【 ဆောင်းပါး 】 “ သူရဲဘောကြောင်သူ”

【 ဆောင်းပါး 】 “ သူရဲဘောကြောင်သူ”

လောကမှာ ရဲရင့်သူတစ်ယောက်သည် လောကဓံတရားတစ်ပါးပါးနှင့် ရင်ဆိုင်တွေ့ကြုံရသောအခါ ကိုယ်ကျင့်တရားအပျက်မခံဘဲ စီးပွားပျက်မှာ အသက်ဆုံးရှုံးမှာ လုံးဝမကြောက်ဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်တတ်ကြသည်။

လောကမှာ သူရဲဘောကြောင်သူတစ်ယောက်သည် လောကဓံတရားတစ်ပါးပါးနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ စီးပွားပျက်မှာ အသက်ဆုံးရှုံးမှာကြောက်ရွံ့ပြီး ကိုယ်ကျင့်တရားအပျက်ခံကာ သတ္တိနည်းစွာ ရင်ဆိုင်တတ်ကြသည်။

ရဲရင့်သူသည် လောကဓံကိုရင်ဆိုင်စဉ်မှာ သတ္တိရှိရှိ မှန်မှန်ကန်ကန် ပြောဆိုလုပ်ကိုင်ခဲ့သူဖြစ်သလို ရင်ဆိုင်ပြီးနောက်မှာလည်း စိတ်သန့်သန့်နှင့် နေထိုင်နိုင်သည်။

သူရဲဘောကြောင်သူသည် လောကဓံကိုရင်ဆိုင်စဉ်မှာ သတ္တိမရှိဘဲ ကြောက်ကြောက်လန့်လန့် မှားမှားယွင်းယွင်း ပြောဆိုလုပ်ကိုင်ခဲ့သူဖြစ်သလို ရင်ဆိုင်ပြီးနောက်မှာလည်း စိတ်သန့်သန့်နှင့် မနေထိုင်နိုင်ဘဲ တကြောင့်ကြကြနှင့် စိတ်ခြောက်ခြားစွာ နေထိုင်ရလေသည်။

တကယ်တော့ ကိုယ်ကျင့်တရားကိုထိန်းသိမ်းကာ မှန်မှန်ကန်ကန်ပြောဆိုလုပ်ကိုင်သူသည် ဘယ်သူ့ကိုမှအပြစ်မတင် ဘယ်သူ့ကိုမှမကောင်းမကြံသည့်အတွက် သူ့ဆီမှာ ဘာအကြာက်တရားမှမရှိပေ။

ကိုယ်ကျင့်တရားကိုမထိန်းသိမ်းဘဲ အတ္တလောဘလွန်ကဲပြီး မမှန်မကန်ပြောဆိုလုပ်ကိုင်သူသည် သူ့ကိုယ်သူကလွဲရင် ကျန်သူတွေအပေါ် အပြစ်တင်တတ်သည်။သူတစ်ယောက် ကောင်းစားရေးအတွက် ဘယ်သူ့ကိုမဆို ဒုက္ခပေးတတ်သည်။သူ့ဆီမှာ ရဲရင့်ခြင်းသတ္တိ တစိုးတစိမှမရှိပေ။ကြောက်ရွံ့ထိတ်လန့်ခြင်းအပြည့်သာရှိသည်။အမှန်တရား အရှိတရားကို ရင်မဆိုင်ရဲဘဲ ရှောင်လွှဲနေသူဖြစ်၍ အမှားတွေတစ်ခုပြီး တစ်ခု ကျူးလွန်နေမိတတ်သည်။

ဘုရားရှင်ဟောကြားခဲ့သော ဓမ္မပဒလာ သူရဲဘောကြောင်ပြီး သူများကိုအပြစ်ရှာကာ မပြစ်မှားထိုက်သူကို ပြစ်မှားခဲ့သော ကောကမုဆိုးဆိုသူ ရှိခဲ့ပါသည်။

          ဘုရားရှင် ပွင့်တော်မူစဉ်ကဖြစ်သည်။ကောကမုဆိုးသည် သားကောင်များကို ဖမ်းဆီးစားသောက်ခြင်းဖြင့် အသက်မွေးသူဖြစ်သည်။သူသည် နေ့စဉ် သူ၏ခွေးများနှင့်အတူ တောလိုက်ထွက်လေ့ရှိသည်။

