【 ဆောင်းပါး 】 “အောင်မြင်မှုဆိုတာ စိတ်ကူးကစတယ်”

【 ဆောင်းပါး 】 “အောင်မြင်မှုဆိုတာ စိတ်ကူးကစတယ်”

အောင်မြင်မှုဆိုတာ စိတ်ကူးကစတယ်။ ကျွန်ုပ်တို့က စိတ်နေသဘောထားရဲ့ စွမ်းအားနဲ့ ယုံကြည်မှုကနေ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပုံဖော်မှုအပေါ်မှာ အာရုံစိုက်ထားတယ်။ သင့် တွေးခေါ်မှုအပေါ်မှာ သင့်အောင်မြင်မှုက မှီတည်နေတယ်ဆိုတာ သင်ယူရပါလိမ့်မယ်။

သင်ခန်းစာ ၁

သင့် စိတ်နေသဘောထားသည် ကမ္ဘာကြီးကိုကြည့်တဲ့ ပြူတင်းပေါက်ဖြစ်တယ်။

ဒီ သင်ခန်းစာမှာ ပြောချင်တဲ့ အဓိက အကြောင်းက Attitude လို့ခေါ်တဲ့ စိတ်နေသဘောထားပါ။ အကောင်းမြင်စိတ်ရှိတဲ့သူက ကောင်းတာတွေပဲ တွေ့မြင်ရပြီး ပျော်ရွှင်ကျေနပ်မှု ကို ရတယ်။ မကောင်းမြင်စိတ်ရှိတဲ့သူက အရာရာကို အပျက်အနေနဲ့ပဲ မြင်တယ် သူတို့ရဲ့ စိတ်က နောက်ကျူနေပြီး သူတို့ဟာလည်း ပျော်ရွှင်မှုနဲ့ ကင်းဝေး နေတဲ့သူတွေပဲဖြစ်ပါတယ်။

ဒီ ကိစ္စလေးကို ဂျက်ဖ်ကီလာ က ရုံးဝန်ထမ်း နှစ်ယောက် ကော်ဖီဆိုင်ကင်တန်းမှာ နေ့လည်စာ စားကြတာနဲ့ နှိုင်းယှဉ်ပြထားတယ်။ ဆာရာ နဲ့ ဆမ် ဆိုတဲ့ နှစ်ယောက်ပါ။ ဆာရာက ဆိုင်ထဲကို အပြုံးလေးတဝေဝေ၊ ကြွကြွရွရွ ခြေလှမ်းလေးတွေနဲ့ လောကကြီးကိုကျေနပ်တဲ့ အကြည့်တွေနဲ့ လှမ်းဝင်လာခဲ့တယ် ဆိုတာ အားလုံးရဲ့မျက်စေ့ထဲမှာ ထင်းထင်းလင်းလင်းကြီးမြင်သာတယ်။ သူမရဲ့ ကိုယ်ဟန်အမူအရာနဲ့ ကိုယ်နေဟန်ထားတွေက သူမရဲ့ အကောင်းမြင်တတ်တဲ့ စိတ်ကို ထင်ဟပ်နေတယ်။ ဆာရာ နေ့လယ်စာကို ရွှင်ရွှင်လန်းလန်းစားတယ်။ စားပွဲထိုးမလေးနဲ့ ပဋိသန္ဓာရ စကားတွေပြောတယ်။ ပြီးတော့ ရုံးကို အားဖြည့်ထားတဲ့ ဘက်ထရီတစ်လုံးလို ပြန်လာခဲ့တယ်။ ဆမ် ကျတော့ ကော်ဖီဆိုင်ထဲကို မျက်ကြောရှုံ့ပြီး ဝင်လာတယ်။ သူ့ကြည့်ရတာ အချဉ်ပေါင်းတွေ တစ်မနက်လုံး စားနေခဲ့ရတဲ့သူနဲ့ တူနေတယ်။ လက်ပြင်ကိုင်းကိုင်းနဲ့ တောင့်တောင့်ကြီး ဖြစ်နေတယ်။ သူ့ကိုယ်နေဟန်ထားက “ငါ့နားကို မလာကြနဲ့” လို့ အော် ပြောနေသလိုပဲ။ သူလာလာချင်း စားပွဲထိုးမလေးက ဘာစားမလဲလို့ ချက်ချင်း လာမမေးတာကိုလည်း စိတ်တိုနေတယ်။ မှာပြီး စားစရာ ချက်ချင်း မရောက်လာတာကိုလည်း စိတ်တိုပြန်တယ်။ စားလို့မကောင်းဘူးလို့လည်း တဖျစ်တောက်တောက် ပြောသေးတယ်။ ပိုက်ဆံရှင်းဖို့ ဘောက်ချာ ချက်ချင်း ရောက်မလာတာကလည်း ဒေါသအိုးပေါက်ကွဲစရာ ဖြစ်သွားတော့တာပါပဲ။

