန်တရားကိုရှာဖွေကာ အမှန်တရားနှင့် အနီးကပ်ဆုံးနေနိုင်အောင် ကြိုးစားရင်း သားသမီးကိုလည်း မိမိကဲ့သို့ဖြစ်ရန်၊ မိမိထက်ပို၍ဖြစ်ရန် စေတနာထား လုပ်ဆောင်သင့်သည်ဟု ထင်ပါသည်။

သို့မှသာ မိမိသည် မိမိ၏သားသမီးအတွက် မိဘအစစ်ဖြစ်ပါမည်။မိမိ၏အရိပ်သည် သားသမီးအတွက် “အရိပ်စစ်” ဖြစ်ပါမည်။မိမိ၏အမွေသည် သားသမီးအတွက် “အမွေအနှစ်” ဖြစ်ပါမည်ဟု။

ရိုက်မောင်း
ဇန်နဝါရီ - ၁၀

( Zawgyi )

“ဟိုေကာင္ ဒီကိုလာသြားတယ္မဟုတ္လား ဆရာ”

“ဟုတ္ကဲ့၊ လာသြားပါတယ္”

“ကြၽန္ေတာ္က သူ႔ကို မေလးရွားအတင္းသြားခိုင္းေနတယ္လို႔ တိုင္သြားမွာေပါ့”

“တိုင္တယ္လို႔ေတာ့ မဟုတ္ပါဘူး။ခင္ဗ်ားက ေစတနာနဲ႔သြားေစခ်င္တာ သူသိပါတယ္။ဒါေပမဲ့ သူက ဒီမွာေက်ာင္းၿပီးေအာင္ဆက္တက္ၿပီး ဒီမွာပဲအလုပ္ဝင္ခ်င္တယ္လို႔ ေျပာတာပါ”

“ဆရာပဲ စဥ္းစားၾကည့္ေလ။ေက်ာင္းၿပီးတဲ့အထိ တက္မွာဆိုေတာ့ ေနာက္ထပ္အနည္းဆုံး ေလးႏွစ္ေလာက္ၾကာဦးမွာ။ဘြဲ႕ရေတာ့ေရာ အလုပ္ကလြယ္လြယ္နဲ႔ရမွာလား။အလုပ္ရေတာ့ေရာ လခက ဘယ္ေလာက္ရမွာမို႔လို႔လဲ။ဒီေကာင္ ကြၽန္ေတာ့္ေစတနာကို လုံး၀နားမလည္ဘူး။သူ႔အေမက သူ႔သားနဲ႔ မခြဲႏိုင္ပါဘူးလုပ္ေနလို႔ ကြၽန္ေတာ္ မနည္းနားခ်ထားရတာ။သူ႔အေမနဲ႔အဆင္ေျပခါမွ သူကကန႔္လန႔္တိုက္ေနတယ္”

“ကန႔္လန႔္တိုက္တယ္လို႔ေတာ့ မေတြးပါနဲ႔ဗ်ာ။ခင္ဗ်ားဘက္ကလည္း ေငြစိုက္ေပးမယ့္သူအဆင္သင့္၊ အတူေနဖို႔ စိတ္ခ်ရမယ့္အေဖၚေရာ အဆင္သင့္ဆိုေတာ့ ဒီအခြင့္အေရးကို လက္လႊတ္မခံဘဲ သြားေစခ်င္တယ္။သူ႔ဘက္ကလည္း အေမနဲ႔မခြဲခ်င္တာရယ္၊ ေက်ာင္းတက္ရင္းတန္းလန္းဆိုေတာ့ ၿပီးေအာင္ဆက္တက္ခ်င္တာရယ္၊ အားတဲ့အခ်ိန္ေလးေတြမွာ အခ်ိန္ပိုင္း Guide လုပ္တဲ့ ဝင္ေငြက သူ႔ေက်ာင္းစရိတ္ကာမိတဲ့အျပင္ သူ႔အေမကိုလည္း ပိုက္ဆံနည္းနည္းပါးပါး ေထာက္ပံ့ေနႏိုင္တာရယ္ဆိုေတာ့ ဟိုဘက္ကိုမသြားခ်င္ဘူးျဖစ္ေနတာပါ”

