【 ဆောင်းပါး 】 “အမှန်တရားကို တန်ဖိုးထားဖို့”

【 ဆောင်းပါး 】 “အမှန်တရားကို တန်ဖိုးထားဖို့”

သီချင်းလေးတစ်ပုဒ်ရှိပါတယ်။လူအတော်များများလည်း အဲသီချင်းကိုကြိုက်ကြပါတယ်။သီချင်းက ရုပ်ရှင်ဇာတ်ကားတစ်ခုလား ဗီဒီယိုဇာတ်ကားတစ်ခုမှာလား ဇာတ်ဝင်တေးအဖြစ် အဲဒီသီချင်းကိုသုံးခဲ့တာပါ။သီချင်းက စန္ဒရားလှထွတ် ရေးခဲ့တာ။တင့်လှပေဟန် (သို့) အလှသစ္စာတရားဆိုတဲ့ သီချင်းပါ။

သီချင်းအဖွင့်မှာ “မျက်စိမှိတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ” ဆိုတဲ့ သီချင်းလေးပါ။ဒီသီချင်းစာသားလေးကို စကြားမိတဲ့ ငယ်ရွယ်စဉ်ကတည်းက တစ်ခါကြားပြီး တစ်ခါတည်းကြိုက်မိပါတယ်။ပြီးတော့ ငယ်တဲ့အလျှောက် ချစ်ခြင်းမေတ္တာ သရုပ်ဖော်တာကို တန်းကနဲမြင်အောင် ဖော်ကျူးတဲ့ စကားရဲ့အားကို  လေးစားမိပါတယ်။နောက်အသက်ကြီးလာတဲ့အခါ ဒီသီချင်းစာသားအဓိပ္ပါယ်က နဂို ကျနော်ငယ်ငယ်က ရွေးမိတာထက် ပိုပြီးတာသွားနေမှန်း ပိုကျယ်ဝန်းနေမှန်း မြင်လာခဲ့ပါတယ်။သီချင်းစာသားက တွေးလေ ပိုပြီးနက်နဲလာလေ။

ယခုလို ခေတ်ပျက်ကာလမှာဆိုရင်  ဒီသီချင်းက ကျနော်တို့အတွက် ပိုပြီး အဓိပ္ပါယ်ကယူလို့မဆုံးပါပဲ။သီချင်းစာသားရဲ့ ဆိုလိုမှုက ဉာဏ်မှီသလောက်ဆို ဘယ်သူတွေ ဘာတွေပြောပြော ဘာတွေဆိုဆို ဘယ်လိုတွေပဲပြောပြော၊ ဘယ်လိုပဲ လူတွေရဲ့ အသိတရားစဉ်းစားဆင်ခြင်ဉာဏ်ကို အဓမ္မပိတ်စေဦးတော့ ဘာကအမှား၊ ဘာကအမှန်ဆိုတာ ဉာဏ်မျက်စိက ကွဲကွဲပြားပြားကို မြင်နေရပါတယ်ဆိုတာကိုပါ။တကယ်ပဲ ကျနော်တို့ခေတ်မှာ ဘာတွေဖုံးခဲ့သည်ဖြစ်စေ ခဏတာဖြေလျှော့တာနဲ့ အမှန်တွေက ဘွားကနဲထွက်လာတာကနေ အမှန်အတိုင်းမြင်ခဲ့ရပါတယ်။ဘာတွေဖြစ်ခဲ့ကြသလဲ၊ ဘယ်သူတွေ မတရားလုပ်ခဲ့ကြသလဲဆိုတာ အခြေအနေကို အမှန်အတိုင်းမြင်နေရပြီဖြစ်ပါတယ်။