သူတို့ကို စားပွဲထိုးမလေးတစ်ယောက်တည်းက မှာယူပေးတာပါ။ စားပွဲထိုးမလေးဆီကို စားစရာမှာတာက အချိန်အတူတူလောက်ပဲကြာတာပါ။ စားစရာ လာချပေးတာကလည်း တစ်ပြိုင်တည်းလောက်ပါပဲ။ နှစ်‌ယောက်စလုံး ကို ကျကျနနပြင်ဆင်ထားတဲ့ စားဖွယ်သောက်ဖွယ်တွေနဲ့ တည်ခင်းပေးပါတယ်။ ငွေတောင်းခံလွှာ ရေးပေးတာလည်း တစ်ပြိုင်နက်လောက်ပါပဲ။ နောက် ဂျက်ဖ် ကီလာ က အောက်ပါအတိုင်း သုံးသပ်ပြထားပါတယ်။

ဘာလို့ ဆာရာ နဲ့ ဆမ်တို့ ကော်ဖီဆိုင်မှာ မတူတဲ့ အတွေ့အကြုံတွေရကြ ရတာလဲ။ သူတို့နှစ်ယောက်လုံးကို သာတူညီမျှ ဝန်ဆောင်မှုပေးခဲ့တယ်ဆိုတာလည်း ထည့်စဉ်းစားကြည့်ပါဦး။ သတ္ထုချကြည့်တော့ ဆာရာက လောကကြီးကို အကောင်းမြင်စိတ်နဲ့ ကြည့်တယ်။  ဆမ်က လောကကြီးကို အဆိုးမြင်စိတ်နဲ့ ကြည့်တယ်။

အကောင်းမြင်စိတ် ရှိတဲ့ သူဟာ အရာရာက သူ့အတွက် ပျော်ရွှင် စိတ်ကျေနပ်စရာ ဖြစ်ပြီး၊ အဆိုးမြင်စိတ် ရှိတဲ့သူအတွက် အရာရာဟာ စိတ်ပျက် စိတ်တိုစရာ စိတ်နောက်ကျုစရာ ဖြစ်ပြီး ဘယ် အခြေအနေကပဲဖြစ်ဖြစ် သူတို့အတွက် ပျော်ရွှင်စရာ စိတ်ကျေနပ်စရာကို ရစေမှာ မဟုတ်ပါဘူး။ ဂျက်ဖ် ကီလာ က စိတ်နေသဘောထားကိုလည်း အောက်ပါအတိုင်း ကောက်ချက်ချ ပြထားပါသေးတယ်။

စိတ်နေသဘောထားကို အဓိပ္ပါယ် ဖွင့်ဆိုခြင်း

သင့် စိတ်နေသဘောထားကို လောကကြီးဆီက အတွေ့အကြုံရခဲ့တဲ့ စိတ်စစ်ဆေးဆန်ကာ အဖြစ် စိတ်ကူးကြည့် လိုက်ပါ။ အချို့သူတို့က ကမ္ဘာလောကကြီးကို အကောင်းမြင် စိတ်စစ်ဆန်ကာဖြင့်ရှုမြင် (ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပြည့်နေတယ်) သည့် အချိန်တွင် အချို့က မကောင်းမြင် စိတ်စစ်ဆန်ကာ ဖြင့် ရှုမြင် (ဖန်ခွက်ထဲမှာ ရေတစ်ဝက်လျော့နေတယ်) ကြတယ်။  အကောင်းမြင်စိတ်နေသဘာဝ နှင့် မကောင်းမြင်စိတ်နေသဘာဝကို ရှင်းပြဖို့  နမူနာ တချို့ပေးပါရစေ။