“ဒါေပမယ့္ ဆရာရယ္၊ အရွည္ကိုစဥ္းစားရမယ္မဟုတ္လား”

“ဟုတ္ေတာ့ ဟုတ္ပါတယ္ဗ်ာ။ဒါေပမယ့္ ႏွစ္ဖက္စလုံးကမွန္ေနေတာ့ ကြၽန္ေတာ့္အေနနဲ႔ မဆုံးျဖတ္ပါရေစနဲ႔။မိသားစုသုံးေယာက္ မ်က္ႏွာစုံညီနဲ႔ ေအးေအးေဆးေဆးတိုင္ပင္ ဆုံးျဖတ္ေစခ်င္တယ္။ေဒါသမပါေစခ်င္ဘူး။မိသားစုစိတ္ဝမ္းမကြဲဖို႔ အဓိကပဲလို႔ ကြၽန္ေတာ္ထင္တယ္။ေသခ်ာတာကေတာ့ ႏွစ္ခုလုံးၿပိဳင္တူလုပ္လို႔မရတဲ့အတြက္ တစ္ခုပဲလုပ္ျဖစ္မွာပါ။အဲဒီလုပ္ျဖစ္တဲ့တစ္ခုကို မိသားစုသုံးေယာက္လုံး ေက်ေက်နပ္နပ္လက္ခံေစခ်င္တယ္”

“အဲဒီလုပ္ျဖစ္တဲ့တစ္ခုက ကြၽန္ေတာ္လုပ္ေစခ်င္တဲ့ဆႏၵပဲျဖစ္ရပါမယ္ ဆရာ”

သားျဖစ္သူက ကြၽန္ေတာ္ ဆယ္တန္းစာသင္ေပးခဲ့သည့္ တပည့္တစ္ေယာက္ပါ။ဆယ္တန္း ပထမႏွစ္က်ၿပီး ဒုတိယႏွစ္ျပန္ေျဖသည့္ႏွစ္က ကြၽန္ေတာ့က်ဴရွင္ကို ေရာက္လာသူျဖစ္ပါသည္။ပင္ကိုဉာဏ္ကေကာင္းေသာ္လည္း ဝီရိယမရွိ၊ ရည္႐ြယ္ခ်က္မရွိပါ။ဆယ္တန္းစာေမးပြဲဝင္ေျဖျဖစ္ရန္ႏွင့္ က်ဴရွင္တစ္ခုတက္ျဖစ္ရန္အတြက္ နီးစပ္ရာသူငယ္ခ်င္းမ်ား၏ ေခၚေဆာင္ရာသို႔ လိုက္ပါလာျခင္းသက္သက္သာျဖစ္၏။သို႔ေသာ္လည္း ကြၽန္ေတာ္တို႔ဆရာမ်ား၊ သူ႔သူငယ္ခ်င္းမ်ားႏွင့္ ေကာင္းေသာေရစက္ပါလာသည္လားမသိ က်ဴရွင္တက္ၿပီး တစ္လခြဲ၊ ႏွစ္လခန႔္အၾကာမွာပင္ သူ႔ပုံစံက လုံးဝေျပာင္းလဲသြားသည္။ေက်ာင္းမွန္လာသည္။ဘာသာရပ္အားလုံးကို စိတ္ဝင္စားစြာသင္ယူေလ့က်င့္လာသည္။ထိုႏွစ္က သခ်ၤာ၊ ႐ူပ၊ ဓါတု သုံးဘာသာဂုဏ္ထူးႏွင့္ ေအာင္ျမင္ခဲ့သည္။GTC တက္ရင္း တစ္ဖက္က ဆယ္တန္း Guide လုပ္သည္။သူ႔ေက်ာင္းသင္ခန္းစာမ်ားကိုလည္း ဂ႐ုတစိုက္ႀကိဳးစားခဲ့သည္။သူ႔ေက်ာင္းစရိတ္၊ အဝတ္အစားစရိတ္၊ အသုံးစရိတ္မ်ားကို မိဘဆီမွမေတာင္းခံရသည့္အျပင္ သူ႔အေမကိုပါ ပိုက္ဆံေထာက္ပံ့ႏိုင္သည့္အတြက္ ဝမ္းသာေနရွာသည္။

