【 ဆောင်းပါး 】 “ အနာပေါ်တုတ်ကျ ”

【 ဆောင်းပါး 】 “ အနာပေါ်တုတ်ကျ ”

“မင်းကလဲ ဘာလို့ တဲ့ကြီးသွားပြောလိုက်ရတာလဲ။ သူလုပ်တာမင်းမြင်ရတာလဲမဟုတ်ဘဲနဲ့”

“ဒါတော့မတတ်နိုင်ဘူး။ ဒီကောင်က ငယ်ငယ်လေးထဲက သူများဥစ္စာဆို အမြဲလိုချင်မျက်စိ ရှိတဲ့ကောင်လေ။ မင်းလဲသိသားနဲ့”

“ဒါနဲ့ပဲ မင်းကရမ်းသန်းစွပ်စွဲလို့ဖြစ်မလားကွ”

“ဖြစ်လို့ပဲအခုပေါ်သွားပြီလေ။ ငါ့စိတ်နဲ့ငါ ခိုးချင်ခိုးမယ်ဘာဖြစ်လဲလို့သူပြောသွားတာ မင်း မကြားဘူးလား။ သူ့ဘာသူ အနာပေါ်တုတ်ကျသွားတာတော့ ငါလဲမတတ်နိုင်ဘူး”

 “အေးပါ မင်းလဲသတိကျပ်ကျပ်ထား။ အနာပေါ်တုတ်ကျတယ်ဆိုတာ ဘယ်လောက်အခံရခက်လဲမင်းသိလား။ တော်တော်ကြာမင်းကိုအငြိုးထားပြီး ပြဿနာရှာနေလိမ့်မယ်”

မနက်စောစော လမ်းလျှောက်ရင်း အပြန်မှာ ထုံးစံအတိုင်း မုန့်ဟင်းခါးဆိုင်ဝင်ပြီး ထိုင်စားဖြစ်သည်။ ထိုစဉ် ဆယ့်လေးငါးနှစ်အရွယ် ကောင်လေးနှစ်ယောက် မုန့်ဝင်စားရင်းစကားပြောနေတာကို ကြားခဲ့ရခြင်းပါ။ 

အနာရှိသည့်နေရာကို တုတ်ဖြင့်ထပ်အရိုက်ခံရရင် မခံမရပ်နိုင်အောင် နာကျင်သကဲ့သို့ မိမိ လိပ်ပြာမလုံဖြစ်နေသည့် အားနည်းချွတ်ယွင်းချက်ကို အခြားတစ်ယောက်က ထိပါးကာ ထုတ်ဖေါ်ပြောဆိုခံရရင် ဆတ်ဆတ်ခါအောင်နာတတ်လေသည်။

ကျွန်တော်ကိုးတန်းကျောင်းသားဘဝက အဖြစ်တစ်ခုကို သွားသတိရမိသည်။ တစ်နေ့ကျောင်း တက်ခါနီးအချိန်မှာ သူငယ်ချင်းတစ်ယောက်က သင်္ချာအိမ်စာပေးလိုက်တာတွက်ပြီးပြီလားမေးတော့မှ မေ့ပြီးမတွက်ခဲ့မိတာကိုစဉ်းစားမိသည်။ သင်္ချာဆရာက အရိုက်ကြမ်းသူမို့ ဘာမှမစဉ်းစားနိုင်တော့ဘဲ သူငယ်ချင်းဆီကတွက်ပြီးသားတွေကိုပဲ ကူးရေးလိုက်သည်။ သင်္ချာဆရာလာသောအချိန်မှာ ဆရာက တွက်ပြီးသားသင်္ချာစာအုပ်တွေကိုစစ်သည်။ ဖြစ်ချင်တော့ သင်္ချာငါးပုဒ်မှာနှစ်ပုဒ်မှားနေသည်။ သူငယ်ချင်းဆီကကူးရေးထားတာဆိုတော့ အမှားချင်းတူနေပြီလေ။ ကျွန်တော်တို့နှစ်ယောက်လုံးနှစ်ပုဒ်မှားလို့ တစ်ယောက်နှစ်ချက်စီအရိုက်ခံရသည်။

