【 နိုင်ငံတကာဆောင်းပါး】တရုတ်ကိုသွားရင် ဆောင်ရန် ရှောင်ရန်များ

【 နိုင်ငံတကာဆောင်းပါး】တရုတ်ကိုသွားရင် ဆောင်ရန် ရှောင်ရန်များ

ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ ဥပဒေများနဲ့ စည်းမျဉ်းစည်းကမ်းတွေမဟုတ်ဘဲ လိုက်နာရမယ့် မလုပ်သင့်တဲ့ အရာတွေ များစွာရှိနေပါတယ်။

မလုပ်သင့်တဲ့အရာဆိုတာကို ဥပမာအနေနဲ့ ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဘုရားစေတီ ကျောင်းကန်ပုထိုးတွေရဲ့ ပရဝုဏ်ကို ဝင်ရောက်မယ်ဆိုပါက ဖိနပ်စီးတာနဲ့ အမြင်မသင့်တော်တဲ့ အဝတ်အ စားတွေ ဝတ်ဆင်တာတွေဟာ မလုပ်သင့်တဲ့အရာမျိုးတွေ ဖြစ်ပါတယ်။ ထို့သို့သော မလုပ်သင့်တဲ့အရာမျိုးတွေကို မြန်မာနိုင်ငံအတွင်းကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေကို ပြောပြအသိ ပေးရမှာလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံကိုရောက်ရှိခဲ့ရင် မလုပ်သင့်တဲ့အရာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့် တရုတ်နိုင်ငံကို ဦးစားပေးဖော်ပြရသလဲဆိုရင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံဖြစ်သလို၊ မြန်မာလူမျိုးအများအပြားဟာလည်း တရုတ်နိုင်ငံကို အလည်အပတ်သွားရောက်လေ့ရှိကြတဲ့အပြင် သွားရောက်အလုပ်လုပ်ကိုင်သူများလည်း များပြားတာကြောင့် မလုပ်သင့်တဲ့အရာတွေကို သိရှိစေရန် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေဟာ နှစ်ကာလရှည်ကြာနေပြီဖြစ်သလို ခေတ်အဆက်ဆက်လက်ဆင့်ကမ်းလာခဲ့ကြတာဖြစ်ပါတယ်။ရှေးကျတဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်နိုင်ငံဟာ စည်းစနစ်တင်းကျပ်သလို တရုတ်ပြည်သူများဟာလည်း ၎င်းတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို အလွန်နှစ်သက်မြတ်နိုး ထိန်းသိမ်းကြလျက်ရှိနေပါတယ်။

အကယ်လို့ သင်ဟာ တရုတ်နိုင်ငံအတွင်းကို သွားရောက်လည်ပတ်တော့မယ်ဆိုပါက အောက်ဖော်ပြပါအချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။

တရုတ်လူမျိုးတွေဟာ ခွင့်ပြုချက်မရဘဲ အခြားသူတစ်ဦးကို ဓာတ်ပုံရိုက်ယူတာကို ကြိုက်နှစ်သက်မှုမရှိကြတဲ့ အပြင်တရုတ်လူမျိုးတစ်ဦး စိတ်ပျက်အားငယ် စိတ်ညစ်နေတဲ့ ပုံရိပ်တွေကို ဓာတ်ပုံရိုက်တာကိုလည်း ကြိုက်နှစ်သက်မှုမရှိတဲ့အတွက် အဆိုပါလုပ်ရပ်တွေကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

နောက်ပြီး တရုတ်လူမျိုးတစ်ဦးကို လက်ဆောင်ပဏာပေးအပ်မယ်ဆိုပါကလည်း အထူးသတိထားရမယ့်ကိစ္စတွေ ရှိနေပါသေးတယ်။'နာရီနဲ့ ထီး' တွေကို လက်ဆောင်ပေးတာဟာ 'နောက်ဆုံးပေးပို့ခြင်း' လို့ တရုတ်လူမျိုးတွေက အဓိပ္ပါယ်ကောက်ယူပြီး နမိတ်မကောင်းဘူးလို့ ယူဆလေ့ရှိကြပါတယ်။