ထိုအခ်ိန္တြင္ သူ႔အေဖက မေလးရွားမွာ အလုပ္သြားလုပ္ဖို႔ ဖိအားေပးလာေတာ့ သူအရမ္းတုန္လႈပ္သြားသည္။

တကယ္ေတာ့ သူ႔သူငယ္ခ်င္းတစ္ေယာက္က ဆယ္တန္းသုံးႏွစ္က်ၿပီး စာေမးပြဲလည္းဆက္မေျဖ၊ ဘာအလုပ္မွလည္းမလုပ္ဘဲ ေလလြင့္ေနသျဖင့္ မိဘမ်ားက မေလးရွားပို႔ဖို႔ စီစဥ္သည္။သူတို႔သား၏ အခ်စ္ဆုံးသူငယ္ခ်င္းလည္းျဖစ္၊ အက်င့္စာရိတၱေကာင္းသူလည္းျဖစ္ၿပီး သူတို႔သားကို အနီးကပ္ထိန္းသိမ္းႏိုင္မည့္ “သူ႔” ကို ပိုက္ဆံထုတ္ေခ်းၿပီး သူတို႔၏သားႏွင့္အတူ မေလးရွားသို႔ပို႔ေပးရန္ စီစဥ္ျခင္းျဖစ္သည္။

မေသခ်ာေသးသည့္ အလုပ္လည္းျဖစ္၊ သူမ်ားပိုက္ဆံေခ်းယူၿပီးသြားရမွာလည္းျဖစ္၊ လက္ရွိအေျခအေနကလည္း ေကာင္းသင့္သေလာက္ေကာင္းေနသည္ျဖစ္၍ သူကျငင္းပယ္လိုက္၏။ဒါကို သူ႔အေဖက ျပႆနာရွာေနျခင္းျဖစ္၏။

သူက ကြၽန္ေတာ့္တပည့္လည္းျဖစ္၊ သူ႔လက္ရွိအေျခအေနႏွင့္ သူ႔အေတြးကလည္း မွန္ေနသည့္အတြက္ သူ႔အေဖဆုံးျဖတ္တာကိုနာခံဖို႔ မတိုက္တြန္းခဲ့ပါ။သူ႔အေဖ လက္ခံလာေအာင္ ေအးေအးေဆးေဆးႏွင့္ အဆင္ေျပေျပရွင္းျပဖို႔လိုေၾကာင္း၊ မိဘတို႔၏ အဆုံးအျဖတ္တြင္ အမွားရွိေကာင္းရွိမည္ျဖစ္ေသာ္လည္း၊ မိဘတို႔၏ေမတၱာကေတာ့ အဆုံးမရွိေၾကာင္း ေျပာျပခဲ့ပါသည္။