အဆိုးမြင်စိတ်နေသဘောထား ရှိသူ က "ငါမလုပ်နိုင်ဘူး" ဟုတွေးတယ်။

အကောင်းမြင် စိတ်နေသဘာဝရှိသူက “ငါလုပ်နိုင်တယ်” လို့ တွေးတယ်။

အဆိုးမြင်စိတ်နေသဘောထားရှိသူသည် ပြဿနာများ ဖြင့် နေထိုင်တယ်။

အကောင်းမြင်စိတ်နေသဘောထားရှိသူသည် အဖြေရှာရန် အတွက်သာ စိတ်အာရုံစူးစိုက်ထားတယ်။

အဆိုးမြင်စိတ်နေသဘောထားရှိသူသည် အခြားသူများ၏ အပြစ်များကိုသာတွေ့တတ်တယ်။

အကောင်းမြင်စိတ်နေသဘောထားရှိသူသည် အခြားသူ၏ ကောင်းကွက်များကိုသာ ရှာတတ်တယ်။

အဆိုးမြင်စိတ်နေသဘောထားရှိသူသည် မပြည့်စုံသည်ကိုသာ စိတ်ရောက်နေတယ်။

အကောင်းမြင် စိတ်နေသဘောထားရှိသူသည် သူ/ သူမ ၏ ကံကောင်းခြင်းများ ကိုသာ အမှတ်ရနေတတ်တယ်။

မကောင်းမြင်စိတ်နေသဘောထားရှိသူသည် ကန့်သတ်ချက်များကိုသာမြင်တယ်။ အကောင်းမြင်စိတ်နေ သဘောထား ရှိသူသည် ဖြစ်နိုင်ချေရှိသည် များကိုမြင်တယ်။

ဒါကြောင့် စိတ်နေသဘောထားက ကမ္ဘာကြီးကို ဖြတ်သန်းကြည့်ရှုတဲ့ မှန်ပြူတင်းပေါက်နဲ့ ခိုင်းနှိုင်းထားတာဖြစ်ပါတယ်။ လူတိုင်းရဲ့ဘဝက အကောင်းမြင်စိတ် နဲ့ စခဲ့ကြတယ်။ နောက်ပိုင်းကျ ဘဝရဲ့ အတွေ့အကြုံတွေ အပေါ်မှာ ထားရှိတဲ့ စိတ်သဘောထားအပေါ် မူတည်ပြီး အကောင်းမြင်စိတ် ရှိတဲ့သူနဲ့ မကောင်းမြင်စိတ်ရှိတဲ့သူဆိုပြီး ကွဲပြားသွားတာ ဖြစ်တယ်။ ဂျက်ဖ် ကီလာ က ဒါကို ကလေးတွေနဲ့ ဥပမာ ပြတယ်။

လူတိုင်းသည် ကြည်လင်သန့်ရှင်းသော စိတ်ပြူတင်းပေါက်ဖြင့်စတင်သည်။

သင့်စိတ်နေသဘောထားသည် လောကကြီးကို ကြည့်ရှုရန် သင့် ပြူတင်းပေါက်ဖြစ်တယ်လို့ ကျွန်တော် ဘာကြောင့် ပြောသလဲ ဆိုတာ ခဏလောက် ဆွေးနွေးကြည့်ရအောင်။ ကျွန်တော်တို့အားလုံး ဘဝကို အကောင်းမြင် စိတ်နေသဘောထား သို့မဟုတ် သန့်ရှင်းကြည်လင်သော စိတ်ပြူတင်းပေါက် ဖြင့်စခဲ့ကြတယ် လို့ ပြောလို့ရမလား။ ကလေးငယ်လေးတွေကိုကြည့်ပါ။ သူတို့က အမြဲ အသံထွက်အောင် ရယ်မော နေတတ်ကြတယ်။  သူတို့တွင် တောက်ပလန်းဆန်းသော အပြုအမူသဘာဝများရှိကြသည်။ သူတို့သည် အသစ်အဆန်းများကို ချစ်ခင်စူးစမ်းလိုစိတ်များ ရှိကြသည်။  