ဒါပေမဲ့ ခေတ်သစ်တရုတ်လူမျိုးတွေကတော့ လက်ဆောင်ရတာ ကောင်းမွန်တယ်လို့ဆိုပြီး 'နောက်ဆုံးပေးပို့ခြင်း' ယူဆချက်မရှိဘူးလို့ ဆိုကြပေမယ့် တရုတ်နိုင်ငံကို သွားရောက်လည်ပတ်သူတွေအနေနဲ့ 'နာရီနဲ့ ထီး' လက်ဆောင်ပေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိပြီဆိုတာနဲ့ တရုတ်ရိုးရာအစားအစာတွေကို ကျွန်တော်တို့မြည်းစမ်းစားသုံးကြည့်တော့မှာ အသေအချာပါပဲ။ဒီလိုအစားအစာတွေကို တရုတ်လူမျိုးမိတ်ဆွေတွေနဲ့ စားသောက်ရာမှာ ရှောင်ကြဉ်သင့်တဲ့ အရာတွေလည်းရှိနေပါသေးတယ်။

တရုတ်လူမျိုးတွေဟာ ထမင်းပန်းကန်ထဲကို 'တူ' ထိုးစိုက်ထားတာကို လုံးဝကို နှစ်သက်မှုမရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ 'တူ' ထိုးစိုက်တဲ့ အပြုအမူဟာ ကွယ်လွန်သွားတဲ့ ဘိုးဘွားတွေကို 'ကန်တော့တာ' လို့ ယူဆ ထားတာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့အပြင် စားသောက်ရာမှာလည်း အများသုံးတူတစ်စုံကို စားသောက်ဝိုင်းမှာ ထားပေးထားလေ့ရှိပါတယ်။အဆိုပါ အများသုံးသူနဲ့ပဲ အများစားတဲ့ ဟင်းပန်းကန်တွေထဲကို နှိုက်ရမှာဖြစ်ပြီး၊ မိမိစားပြီးသား တူနဲ့ အများစားတဲ့ ဟင်းပန်းကန်တွေထဲကိုနှိုက်ယူတာမျိုးကို တရုတ်လူမျိုးတွေက ကြိုက်နှစ်သက်မှုမရှိတာကြောင့် သတိပြုသင့်ပါတယ်။

နောက်ထပ်ထူးဆန်းတဲ့ မလုပ်သင့်တဲ့အရာကတော့ တရုတ်လူမျိုးတွေဟာ မြန်မာလူမျိုးတွေ အထိုင်များတဲ့ တမလင် ချိတ်ထိုင်ခြင်းကို နှစ်သက်မှုမရှိပါဘူး။ဒါ့အပြင် ခြေထောက်ဆန့်တန်းထိုင်တာမျိုးတွေကိုလည်း ကြိုက် နှစ်သက်မှုမရှိတဲ့အတွက် အဆိုပါလုပ်ရပ်တွေကိုလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက အများသုံးအိမ်သာတွေထဲမှာ တစ်ရှူးတွေကို ထားပေးလေ့ရှိပါတယ်။အဲဒီအိမ်သာတွေထဲက တစ်ရှူးတွေကို အပိုသဘောမျိုး အပြင်ကိုယူဆောင်ထားကြတာတွေကို ကျွန်တော်တို့ လုပ်လေ့ရှိပါတယ်။ဒါဟာ တရုတ်နိုင်ငံမှာ လုံးဝကိုမလုပ်သင့်တဲ့အရာပါ။

ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံအတွင်းက အိမ်သာအများစုမှာ တစ်ရှူးတွေကိုပဲ ထားပေးလေ့ရှိတဲ့အတွက် နောက်လူသုံးချိန်မှာ ကုန်သွားတာမျိုးဖြစ်မှာစိုးတဲ့အတွက် တစ်ရှူး တွေကို ပြင်ပသို့ အပိုသဘောမျိုး ယူဆောင် သွားတာကို တရုတ်လူမျိုးတွေက နှစ်သက်မှုမရှိကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ စည်းကမ်းတင်းကြပ်သလို ရိုးရာယဉ်ကျေးမှုတွေကို အမြတ်တနိုးတန်ဖိုးထားပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်နေတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် တရုတ်လူမျိုးတွေရဲ့ ကောင်းမွန်တဲ့ စိတ်နေသဘောထားတွေ အမူအကျင့် တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

 

မိုးသီဟန်