【 နိုင်ငံတကာဆောင်းပါး 】ခြေလှမ်းခပ်သွက်သွက်ဖြစ်လာတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

【 နိုင်ငံတကာဆောင်းပါး 】ခြေလှမ်းခပ်သွက်သွက်ဖြစ်လာတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(SCO) အဖွဲ့မှာ ၂၀၀၁ခုနှစ် ဇွန် ၁၅ ရက်ကစတင်ဖွဲ့စည်းခဲ့ရာ ယခုဆိုသက် တမ်း နှစ် ၂၀ ကျော်လာပြီဖြစ်သည်။ ယခုနှစ်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို အိန္ဒိယတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ပြီး ယခုအစည်းအဝေးတွင် အီရန်ကို တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့သည်။ထို့ပြင် ဘီလာရုစ်နိုင်ငံ၏အဖွဲ့ဝင်အဖြစ်လျှောက်ထားခြင်းကိုလည်း ယခုအစည်းအဝေးတွင် အဖွဲ့ဝင်ဆိုင်ရာစည်းမျဉ်းများ လက်မှတ်ရေးထိုးခဲ့သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) အဖွဲ့မှာ အီရန်အပါအဝင် အဖွဲ့ဝင် ၉ နိုင်ငံဖြစ်လာရာ အခြားနိုင်ငံများအတွက် စိတ်ဝင်စားစရာအဖွဲ့တစ်ခု ဖြစ်လာခဲ့သည်။
တရုတ်နှင့် ရုရှားတို့ စတင်တည်ထောင်ခဲ့သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)မှာ စတင်ဖွဲ့စည်းက တည်းက ယူရေးရှား(ဥရောပ-အာရှ) နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေး နှင့် ကာကွယ်ရေးအဖွဲ့အစည်းဖြစ်ရာ နယ်ပယ်ကျယ်ပြန့်လှသည်။ ပထဝီဝင်အနေအထားအရလည်း ဥရောပ-အာရှတိုက်နှစ်ခုဧရိယာ၏ ၆၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားပြီး ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း နေထိုင်ကြရာ လူဦးရေအရဆိုပါက ကမ္ဘာ့အကြီးဆုံးဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်နေသည်။ စီးပွားရေးအရဆိုလျှင် ၂၀၂၁ ခုနှစ်စာရင်းအရ SCO နိုင်ငံများ၏ စုစုပေါင်း GDP သည် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်။
တကယ်တမ်းတွင် SCO သမိုင်းကြောင်းက စိတ်ဝင်စားဖို့ကောင်းသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ရုရှားဖက် ဒရေးရှင်းနှင့် တာဂျစ်ကစ္စတန်တို့အကြား ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် Shanghai Five ကို SCO က ဆက်ခံခဲ့ခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ် ဇွန်လတွင် အဆိုပါနိုင်ငံများနှင့် ဥဇဘက်ကစ္စတန် ခေါင်းဆောင်များသည် နက်ရှိုင်းသော နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် အဖွဲ့အစည်းသစ်တစ်ခုကို ကြေညာရန် ရှန်ဟိုင်းတွင် တွေ့ဆုံရာမှ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဖွဲ့စည်းဖြစ်ခဲ့ကြသည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့ပါဝင်လာရာ အဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံနှင့်အတူ အားကောင်းလာသည်။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အီရန်သည် SCO တင်းပြည့်အဖွဲ့ဝင်ဖြစ်လာခဲ့သည်။
ထိုထဲတွင် စောင်ကြည့်လေ့လာသူအဖြစ် အာဖဂန်နစ္စတန်၊ဘီလာရုစ်၊ မွန်ဂိုလီးယား။ ဆွေးနွေးဖက်နိုင်ငံများအဖြစ် အာမေးနီးယား၊အဇာဘိုင်ဂျန်၊ ကမ္ဘောဒီးယား၊အီဂျစ်၊ကူဝိတ်၊ မော်လဒိုက်ဗ့်၊မြန်မာ၊နီပေါ၊ ကာတာ၊ ဆော်ဒီ၊သီရိလင်္ကာ၊တူရကီ၊ယူအေအီးတို့ ပါဝင်သည်။ ကမ္ဘာနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ၊အာဆီယံ၊ CIS နှင့် တာခ်မေနစ္စတန်တို့လည်း ဧည့်အဖြစ် ပါဝင်ရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)မှာ အတော်လေးကျယ်ပြန့်နေသည်ကို တွေ့ရမည်ဖြစ်သည်။
