【 ဆောင်းပါး 】 “အောင်မြင်မှုဆီတက်လှမ်းဖို့ ထောင်ပေးမယ့်လှေကား”

【 ဆောင်းပါး 】 “အောင်မြင်မှုဆီတက်လှမ်းဖို့ ထောင်ပေးမယ့်လှေကား”

စမုတ်ကီရဲ့ ရေမြှုပ်တုံး သီအိုရီ

ကျနော်က စိတ်နေသဘောထားနဲ့ ပတ်သက်တာရယ် နောက်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းမြင် သမားတွေနဲ့ ဝန်းရံထားဖို့ အရေးကြီးတယ်ဆိုတာရယ်ကို ကျွန်တော့်သူငယ်ချင်း ဂလန်း“စမုတ်ကီ” စတိုဗာ ဆီကနေ အများကြီး လေ့လာသင်ယူခဲ့ရတယ်။ “စမုတ်ကီ”က သုဿန်နဲ့ ဈာပနလုပ်ငန်းရဲ့ အရောင်းဌာနမှာ ၄၅ နှစ် လုပ်ခဲ့တယ်။ ကြားရတာ ငြီးငွေ့စရာ အလုပ်လို့ ထင်တယ်မလား။ စမုတ်ကီက အကောင်းမြင်ထုတ်စက် ဒိုင်နမိုတစ်ယောက်ဆိုတာကို သင်ကောင်းကောင်း သိသွားအောင် ပြောပြချင်ပါတယ်။

စမုတ်ကီနဲ့ ပြောပြီးဖုန်းချလိုက်တိုင်း ကျွန်‌တော် အရမ်းကောင်းတဲ့ စိတ်ခံစားမှု ရတယ်။ စမုတ်ကီက ကျွန်တော့်ကို ရှင်းပြတယ်၊ လူတွေဟာ ရေမြှုပ်တုံးတွေလိုပဲတဲ့ “ကျွန်တော်တို့က ပတ်ဝန်းကျင်က ပြောစကားတွေ အကုန်လုံးကို “စုတ်ယူ”တယ်။ အဲဒီတော့ ကျွန်တော်တို့က အဆိုးမြင်သမားတစ်ယောက်နဲ့ အချိန်ဖြုန်းလိုက်ရင် ရေမြှုပ်တုံးနဲ့တူတဲ့ ကျွန်တော်တို့က သူ့ဆီက အနုတ်လက္ခဏာတွေကို စုပ်ယူလိုက်ပြီး အဲဒါက ကျွန်တော်တို့ရဲ့ စိတ်နေဘောထားကို ထိခိုက်စေတော့တာပဲ။ အင်းပေါ့။ အဲဒါရဲ့ ဆန့်ကျင်ဘက်ကလည်း မှန်တာပဲ။ ကျွန်တော်တို့ အကောင်းမြင် သမားတွေနဲ့ နေတဲ့အခါ သူတို့ဆီက အကောင်းမြင်မှူတွေကို စုပ်ယူလိုက်တာပဲ၊ ကျွန်တော်တို့ စိတ်ခံစားမှူ ပိုကောင်းလာပြီး၊ လုပ်ဆောင်စွမ်းရည်တွေလည်း ပိုကောင်းလာတယ်။   ကျွန်တော် စမုတ်ကီ ကို မေးဖူးတယ်၊ “ခင်ဗျား အဆိုးမြင်သမားတွေနဲ့ စကားပြောတဲ့အခါ ဘာလုပ်သလဲ”လို့။ သူက “သူ့နားကနေ မြန်နိုင်သမျှ မြန်အောင် ထွက်ပြေးတာပဲ” “အလိုလေး... မင်းနဲ့တွေ့ရတာကောင်းလိုက်တာ ချာလီရေ” လို့ ပြောပြီးတာနဲ့ နောက်တစ်ယောက်ဆီ လစ်တာပဲတဲ့။ ကျွန်တော်က ခင်ဗျားဆီမှာ အဆိုးမြင် သူငယ်ချင်းရှိဘူးလားလို့ ဆက်မေးတော့ “သိပ်ကြာကြာ မပေါင်းဘူး”လို့ပြန်ဖြေတယ်။ ကောင်းပါလေ့ စမုတ်ကီရေ။

