【 နိုင်ငံတကာဆောင်းပါး 】တရုတ်စီးပွားရေးနှင့် ကိုဗစ်မူဝါဒသက်ရောက်မှု

【 နိုင်ငံတကာဆောင်းပါး 】တရုတ်စီးပွားရေးနှင့် ကိုဗစ်မူဝါဒသက်ရောက်မှု

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အတင်းကျပ်ဆုံးထိန်းချုပ်ဆောင်ရွက်ခဲ့သည့် နိုင်ငံတွေထဲ  တရုတ်နိုင်ငံက ထိပ်ဆုံး ဖြစ်သည်။ မကြာခင်က တစ်ဖန်ပြန်ဖြစ်လာတဲ့ ကိုဗစ်လှိုင်းတွေနဲ့အတူ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် တရုတ်အစိုးရက မူဝါဒပုံစံ ပြောင်းလဲလာခဲ့သည်။ ထိုပြောင်းလဲမှုကြောင့် ကိုဗစ်ကပ် ဘေးကာလအတွင်း အလိုက်သင့်အလျားသင့် တည်ငြိမ်မှုရှိခဲ့သည့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ ထိုမူဝါဒအပြောင်း အလဲကြောင့် ပိုမိုအားကောင်းလာဖွယ်ရှိသည်ဟု IMF နှင့် ကမ္ဘာ့ဘဏ်တို့က အကောင်းဘက်မှ ရှုမြင်ကြသည်။

ရုရှား၏ယူကရိန်းကို ကျူးကျော်မှုနှင့်အတူ ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးသည်ယိမ်းယိုင်လျက်ရှိကာ ကပ်ရောဂါဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးတွင် အထစ်အငေ့ါ ဖြစ်စေခဲ့ပြီး နိုင်ငံအများအပြားတွင် လူနေ မှုစရိတ်အကျပ်အတည်း ကြုံတွေ့ခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကိုဗစ်ကင်းစင်ရေးမူဝါဒအပြောင်းအလဲသည် ကပ်ရော ဂါ၏သက်ရောက်မှုများ၊ ယူကရိန်းစစ်ပွဲနှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် လှုပ်ခတ်နေသော ကမ္ဘာတွင် မသေ ချာမှုများကို ဖယ်ရှားရာ၌ အကူအညီဖြစ်စေလိမ့်မည်ဟု WTO ညွှန်ကြားရေးမှူးချုပ်အိုကွန် ဂျိုအိုင်ဝီလာက ပြော ကြား ခဲ့သည်။နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏စီမံခန့်ခွဲရေးညွှန်ကြားရေးမှူး ခရစ်စတာ လီနာ ဂျော့ဂျီဗာက အ ခြားအဓိကစီးပွားရေးအဖွဲ့ အကြီးအကဲများနှင့် သတင်းစာရှင်းလင်းပွဲတွင် “ကိုဗစ်မူဝါဒတွေကို ပြောင်းလဲပေးတဲ့ တရုတ်အာဏာပိုင်တွေရဲ့ တိကျပြတ်သားတဲ့ လုပ်ဆောင်ချက်ကို ကျွန်တော်တို့တွေကြိုဆိုပါတယ်။ ဒါမှသာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်သက်ဝင်လာဖို့အတွက်ပိုမိုကောင်းမွန်တဲ့ တွန်းအားကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယစီးပွားရေးနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေးနှင့် စက်မှုထုတ်ကုန်များအဓိကထုတ်လုပ်ရာနိုင်ငံလည်းဖြစ်သည့်အတွက် ကိုဗစ်ကပ်ကာလအပြင်းထန်ဆုံးဖြစ်သည့် ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ သုံးနှစ်တာအတွင်း အခြားကမ္ဘာ့နိုင်ငံများထက်  စီးပွားရေးအပေါ် ကပ်ဘေး၏ ရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။ ထိုကာလအတွင်း အစားပြန်မရသည့် လူဦးရေတစ်ဘီလီယံခွဲနီးပါးရှိသည့် တရုတ်ပြည်သူများ၏ အသက်နှင့်ကျန်းမာရေးကို ဦးစားပေးသည့် မူဝါဒကို တရုတ်အာဏာပိုင်များက ချမှတ်ခဲ့သည် ဆိုသော်လည်း တရုတ်ပြည်သူများ၏စီးပွားရေးနှင့် စားဝတ်နေရေးကိုလည်း မထိခိုက်အောင် တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများလည်ပတ်ခွင့်ကိုလည်း ထိုကာလအတွင်း သတိထားကိုင်တွယ်ခဲ့သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် တရုတ်လုပ်သားများကို အားထားဖွင့်လှစ်နေရသည့် စက်ရုံလုပ်ငန်းများတွင် ကိုဗစ်ကာလအတွင်း စက်ရုံတွေ အလုပ်ခန်းတွေ လုံးဝပိတ်တာမျိုးမလုပ်ဘဲ အလုပ်သမားတွေကို အလုပ်ခွင်မှာပဲ ဆက်နေစေပြီးအပြင်မထွက်စေဘဲ ဆက်အလုပ်လုပ်စေတဲ့ ပုံစံမျိုးဖြင့် လည်ပတ်ခဲ့သည်။ ထိုသည်က ကိုဗစ်သုညမူဝါဒဖြင့် တင်းကျပ်စွာ ကိုင်တွယ်နေသည့် အချိန်ကာလက ဖြစ်သည်။