ထိုအချိန်မှာ ကျွန်တော်နှင့်မတဲ့သော သူငယ်ချင်းကတိုင်ပြောသောကြောင့် ကျွန်တော်သင်္ချာ မတွက်လာဘဲ ကျောင်းရောက်မှကူးယူမိသည့်အပြစ်ကို ဆရာသိသွားသည်။ ကျွန်တော် နောက်ထပ်ငါးချက်ထပ်အရိုက်ခံရပြန်သည်။ သူများဆီကကူးထားမိလို့ စိတ်မလုံခြုံသည့်အနေအထားမှာ မဆီမဆိုင် လာတိုင်ရပါမည်လားဆိုပြီး ထိုနေ့ကစလို့ ချွန်တွန်းသူငယ်ချင်းကို စကားမပြောတော့ဘဲ သူ့အပေါ်ရန် သူတစ်ယောက်လိုဆက်ဆံခဲ့သည်။ လက်တွေ့မလုပ်ဖြစ်ခဲ့သော်လည်း စိတ်ကူးထဲမှာတော့ သူ့ကို လုံးဝမကျေနပ်ခဲ့ပါ။

အသက်အရွယ်ရလာတော့ တစ်ခါတလေထိုအကြောင်းကိုပြန်စဉ်းစားမိလျှင် ကိုယ့်အပြစ်ကိုယ် မမြင်ဘဲ သူများကို ရန်လိုမိခဲ့သည့် ကိုယ့်ကိုယ်ကိုယ် အရှက်ကြီးရှက်မိရသည်။ ထိုသူငယ်ချင်းကို မကျေနပ်စိတ်နှင့် ကိုယ်ထိလက်ရောက်ဒုက္ခမပေးမိသည်ကိုပဲ တော်ပါသေးသည်ဆိုရပေမည်။

သူခိုးကို သူခိုးလို့အမှတ်တမဲ့ဝေဖန်မိသောကြောင့် ထိုသူခိုးက အာဃာတရန်ငြိုးနှင့်အကြိမ်ကြိမ်ဒုက္ခပေးကာ နောက်ဆုံးအသက်ကိုရန်ရှာသည်အထိ ဖြစ်ခဲ့ကြောင်း ဘုရားဟောဓမ္မပဒဒေသနာမှာ တွေ့ရှိရပါသည်။

တစ်နေ့တွင် ရှင်မဟာမောဂ္ဂလန်နှင့် ရှင်လက္ခဏမထေရ်တို့သည် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံကြွရန်အတွက် ဂိဇ္ဈဂုဋ်တောင်မှဆင်းသက်လာသည်။ လမ်းတွင် တစ်ကိုယ်လုံးမီးအလောင်ခံနေရသော စပါးကြီးမြွေပြိတ္တာတစ်ကောင်ရှိသည်။ အရှည်နှစ်ဆယ့်ငါးယူဇနာရှိပြီး ခေါင်းမှစတင်တောက်လောင် လာသောမီးသည် အမြီးသို့ရောက်လျှင် ခေါင်းဘက်သို့လောင်သွားပြန်သည်။ စပါးကြီးမြွေပြိတ္တာသည် အသက်လည်းမသေဘဲ ဆက်တိုက်မီးလောင်ခံနေရရှာသည်။ ထိုမြွေကြီးကို ရှင်လက္ခဏကမမြင်ရဘဲ ရှင်မောဂ္ဂလန်ကသာ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် မြင်နေရခြင်းဖြစ်သည်။ ထို့ကြောင့်ရုတ်တရက်ပြုံးလိုက်မိသည်။ ရှင်မောဂ္ဂလန်၏အပြုံးကို မြင်လိုက်ရသော ရှင်လက္ခဏက အကျိုးအကြောင်းမေးမြန်းသောအခါ ရှင်မောဂ္ဂလန်က ဘုရားရှင်ရှေ့ရောက်တော့မှမေးရန်ပြောပြီး ဆက်လာခဲ့သည်။