ဂျက်ဖ်ကီလာက အဲ့ဒီလို အကောင်းမြင်နဲ့ အဆိုးမြင်သမားတွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ခပ်ရွှင်ရွှင်လေး ပုံဖော်ပြီးတဲ့နောက်မှာ သူပြောလာတာက ပေါင်းသင်းဆက်ဆံရေးကို အကဲဖြတ်တတ်ဖို့ပါ။ ပြီး‌တော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အကောင်းမြင်သမားတွေချည်း ရှိတာမဟုတ်ပဲ အဆိုးမြင်သမားတွေကလည်း အများကြီးရှိတတ်တာမျိုးဆိုတော့၊ ကိုယ့်အတွက် ဆိုးကျိုးကိုပဲဖြစ်စေမယ့် အဆိုးမြင်သမားတွေနဲ့ ကြုံလာတဲ့အခါ ဘယ်လို နေထိုင်ရမလဲ ပေါင်းသင်းဆက်ဆံသင့်သလဲဆိုတာ သူပေးထားတဲ့ ဥပမာနဲ့ အကြံဉာဏ်လေးတွေကို ဆက်ကြည့်လိုက် ကြရအောင်။

သင်ရဲ့ ပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးသတ်မှတ်ပါ

သင်ရဲ့ပေါင်းသင်းဆက်ဆံ‌ရေးကို အချိန်တစ်ခုမှာ တန်ဖိုးဖြတ်ဖို့ရာဟာ လိုအပ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ နှစ်ရှည်လများ တည်ရှိခဲ့တဲ့ ပေါင်းသင်းဆက်ဆံရေးပေါ်မှာတောင် လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ကိုယုံပါ၊ အဲ့ဒါက အသေးအမွှားတစ်ခု မဟုတ်ပါဘူး။ သင့် အချိန်တွေကို သိမ်းယူထားတဲ့ လူဟာ သင့်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှူဖြစ်တဲ့ သင့်စိတ် ကို အကြီးအကျယ် စိုးပိုင်ထားမှာ ကျိန်းသေပါပဲ။ သင့်အနားမှာ အဆိုးမြင်သမားတွေ ဝန်းရံနေပြီး သူတို့နဲ့ သင့်အားလပ်ချိန်တွေမှာ အနေများသလား၊ အဲ့လိုဆိုရင် တော့ သူတို့နဲ့ အချိန် မကုန်စေဖို့ သင့်ကို ပြောရမှာပဲ၊ နို့မို့ရင်လည်း လုံးဝသူတို့ကို အချိန်မပေးဖို့ တိုက်တွန်းရမှာပဲ။ နားဝင်မချိုဘူး၊ ဟုတ်တယ်မလား။ အဆုံးစွန်ပြောနေတာက သင် နှစ်ရှည်လများ ပေါင်းသင်းခဲ့တဲ့ အပေါင်းအသင်းတချို့ ကို အကန့်အသတ်နဲ့ ပေါင်းဖို့ ဒါမှမဟုတ် လုံးဝအဆက်ဖြတ်ဖို့ အကြံပေးနေတာပါ။ ကျွန်တော် အဲ့လို ဟောပြောပွဲတွေမှာပြောတိုင်း ပရိသတ်တစ်ယောက်ယောက်က အမြဲတန်း လက်ထောင်ပြီး ကျွန်တော့်ကို သွေးအေးအေးနဲ့ စိမ်းကားတတ်တဲ့သူ လို့ စွပ်စွဲလေ့ ရှိတတ်ပါတယ်။ ပရိသတ်တွေက မေးလေ့မေးထ ရှိတာက “ကျွန်တော်တို့က အဆိုးမြင် သူငယ်ချင်းတွေကို အခုလို ပစ်ပယ်မယ့်အစား ကူညီဆွဲခေါ်ဖို့် မကြိုးစားသင့်ဘူးလား” ဆိုတဲ့ မေးခွန်းမျိုးပါပဲ။