လမ်လျှောက်သင်နေတဲ့ ကလေးတစ်ယောက်ရဲ့ စိတ်နေသဘောထားကို စဉ်းစားကြည့်ပါ။ သူယိုင်တိယိုင်တိုင်နဲ့ လဲကျသွားတဲ့အခါ သူဘာလုပ်သလဲ။ ကျွန်တော်က သူဘာကိုမလုပ်ဘူးလဲ ဆိုတာ ပြောပြမယ်။ သူက ကြမ်းခင်းကော်ဇောကို မျက်မှောင်ကြုံ့ကြည့်ပြီး အပြစ်မပြောပါဘူး။ သူ့အဖေနဲ့အမေကို လက်ညှိုးငေါက်တောက်ထိုးပြီး သူ့ကို ညံ့ဖျင်းတဲ့ လမ်းညွှန်ချက်တွေ ပေးရကောင်းလားလို့ မပြောပါဘူး။ သူ နောက်ဆုတ်မသွားဘူး။ အို... အလိုလေး.... သူ ပြုံးတယ်၊ မတ်တပ်ထရပ်တယ် ပြီးတော့ နောက်တစ်ခါ ထပ်ကြိုးစားတယ်။ နောက်ထပ်... နောက်ထပ်... ကြိုးစားတယ်။ သူ ရက်သတ္တပတ် တော်တော်ကြာကြာ အကောင်းမြင်စိတ်နေသဘောထားနဲ့ ဆက်ခါဆက်ခါ လမ်းမှန်မှန်လျောက်နိုင်တဲ့အထိ ကြိုးစားတယ်။ သူ့ပြူတင်းပေါက်ဟာ တောက်ပကြည်လင် သန့်ရှင်းနေတယ်။ နောက်ပြီး သူက ကမ္ဘာလောကကြီးကို အောင်နိုင်သူ တစ်ယောက်အဖြစ်ခံစားလာ ရတယ်။

လူတွေရဲ့ စိတ်နေသဘောထား ပြူတင်းပေါက်တွေက ဘယ်လို ညစ်ပတ်ကုန်တာလဲ။ ကလေးဘဝက သန့်စင်ခဲ့တဲ့ စိတ် ပြူတင်းပေါက် နဲ့ အကောင်းမြင်သမားလေးဖြစ်ခဲ့ပေမယ့်၊ မိဘနဲ့ ဆရာ၊ဆရာမ တွေက ကျွန်တော်တို့ရဲ့ ပြူတင်းပေါက်ကို အပြစ်တင် ဝေဖန်ခြင်း ရွှံ့ရည်တွေနဲ့ ပက်ကြတယ်။ ပြိုင်ဖက်တွေရဲ့ လှောင်ပြောင်မှုများနဲ့ ကျွန်တော်တို့ ပြူတင်းပေါက်တွေ ပေရေကုန်တယ်။ ငြင်းပယ်ခံရမှုများ နဲ့ ကျွန်တော်တို့ရဲ့ ပြူတင်းပေါက်တွေ ပေရေကုန်တယ်။ မကျေနပ်မှုများ နဲ့ ကျွန်တော်တို့ ပြူတင်းပေါက်တွေ ဖုန်တက်ကုန်တယ်။ သံသယများနဲ့ ကျွန်တော်တို့ရဲ့ ပြူတင်းပေါက်တွေ မှုန်ဝါးကုန်တယ်။ ပြဿနာကတော့ ဖုံအညစ်အကြေးတွေသာ တဖြည်းဖြည်း ထူသွားတယ်၊ လူအများ အားလုံးက ဒါနဲ့ပတ်သက်ပြီး ဘာမှ အရေးတယူ မလုပ်ကြတာပါပဲ။ သူတို့က ဘဝကြီးကို အဲဒီ ညစ်ပတ်နေတဲ့ မှန်ပြူတင်းပေါက်ကနေ ဆက်ကြည့်နေတုန်းပဲ။ သူတို့ဟာ သူတို့ရဲ့ စိတ်အားတက်ကြွမှုတွေကို ဆုံးရှုံးလိုက်ရပြီပေါ့။ သူတို့ဟာ ကြံရာမရဖြစ်ပြီး စိတ်ဓာတ်တွေလည်း ကျကုန်ကြပြီ။ ဝမ်းနည်းစရာ အကောင်းဆုံးကတော့ သူတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကိုစွန့်လွတ်လိုက်ကြပြီ။ ဒါကဘာကြောင့်လဲ... သူတို့က သူတို့ရဲ့ စိတ်နေသဘောထား မှန်ပြူတင်းပေါက်ကို သန့်ရှင်းရေး မလုပ်ခဲ့လို့ပါပဲ။