          တစ်နေ့တွင် ကောကမုဆိုးသည် တောထဲမှာအမဲလိုက်ရန်အတွက် အိမ်မှထွက်ခဲ့သည်။အိမ်မှထွက်လာလာချင်း ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးနှင့် လမ်းမှာဆုံမိသည်။မုဆိုးသည် အတော်စိတ် ညစ်သွားလေသည်။သူသည် ဗုဒ္ဓနှင့်တကွ ရဟန်းသံဃာများကို လုံးဝကြည့်လို့ရသူမဟုတ်ပေ။ရဟန်းသံဃာများကို သူယုတ်မာလို့ အမြဲစွပ်စွဲပြောဆိုနေသူဖြစ်သည်။ထို့ကြောင့် အမဲသွားပစ်ခါနီးတွင် ရဟန်းကိုမြင်လိုက်ရသည်မို့ ထိုနေ့အဖို့ သူ့အတွက် နိမိတ်မကောင်းလို့တွက်ကာ စိတ်ညစ်သွားခြင်းဖြစ်၏။တိုက်ဆိုင်တာက တောထဲမှာ သားကောင်တစ်ကောင်မှ မတွေ့ရပေ။အမဲပစ်ဖို့နေနေသာသာ အမဲကောင်ကိုတောင် မတွေ့ရသောအခါ ဒေါသအကြီးအကျယ်ဖြစ်မိသည်။လမ်းမှာတွေ့ခဲ့သော ရဟန်းကို ကျိန်ဆဲလိုက်သည်။စိတ်ကမရှည်တော့သည်နှင့် အမဲကောင်ဆက်မရှာတော့ဘဲ ချက်ချင်းပင်ပြန်လှည့်လာခဲ့သည်။

          ဖြစ်ချင်တော့ လမ်းတွင် ဆွမ်းခံရာမှပြန်လာသော ရဟန်းနှင့် ဆုံမိပြန်သည်။မုဆိုးလည်း သူ၏ခွေးများညွှန်ကြားကာ ရဟန်းကို လိုက်ကိုက်စေသည်။ခွေးများက ရဟန်းကို ဝိုင်းလိုက်ကြသောကြောင့် ရဟန်းလည်း ခွေးများ၏အန္တရာယ်မှ လွတ်မြောက်ရန် ထွက်ပြေးခဲ့ရလေသည်ပြေးလို့မလွတ်နိုင်သောအခါ အနီးရှိ သစ်ပင်တစ်ပင်ပေါ်သို့ တက်ပြေးသည်။ခွေးများက သစ်ပင်ရင်းမှ ရဟန်းကိုစောင့်နေကြသည်။မုဆိုးသည် ရဟန်း မကြာမီအောက်သို့ပြုတ်ကျတော့မည်ကို သိသည်။ထို့ကြောင့် ထိုရဟန်း အမြန်ဆုံးသစ်ပင်ပေါ်မှပြုတ်ကျအောင် သူလက်ထဲမှ မြားတံဦးချွန်နှင့် တွဲလောင်းကျနေသော ရဟန်း၏ခြေထောက်များကို လှမ်းထိုးလေသည်။ရဟန်းက ဘယ်လိုတောင်းပန်တောင်းပန် မုဆိုးက ဂရုမစိုက်ဘဲ တရစပ်လှမ်းထိုးနေလေသည်။ရဟန်းသည် ကြောက်လန့်တကြီးနှင့် တွန့်လိမ်ရုန်းကန်ရင်း မကြာခင်မှာပင် ကိုယ်တွင်ဝတ်ရုံထားသော အပေါ်ရုံသင်္ကန်းသည် အောက်သို့လျှောကျသွားသည်။

          အောက်သို့လျှောကျလာသော သင်္ကန်းသည် အပေါ်သို့မော့ကြည့်နေသော မုဆိုးတစ်ကိုယ်လုံးကို ဖုံးလွှမ်း အုပ်မိုးမိသည်။မျက်နှာမပေါ်အောင် သင်္ကန်းနှင့် လုံးထွေးရစ်ပတ်နေသော မုဆိုးကို ခွေးများက သစ်ပင်ပေါ်မှ ရဟန်းပြုတ်ကျလာသည်ထင်မှတ်ကာ ဝိုင်းကိုက်ကြလေတော့သည်။မုဆိုးက ဘယ်လိုမှသတိပေး၍မရတော့အောင် ခွေးများက ဒေါသတကြီးကိုက်ခဲကြလေသည်။နောက်ဆုံးမှာတော့ မုဆိုးသည် သူမွေးထားခဲ့သောခွေးများက သူ့ကိုပြန်ကိုက်ခြင်းကြောင့် အသက်ဆုံးခဲ့ရလေသည်။