 

သင့်ပတ်ဝန်းကျင်က သင့်ကို အောင်မြင်မှုဆီရောက်ဖို့ ကူညီနေသလား သို့မဟုတ် သင့်ကို နောက်ဆုတ်စေနေသလား 

(ဒဗလျူ ကလဲမင့် စတုန်း)

 

ကောင်းပါပြီ၊ သင် စိတ်ကူးကသာ အကောင်းဆုံးလို့ လွတ်လပ်စွာ ထင်ပိုင်ခွင့် သင့်မှာ ရှိပါတယ်။ နောက်ပြီး အ‌ခြေအနေတိုင်းက သူ့သီးခြားအချက်အလက်တွေပေါ် မူတည်ပြီး စဉ်းစား ဆုံးဖြတ်ရတာပါ။ သို့ပေမယ့် ကျွန်တော်တွေ့ဖူးတာက များသောအားဖြင့် အဆိုးမြင်သမားတွေနဲ့ တွဲနေတာက သူတို့အတွက် ကောင်းကျိုးမဖြစ်စေပါဘူး၊ သင့် အတွက်လည်း ဘာမှ အကူအညီ မဖြစ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဆွဲချသလိုပဲ ဖြစ်တာပါ၊ ဘာလို့လဲဆိုတော့ အဆိုးမြင်သမားတွေက ပြောင်းလဲချင်စိတ် မရှိလို့ပါပဲ။ သူတို့က သူတို့ရဲ့  စိတ်ပျက်ဝမ်းနည်းကြေကွဲစရာကိစ္စတွေကိုသာ သူများကို နားထောင်စေချင်နေတာပါ။ တကယ်လို့ သင်က အဆိုးမြင် သူငယ်ချင်းတွေနဲ့ အချိန်ကုန်စေချင် တဲ့အကြောင်း ငြင်းချင်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ “ငါက ဘာကြောင့် ဒီလူတွေကို တွဲဖို့ ရွေးချယ်ခဲ့တာလဲ”လို့။ သိစိတ်နဲ့ဖြစ်ဖြစ် မသိစိတ်နဲ့ဖြစ်ဖြစ် သင်ဟာ သင့်ကိုယ်သင် သင့်အရည်အချင်းနဲ့ ဖြစ်နိုင်ချေရှိတဲ့ အနေအထားကို မရောက်နိုင်အောင် ဆွဲချနေတာပဲ ဆိုတာ တွေ့လာမှာပါ။

ဒါနဲ့ တစ်စုံတစ်ယောက်ကို သူတို့ရဲ့ အနုတ်လက္ခဏာဆောင်တဲ့ အနေအထားကနေ လွန်မြောက်နိုင်အောင် ကူညီဖို့ ကြိုးစားတာက ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းတော်တော်ကြာကြာ ကျိုးစားကြည့်ပြီးမှာ ဘာမှထူးမလာဘူး ဆိုရင်တော့ ထားခဲ့ဖို့ အချိန်တန်ပြီလို့ စဉ်းစားသင့်ပါတယ်။ ဒီနေရာမှာ ရှင်းသွားအောင်  အရေးကြီးတာတစ်ခု ပြောပြပါရစေ၊ ကျွန်တော်က အဆိုးမြင်သမားတွေက အခြား သူတွေလောက် တန်ဖိုးမရှိဘူးလို့ ဆုံးဖြတ်နေတာ မဟုတ်ပါဘူး။ တကယ်လို့ သင်က အဆိုးမြင်သမားတွေနဲ့ အချိန်ကုန်နေမယ် ဆိုရင် အကျိုးဆက်တွေ ရှိတယ် လို့ပဲ ပြောလိုရင်းပါ။ အကျိုးဆက်တွေက ဘာတွေလဲ။ သင်ဟာ သင်ဖြစ်သင့်သလောက် မပျော်ရဘူး၊ အောင်မြင်သင့်သလောက် မအောင်မြင်ရဘူး ဖြစ်သွားမှာပါ။