ညစ်ပတ်နောက်ကျိနေတဲ့ စိတ်ပြူတင်းပေါက်ကနေ လောကကြီးကို ဖြတ်ကြည့်ပါများတော့ မကောင်းမြင်စိတ်တွေက ခိုင်မာလာပြီး အချို့သူတွေဟာ မသိမသာနဲ့ မကောင်းမြင်စိတ်ရှိသူ ဖြစ်လာရတယ်။ အဲဒီညစ်ပတ်နောက်ကျိနေတဲ့ သင့် စိတ်မှန်ပြူတင်းပေါက်ကို သန့်ရှင်းဆေးကြောပြီး ကြည်လင်တဲ့ အမြင် (အကောင်းမြင်စိတ်) နဲ့ လောကကြီး ကို ကြည့်ရှု နိုင်ဖို့က သင်ကိုယ်တိုင်ပဲ လုပ်နိုင်တဲ့ (လုပ်ရမယ့်) ကိစ္စပဲဖြစ်တယ်။ ဒါကို ဂျက်ဖ် ကီလာ က ဒီလိုရှင်းပြခဲ့တယ်။

သင့်စိတ်နေသဘောထားကို သင်ပဲ ထိန်းချုပ်နိုင်တယ်

သင်အနေဖြင့် ဘဝကို မကောင်းမြင်စိတ်၊ စိတ်ပျက်လက်ပျက် စိတ်တွေနဲ့ ဖြတ်သန်းနိုင်ပါတယ်။ မပျော်ရွှင်ပဲလည်း ဖြစ်နိုင်ပါတယ်။ သင် စွမ်းဆောင်နိုင်သမျှရဲ့ အစိတ်အပိုင်းလေးတစ်ခုလောက်ကိုပဲ အောင်မြင်နိုင်လိမ့်မယ်။ ဒါထက်ကောင်းတဲ့ နည်းလမ်းရှိပါသေးတယ်။ သန့်ရှင်းရေးလုပ်တဲ့ ကိရိယာတွေ ကို ထုတ်သုံးပြီး သင့် မှန်ပြူတင်းပေါက်ကို ဆေးကြောသန့်ရှင်းလိုက်တဲ့ အခါကျရင် သင့် ဘဝဟာ ပိုမို တောက်ပပြီး နေခြည်ဖြာသလို လင်းလက်လာမှာပါ။ ပိုကျန်းမာပြီး ပိုပျော်ရွှင်လာမှာပါ။ ရည်မှန်းချက်ကြီးကြီးနဲ့ ပန်းတိုင်တွေ ထားရှိလာပြီး စတင် အောင်ပန်းဆွတ်ခူးလာနိုင်မှာပါ။  သင့်အိပ်မက် တွေဟာလည်း ပြန်လည်သက်ဝင် ရှင်သန်လာမှာပါ။ သင့် စိတ်နေသဘောထားကို ပြောင်းပစ်လိုက်ဖို့ စွမ်းအားတွေ သင့်မှာ ရှိတယ်ဆိုတာ သံသယ ဝင်နေတုန်းလား။ သင် တွေးကောင်းတွေးနေလိမ့်မယ် “ဂျက်ဖ် မင်းအတွက်တော့ လွယ်လွယ်လေးပြောနိုင်တာပေါ့၊  မင်းမှာသာ ငါ့လိုပြဿနာမျိုး ရှိလာရင် မင်းရဲ့ စိတ်နေသဘောထားလည်း ခုလို သိပ်ကောင်းနိုင်မှာ မဟုတ်ပါဘူး”