ရာဇဂြိုဟ်ပြည်သို့ရောက်ရှိကာ ဆွမ်းခံကြပြီးနောက် ဘုရားရှင်ရှိရာသို့ ရောက်ရှိကြသည်။ ဘုရားရှင်ရှေ့အရောက်တွင် ရှင်လက္ခဏက ရှင်မောဂ္ဂလန်ကို လမ်းတွင် အဘယ်ကြောင့်ပြုံးရကြောင်း မေးပြန်သည်။ သည်တော့မှမီးအလောင်ခံနေရရှာသော မြွေပြိတ္တာကြီးကိုတွေ့ရ၍ ပြုံးမိကြောင်းဖြေသည်။ ထိုအခါဘုရားရှင်က ဘုရားဖြစ်ပြီးဗောဓိပင်ရင်းမှာ သတင်းသုံးနေစဉ်ကပင် ထိုမြွေပြိတ္တာကိုမြင်ခဲ့ကြောင်းနှင့် မမြင်ရသောသူတို့ကို ရှင်းမပြဖြစ်ခဲ့ကြောင်းပြောပြသည်။ ထိုအခါရဟန်းတို့က ထိုမြွေကြီး အဘယ်ကြောင့်ယခုကဲ့သိုခံစားနေရသည်ကို မေးမြန်းကြပြန်သဖြင့် ဘုရားရှင်က မြွေကြီး၏အတိတ် ဘဝကို ပြန်ပြောပြလေသည်။

ကဿပဘုရားရှင်လက်ထက်ကဖြစ်သည်။ ထိုမြွေပြိတ္တာသည် လူ့ဘဝရရှိပြီးသူခိုးတစ်ယောက် ဖြစ်ခဲ့သည်။ ထိုမြို့မှာပင် ကဿပဘုရားရှင်ကိုကြည်ညိုပြီး အလှူဒါနပြုရန်ထက်သန်သောသုမင်္ဂလ သူဌေးကြီးရှိ၏။ သူဌေးကြီးသည် ရွှေအုတ်များစီခင်းပြီး ရွှေကျောင်းကြီးတစ်ကျောင်းဆောက်လုပ်ကာ ဘုရားရှင်ကိုလှူဒါန်းသည်။

တစ်နေ့နံနက်စောစော သူဌေးကြီးသည် ကဿပဘုရားရှင်ကို ဖူးရန်ကျောင်းတော်သို့ သွားသည်။ မြို့တံခါးအနီးဇရပ်ပေါ်တွင် သူခိုးသည် အဝတ်တစ်ထည်ကို ခေါင်းမြီးခြုံကာအိပ်နေသည်။ သူဌေးကြီး သည်ဇရပ်ရှေ့မှ ဖြတ်ရင်း ခေါင်းမြီးခြုံအိပ်နေသည့်သူခိုး၏ ရွှံ့ညွန်တွေပေနေသော ခြေထောက်ကိုတွေ့ရသဖြင့် ထိုသူသည် ညဘက်မှာလှည့်လည်ကျက်စားပြီး အိပ်နေသူဖြစ်ရမည်ဟု နှုတ်မှရွတ်ဆိုပြောမိခဲ့သည်။ သူဌေးကြီး၏ အသံကြောင့် သူခိုးကခေါင်းမြီး ခြုံထားသောအဝတ်ကို လှပ်ကြည့်ရာ သူဌေးကြီး၏ မျက်နှာကိုမြင်လိုက်ရသည်။ သူဌေးကြီးက အမှုမဲ့အမှတ်မဲ့ ပြောပြီးထွက်သွားသော်လည်း သူခိုးကသူ့ ကိုဘာမဆိုင် ညာမဆိုင် ဝေဖန်ပြောဆိုသွားသော သူဌေးကြီးကို ဒေါသထွက်ကာ အာဃာတရန်ငြိုးထား လေတော့သည်။