ဂျက်ဖ်ကီလာက အဲ့ဒီလို အဆိုးမြင်သမားတွေနဲ့ ပတ်သက်ပြီး တင်ပြပြီးတဲ့ နောက်မှာ သူထပ်ပြောတာက တော်တော် စဉ်းစားဖို့ ကောင်းတယ်။ အဲ့ဒါက ကျွန်တော်တို့ ရှောင်လွှဲ မရတဲ့ ဆွေမျိုး သားချင်းထဲမှာလည်း အဆိုးမြင်သမားတွေ ရှိနေတတ်တာပါပဲ။ ဆိုတော့ အဲဒါကို ဘယ်လို ကိုင်တွယ်ရမလဲ။ ဂျက်ဖ် ကီလာ ပြောပြတာလေးတွေကို ကြည့်ကြရအောင်လား။

 ဘောင်အကန့်အသတ်လေး

သင့်မှာ အဆိပ်သင့် ဆွေမျိုး ရှိမယ်ဆိုရင် သင်ဘာလုပ်မလဲ။ ဒါက သိသိသာသာ သိမ်မွေ့ပြီး စိတ်ထိခိုက်စရာ ကောင်းတဲ့ ကိစ္စတစ်ခုပါ။ ကျွန်တော် အကြံဉာဏ် ပေးချင်တာကတော့ သင့် မိသားစုကို ကျောမခိုင်းပါနဲ့ ဆိုတာပါပဲ။  မိသားစု သံဇောယာဉ်ဆိုတာ တန်ဖိုးကြီးပါတယ်။ နောက်ပြီး စည်းလုံးပျော်ရွှင်ပြီး အပေးအယူမျှတဲ့ မိသားစု ဆက်ဆံရေးလေးအမြဲတမ်း တည်တံ့နေဖို့ အဖက်ဖက်က တတ်စွမ်းသမျှ လုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ထို့ပြင် ကျွန်တော် တိုက်တွန်းချင်တာက အဆိပ်သင့်ဆွေမျိုးက သင့် ဘဝကို သိပ်ထိခိုက်မှူ မရှိအောင် လျော့ချဖို့ ထိန်းချုပ်မှူ တစ်ချို့ လုပ်သင့်ပါတယ်။  သူတို့ကို စွန့်ပစ် စွန့်ခွာဖို့၊ သူတို့ နဲ့ စကားမပြောဘဲနေဖို့ မလိုအပ်ပါဘူး၊ သူတို့ နဲ့ ပတ်သက်တဲ့ ဆက်ဆံမှူကို သူ့စည်းကိုယ့်စည်း ဘောင်အကန့်အသတ် လေးထားဖို့ပဲ လိုတာပါ။ ဥပမာ ပြရရင် သူတို့ကို မျက်နှာလို မျက်နှာရ တစ်နေ့ ကို ဖုန်း အများကြီးခေါ်စရာမလိုပါဘူး၊ သင်သိတဲ့အတိုင်း သူတို့က သင့်ကို ဆွဲချမယ် ဒါမှမဟုတ် သင် ခြေလှုပ် လက်လှုပ်က အစ ပြောမယ် ဝေဖန်မယ်။ အဲ့ဒါကနေ ကောင်းတာဘာများ ရနိုင်မှာလဲ၊ ထုံးစံအတိုင်း သင့် ကို  အဆိုးမြင်ဝါဒတွေနဲ့ ရက်ရက်ရော‌ရော ဗုန်းကြဲမယ်၊ ရေဒီယိုဖွင့်၊ တီဗွီဖွင့် လိုက်ရုံနဲ့ ဒါမှ မဟုတ် သတင်းစာဖတ်လိုက်ရုံနဲ့ သတင်းဆိုးတွေ ကြားရပါပြီ။ အမျိုးတွေဆီက အဆိုးမြင်သတင်းတွေ ထပ်ကြားစရာ လိုသေးလို့လား၊ မထင်ပေါင်။