ယခုနှစ် ဒုတိယ သုံးလဖြတ်ကာလအတွင်း တရုတ်စီးပွားရေးမြို့တော်ဖြစ်သည့် ရှန်ဟိုင်းတွင် ကူးစက်မှုများတွေ့ရှိခဲ့ရာ ကူးစက်မှုဖြတ်ချရန်အတွက် တင်းကျပ်သည့်လော့ခ်ဒေါင်းကိုချမှတ်ခဲ့သည်။ ထိုတင်းကျပ်သည့် လော့ခ်ဒေါင်းကြောင့် ဝေဖန်မှုများစွာထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် စီးပွားရေးနှင့် သက်ဆိုင်သည့် ဝေဖန်မှုများဖြစ်သည်။ ထို့နောက် ကူးစက်မှုများပြန်လည်တွေ့ရှိလာရသည့်အခါ လူနေထူထပ်သည့် ရှန်ဟိုင်း၊ ပေကျင်းနှင့် ရှင်ကျင်းကဲ့သို့ သော မြို့တော်များတွင် အစုလိုက်အပြုံလိုက် စမ်းသပ်မှု၊ ညမထွက်ရအမိန့်၊ ခရီးသွားလာမှု ကန့်သတ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းများအပြင် လူမှုဘဝများအတွက် အခက်အခဲအချို့ဖြစ်ပေါ်ခဲ့သည်။ ကန့်သတ်ချက်များကြောင့် နိုင်ငံအတွင်း စက်မှုထုတ်လုပ်မှုနှင့် လက်လီရောင်းချမှုများလည်း အခက်အခဲရှိလာခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းရှိသည့် ရှန်ဟိုင်းသည် တရုတ်စီးပွားရေးကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ပေးသည့် ပင်မသွေးလွှတ်ကြောတစ်ခုအဖြစ် လုပ်ဆောင်နေသောကြောင့် ဆိပ်ကမ်းပိတ်လိုက်ခြင်း၏ အကျိုးဆက်များသည် ထောက်ပံ့ရေးကွင်းဆက်ကို ကမ္ဘာ့စီးပွားရေးသို့ ပျံ့နှံ့သွားစေခဲ့သည်။