ကျနော်တို့ရပ်ကွက်အနီးမှာ ကျူးကျော်တွေ နေရာတစ်ခုရှိပါတယ်။နဂိုက အဲဒီကျူးကျော်တွေစုပြီးနေတဲ့ နေရာမဟုတ်ပါဘူး။နောက်ကာလတစ်ခုမှာ လက်ရှိနေတဲ့ရပ်ကွက်က လုပ်ပိုင်ခွင့်ရှိခဲ့တဲ့သူအချို့က ကားလမ်းဘေးမှာ တဲတစ်လုံးဆောက်ရင် ဘယ်လောက်ဆိုပြီး ဆောက်ခွင့်ပေးတဲ့အခါ ရပ်ကွက်ထဲက အိမ်ငှားတွေ၊ အဆောင်လာနေတဲ့သူတွေက တဲတွေဆောက်ပြီးနေကြသလို ရပ်ကွက်ထဲက လောဘစိတ်ရှိတဲ့သူအချို့ကလည်း တဲတွေဝင်ဆောက်ပြီး အငှားတွေတင်ကြ၊ ဆိုင်တွေဖွင့်ကြနဲ့။ဒီလိုနဲ့ ရပ်ကွက်အဝင်လမ်းဘေးမှာ ကျူးရပ်ကွက်တစ်ခုလို ဖြစ်ကုန်တော့ပါတယ်။အရင်ကဆို အဲဒီကျူးက တစ်ပတ်တစ်ခါ ဧည့်စာရင်းတိုင်ခနဲ့တင် အတော်လေးကို ပွဲဖြစ်ခဲ့ကြပါတယ်။

ကာလတွေ ရွေ့လျှားပြီးနောက် နှစ်က ဆယ်နှစ် ဆယ့်ငါးနှစ်ကျော်ကြာတဲ့အခါ အဲဒီတုန်းက လုပ်ခွင့်ပေးခဲ့တဲ့သူတွေ၊ လုပ်ခဲ့ကြတဲ့သူတွေလဲ တခြားအရပ်ရောက်တဲ့သူလဲရောက်၊ တချို့လဲသေတဲ့သူလဲသေနဲ့၊ တချို့ကတော့ လမ်းထဲမှာ လူရိုသေရှင်ရိုသေနေကြနဲ့ဆိုတော့ ဆယ်နှစ် ဆယ့်ငါးနှစ်ဆိုတဲ့ ကာလတစ်ခုမှာ ဒီကျူးတွေရဲ့အစကိုသိသူ ရပ်ကွက်ထဲနည်းလာခဲ့သလို လူဟောင်းကလဲ မရှိသလောက် နည်းလာခဲ့ပါတယ်။ကျူးနေရာကလည်း ရပ်ကွက်ပုံစံ တိုက်ခံအိမ်တွေဖြစ်၊ ဆိုင်ခန်းတွေဆို အဝင်၀ဖြစ်နေလို့ စျေးတောင် သိန်းရာဂဏန်းနားအထိ ကပ်ပြီး ကြိုက်ရောင်းကြိုက်ဝယ်တွေ အရောင်းအဝယ်တွေဖြစ်လို့ပေါ့။အဲဒီတုန်းက တဲဆောက်ခွင့်ပေးတုန်း ရလိုက်တဲ့သူတွေက မြန်မြန်ဆန်ဆန်ရောင်းချပြီး တခြားအလုပ်တွေလုပ်ကြနဲ့ ရပ်ကွက်ထဲ အတော်အသင့်အဆင်ပြေတဲ့သူလည်းပြေပေါ့။အိမ်က အိမ်ရှင်မတောင် ကျနော်ကို အဲဒီတုန်းက တစ်တဲ ကျပ်ငါးထောင် (၁၉၉၈-၉၉ ကာလ) တုန်းက မဆောက်ခဲ့လို့ ကျန်ခဲ့တဲ့နှစ်အထိ စကားစပ်မိတိုင်း အပြစ်တင်လို့မဆုံး။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက စလိုက်တဲ့ နိုင်ငံရေးကပ်ဆိုးကြောင့် အခြေအနေတွေ ပြောင်းလဲလာလိုက်တာ ပြီးခဲ့တဲ့လပိုင်းမှာ အဲဒီကျူးတွေ ဖျက်ရပါလေရော။ရတာ အမြန်ဖျက်ယူရတဲ့အထိ အခြေအနေကဆိုးတဲ့အတွက် ထိခိုက်ဆုံးရှုံးရတဲ့သူတွေ အများကြီး။ဒီထဲ ရပ်ကွက်ထဲမှာ နေခဲ့တဲ့သူအချို့လည်းပါလေတော့ ရပ်ကွက်ထဲပြန်ဝင်ပေါ့။ဒီမှာ ကျနော်ပြောချင်တဲ့ဇာတ်လမ်းက အဲဒီကစတာ။