အဲဒီလို အလုပ်ဖြစ်မယ့် အကြံဉာဏ်မျိုး ထပ်ပေးလိုက် ဦးမယ်။  သင်က သူငယ်ချင်း သို့မဟုတ် အမျိုးတစ်ယောက်နဲ့ စကားပြောနေတယ် ဆိုပါတော့၊  ပြောကြဆိုကြရင်း အကြောင်းအရာက အဆိုးမြင်ဘက်ရောက်သွားတယ် ဆိုပါတော့၊ တစ်ဘက်လူကို မကောင်းမြင်တတ်လိုက်တာလို့ စွပ်စွဲ ချင်စိတ်ကို ချိုးနှိမ်ထားလိုက်ပါ။ စွပ်စွဲလိုက်ရင် ပိုဆိုးအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ အဲလို လုပ်မယ့်အစား စကားလမ်းကြောင်းကို ကောင်းရာဖက်ကို သိမ်သိမ်မွေ့မွေ့ ပြောင်းလိုက်သင့်ပါတယ်။

သင့် ဆွေမျိုးကို စွန့်လွှတ်လိုက်ဖို့ ဒါမှမဟုတ် မိသားစုပွဲကို မသွားဖို့ ကျွန်တော် တိုက်တွန်းပြောနေတာ မဟုတ်ဘူးဆိုတာ မမေ့လိုက်နဲ့နော်။ ပြောချင်တာက အဆိုးမြင်ဆွေမျိုးနဲ့ ဆက်သွယ်တာကို အကန့်အသတ် ထားဖို့ပါ၊ ဒါမှ သင့်ကို သူတို့က သူတို့နဲ့ အဆင့်တူသွားအောင် ဆွဲမချ နိုင်မှာ ဖြစ်ပါတယ်။

အဲဒါက ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝန်းက အကောင်းမြင် အဆိုးမြင် သမားများနဲ့ ပတ်သက်ပြီး ဂျက်ဖ် ကီလာ ရဲ့ ပြောပြ အကြံပေးချက်များပါပဲ။ သူဆက်ပြီး ပြောလာတာက ကျွန်တော်တို့ ရဲ့ လုပ်ငန်းခွင်၊ အလုပ်ဝန်းကျင်ထဲက အဆိုးမြင်သမားများပါ၊ အလုပ်ထဲမှာ ကိုယ်နဲ့ တွဲ အလုပ်လုပ်မယ့်သူက အဆိုးမြင်ဝါဒီကြီးဖြစ်နေမယ်ဆိုရင် ဘယ့်နှယ် လုပ်ကြမလဲ။ ဂျက်ဖ်ကီလာ ဘယ်လို အကြံပေးမလဲ ကြည့်ရအောင်။

အလုပ်ထဲက အကောင်းမြင်သမားများ

အဖွဲ့အစည်းတိုင်းလိုလိုမှာ အဆိုးမြင်သမားတွေ အလုပ်လုပ်နေတာ ရှိတတ်ကြပါတယ်။ တခါတရံ သင့်အနေနဲ့ သူတို့နဲ့ ပြောဆိုဆက်ဆံရဖို့ အလုပ်အတူတူလုပ်ရဖို့ ကြုံလာနိုင်ပါတယ်။ ဒါပေမယ့် သင့် အနေနဲ့  သူတို့နဲ့ အလျဉ်းသင့်ချင်တဲ့အတွက်  အဲ့ဒီ  အနာဂတ်ဆိုးတွေဖြစ်လာမယ်လို့ နိမိတ်ဖတ် အတတ်ဟောဆရာတွေနဲ့ အချိန်ဖြုန်းနေစရာ မလိုပါဘူး။