SCO သည် အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေး နှင့် အစွန်းရောက်ဝါဒတို့ ကြုံတွေ့နေရသည့် အဓိကခြိမ်းခြောက်မှုများကို ဖော်ပြသည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများအပေါ် အဓိကအာရုံစိုက်ထားသည်။ ထို့ပြင်ဒေသတွင်း လူကုန်ကူးမှု၊ လက်နက်ကုန်ကူးမှုနှင့် အကြမ်းဖက်သမား စသည့် အမည်ပျက်စာရင်းကိုလည်း ပြုစုထားသည်။၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် SCO သည် လုံခြုံရေး၊ ရာဇ၀တ်မှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးကဲ့သို့သော ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ပြန့်စေရန် တာဂျစ်မြို့တော် ဒူရှန်ဘီတွင် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) နှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၂၃ ခုနှစ်အထိ SCO သည် မည်သည့်ပဋိပက္ခများတွင်မဆို စစ်ဘက်ဆိုင်ရာ ပံ့ပိုးကူညီမှု မရှိသေးပေ။သို့ရာတွင် ၂၀၁၇ ခုနှစ်အထိ အကြမ်းဖက်မှုနှင့် အခြားပြင်ပခြိမ်းခြောက်မှုများအပေါ် ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်ရန်အတွက် အဖွဲ့ဝင်များအကြား စစ်ရေးလေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ခဲ့သည်။သို့သော်လည်း ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်လာပြီးနောက် SCO နှင့် CSTO အဖွဲ့ဝင်အများအပြားသည် ရုရှားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှ ဝေးကွာသွားခဲ့ကြသည်။
ယခုနှစ် အိန္ဒိယတွင် အွန်လိုင်းဖြင့် ကျင်းပခဲ့သည့် ၂၃ ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာ စိတ်ဝင်စားဖွယ်ရာအ ကြောင်းအရာများများစွာရှိနေခဲ့သည်။ အထူးသဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာတင်းမာမှုများ၏ အဓိကဇာတ် ကောင်များ ပါဝင်နေခြင်းကြောင့် ဖြစ်သည်။
ယခု အွန်လိုင်းထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်သည့် တရုတ်၊ ပါကစ္စတန်၊ ရုရှားစသည် အဖွဲ့ဝင်နိုင်ငံများက ဒေသတွင်း လုံခြုံရေး၊ စီးပွားရေး ချိတ်ဆက်မှုနှင့် ကုန်သွယ်မှု အပါအဝင် အဓိက ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အွန်လိုင်းအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက မိန့်ခွန်းပြောခဲ့ရာတွင် အနှစ်ချုပ်အားဖြင့် SCO အဖွဲ့သည် အင်အားကြီးလာသလို နိုင်ငံတကာလွှမ်းမိုးမှုမှာလည်း အဆက်မပြတ် တိုးမြှင့်လာခဲ့ကြောင်း ၊ အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနက်ရှိုင်းရန်၊ အဖွဲ့ဝင်နိုင်ငံများ ဘုံအကျိုးစီးပွား ကာကွယ်ထိန်းသိမ်းရန်၊ ဒေသနှင့်ကမ္ဘ့ာ ရေရှည်ငြိမ်းချမ်းတည်ငြိမ်ရေးကို မြှင့်တင်ရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အကျိုး ဆောင်မှုရှိခဲ့ရာ အပြန်အလှန်ယုံကြည်မှု၊ တန်းတူညီမျှ တွေ့ဆုံဆွေးနွေးမှု အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ ဖြစ်လာခဲ့ကြောင်း ပြောခဲ့ကြသည်။
ထိုထဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မိန့်ခွန်းကမှု စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ ရှီက “မူရင်းရည်မှန်းချက်နှင့်သမိုင်းပေးတာဝန်ကို မှတ်သား၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပို၍ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်မည်” ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောခဲ့သည်။
ထိုပြောကြားမှုတွင် ရှီက ယနေ့ခေတ် ကမ္ဘာတွင် ပြောင်းလဲမှုများနှင့် ရှုပ် ထွေးလျက်ပြီး နှစ်တစ်ရာအပြောင်းအလဲများ အရှိန်အဟုန်မြင့် ဖြစ်ပွားလျက်ရှိရာ လူသားမျိုးနွယ် အသိုက်အဝန်းသည် ယခင်က မကြုံတွေ့ခဲ့ရဖူးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ကို အလေးအနက်ထားပြောခဲ့သည်။ ရှီက စည်းလုံးညီညွတ်မှုနှင့်ခွာပြဲမှု၊ ငြိမ်း ချမ်းမှုနှင့် ပဋိပက္ခ ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများသည် ခေတ်ကာလတွင် နောက်ထပ် ရွေးချယ်ရမည့် မေးခွန်းများဖြစ်လာခဲ့ကြောင်းပြောခဲ့ကာ မိမိအနေဖြင့် ဆိုရလျှင် နိုင်ငံအသီးသီးရှိ ပြည်သူများ၏ သာယာလှပသောဘဝမျှော်မှန်းရာသည် မိမိတို့ကြိုးပမ်းဆောင်ရွက်ရမည့်အရာ ဖြစ်ကြောင်းပြောခဲ့သည်။