အမှန်က အကောင်းမြင်စိတ် ဆိုတာက အခြေအနေကြောင့် မဟုတ်ပဲ အခြေအနေကို ကျွန်တော်တို့ ဘယ်လို ခံယူ တုံ့ပြန်တယ် ဆိုတာက ဒါကို ဖြစ်စေတာပါ။

ဟျူးဒေါင်းစ် ပြောခဲ့ သလိုပဲ “ပျော်နေတဲ့လူဆိုတာ အခြေအနေကောင်းတွေနဲ့ ဝန်းရံနေသူမဟုတ်ပါဘူး၊ စိတ်နေ သဘောထားကောင်းတွေ ဝန်းရံနေတဲ့သူပါ။” အဲဒါက ခွန်အားရှိတဲ့ အဆိုအမိန့် တစ်ခုပါ- မှန်လည်းမှန်တယ်။ အားလုံး ပြောဆို လုပ်ကိုင်ပြီးတဲ့ အခါကျရင် သင် (သင်တစ်ယောက်တည်း) သာလျင် သင့် စိတ်နေသဘောထားရဲ့ ထိန်းချုပ်သူ ဖြစ်ပါတယ်။ ဂျက်ဖ် ကီလာ က ဖြစ်ရပ်တစ်ခု နဲ့ ဥပမာ ပြခဲ့တယ်။

သူ့နာမည်က ဒေါက်တာ ဗစ်တာ ဖရန်ကယ် (Dr. Viktor Frankl) ပါ။ သူက မြေပြင်ပေါ်က လောကငရဲ ကို ဖြတ်သန်းခဲ့ရသူပါ။ သူက သူ့လွတ်မြောက်ရေးကိုပဲ လုပ်နိုင်ခဲ့သူ မဟုတ်ပါဘူး လူသန်းပေါင်းများစွာကို စိတ်တက်ကြွအောင် လုပ်ပေးနိုင်ခဲ့သူပါ။ သင်သိအောင်ပြောရရင် ဗစ်တာ ဇရန်ကယ် က အကျဉ်းသားတစ်ယောက်အဖြစ် နာဇီ သေမင်းစခန်းတွေမှာ ကြောက်စရာအတိပြီးတဲ့ နှစ်တွေ ကို အံကြိတ် ဖြတ်သန်းခဲ့ ရသူပါ။ ပိုဆိုးအောင်ဖန်တီးလာတာက သူ့အဖေ၊ သူ့အမေ၊ သူ့ညီ နဲ့ မိန်းမ တွေ အားလုံး သေမင်းစခန်းမှာ သေကုန်တာ တိတိကျကျ ပြောရရင် ဓါတ်ငွေ့ခန်းထဲမှာ အသတ်ခံကြရတာပါပဲ။ ဖရန်ကယ် နဲ့ အကျဉ်းသားတွေဟာ ဆာလောင်ခြင်း၊ ချမ်းခြင်း၊ ရက်ရက်စက်စက် နှိပ်စက်ခံရခြင်းတွေကို နေ့စဉ်ရက်ဆက် ခံစားခဲ့ကြရတယ်။

ကဲ အကယ်၍ ဒေါက်တာ ဖရန်ကယ် နဲ့ အခြား အကျဉ်းသားများက သူတို့စိတ်နေသဘောထားကို ဒီလို ပြောမပြတတ်အောင် ခံစားရစေတဲ့ ပြင်းထန်တဲ့ ခံစားမှု တွေနဲ့ မျက်နှာခြင်းဆိုင်ပြီး သူတို့ရဲ့ စိတ်နေသဘာဝကို ရွေးချယ်နိုင်တဲ့ အရည်အချင်းရှိခဲ့တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့  ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားကို ထိန်းချုပ်ဖို့ မတတ်နိုင်ဘူးဆိုပြီး ဘယ်သူ့ကို လွှဲချရမှာလဲ။