ဥပမာပြရရင်  အကယ်၍ သင်က အဆိုးမြင်သမားများနဲ့ မကြာခဏ နေ့လည်စာ အတူတူ ထွက်စားတတ်တယ်ဆိုရင် သူတို့နဲ့ ထွက်စားနေတာကို ရပ်လိုက်ပါ။ သူတို့ လုပ်မှာက သင့်ခေါင်းထဲကို အဆိုးမြင်ဝါဒတွေရိုက်သွင်းမှာပဲ ဖြစ်တယ်။ သူတို့ရဲ့ အဆိုးမြင်အမှိုက်သရိုက်တွေကို သင့်ခေါင်းထဲကို လာပုံတဲ့ အတွက် သင်ဟာ သင့်အရည်အချင်းရှိသလောက် အလုပ်လုပ်နိုင်မှာ မဟုတ်တော့ တာသာ အဖတ်တင်မယ်။

သူငယ်ချင်းကောင်းတွေက သင့်ကျန်းမာရေးအတွက် ကောင်းတယ်။

(ဒေါက်တာ အိုင်ဝင်ဆာရာဆွန်)

သူတို့ကို နှာခေါင်းရှုံ့ဖို့ မောင်းထုတ်ဖို့ မလိုပါဘူး။ သင့် အနေနဲ့ အဲ့ဒီ အဆိပ်သင့်လူတွေနဲ့ ‌ဝေးဝေးနေနိုင်အောင် သံတမန်နည်း ရှာသင့်ပါတယ်။

အဲ့ဒီအစား ကိုယ်က ဦးအောင် တစ်ခုခုလုပ်လိုက်ပါ။ လက်ဦးပါစေ။ သင့် အလုပ်စားပွဲမှာပဲ သင်စားဖို့လိုကြောင်း အကြောင်းရှာပြပါ၊ သင့်ဖောက်သည် ကို နေ့လည်စာခေါ်စားပါ၊ ဒါမှမဟုတ်လည်း ထမင်းစားဆောင်က အခြားစားပွဲမှာ သွားစားပါ။ သင့် နေ့လည်စာကို အပေါင်းလက္ခဏာဆောင်တဲ့ ထမင်းပွဲလေးဖြစ်အောင်လုပ်ဖို့ လိုတာ အကုန်လုပ်ပါ။ မှားစရာ အကြောင်းမရှိပါဘူး။ အကောင်းမြင် သမားတွေကို ဘယ် အဖွဲ့အစည်းကဖြစ်ဖြစ် လက်ခံကြိုဆိုပါတယ်။ အဆိုးမြင်သမား တွေကတော့ သူတို့ရဲ့ တိုးတက်မှူ အခွင့်အရေးကို သူတို့ဖာသာ ထိခိုက်အောင် လုပ်နေတာပါပဲ။ အဆိုးမြင်ဝါဒီ အလုပ်သမားများ ပြသနာက ဆိုးဆိုး လိုက်လာပါတယ်၊ လောလောလတ်လတ်ပဲ ကျွန်တော် လက်ကမ်းကြော်ငြာ တစ်စောင်ရလိုက်တယ်။      “စိတ်နေသဘောထား ပြသနာရှိတဲ့ ဝန်ထမ်းများကို မည်ကဲ့သို့ တရားဝင် အလုပ်ထုတ်မည်နည်း” ခေါင်းစဉ်နဲ့ တနေကုန် အစည်းအဝေး အကြောင်းကြားစာတဲ့။ လုပ်ငန်း အဖွဲ့အစည်းတွေ က အလုပ်တွင်ကျယ်ရေးမှာ စိတ်နေသဘောထားသည် အရာရာဆိုတာ သဘောပေါက် လာပြီး နိုးကြား လာကြပါပြီ။