အစောပိုင်းက တဲတစ်လုံးကို ငါးထောင်နဲ့ စခွင့်ပြုပေးတဲ့သူတစ်ယောက်က အခုဆို ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်ကြီး ဟီးနေအောင်ဖွင့်ထားပြီး ရပ်ကွက်ထဲမှာ ရပ်မိရပ်ဖလူကြီးနေရာရောက်နေတာ။သူက ဒီလိုခွင့်ပြုတဲ့အထဲကနေ သူ့အတွက် လည်သလိုလုပ်ပြီး ဒီအခြေအနေထိရောက်လာတာ။ကျူးအိမ်တွေ သုံးလေးလုံးကို သုံးလေးသိန်းလောက်နဲ့ရောင်းပြီး အလုပ်ဖြစ်သွားတာ။ဒီလို သူ့ဘာသာသူစီးပွားဖြစ်တာ မဖြစ်တာ ကျနော့်အတွက် ပြဿနာမဟုတ်ပေမယ့် သူရောင်းခဲ့တဲ့ ကျူးတွေကိုဖျက်လို့ လူတွေဒုက္ခရောက်တာကို သူက ကိုယ်နဲ့မဆိုင်ခဲ့သယောင်ယောင် မှန်သယောင်ယောင်နဲ့ ပြောနေလုပ်နေတာ အတော်လေး မဆီမငေါ် မထော်မနန်း အမြင်ကတ် အသည်းယားစရာပါ။

ကျူးတွေလာဖျက်နေတာကိုကြည့်ပြီး ကျူးတွေကို အပြစ်တင်တဲ့ပုံစံနဲ့ “ဒီလိုနေရာတွေ ကိုယ်မပိုင်မှန်းသိရဲ့သားနဲ့  အခိုင်အမာဆောက်ကြတာ အတော်ကိုမိုက်တာပဲ” ဆိုပြီး တရားချသလို တရားကျသလိုလိုနဲ့။ကျူးနေရာသက်တမ်း ၁၅ နှစ် နှစ် ၂၀ ကြာပြီဆိုတော့ သူတို့လုပ်တာ သိတဲ့သူ မရှိလောက်ဘူးထင်ပြီး လူဟောင်းဖြစ်တဲ့ ကျနော့်ဘက်ကို အဖော်ညှိ လူကြားထဲ လေသံကောင်းလွှင့်ပါတယ်။ဒီအခါ ကျောင်းဆရာပီပီ  အမြင်မတော်ရင် နှုတ်ကထိန်းမရတဲ့ ကျနော်က ပက်ကနဲ “အဲတုန်းက ခင်ဗျားတို့ ကိုစိန်မြင့်တို့ပဲ တစ်တဲငါးထောင်နဲ့ ဆောက်ခွင့်ပေးခဲ့ကြတာမဟုတ်လား”လို့ မြေလှန်မိတော့ ဒီလူခမျာ ရှူးရှူးရှဲရှဲဖြစ်ပြီး အဲတုန်းက သူမပါဘူးနဲ့ အတင်းငြင်းပါလေရော။ကျနော်လဲ ဒီလူရောင်းခဲ့တဲ့ တဲနေရာတွေကိုသာ ဆက်ပြောရင် ဓားထိုးခံရမှာစိုးလို့ ဆက်မပြောတော့ဘဲ စကားရပ်လိုက်ပါတယ်။စိတ်က အိမ်ရောက်တဲ့အထိ သိပ်မပြေတော့ မိန်းမကိုပြောမိတဲ့အခါ မိန်းမက “ရှင်အပူ ဘာပါလို့ သွားပြောရတာလဲ၊ ဟိုက အုပ်စုနဲ့လုပ်မလွှတ်လိုက်တာ ကံကောင်း၊ အနေအစားဆင်ခြင်နေ၊ ခေတ်ကကောင်းတာမဟုတ်ဘူး” ဆိုပြီး အငေါက်တောင်ခံလိုက်ရပါတယ်။

