【 နိုင်ငံတကာဆောင်းပါး 】ကိုဗစ်နှင့်အတူ တရုတ်စီးပွားရေး၏အလားအလာ

【 နိုင်ငံတကာဆောင်းပါး 】ကိုဗစ်နှင့်အတူ တရုတ်စီးပွားရေး၏အလားအလာ 

တင်းကျပ်သော COVID 19 နှင့်ပတ်သက်သည့် ကန့်သတ်ထိန်းချုပ်မှုများကြောင့် စက်ရုံအလုပ်ရုံများနှင့် ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်ကာ တရုတ်စက်မှုလုပ်ငန်းကုမ္ပဏီများ၏ အမြတ်အစွန်းရရှိမှု ကျဆင်းခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ နှင့် ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် COVID မူဝါဒ အလှည့်အပြောင်းကြောင့် တရုတ်စီးပွားရေးမှာ ပိုမိုတောက်ပသော ရေရှည်စီးပွားရေးအလားအလာဖြစ်ပေါ်လာမည်ဟု လေ့လာသုံးသပ်သူများက ကြိုမြင်ကြသည်။

အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ ထုတ်ပြန်သော အချက်အလက်များအရ စက်မှုလုပ်ငန်းအမြတ်အစွန်းများသည် ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း ၃.၆ ရာခိုင်နှုန်းကျဆင်းသွားပြီး ယွမ် ၇.၇ ထရီလီယံ (ဒေါ်လာ ၁.၁၁ ထရီလီယံ) သို့ ကျဆင်းသွားသည်။ယင်းမှာ ဇန်နဝါရီမှအောက်တိုဘာလအတွင်း ကျဆင်းခဲ့သည့် ၃ ရာခိုင်နှုန်းထက် ပိုမိုလာခြင်းဖြစ်သည်။ ထိုအချိန်တွင် ကိုဗစ်မူဝါဒအပြောင်းအလဲကို ပြုလုပ်ရန် တရုတ်ကျန်းမာရေး အာဏာပိုင်များက ပြင်ဆင်နေသည့် ကာလဖြစ်သည်။ဒီဇင်ဘာ ၁၃ ရက်တွင် နိုင်ငံ၏ထိပ်တန်းအာဏာရအဖွဲ့အစည်းနှစ်ခုဖြစ်သည့် ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ကောင်စီဗဟိုကော်မတီတို့က ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ရန်နှင့် ၂၀၃၅ ခုနှစ်အထိ စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကိုလှုံ့ဆော်ရန် မဟာဗျူဟာစီမံချက်ကို ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်း ၉၀ ရာခိုင်နှုန်းမှာ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ကိုယ်စားပြုနေရာ ကိုဗစ်စည်းမျည်းမူဝါဒအပြောင်းအလဲက ပြည်တွင်းစီးပွားရေးအပေါ် များစွာသက်ရောက်ခဲ့သည်။အဆိုပါ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများက  တရုတ်နိုင်ငံက ရရှိသည့် အခွန်အခ၏ ၅၀ ရာခိုင်နှုန်းရှိရာ မည်မျှ တရုတ်ပြည်၏ စီးပွားရေးကို သက်ရောက်မှုရှိနိုင်မည်ကို သိရှိနိုင်မည်လည်း ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှာ ၂၀၂၃ နှစ် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်ရေး အားကောင်းနိုင်သော တစ်ခုတည်းသော နိုင်ငံဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဇန်နဝါရီ ၈ မူဝါဒအပြောင်းအလဲ စတင်ပြီးနောက် ရင်းနှီးမြှုပ်နှံမှုဘဏ်အများအပြားက တရုတ်နိုင်ငံ၏ အလားအလာအပေါ် အကောင်းမြင်လာကြသည်။ နာမည်ကျော် Goldman Sachsဆိုလျှင် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး ၂၀၂၃ခုနှစ်အတွက် တိုးတက်လာနိုင်မှုကို ၄.၅ ရာခိုင်နှုန်း သတ်မှတ်ထားရာမှ ၅.၂ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့သည်။တခြားသော အဖွဲ့အစည်းများဖြစ်သည့် Societe Generale က  တရုတ်ပြည်အတွက် ၂၀၂၃ခုနှစ် ၎င်း၏ တိုးတက်မှုခန့်မှန်းချက်ကို ၅.၃ ရာခိုင်နှုန်းအဖြစ် ပြန်လည်ပြင်ဆင်ခဲ့ပြီး ကမ္ဘာ့ကျော် Morgan Stanley  က ၎င်း၏ခန့်မှန်းချက်ကို ၅.၄ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့သည်။ထို့အတွက် ပေကျင်း၏ ကိုဗစ်ကန့်သတ်ချက်လျော့ပေါ့ ကာ နယ်စပ်များနှင့်ဝင်ပေါက်များ ပြန်လည်ဖွင့်လှစ်မှု အရှိန်အဟုန်ပိုမိုမြန်ဆန်လာမှုကို အဓိကအကြောင်းရင်းအဖြစ် ကိုးကားဖော်ပြခဲ့ကြသည်။  