ရှီက ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဘုံအကျိုးစီးပွားဖော်ဆောင်မှုဟူသော ခေတ်ကာလ၏ ဒီရေစီးကြောင်းသည် တားဆီး၍ မရကြောင်း၊ မိမိတို့သည် ခေတ်ကာလက ပေးအပ်သော တာဝန်ကြီးကို ပခုံးထက်တွင် ထမ်းကာ မူရင်းရည်မှန်းချက်နှင့်သမိုင်းပေးတာဝန်ကို မှတ်သား၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် သေချာရေရာမှုနှင့်အပြုသဘော စွမ်းအင်များကို ဖြည့်တင်းပေးရမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။
ရှီက ထိုသို့ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့် အချက် ၅ ချက်ကို တင်ပြခဲ့သည်။ ထိုအချက် ၅ ချက်တွင် ပထမအချက်အနေဖြင့် မှန်ကန်သော ဦးတည်ချက်ကို ခိုင်မာစွာထားရှိ၍ စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန် ယုံကြည်မှုများကို အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဒုတိယအချက်အနေဖြင့် ဒေသငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်း၍ ဘုံလုံခြုံရေးကို အာမခံထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် လက် တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အာရုံစိုက်၍ စီးပွားရေးပြန်လည် ရှင်သန်လာမှု အရှိန်အဟုန်ကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊စတုတ္ထအချက်အနေဖြင့် ဖလှယ်မှုနှင့် အပြန်အလှန် သင်ယူလေ့လာမှုကို အားဖြည့်၍ ပြည်သူချင်း စိတ်ချင်းဆက်နွယ်မှုကို မြှင့်တင်ရမည် ဖြစ်ကြောင်း ၊ပဉ္စမအချက် အနေဖြင့် နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး မူဝါဒကို ဖော်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
SCO အဖွဲ့သည် မျက်မှောက်ခေတ်ရေစီးကြောင်းနှင့်ကိုက်ညီသလို လူသားမျိုးနွယ်ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်နှင့်လည်း လျော်ညီရာ မိမိတို့အတူတကွ ကြိုးပမ်းမှုဖြင့် စဉ်ဆက်မပြတ်တိုးတက်အားကောင်းလာမည်ဟု ယုံကြည်ကြောင်းလည်း ရှီက ပြောခဲ့သည်။
ရှီပြောသလိုပင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စတင်တည်ထောင်သည်မှ ယခုအချိန်ကာလအထိ ဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် တရုတ်-ကာဂျစ်စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း၊ တရုတ်-အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် တရုတ်-ဥရောပ ကုန်တင်ရထားများ ပုံမှန်လည်ပတ်မှုတို့ကြောင့် SCO အဖွဲ့ဝင် နိုင်ငံများအကြား ဆက်ဆံရေးသည် ရုပ်ပိုင်းဆိုင်ရာ နီးကပ်လာခဲ့သည်။
တရုတ်နိုင်ငံမှ အဆိုပြုထားသည့် Belt and Road Initiative (BRI) သည် SCO အဖွဲ့ဝင်များ၏ အလားအလာကောင်းများကို အသုံးချရန်နှင့် အခြေခံအဆောက်အအုံများ အထူးသဖြင့် အခြေခံအဆောက်အအုံများတွင် ၎င်းတို့ ၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ပြင်ဆင်ရန် အခွင့်အလမ်းကို ကမ်းလှမ်းထားသည်။ သို့ဖြစ်ရာ စီးပွားရေးကျဆင်းမှုကို ကြုံနေရသည့်ကမ္ဘာ့အဖို့ ဥရောပ-အာရှတိုက်ကြီး၏ ငါးပုံ သုံးပုံ ကို လွှမ်းခြုံထားပြီး ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိသည့် SCO အဖွဲ့၏အားကောင်းလာမှုက ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမား သော အလားအလာဖြစ်နေသည်ကို ယခုအစည်းအဝေးတွင် တွေ့ရမည်ဖြစ်လေသည်။
လင်းသစ်အောင်