သူခိုးသည် သူဌေးကြီးအကြောင်းစုံစမ်းကာ သူဌေးကြီးပိုင်သောလယ်ကို ခုနစ်ကြိမ်တိုင်တိုင် မီးရှို့သည်။ သူဌေးကြီးပိုင်သော နွားခြံထဲမှ နွားများ၏ခြေထောက်တွေကို ခုနစ်ကြိမ်တိုင်တိုင် ခုတ်ဖြတ် ကာအနှောင့်အယှက်ပေးသည်။ သူဌေးကြီး၏အိမ်ကို ခုနစ်ကြိမ်တိုင်တိုင်မီးရှို့၏။ နောက်ဆုံးတွင် ကဿပမြတ်စွာဘုရားရှင် ဆွမ်းခံထွက်သွားစဉ်အခိုက်မှာ သူဌေးကြီးမြတ်မြတ်နိုးနိုးဆောက်လုပ်လှူ ဒါန်းခဲ့သည့် ဂန္ဓကုဋိရွှေကျောင်းတော်ကြီးကို မီးရှို့ဖျက်ဆီးပြန်သည်။

သူဌေးကြီးသည် မီးလောင်ကျွမ်းသွားသော ဂန္ဓကုဋိကျောင်းတော်ကြီးကို ကြည့်ပြီး စိတ်မညစ်သွားသည့်အပြင် ဝမ်းသာအားရနှင့်လက်ပန်းပေါက်ခတ်လိုက်သည်။ လူအများက သူဌေးကြီး၏ထူးဆန်းသော အပြုအမူကို ကြည့်ကာ အကျိုးအကြောင်းမေးမြန်းသောအခါ ရွှေကျောင်းအသစ် ဆောက်လုပ်လှူဒါန်းရတော့မည်ဖြစ်၍ ပျော်နေသဖြင့်လက်ပန်းပေါက်ခတ်ရခြင်းဖြစ်ကြောင်းပြန်ဖြေ၏။ မကြာခင်မှာပင် ဂန္ဓကုဋိရွှေကျောင်းဆောင်အသစ်ကြီးကို စိတ်ကြိုက်ဆောက်လုပ်ပြန်ပါသည်။

သူခိုးလည်း သူနှောင့်ယှက်သမျှကို သူဌေးကြီးကမည်သို့မှ မတုန်လှုပ်ကြောင်းသိရသောအခါ ရန်ငြိုးပိုပွားကာ လူအလစ်တွင်သူဌေးကြီးကိုသတ်ပစ်ရန်ကြံစည်ပြန်သည်။ သူခိုးသည်သူဌေးကြီးကို လစ်လျှင် လစ်သလိုသတ်ပစ်ရန် သူ၏ပုဆိုးကြားမှာ ဓါးမြှောင်တစ်ချောင်းအမြဲဆောင်ထားရင်း သူဌေး ကြီးအလစ်ကို လိုက်ချောင်းနေလေသည်။

တစ်နေ့တွင် သူဌေးကြီးသည်ဘုရားရှင်ထံတွင် ဂန္ဓကုဋိရွှေကျောင်းဆောင်သစ်ကြီးကို လှူဒါန်းသည်။ ထိုအချိန်တွင် သူခိုးကလည်းသူဌေးကြီးကို အလစ်တွင် သတ်နိုင်ရန် အနားမှာ ချောင်းမြောင်းနေလေသည်။ သူဌေးကြီးက တစ်စုံတစ်ယောက်သည် သူ့ကိုရည်ရွယ်ချက်ရှိရှိအနှောင့်အယှက်ပေးနေကြောင်းနှင့် သူယခုပြုလုပ်သောအလှူအတွက် ထိုတစ်စုံတစ်ယောက်ကို အဦးဆုံးထား၍ အမျှပေးဝေပါသည်ဟု ဘုရားရှင်ကိုတိုင်တည်ပြီး အမျှပေးလေသည်။