ကမ္ဘာ့နိုင်ငံအသီးသီးက ကိုဗစ်နှင့် အတူယှဉ်တွဲသည့် မူဝါဒဖြင့် ပြန်လည်လည်ပတ်လာချိန်တွင် ကြီးမားသည့် ကမ္ဘာ့စားသုံးသူစျေးကွက်ရှိသည့် တရုတ်နိုင်ငံက ထိုမူဝါဒမကျင့်သုံးသေးခြင်းကြောင့် ကမ္ဘာ့စီးပွားရေးမှာ ထင်သလောက် မသွက်လက်လာချေ။ သုံးနှစ်ကြာ ပိတ်ဆို့ခြင်း၊ အစုလိုက်အပြုံလိုက်စမ်းသပ်ခြင်းနှင့် သီးသန့်ခွဲထားခြင်းတို့ကြောင့် တစ်ဘီလျံခွဲနီးပါးရှိသည့် တရုတ်ပြည်သူများ၏ ကျန်းမာရေးကို တခြားသော ကမ္ဘာ့နိုင်ငံများထက် ကာကွယ်နိုင်ခဲ့သော်လည်း စီးပွားရေးမှာ အနည်းနှင့် အများထိခိုက်မှုရှိခဲ့သည်။  

တစ်ချိန်တည်းမှာပဲ ကပ်ရောဂါကြောင့် တိုးတက်မှုနှောင့်နှေးလာခဲ့သော စီးပွားရေးဟာလည်း ပြန်လည်နာလန်ထူရန် လိုအပ်နေကြောင်းကိုလည်း အားလုံးက နားလည်ထားကြသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ မောင်းနှင်အားဖြစ်နေဆဲဖြစ်ပြီး အထူးသဖြင့် အာရှဒေသအတွက် အရေးပါနေသည်။ အဆိုပါ ဒေသမှာ နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဗဟိုချက်ဖြစ်နေသည်။        

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဆိုင်ရာ မူဝါဒများ ပြောင်းလဲခြင်းမရှိခင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တည်ငြိမ်သော ဆက်သွယ်မှုကို ထိန်းသိမ်းနိုင်ခဲ့သည်။ တရုတ်အကောက်ခွန်ရုံး၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှာ ၂၀၂၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားကုန်သွယ်ရေးတန်ဖိုးဟာ ယွမ် ၄၀ ထရီလီယံကို ရှိခဲ့သည်။ ထိုပမာဏမှာ ယခင်နှစ်ထက် ၇.၇ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၄၂.၀၇ ထရီလီယံထိရှိသည်။

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံများစွာဟာ တရုတ်၏ ကိုဗစ်-၁၉ သုညမူဝါဒကို ဝေဖန်ခဲ့ကြပြီး နိုင်ငံတကာတွင် တရုတ်ကို အထီးကျန်စေကြောင်း ဝေဖန်ခဲ့ကြသည်။ သို့ရာတွင် ကိုဗစ်-၁၉ ဆိုင်ရာ မူဝါဒများကို ပြောင်းလဲလိုက်သည့်အခါ ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်လည်မြင့်တက်ပြီး တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ထိခိုက်လာလိမ့်မည်ဟု ထင်ကြေးပေးမှုများပြန်ရှိလာခဲ့သည်။ သို့သော် တရုတ်စီးပွားရေးနှင့် လူမှုရေးပြန်လည်တည်ဆောက်ခြင်းမှာ အရေးကြီးသော အရာဖြစ်သလို စီးပွားရေးလည်ပတ်မှုကို အားပေးမည်ဖြစ်သည်။

ကိုဗစ်-၁၉ ဆိုင်ရာ မူဝါဒများ ပြောင်းလဲလာခြင်းကြောင့် တရုတ်နိုင်ငံမှာ နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့အတူ စီးပွားရေး ပြန်လည်အားကောင်းလာရေးတွင် ပါဝင်ရန် အဆင်သင့်ရှိနေပြီဖြစ်သည်။ နိုင်ငံတကာ တိုးတက်မှုတွင် အကြီးမားဆုံးသော တွန်းအားဖြစ်သည့် တရုတ်နိုင်ငံမှာ နိုင်ငံတကာစီးပွားရေး၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုထားသဖြင့် လူဦး ရေ ၁.၄ ဘီလီယံရှိသည့် တရုတ်နိုင်ငံ၏ စျေးကွက်ကို ကိုဗစ်ကန့်သတ်မှုမှ ပြန်ဖွင့်မှုကြောင့်  နိုင်ငံတကာ စျေးကွက်ကို ကြီးမားစွာတိုးတက်စေရုံသာမက ကုန်စည်စီးဆင်းမှုကိုလည်း အားကောင်းစေတော့မည် ဖြစ်သည်။       

လင်းသစ်အောင်