သူတို႔သားအဖ၏ အျဖစ္အပ်က္ကိုၾကည့္လွ်င္၊ မိဘႏွင့္ သားသမီးၾကားက ဆက္ႏြယ္ေနေသာ ႀကီးမားလွသည့္ သံေယာဇဥ္အေၾကာင္း စဥ္းစားမိသည္။တစ္ဆက္တည္းမွာပင္ မိဘမ်ား၏ သားသမီးမ်ားအေပၚထားရွိေသာ ေစတနာ ေမတၱာကို သံသယရွိစရာမလိုေသာ္လည္း၊ သားသမီး၏ေရွ႕ေရးကို အေကာင္အထည္ေဖၚရာ၌ အေကာင္းအဆိုး၊ အက်ိဳးအျပစ္ကိုဆင္ျခင္ၿပီး၊ မွန္မွန္ကန္ကန္ဆုံးျဖတ္ရန္လိုေၾကာင္း၊ သားသမီးတို႔နမူနာယူေစဖို႔ အနည္းဆုံး သားသမီးတို႔ အမ်ားအလယ္မွာ မ်က္ႏွာမငယ္ရေစဖို႔ မိမိကိုယ္တိုင္ကလည္း ကိုယ္က်င့္တရားေကာင္းမြန္ေအာင္ထိန္းသိမ္း၍ မေတာ္မတရားေျပာဆို လုပ္ကိုင္ျခင္းမ်ိဳးကို ေရွာင္သင့္ေၾကာင္း သတိထားမိလိုက္သည္။

မိမိ၏ သားသမီးေကာင္းစားေရးအတြက္ဟု ေျပာေနၾကေသာ္လည္း၊ အမွန္တကယ္ေကာင္းတာလား၊ ေကာင္းသည္ဟုထင္တာလား၊ တစ္ေယာက္တည္းေကာင္းစားၿပီး အမ်ားဒုကၡေရာက္ေစတာမ်ိဳးလား စသည္ျဖင့္ ဆင္ျခင္တိုင္းထြာႏိုင္ေသာ အသိဉာဏ္ေတာ့ရွိမွျဖစ္လိမ့္မည္။ကေလးတစ္ေယာက္ေမြးလိုက္႐ုံႏွင့္ မိဘျဖစ္သြားတာမို႔၊ မိဘလုပ္ရတာ လြယ္ကူလွသည္၊ဂုဏ္ယူစရာေကာင္းလွသည္ဟု သာမန္အေတြးႏွင့္ ပီတိေတြျဖစ္ေနတတ္ၾကပါသည္။ဘဝင္ျမင့္ေနတတ္ၾကပါသည္။အစားအေသာက္ေကာင္းေကာင္းေကြၽး၊ အဝတ္အထည္ေကာင္းေကာင္းဆင္၊ ပိုက္ဆံအကုန္အက်ခံႏိုင္လွ်င္ တာဝန္ေက်လွၿပီဟုလည္း မိမိကိုယ္မိမိ အထင္ႀကီးတတ္ၾကပါသည္။

မိဘေတာ့ မိဘပါ။သို႔ေသာ္လည္း မိမိ၏ရင္ေသြး၊ မိမိ၏သားသမီးအေပၚ တကယ္ေစတနာထားေသာ မိဘဟုတ္၊ မဟုတ္ဆိုတာကိုေတာ့၊ မိမိ၏အသိ၊ မိမိ၏ခံယူခ်က္၊ မိမိ၏လုပ္ေဆာင္ခ်က္ကသာ အဆုံးအျဖတ္ေပးႏိုင္မွာပါ။

ကေလးတစ္ေယာက္ေမြးလိုက္႐ုံႏွင့္ မိဘျဖစ္သြားတတ္တာ အသိဉာဏ္ရွိသည့္ လူသားမွမဟုတ္ပါ။အသိဉာဏ္မရွိသည့္ တိရစာၦန္လည္း ျဖစ္တာပါပဲ။လူေတြထဲမွာ သူေတာင္းစားလည္း မိဘျဖစ္သလို၊ လယ္သမား၊ အလုပ္သမား၊ စာေရးဝန္ထမ္းလည္း မိဘျဖစ္တာပါပဲ။ဆရာဝန္၊ အင္ဂ်င္နီယာ၊ ေက်ာင္းဆရာ၊ စက္႐ုံအလုပ္႐ုံ၊ ႐ုံးဌာနအရာရွိမ်ားလည္း မိဘျဖစ္သလို၊ ေျမရွင္၊ လယ္ရွင္၊ ေငြရွင္၊ အလုပ္ရွင္ေတြလည္း မိဘျဖစ္ပါသည္။တိုင္းျပည္အုပ္ခ်ဳပ္သည့္ ဘုရင္ႏွင့္ ဝန္ႀကီးမ်ားလည္း မိဘျဖစ္ပါသည္။သို႔ေသာ္လည္း အေရးႀကီးတာက မိဘပီသဖို႔ျဖစ္သည္။