          ရဟန်းသည် ဘုရားရှင်ထံသွားကာ အဖြစ်အပျက်အကြောင်းစုံကို တင်လျှောက်ပြီးနောက် မိမိသင်္ကန်းကြောင့် မုဆိုးသေသွားရသည့်အတွက် မိမိ၏သီလစင်ကြယ်မှု ရှိ၊ မရှိ မေးလျှောက်သည်။စေတနာမပါသည့်အတွက် အပြစ်မရှိပါ။သီလစင်ကြယ်ပါသည်။မုဆိုးသေခြင်းမှာ မပြစ်မှားထိုက်သူကို ပြစ်မှားသောကြောင့် သူ့အကုသိုလ်နှင့်သူ သေခြင်းဖြစ်ကြောင်း ရှင်းပြသည်။ထို့နောက် အောက်ပါဒေသနာတရားကို ဟောသည်။

          “အကြင်သူသည် မပြစ်မှားထိုက်သည့် ကိလေသာစင်ကြယ်ပြီးသူအား ပြစ်မှား၏။လေညာသို့ ပစ်လွှတ်လိုက်သည့် မြူမှုန်သည် ထိုပစ်လွှတ်သူအပေါ်သို့ ပြန်ကျလာဘိသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်အပေါ်သို့သာ ရှေးရှုပြန်ကျလာသည်”

          ဒေသနာအဆုံးတွင် ရဟန်းသည် သောတပန်ဖြစ်သွားလေသည်။

မုဆိုးသည် ကိုယ်လုပ်မှကိုယ်ရသော အမှန်တရားကို လက်မခံခဲ့ပါ။ကိုယ်အသုံးမကျလို့ဖြစ်စေ ကံမကောင်းလို့ဖြစ်စေ ရရှိလာသည့်အခြေအနေတစ်ခုကို ရိုးရိုးသားသားလက်မခံဘဲ ဘာမှမဆိုင်သူကို တရားခံရှာကာ အပြစ်လွှဲချခဲ့သည်။လောကဓံကိုကြောက်ရွံ့သောကြောင့် အဓိပ္ပာယ်မဲ့သောအတွေးမျိုး တွေးဖြစ်ခဲ့သည်။သူ့ကိစ္စကိုသူ မှန်မှန်ကန်ကန်မဖြေရှင်းဘဲ ဆွမ်းခံကြွလာသောရဟန်းကို မဆီမဆိုင်ဒုက္ခသွားပေးခဲ့သည်။သူ့ကျတော့ အစားတစ် လုတ်အတွက်တောင် သည်းခံရင်ဆိုင်ရဲသော သတ္တိမရှိဘဲ သူများကိုကျတော့ အသက်အန္တရယ်ပေးသည်အထိ မိုက်မိုက်မဲမဲတွေးခေါ် လုပ်ကိုင်ရက်ခဲ့သည်။

ထိုမုဆိုးသည် ယခင်ဘဝကလည်း လောကဓံကိုမခံနိုင်ဘဲ ကြောက်ကြောက်ရွံ့ရွံ့နှင့် သူများကို မဆီမဆိုင် ဒုက္ခသွားပေးသောကြောင့် သူပြုသည့်မကောင်းမှုကံသည် သူ့ထံသို့ပဲ့တင်ပြန်ကာ သူကိုယ်တိုင်ဒုက္ခရောက်ခဲ့ဖူးသည်။

