【 နိုင်ငံတကာဆောင်းပါး 】တရုတ်စီးပွားရေး အားကောင်းမှု လက္ခဏာများ

【 နိုင်ငံတကာဆောင်းပါး 】တရုတ်စီးပွားရေး အားကောင်းမှု လက္ခဏာများ

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေကို ကြည့်လိုလျှင် ထိုနိုင်ငံ၏ဂျီဒီပီကိုကြည့်လေ့ရှိရာ စစ်ပွဲများ၊နိုင်ငံရေးတင်းမာမှုများ၊ကျန်းမာရေးကပ်ဘေးများကြောင့် ယိုင်နဲ့နဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေတွင် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း ဂျီဒီပီ  ၄.၅ ရာခိုင်နှုန်းရှိကြောင်း ပြခဲ့သည့် တရုတ်နိုင်ငံ၏တိုးတက်မှု ထူးခြားမှုဖြစ်သည်။နိုင်ငံတစ်နိုင်ငံ၏ ထုတ်ကုန်များနှင့် ဝန်ဆောင် မှုများ၏ တန်ဖိုးကို တိုင်းတာသော ဂျီဒီပီ တိုးတက်နှုန်းတွင် တရုတ်၏ ဂျီဒီပီ တိုးတက်နှုန်းမှာ အားကျဖွယ်ဖြစ်ပြီး တရုတ်အနေဖြင့် အပြည့်အဝ စီးပွားရေး ပြန်လည်နာလန်ထူရေး လမ်းကြောင်းမှန်ပေါ်၌ ရှိနေပြီဆိုသည်ကို ထိုအချက်ကြည့်ပြီး မြင်တွေ့ရမည် ဖြစ်သည်။

၂၀၂၂ခုနှစ်အတွင်း တရုတ်၏ဂျီဒီပီ တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းသာရှိခဲ့ခြင်း၊ ရှန်ဟိုင်းကဲ့သို့ စီးပွားရေး အချက်အခြာကျသော နေရာတွင် ကိုဗစ်ဖြစ်ပွားသဖြင့် လော့ဒေါင်းချခဲ့ရခြင်း၊ မိုက်ခရိုချစ်စ်ပြားများ တရုတ်သို့ တင်ပို့ ခြင်းကို အမေရိကန်က ပိတ်ဆို့ခြင်း၊ အမေရိကန်နှင့် အပြန်အလှန်ကုန်သွယ်ရေး ပဋိပက္ခနှင့် နိုင်ငံရေးတင်းမာနေခြင်း၊ မကြုံစဖူး အာရှ-ပစိဖိတ်ဒေသအတွင်း အားပြိုင်မှုမြင့်တက်လာခြင်းများကြောင့် ၂၀၂၃ခုနှစ်တရုတ်၏ စီးပွားရေးတိုးတက်နိုင်မှုအပေါ် နို င်ငံတကာက သံသယရှိခဲ့သည်။ သို့သော် ကိုဗစ်ကပ်ကာလအတွင်း တရုတ်စီးပွားရေး ခံနိုင်ရည်ရှိမှုနှင့် စားသုံး သူဦးရေ တစ်ဘီလီယံခွဲနီးပါးရှိသည့် စျေးကွက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေတွင် တရုတ်စီးပွားရေး၏ အရေးပါပုံကို လျစ်လျူရှု၍ မရနိုင်ပေ။ ထို့ကြောင့် နာလန်ထူဖို့လိုနေသည့် ကမ္ဘာ့စီးပွားရေးကို ဆွဲထူသွားနိုင်မည့် နိုင်ငံများထဲ တရုတ်နိုင်ငံကို ထိပ်ဆုံးကထည့်ထားခဲ့ရာ ယခုတရုတ်၏ သုံးလပတ် စီးပွားရေးတိုးတက်မှုနှုန်းက မူလခန့်မှန်းသည်ထက် ကျော်လွန်ခဲ့သဖြင့်