ကျနော့်စိတ်ထဲ ညဘက်ရောက်တဲ့အထိ စိတ်ကတနုံ့နုံ့နဲ့။အဲဒီမှာ အိမ်ဘေးကနေဖွင့်တဲ့ သီချင်းက အစောကပြောတဲ့ “မျက်စိမှိတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ” ဆိုတဲ့ အလှသစ္စာတရားသီချင်းကို ပြန်ကြားမိတာပါပဲ။ဟုတ်သားပဲ။ကျနော့်စိတ်ထဲ ဒီလူတွေလုပ်ခဲ့တာကို မျက်လုံးက ဘယ်လိုပဲမှိတ်ထားသည်ဖြစ်စေ မြင်နေမိပါတယ်။ကျနော်လို့ပဲ တခြားသူတွေ ဘာကြောင့်မမြင်တာလဲ။မြင်၊ မမြင် သေသေချာချာမသိပေမယ့် မြင်လဲ အမုန်းခံပြီးပြောကြမယ်တော့ မထင်။ဒီလူတွေ အဲဒီတုန်းက ဘယ်လောက်ထိ ကိုယ်ကျိုးရှာခဲ့ကြသလဲဆိုတာ အဲဒီအချိန်တုန်းက ဒီရပ်ကွက်ကို ကျနော်ရောက်နေပြီဖြစ်လို့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်နေတုန်း သို့သော် ဒီလိုငြင်းခုံလို့ ဘာအကျိုးရှိမှာလဲဆိုတဲ့ ကျနော့်မိန်းမပြောတာက ကျိုးကြောင်းသင့်နေတော့ ဒီလိုကျူးတွေဖြစ်အောင်လုပ်တဲ့ တရားခံက သူတော်ကောင်းယောင် ဘယ်လိုဆောင်ဆောင် ဘုရားဒကာယောင် ဘယ်လိုဆောင်ဆောင် မြင်ရတာ အတော်လေးအခံရခက်နေတာက အမှန်ပါပဲ။

သိုးဆောင်းစကားပုံတစ်ခုက ယခင်ခေတ်က မှန်၊ မမှန် မသိရပေမယ့် ယခုခေတ်မှာတော့ အတော်လေးကိုမှန်နေပါတယ်။စကားပုံက တခြားမဟုတ်ပါဘူး။

“အမှန်တရားက ဖိနပ်စီးနေတုန်းမှာပဲ … မုသားက ကမ္ဘာတစ်ပတ် ပတ်ပြီးသွားပြီ” ဆိုတဲ့ စကားပုံပါ။

မုသားဘက်ကသူတွေက အားကောင်းနေတဲ့အခါ မှန်သော်လည်း ကိုယ့်အတွက်အန္တရာယ်ရှိလို့ ရေငုံနှုတ်ပိတ်နေရလိုက်တဲ့အဖြစ်တွေ ဒီဘက်ခေတ်မှာ မကြာမကြာ ကြားရပါတယ်။ဒါဆို အမှန်တရားက ဘယ်အချိန်မှ မြင်မြင်ထင်ထင် ရပ်တည်လို့ရမှာလဲ။အမှန်တရားထွန်းကားဖို့ဆိုရင် ကျနော်တို့ ဘယ်လိုမှဖြစ်မလဲ၊ ဘယ်လိုရပ်တည်ပေးမှဖြစ်မလဲ။
အမှန်တရားဘက်က ဘယ်လိုရပ်တည်ကြမလဲဆိုတာ ယနေ့အချိန်အခါမှာ လူတိုင်းစိတ်ထဲ မေးခွန်းထုတ်ခံနေရတဲ့ အချိန်ကာလပါ။