ယင်းအခြေအနေအပေါ် တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် ကုန်ပစ္စည်းများ ရွေ့လျားမှုနှင့် ထောက်ပံ့ရေးကွင်းဆက်ကို ချောမွေ့စေရန် ရည်ရွယ်၍ ဧပြီလတွင် မူဝါဒများချမှတ်ခဲ့ပြီး မော်တော်ယာဥ်များ၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုများ ပါဝင်သော ကုမ္ပဏီ ၆၆၆ ခု၏ “ဝှိုက်စာရင်း” တစ်ခုအပါအဝင်၊ အီလက်ထရွန်းနစ်ပစ္စည်းများနှင့် နေ့စဥ်သုံးပစ္စည်းများ ထုတ်လုပ်ခြင်းကို ဦးစားပေးခဲ့သည်။ ထို့ကြောင့် စက်ရုံမှ ထုတ်လုပ်မှုနှင့် ပို့ဆောင်မှု ပမာဏသည် မေလမှစပြီး တဖြည်းဖြည်း တိုးလာခဲ့သည်။  တရုတ်စာရင်းအင်းဗျူရိုမှ ဇူလိုင်လ ၁၇ရက်ထုတ်ပြန်ချက်တွင် ၂၀၂၂ခုနှစ် ဧပြီမှဇွန်လအထိ သုံးလပတ် GDP သည်ယခင်နှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၀.၄ ရာခိုင်နူန်းသာ တိုးတက်ခဲ့ပြီး  ဇန်နဝါရီမှမတ်လအထိ တိုးတက်မှု ၄.၈ ရခိုင်နူန်းထက် သိသိ သာသာနှေးကွေးခဲ့သည်။

ဒီဇင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရား အထွေထွေအဖွဲ့မှ အချက်၁၀ ချက်ပါ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သည်။ ထို ၁၀ချက်တွင် ဒေသဖြတ်ကျော်သွားလာသူများအား ဗိုင်းရပ်စ်ပိုးမရှိကြောင်း သက်သေခံမှတ်တမ်းနှင့် ကျန်းမာရေးကုဒ် စစ်ဆေးမှု မပြုတော့ရန် ၊ ဘိုးဘွားရိပ်သာ၊ ဆေးကုသရေးအဖွဲ့အစည်း၊ ကလေးထိန်းကျောင်းနှင့် မူလတန်း၊ အလယ်တန်းကျောင်း စသည့်အထူးနေရာများမှလွဲ၍ အခြားအများပြည်သူဆိုင်ရာနေရာများတွင် ဗိုင်းရပ်စ်ပိုးမရှိကြောင်း သက်သေခံမှတ်တမ်းနှင့် ကျန်းမာရေးကုဒ် စစ်ဆေးမှု မပြုတော့ရန်၊ ရောဂါလက္ခဏာမပြသော ကူးစက်ခံရသူများနှင့် ရောဂါမပြင်းထန်သော အတည်ပြုလူနာများကို သာမန်အားဖြင့် အိမ်တွင်ပင် ကွာရန်တင်းဝင်ရန် စသဖြင့် အချက် များ ပါဝင်သည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ပိုမို ထိမိတိကျ၍ သိပ္ပံ နည်းကျသော ဦးတည်ချက်ဆီသို့ အရေးကြီးသောခြေလှမ်းတစ်လှမ်း ထပ်လှမ်းလိုက်သည့် သဘောပင်ဖြစ်သည်။

တရုတ်နိုင်ငံသည် လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော နိုင်ငံကြီးတစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်သည့် သုံးနှစ်တာအတွင်းကာကွယ်ထိန်းချုပ်ရေးအစီအစဉ်နှင့် ရောဂါရှာဖွေကုသရေး အစီအစဉ် ကိုးခုကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့သည်။ထိုအရာအားလုံး၏ အခြေခံမှာ “ပြည်သူလူထုကို ဗဟိုပြုခြင်း” ပင် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ကာကွယ်ထိန်းချုပ်ရေးမူဝါဒများကို သုံးနှစ်တာအတွင်း ဆက်တိုက်ပြင်ဆင်ချိန်ညှိခဲ့သော်လည်း မူလရည်မှန်းချက်ကို မည်သည့်အခါမျှ ပြောင်းလဲခဲ့သည်ကိုမတွေ့ရပေ။နောက်ဆုံးတွင် “ဗိုင်းရပ်စ်ပိုး အားပျော့လာပြီး ကိုယ်ခံအားကောင်းလာခြင်း” ဟူသော ပြောင်းလဲမှုအခွင့်အလမ်းကို ရရှိလာသည့်အခါ  ထိုအခွင့်အလမ်းကို မိမိရရကိုင်ဆုပ်လာခဲ့သည်ကိုတွေ့ရသည်။