ထိုအခါသူခိုးလည်း ကြီးစွာနောင်တရပြီးကြောက်ရွံ့သွားသည်။ သူ့အပေါ်အမုန်းမပွားသည့် အပြင်စေတနာထားအမျှပေးဝေရှာသည့်သူဌေးကြီးကိုပြစ်မှားမိခဲ့သည့်အတွက် သူတစ်ဖန်ပြန်ခံစားရ မည့်အကုသိုလ်ဒဏ်ခတ်မှုကို အကြီးအကျယ်ကြောက်ရွံ့သွားသည်။ ထို့ကြောင့်သူဌေးကြီးနှင့်ဆုံတွေ့ ပြီး သူ့အပြစ်များကိုဝန်ချတောင်းပန်သည်။ သူဌေးကြီးလည်း အကြောင်းရင်းကိုသိရှိရသောအခါ သူအမှတ်တမဲ့ပြောဆိုဝေဖန်ခဲ့မှုကိုလည်း ခွင့်လွှတ်ပေးရန်ပြန်လည်တောင်းပန်လိုက်သည်။

သူခိုးသည် ထိုအကုသိုလ်ကြောင့် ထိုဘဝမှသေလွန်ပြီးနောက် အဝီစိငရဲမှာ ကမ္ဘာပေါင်းများစွာ ခံခဲ့ရပြီး ယခု စပါးကြီးမြွေ ပြိတ္တာဘဝနှင့် မီးလောင်ခံနေရကြောင်း ဘုရားရှင်က ရှင်းပြကာ လူမိုက်လူရမ်းကားသည် မကောင်းမှုမျိုးစုံကို ပြုလုပ်စဉ်က ထိုမကောင်းကျိုးကို ခံရမည်ဟုမသိ သူပြုခဲ့သော မကောင်းမှုအကုသိုလ်ကြောင့် မကောင်းကျိုးကိုခံရသောအခါ မီးလောင်ခံရသူကဲ့သို့ ဆင်းရဲစွာ ပူလောင်ရ၏ဟု ဒေသနာတရားဟောကြားတော်မူလေသည်။

မခံချင်စိတ်သည် တစ်ခါတစ်ရံဘာမှမဖြစ်လောက်သော်လည်း တစ်ခါတလေ အလွန်အန္တရာယ် များလှပါသည်။ မခံချင်စိတ်ကြောင့် ကောင်းကျိုးခံစားရနိုင်သလို ဆိုးကျိုးလည်းခံစားရနိုင်သည်။ မိမိက ပျင်းရိသူဖြစ်ပြီး တစ်စုံတစ်ယောက်ကမိမိကို ငပျင်းလို့ဝေဖန်လာသည့်အခါမျိုးတွင် မခံချင်စိတ်နှင့် လုံ့လဝီရိယထား ကြိုးစားလိုက်ရင် လူတော်တစ်ယောက်ဖြစ်လာနိုင်သည်။ ထိုသို့မဟုတ်ဘဲ ကိုယ်တိုင်က ပျင်းသည့်အကျင့်ကိုတော့ မပြင်ဘဲ အပြစ်တင်ဝေဖန်သူကို ရန်ငြိုးဖွဲ့ပြီး စိတ်ထင်ရာစိုင်းမည်ဆိုရင် မိမိဘဝတစ်ခုလုံးဆိုးကျိုး ခံစားသွားရနိုင်သည်။

မိမိကိုယ်တိုင်က အမှားကျူးလွန်ပြီး ထိုအမှားကို ကိုယ်တိုင်လည်းမမြင်ဘဲ မြင်ရင်လည်း မပြင်ဘဲ တခြားသူတွေကထောက်ပြတော့လည်း အနာပေါ်တုတ်ကျသလိုခံစားရပြီး ရှက်ရမ်းရမ်း နေရင်တော့ မိမိဘဝကို မိမိကိုယ်တိုင်ဖျက်ဆီးနေပြီဆိုတာ လက်ခံရပါမည်။ ရှက်ရမ်းရမ်းတာအရှိန် လွန်သွားပြီး တခြားသူတွေကို ထိခိုက်နစ်နာစေဦးမည် ဆိုရင်တော့ ပတ်ဝန်းကျင်က မိမိကို အဖျက် သမားလို့သတ်မှတ်ကြပါလိမ့်မည်။

သည်လိုဆိုရင်ရော အနာပေါ်တုတ်ချက် ထပ်ကျဦးမည်လား။

                                                      ရိုက်မောင်း