          မုဆိုးသည် အတိတ်ဘဝက ဆေးဆရာတစ်ယောက်ဖြစ်ခဲ့သည်။သူသည် အရပ်တကာ နယ်တကာလှည့်လည်၍ လူနာရှာပြီး ဆေးကုသပေးသူဖြစ်သည်။တစ်နေ့တွင် အိမ်မှထွက်လာပြီးနောက် နေရာအနှံ့သွားခဲ့သော်လည်း ဆေးကုသပေးရမည့် လူနာတစ်ယောက်မှမတွေ့ရသဖြင့် ပင်ကလည်းပင်ပန်း ဗိုက်ကလည်းဆာနှင့် အတော်လေးစိတ်ညစ်ရင်း လျှောက်လာခဲ့သည်။ရွာတစ်ရွာသို့ရောက်လာသည်။ရွာအဝင်အဝတွင် ကလေးတစ်သိုက် အော်ဟစ်ဆော့ကစားနေကြသည်ကို မြင်ရသည်။ ရွာထဲသို့ဝင်ရန် ကလေးများအနီးမှဖြတ်လာစဉ် သူတို့ကစားနေသည့်နေရာ ဘေးနားတွင် သစ်ပင်ခပ်ရွယ်ရွယ်တစ်ပင်ကို တွေ့ရသည်။ထိုသစ်ပင်ခွနားရှိ သစ်ခေါင်းပေါက်ထဲတွင် ခေါင်းဖော်လျက်အိပ်နေသော မြွေတစ်ကောင်ကိုတွေ့ရသည်။ချက်ချင်းဆိုသလို မုဆိုး၏ခေါင်းထဲမှာ အကြံတစ်ခုရလိုက်သည်။ကလေးတစ်ယောက်ယောက်ကို မြွေကိုက်လိုက်လျှင် သူဆေးကုဖို့ လူနာသေချာပေါက်ရမည်ကို တွေးမိသည်။ထို့ကြောင့် ကလေးများကို သစ်ခေါင်းထဲမှာ ဆက်ရက်ငှက်တစ်ကောင်ရှိကြောင်း အသာအယာလှမ်းနှိုက်ယူနိုင်လျှင် ဆက်ရက်တစ်ကောင် အချောင်ရမည်ဖြစ်ကြောင်း ပြောပြသည်။

          ကလေးအုပ်စုထဲမှ လည်လည်ဝယ်ဝယ်ရှိဟန်တူသော တစ်ယောက်က သစ်ပင်ကိုတွယ်တက်ပြီး သစ် ခေါင်းပေါက်ထဲ လက်လှမ်းနှိုက်ကာ ကိုင်လိုက်သည်။သူကိုင်မိသည်က မြွေတစ်ကောင်မှန်း သိလိုက်သည်မို့ ကြောက်လန့်ပြီး ဆတ်ခနဲ အောက်သို့ပစ်ချလိုက်သည်။ထိုမြွေသည် အောက်မှမော့ကြည့်နေသော မုဆိုးပေါ်သို့ တည့်တည့်ကျကာ မုဆိုးခမြာလူနာကို ဆေးမကုသလိုက်ရဘဲ သူကိုယ်တိုင် မြွေအကိုက်ခံရကာ နေရာတွင်ပင် သေဆုံးသွားခဲ့လေသည်။

          အတ္တသမားမုဆိုးသည် မဆီမဆိုင် ဘာမှအပြစ်မရှိသည့် ရိုးရိုးသားသားကစားနေကြသည့် သားသမီးအရွယ်ကလေးများကို သူ့ထမင်းလုတ်အတွက် အသက်အန္တရာယ်ပေးသည်အထိ ရူးသွပ်မိုက်မဲခဲ့လေသည်။

သူရဲဘောကြောင်သူတစ်ယောက်သည် လောကဓံကို မှန်မှန်ကန်ကန်မရင်ဆိုင်ရဲပါ။ကိုယ်ချင်းစာတရား လုံးဝခေါင်းပါးပြီး ကိုယ်ကျင့်တရားကိုလည်း တန်ဖိုးထားရမှန်းမသိပါ။သူများထမင်းလုတ်လုစားတာကို ရှက်ရမှန်းမသိ သူများအသက်သတ်တာကို ကြောက်ရမှန်းမသိ သူ့အပြစ်ကို သူများလွှဲချရတာကို ရှက်ရကြောက်ရမှန်းမသိပါ။

အမှန်တရားကို ရင်ဆိုင်ရမှာတော့ သေမလောက်ကြောက်နေသည်။တကယ်တော့ သူဟာလူကြောက်ကြီးပါ။သူရဲဘောကြောင်သူပါ။

ရိုက်မောင်း