“ပြည်သူလူထုကို ဗဟိုပြု”သည့် တရုတ်ပြည်သူများ၏ အသက်နှင့်ကျန်းမာရေးကို ဦးစားပေးသည့် မူဝါဒကြောင့် ကိုဗစ်ကူးစက်မှု ပြင်းထန်သည့် ၃ နှစ်တာ ကာလအတွင်း ကမ္ဘာ့အဓိကနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအနည်းဆုံး၊ သေဆုံးမှုအနည်းဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။ ထိုကာလအတွင်း တစ်ကမ္ဘာလုံး၌ အပြုသဘော ဆောင်သော စီးပွားရေးတိုးတက်မှုကို ၂၀၂၀ ပြည့်နှစ်တွင် ဦးစွာ အကောင်အထည်ဖော်နိုင်ခဲ့သော အဓိကစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးပမာဏ ယွမ် ၁၁၀ ထရီလီယံကျော်လွန်ခဲ့သည်အထိ နှစ်နှစ်အတွင်း ပျမ်းမျှ ၅.၁% တိုးတက်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်လည်း စီးပွားရေးသည် ဖိအားများကို ခံနိုင်ရည်ရှိခဲ့ပြီး တည်ငြိမ်စွာတိုးတက်ရန် ကြိုးပမ်းခဲ့သည်။ ကပ်ရောဂါပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့မှုကြောင့် တရုတ်နိုင်ငံ၏ ထုတ်လုပ်ရေးလုပ်ငန်းသည် အလုံးစုံအားဖြင့် ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ပေ။

အမျိုးသားစာရင်းအင်းဗျူရိုမှ အစီရင်ခံစာအရ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် ၂၀၂၀ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၆.၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ်နှောင်းပိုင်း ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် မထိန်းချုပ်မီ ၆ ရာခိုင်နှုန်းထက် တိုးတက်မှုကျော်လွန်ခဲ့သည်။တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ခုနှစ် တွင် ၂.၃ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပျက်ကပ်ဖြစ်နေသည့် ကာလတွင် တစ်ခုတည်းသော လုပ်နိုင်ကိုင်နိုင်သည့် အဓိကစီးပွားရေးနိုင်ငံ ဖြစ်လာခဲ့သည်။

ယခု ကိုဗစ်သုညမှ ပြောင်းလဲကာ တခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်နိုင်မည့် မူဝါဒဘက်သို့ ပြောင်းလဲခဲ့ပြီဖြစ်ရာ တရုတ်စီးပွားရေးမောင်းနှင်အားက အားကောင်းမောင်းသန်ဖြစ်လာတော့မည်ဖြစ်သည်။ထိုသို့ ဖြစ်လာခြင်းက တရုတ်ပြည်သူများအသက်ကို တန်ဖိုးထားသည့် ကိုဗစ်သုညမူဝါဒကို အရင်းခံကာ ကိုဗစ်ကာကွယ်ဆေး တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင်လုပ်ဆောင်ခဲ့မှုကြောင့်ပင် ဖြစ်သည်။

တရုတ်အစိုးရမှ ကတိပြုထားသော စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်း ရည်မှန်းချက် အောင်မြင်မှုသည် ယခုမူဝါဒကြောင့် ပိုမိုလာဖွယ်ရှိနေသည်။ ကိုဗစ်ရိုက်ချက်ကြောင့် ပြိုလဲခဲ့သည့်ကမ္ဘာ့စီးပွားရေးအတွက် လာမည့် နွေဦးရာသီတွင် တရုတ်၏ စီးပွားရေးနိုးထမှုက အဓိက မောင်းနှင်အားဖြစ်မဖြစ် စောင့်ကြည့်ရဖွယ်ရှိလာမည်ဖြစ်လေသည်။

           

လင်းသစ်အောင်