အမှန်တရားနဲ့ပတ်သက်ရင် အကြောက်တရားကို လူတွေပြေးမြင်ကြပါတယ်။အကြောက်တရားဆိုတာနဲ့ အမှန်တရားကို မစွန့်လွှတ်နိုင်လို့ အမှန်တရားအတွက် အဆိပ်ခွက်ကိုရွေးချယ်ခဲ့တဲ့ ဂရိအတွေးအခေါ်ပညာရှင် ဆိုကရေးတီး ကို ပြေးသတိရမိပါတယ်။ဆိုကရေးတီး က သူ့ယုံကြည်မှုအတွက် အဆိပ်ခွက်ကို ရွေးချယ်ခဲ့ပါတယ်။သူယုံကြည်မှုဟာ သူ့အတွက် အမှန်တရားလို့ထင်တဲ့ အရာအတွက်ပါ။ယနေ့ခေတ်မှာ အမှန်တရားကို စောင့်ထိန်းနိုင်တဲ့သူတွေဟာ ကိုယ်ကျိုးစီးပွားထိမှာစိုးလို့ ရေငုံနှုတ်ပိတ်နေကြလို့ အမှားကကြာရင် အမှန်ဖြစ်တယ်ဆိုတဲ့ နိယာမက အတော်လေးအားကောင်းလာနေတာကို အသက်တွေကြာလာလေ ပိုသဘောပေါက်လာလေဖြစ်လာပါတယ်။ဒါဆို ဘယ်သူကအမှန်လဲ၊ ဘယ်သူ့လုပ်ရပ်ကမှားလဲဆိုတာက ပြောဖို့တောင် ကျနော်တို့က ဓမ္မကို မျက်ကွယ်ပြုနေကြပြီလားဆိုတာ စိတ်မကောင်းစရာပါ။ဒါကြောင့်လည်း အမှားကိုလုပ်ခဲ့တဲ့သူတွေဟာ ယခုထိ အမှားတွေကို ဆက်တိုက်ကျူးလွန်နေရင်း ပန်းပန်နေကြတာ၊ နောင်တမရကြတာလားဆိုတာ တွေးမိပါတယ်။အမှန်ကိုပြောမိလို့ ရပ်ကွက်မျက်နှာဖုံးဆိုသူရဲ့အငြိုးကို ကျနော့်အဖို့ ခံရတာက တချို့သောသူတွေရဲ့ ဖြစ်ရပ်နဲ့ယှဉ်ရင် မြူမှုန်လောက်တောင်မရှိပါဘူး။အမှားဘက်မှာနေတာကြာတဲ့သူတွေအဖို့ သူတို့လုပ်ရပ်ကို ဖော်တဲ့သူတွေကို မလိုလားပါဘူး။အနည်းဆုံး အရပ်ထဲက ကျနော်တောင် ကျနော်ပြောမိတဲ့ အမှန်တရားကြောင့် မမှားအောင်နေရမှာဖြစ်သလို သွားတာလာတာကအစ ဆင်ခြင်ရတော့မှာပါ။ကျနော်တစ်ချက်မှားတာနဲ့ ပြဿနာမကြီးကြီးအောင် ဒီလူအစထုတ်တော့မှာပါ။ဒါကိုကြည့်ရင် ဒီလောကမှာ အမှန်ကို ရဲရဲဝံ့ဝံ့ပြောရင်း ရပ်တည်တဲ့သူတွေ ဘယ်လောက်တောင် အန္တရာယ်များသလဲဆိုတာ မတွေးဝံ့မိအောင်ပါပဲ။ဒါပေမယ့် အမှန်တရားဆိုတာက ဘယ်လောက်ပဲ အခြေအနေအရ မပြောဝံ့သည့်ဖြစ်စေ၊ မပြောရဲသည့်အကျိုးစီးပွားအောက်မှာပဲရှိပါစေ ခုနကသီချင်းလိုဘဲ “မျက်စိမှိတ်ထားပေမယ့် လူတိုင်းစိတ်ထဲသိနေတဲ့အရာပါ”။

ပြောရရင် ခေတ်စနစ်ကဖြစ်လာတဲ့ အကြောက်တရားကြောင့် မပြောသာပေမယ့် စိတ်က နှလုံးသားက သိနေပြီးသားပါ။ဘယ်လိုပဲ မျက်စိမှိတ်ထားရပေမယ့် ဘယ်သူမှားလဲ မှန်သလဲ ဘယ်သူကမတရားလုပ်နေသလဲဆိုတာ မြင်သာတဲ့ကိစ္စပါ။ဒါက အမှန်တရားရဲ့ ဂုဏ်ဒြပ်ပါ။တစ်ချိန်ကျရင်တော့ လူတိုင်းက အမှန်တရားကိုလက်ခံပေးရမှာ အသေအချာပါပဲ။အချိန်တော့ ကြာရင်ကြာပါမယ်။ရိုးတံပျောက်တဲ့ အရွက်ဆိုတာ မရှိပါဘူး။နောက်ဆုံးမှာ အမှန်တရားကို တန်ဖိုးထားတတ်တဲ့သူတွေသာ ရပ်တည်ခဲ့သူတွေသာ စိတ်လုံခြုံလာပါလိမ့်မယ်။ဒီလိုပဲ ကျနော်ယုံကြည်ပါတယ်။

မောင်ဦးလွင်
ဇန်နဝါရီ - ၁၃