မိမိ၏ ေတာင္းရမ္းစားေသာက္သည့္အတြက္ အမ်ားက ‘သူေတာင္းစား’ ဟု ေခၚပါသည္။မိမိ၏ သားသမီးမ်ားကိုလည္း သူေတာင္းစား၏ သားသမီးမ်ားအျဖစ္ ျမင္ၾကပါလိမ့္မည္။အကယ္၍ မိမိက ေအးေအးေဆးေဆး ေတာင္းမစားဘဲ ပိုက္ဆံေပးကမ္းကူညီသူကိုရန္ျပဳကာ လုယက္ျခင္း၊ ကူညီသည့္အမ်ိဳးသမီးကို ဆြဲလားရမ္းလားျပဳျခင္းတို႔ က်ဴးလြန္လာလွ်င္ေတာ့ မိမိကို ‘လူယုတ္မာ’ ဟု ေခၚၾကပါလိမ့္မည္။မိမိ၏သားသမီးမ်ားကိုလည္း လူယုတ္မာ၏ သားသမီးမ်ားအျဖစ္ အထင္ေသးၾကလိမ့္မည္။

မိမိက လက္နက္ကိုင္ၿပီး ဓားျပတိုက္သည့္အတြက္၊ အမ်ားက လူဆိုးဓားျပဟုေခၚၾကလိမ့္မည္။မိမိ၏ သားသမီးမ်ားကိုလည္း ဓားျပသားသမီးေလးေတြအျဖစ္ ျမင္လိမ့္မည္။အကယ္၍ မိမိက ဓားျပတိုက္ ပစၥည္းယူ႐ုံမဟုတ္ဘဲ အိမ္ရွင္ေယာက်ၤားကိုသတ္ပစ္ကာ၊ အိမ္ရွင္မိန္းမကို မတရားအႏိုင္အထက္ က်ဴးလြန္တာမ်ိဳးလုပ္လွ်င္ေတာ့ မိမိကို လူယုတ္မာဟုေခၚၿပီး သားသမီးမ်ားကို လူယုတ္မာ၏ သားသမီးအျဖစ္ အထင္ေသးၾကလိမ့္မည္။

မိမိက တရား႐ုံးမွာ ဥပေဒႏွင့္အညီ အမိန႔္ခ်မွတ္ရသူျဖစ္၍ အမ်ားက တရားသူႀကီးဟုေခၚၾကပါမည္။မိမိ၏ သားသမီးမ်ားကိုလည္း တရားသူႀကီး၏ သားသမီးမ်ားအျဖစ္ ျမင္လိမ့္မည္။အကယ္၍ မိမိက ဥပေဒကိုလက္တစ္လုံးျခားလုပ္ၿပီး မိမိအေပၚလာဘ္ထိုးသူမ်ားကို အမႈႏိုင္ေစၿပီး တစ္ဖက္အမႈသည္ကို မတရားေထာင္ခ်တာမ်ိဳး၊ ေသမိန႔္ေပးတာမ်ိဳးလုပ္လွ်င္ေတာ့ မိမိကိုလူယုတ္မာဟု ေခၚၾကလိမ့္မည္။မိမိ၏ သားသမီးမ်ားကိုလည္း လူယုတ္မာသားသမီးမ်ားအျဖစ္ အထင္ေသးၾကလိမ့္မည္။