အဲလို စိတ်နေသဘောထားကောင်းအောင် ဘယ်လို လုပ်သင့်တယ်၊ စိတ်နေသဘောထားကောင်းလို့ အကောင်းမြင်သမား တစ်ယောက်ဖြစ်လာတာနဲ့ သင့်ဘဝအောင်မြင်မှုတွေ နဲ့ ဘယ်လို ဆက်စပ်မှု ရှိသလဲ ဆိုတာကို ဂျက်ဖ် ကီလာ က အပိုင်း ၁ ရဲ့ နိဂုံးချုပ် အနေနဲ့ အောက်ပါအတိုင်း ဆက်ရှင်းပြခဲ့ပါတယ်။

စိတ်နေသဘောထား နဲ့ အောင်မြင်မှု

ကောင်းပြီ၊  သင် သင့်မှန်ပြူတင်းပေါက်ကို သန့်ရှင်းပြီးပြီ၊ အကောင်းမြင်စိတ်ကိုလည်း တိုးတက်အောင် လုပ်ပြီးပြီ ဆိုတော့၊ သင်ဟာ ပြုံးနေမယ်၊ အိမ်မှာထိုင်ပြီး အကောင်းမြင်အတွေးတွေ တွေးနေမယ်ဆိုပါတော့။  ဒါလောက်နဲ့ပဲ သင့်ကို ကြီးမားတဲ့အောင်မြင်မှုဆီ ဦးဆောင်ခေါ်ယူသွားပြီလား၊ သင့်အနှစ်သက်ဆုံး အိပ်မက်တွေကို စိတ်ကူးပုံဖော်နိုင်ပြီလား။ No ပါ၊ မရသေးပါဘူး၊ ဘာလို့လဲဆိုတော့ အောင်မြင်မှု ရဖို့ဆိုတာကတော့ ကောင်းတဲ့ စိတ်နေသဘောထား ရှိဖို့ထက် ထပ်လုပ်ဖို့လိုနေသေးလို့ပါ။

သင့် အခွင့်အလမ်း နဲ့ ပန်းတိုင်များ ကို အစွမ်းကုန် ပေါက်မြောက် အောင်မြင်ဖို့ရာ သင့်အနေနဲ့ အောင်မြင်မှုအတွက် အချိန်လေးစားခြင်း စည်းမျဉ်းများကို လိုက်နာဖို့လိုပါတယ်။ ဒါဟာ သန်းပေါင်းများစွာသော လူများကို ထူးခြားလွန်ကဲသော အောင်မြင်မှုများ ရရှိအောင် ကူညီပေးခဲ့တဲ့ စည်းမျဉ်းတွေပါ။ သင့်အတွက်လည်း အလားတူ ကူညီပေးမှာပါ။

ခုအထိ သင့်အနေနဲ့ ဒီ အောင်မြင်ရေးစည်းမျဉ်းတွေနဲ့ စိတ်နေသဘောထားကောင်းထားရှိတာနဲ့ ဘာဆိုင်သလဲ ဆိုတာ တွေးနေမှာပဲ။ စာလုံးတစ်လုံးတည်းနဲ့ ဖြေလို့ရပါတယ်- အရာရာ... ဒါကြောင့် “စိတ်နေသဘောထားသည်သာ အရာရာ”လို့ ကျွန်တော် ပြောခဲ့တာပေါ့။ အကောင်းမြင် စိတ်နေသဘောထားမရှိပဲ သင်ဟာ အခြား စည်းမျဉ်းများကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါ။ သင့် ဘဝရဲ့အောင်မြင်မှု ဟာ သင့်စိတ်နေသဘောထား နဲ့ စပြီး သင့်စိတ်နေသဘောထားနဲ့ အဆုံးသတ်ပါတယ်။