သင့်မိတ်ဆွေကို အမျှော်မြင်ကြီးကြီး ရွေးချယ်ပါ

ဒီအခန်းရဲ့ အစပိုင်းလောက်မှာ ကျွန်တော် ပြောခဲ့တဲ့ “သင်ဘယ်သူနဲ့ တွဲနေတယ် ဆိုတာ ပြောပြပါ။ သင်ဘယ်သူလဲ ဆိုတာ ကျွန်တော် ပြောပြမယ်” ဆိုတဲ့ စကားကို မှတ်မိတယ် မလား။ သင်က တကယ်ပဲ အလုပ်ထဲမှာ လစာတိုးချင်တယ်၊ ရာထူးတိုးချင်တယ်၊ ကိုယ့် ကိုယ်ပိုင်အလုပ်ကို အောင်မြင်စေချင်တယ် ဆိုရင် ဒါမှမဟုတ် လူသားတစ်ယောက်အနေနဲ့ တိုးတက်မှူလိုချင်တယ် ဆိုရင် သင့် အနေနဲ့ သင့်ကို နောက်တဆင့် အခြေမြှင့်တင် ပေးနိုင်တဲ့ သူတွေနဲ့ စတင်ပေါင်းဖွဲ့လိုက်ပါ၊ သင့်ခံစားချက်တွေ ကောင်းလာပြီး သင့် ပန်းတိုင်ကို ‌ရောက်ရှိစေမယ့် ခွန်အားသစ်တွေ ရလာမှာပါ။

သင်ဟာ ပိုပြီး ကောင်းခြင်းတွေပြည့်စုံတဲ့၊  တက်ကြွဖြတ်လတ်တဲ့၊ လူတိုင်းက သူတို့နားမှာ ရှိစေချင်တဲ့သူ ဖြစ်လာမှာပါ။ အကောင်းမြင်သမားတွေနဲ့ ပေါင်းဖွဲ့ဖို့နဲ့ အဆိုးမြင်သမားတွေနဲ့ အကန့်အသတ်နဲ့သာ ပတ်သက်ဖို့ အရေးကြီးတယ်ဆိုတာ အမြဲတွေးနေမိတယ်။ အခု အဲဒါက သင့် အနေနဲ့ အောင်မြင်မှု မြင့်မြင့်မားမား ရဖို့နဲ့ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အတွက် မရှိမဖြစ်လိုအပ်တယ် ဆိုတာ ခိုင်ခိုင်မာမာ ယုံကြည်သွားပါပြီ။ ဒီတော့ သင့်ကိုယ်သင် အကောင်းမြင် အာဟာရလူများနဲ့ ဝန်းရံလိုက်ပါ။ သူတို့ က သင် အောင်မြင်မှုဆီ တက်လှမ်းဖို့ လှေကားထောင် ပေးပါလိမ့်မယ်။

ဂျက်ဖ်ကီလာရဲ့ အကြံပေးတိုက်တွန်းချက်တွေကို Opinion Leadersရဲ့ ပရိသတ်ကြီးရော ဘယ်လိုသဘောရသလဲ။ အကောင်းမြင်သမားအချင်းချင်းပူးပေါင်းပြီး ကောင်းမွန်တဲ့ လူ့ဘောင် လောကသစ်ကြီးကို တည်ဆောက်လိုက်စမ်းပါ။ အဆိုးမြင်သမားတွေကတော့ သူတို့ရဲ့ အဆိုးမြင်စိတ်တွေနဲ့ လုံးလည်ချာလည်လိုက်ပြီး အဆိုးသံသရာထဲမှာပဲ နေခဲ့ပါစေတော့။ သူတို့ စိတ်ပြောင်းနိုင်ရင်တော့ ကောင်းတဲ့လမ်းဆီ လိုက်လာပါလိမ့်မယ်။ သင်ကိုယ်တိုင်ရော အကောင်းမြင်သမား ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းရင်း၊ သင်ကိုယ်တိုင်ရော  အခြားသူများ အတွက် အောင်မြင်မှုဆီတက်လှမ်းဖို့ လှေကားထောင်ပေးတဲ့ အာဟာရလူ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

သက်ထွန်း (သျှမ်း)