မိမိက တိုင္းသူျပည္သားတို႔၏ အက်ိဳးအတြက္ ႏိုင္ငံေတာ္ကိုအုပ္ခ်ဳပ္သူျဖစ္လွ်င္ မိမိကိုအမ်ားက ဘုရင္မင္းျမတ္ဟု ေလးေလးစားစားေခၚၾကပါလိမ့္မည္။မိမိ၏ သားသမီးမ်ားကိုလည္း ဘုရင့္သား၊ ဘုရင့္သမီးအျဖစ္ ျမင္လိမ့္မည္။အကယ္၍ မိမိက မိမိ၏အာဏာအတြက္၊ အက်ိဳးစီးပြားအတြက္ ျပည္သူကို အလြယ္တကူသတ္ပစ္ျခင္း၊ ျပည္သူ႔အိုးအိမ္၊ ေျမယာကို အလြယ္တကူသိမ္းယူျခင္း၊ တိုင္းတစ္ပါးသားႏွင့္ ေျမေပၚ ေျမေအာက္ လူဆိုးသူခိုးမ်ားဘက္မွ ရပ္တည္ျခင္းတို႔ကိုျပဳမိပါက ျပည္သူျပည္သား လူအမ်ားတို႔က “လူယုတ္မာ” ဟု ေခၚၾကၿပီး မိမိ၏ သားသမီးမ်ားကိုလည္း လူယုတ္မာ၏ သားသမီးမ်ားအျဖစ္ အထင္ေသးၾကပါလိမ့္မည္။

အျပစ္က်ဴးလြန္သူက မိဘ၊ တကယ္ခံရသူက သားသမီးဆိုတာကေတာ့ အလြန္ဝမ္းနည္းစရာေကာင္းသည့္ အျဖစ္ပါ။

ေလာကမွာ “သူေတာင္းစား” သားသမီးဆိုတာ အေတာ္မ်က္ႏွာငယ္ရသည္။

“ဓားျပ” သားသမီးဆိုလွ်င္ အေတာ္မ်က္ႏွာမရွိသေလာက္ျဖစ္ရသည္။

“တရားသူႀကီး” သားသမီးဆိုေတာ့ အေတာ္မ်က္ႏွာႀကီးပါသည္။

“ဘုရင့္” သားသမီးဆိုေတာ့ ေကာင္းကင္ႀကီးေလာက္ မ်က္ႏွာႀကီးပါသည္။

“လူယုတ္မာ” ၏ သားသမီးဆိုလွ်င္ေတာ့ သူတို႔ေလးေတြသည္ အသက္ရွင္ေနပါလ်က္ အသက္ေသသည္ႏွင့္မျခား ခံစားၾကရေလသည္။

မိဘတစ္ေယာက္သည္ မိမိကိုယ္တိုင္က အမွန္တရားကိုရွာေဖြကာ အမွန္တရားႏွင့္ အနီးကပ္ဆုံးေနႏိုင္ေအာင္ ႀကိဳးစားရင္း သားသမီးကိုလည္း မိမိကဲ့သို႔ျဖစ္ရန္၊ မိမိထက္ပို၍ျဖစ္ရန္ ေစတနာထား လုပ္ေဆာင္သင့္သည္ဟု ထင္ပါသည္။

သို႔မွသာ မိမိသည္ မိမိ၏သားသမီးအတြက္ မိဘအစစ္ျဖစ္ပါမည္။မိမိ၏အရိပ္သည္ သားသမီးအတြက္ “အရိပ္စစ္” ျဖစ္ပါမည္။မိမိ၏အေမြသည္ သားသမီးအတြက္ “အေမြအႏွစ္” ျဖစ္ပါမည္ဟု။

႐ိုက္ေမာင္း
ဇန္နဝါရီ - ၁၀