သင့် စိတ်နေသဘောထား မှန်ပြူတင်းကို သန့်ရှင်းလိုက်မှ အခြား အောင်မြင်ရေး စည်းမျဉ်းများ က လင်းလက်ဝင်ရောက် လာနိုင်မှာ ဖြစ်ပါတယ်။ သင့် မှန်ပြူတင်းက ညစ်ပေစွန်းထင်း နေမယ်ဆိုပါက အဲဒီ အောင်မြင်ရေးစည်းမျဉ်း ရောင်ခြည် ရဲ့ အစိတ်အပိုင်းလေးတွေသာ ဝင်ရောက်လာနိုင်မှာ ဖြစ်ပါတယ်။ သင့် အောင်မြင်မှုဟာ အကန့်အသတ်နဲ့ ဖြစ်နေမယ် ဒါမှမဟုတ် ပိတ်ဆို့ နေတာတောင်ဖြစ်နေ နိုင်တယ်။

သို့ရာတွင် သင်အနေဖြင့် သင့် စိတ်နေသဘောထား မှန်ပြူတင်းကို ကြည်လင်အောင်ထားဖို့ သင်ယူထားမယ်ဆိုပါက အလင်းရောင်ခြည် တွေက တဟုန်ထိုး ဝင်ရောက်လာပြီး သင့်အနေနဲ့ အဲ့ဒီ အားသစ်လောင်းပေးတဲ့ စည်းမျဉ်းများကို သုံးပြီး ဝင်ငွေ ပိုရလာအောင်၊ ဆက်ဆံရေးများမှာ ပိုစိတ်တိုင်းကျဖြစ်အောင်၊ မိမိစိတ်အင်အားကို ပိုမိုသိရှိလာအောင် နှင့် သင့် အလားအလာရှိသမျှ ဇက်ကုန်ဖွင့်နိုင်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။  အကောင်းမြင် စိတ်နေသဘောထား နဲ့ အခြား အောင်မြင်ရေးစည်းမျဉ်းများ ကို ပေါင်းစည်းအသုံးချ နိုင်လာပါက သင်ဟာ ရပ်တန့်တားဆီးလို့မရတဲ့သူ တစ်ယောက်ဖြစ်လာမှာပါ။

စိတ်နေသဘောထားကောင်း ထားရှိရေးနဲ့ အောင်မြင်မှု ပန်းတိုင် ကို ဘယ်လို ရောက်အောင်သွားရမယ် ဆိုတာသည် “စိတ်နေသဘောထားသည်သာ အရာရာ ..... သင့် စိတ်နေသဘောထားကို ပြင်လိုက်ပြီး သင့် ဘဝကို ပြောင်းလဲလိုက်ပါ”။

ဂျက်ဖ် ကီလာ က သူဟာ အောင်မြင်မှုလမ်းကြောင်းပေါ်က အလားအလာ ကောင်းတဲ့ ရှေ့နေဘဝ (ရှေ့နေဘဝကို သူ အလွန်လိုလားခဲ့တယ်။ တော်တဲ့ ရှေ့နေတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားခဲ့တယ်)  ဝင်ငွေကောင်းတဲ့ သူတစ်ယောက် ဖြစ်ခဲ့ပေမယ့် ရှေ့နေဘဝဟာ သူ တကယ် ပျော်ပိုက်တဲ့ဘဝမဟုတ်ဘူးဆိုတာ သိလာပြီးနောက် အခု လက်ရှိ ဘဝဖြစ်တဲ့ စိတ်ဓာတ်မြှင့်တင်ရေးဟောပြောသူ၊ ရေးသားသူ တစ်ယောက် ဘဝကို ဘာကြောင့်ရွေးချယ်ပြီး ဘာတွေ စွန့်လွှတ် စွန့်စားခဲ့ရတယ်ဆိုတာ နိဒါန်းမှာ ရေးထားပေမယ့်၊ အဲဒါကို နောက်မှ တင်ပြပေးပါမယ်။

ဆက်လက်ဖော်ပြပါဦးမယ်။ စိတ်နေသဘောထားကောင်းများ ဖြင့် ကိုယ့်ဘဝကိုယ် ပျော်ရွှင် လွတ်လပ် အောင်မြင်စွာ ဖန်တီးတည်ဆောက် နိုင်သူများ ဖြစ်ကြပါစေ။                                                 

                                                                                                                               သက်ထွန်း (သျှမ်း)