ကမ္ဘာ့စီးပွားရေးအပေါ် အကောင်းမြင်မှုမှ တရုတ်ကြောင့် ဖြစ်ထွန်းသွားခဲ့သည်။

ဆိုလိုသည်မှာ ကမ္ဘာကြီးသည် တိုးတက်သောတရုတ်ကို ယခင်ကထက် ပို၍လိုအပ်နေသည်ဟူသော လက်တွေ့ကျသည့်အချက်ကိုလက်ခံထားခြင်းဖြစ်ပြီး  တရုတ်စီးပွားရေးက ကမ္ဘာ့စီးပွားရေးအနာဂတ်ကို များစွာသက်ရောက်နေသောကြောင့် ဖြစ်သည်။ ယခုတရုတ်နိုင်ငံ၏ သုံးလပတ် ဂျီဒီပီ တိုးတက်မှုနှုန်းသည် မကြာသေးသည့် ၂၀၂၂ခုနှစ်က  ဖြစ်ပေါ်ခဲ့သော နည်းပညာနှင့် အိမ်ခြံမြေကဏ္ဍများအပေါ်  အစိုးရ၏ စည်းမျဉ်းတင်းကျပ်မှုများကြောင့် တိုးတက်မှုနှေးမည်ဟု စီးပွားရေးပညာရှင်များနှင့် လေ့လာဆန်းစစ်သူများ၏ မျှော်မှန်းချက်ထက် ပိုလျှံခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာက နားလည်ထားသည်မှာ တရုတ်၏ စီးပွားရေးတိုးတက်လာသည်နှင့် အမျှ နိုင်ငံတကာရှိ အခြားကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကိုလည်း ဈေးကွက်အရ တပါတည်း လိုအပ်လာနိုင်သည်ဆိုသော ယူဆချက်ဖြစ်သည်။ ထိုယူဆချက် ဖြစ်မဖြစ်ကို ဩစတြေးလျ၏ သံသတ္တုထုတ်လုပ်မှုကို ကြည့်ပါက မြင်နိုင်သည်။ ဆိုသည်မှာ တရုတ်သို့ သံကုန်ကြမ်းများ အကြီးအကျယ်တင်ပို့နေသော ဩစတြေးလျသည် တရုတ်၌ ထိုကုန်ပစ္စည်းများသုံးစွဲမှု မြင့်လာပါက အကျိုးရနိုင်ခြင်းဖြစ်သည်။ 

လူဦးရေ တစ်ဘီလီယံခွဲနီးပါးရှိသည့် တရုတ်စားသုံးသူစျေးကွက်သည် ကမ္ဘာ့စားသုံးသူများစျေးကွက်၌ သိသာသော အရေအတွက်ရှိပြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်လာသည်နှင့် အမျှ တရုတ်ပြည်သူများအတွက် နိုင်ငံတကာမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများတင်သွင်းရန်လည်း များစွာလိုအပ်လာမည် ဖြစ်သည်။ ထိုအထဲတွင် ဈေးကြီးသော ထုတ်ကုန်များလည်း ပါဝင်လာနိုင် သည်။ တရုတ်၏ တိုးတက်နေသော အလယ်အလတ်တန်းစား လူဦးရေသည် ဇိမ်ခံပစ္စည်းများအပေါ် ကြီးမားသော စိတ်ဝင်စားမှုရှိလာကြပြီး ထိုအချက်ကြောင့် ဇိမ်ခံပစ္စည်း စီးပွားရေးလုပ်နေသော ပြင်သစ်၊ အီတလီနှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများ၏ စီးပွားရေး နာလန်ထူမှုကို အထောက်အကူဖြစ်လာမည် ဖြစ်သည်။ ထိုနိုင်ငံများမှ ကုမ္ပဏီများသည် တရုတ်၏ ဇိမ်ခံပစ္စည်းအပေါ် လိုလားချက် ကြီးမားလာသောကြောင့် တရုတ်နိုင်ငံတွင်း၌ပင် လာရောက်ရင်းနှီးမြှုပ်နှံနေခြင်းဖြစ်ပြီး တရုတ်ပြည်သူများအတွက် သီးသန့်ဖန်တီးနေကြခြင်းကိုကြည့်ပါက တရုတ်စျေးကွက်၏ အရာရောက်မှုကို မြင်နိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် မတ်လက ကျင်းပခဲ့သည့် တူးဆပ်ရှင်ဟု အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC)အစည်းအဝေးတွင် ထိုစဉ်က တရုတ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ လီခချန်က ပြီးခဲ့သည့် ၅ နှစ်အတွက် အစီရင်ခံစာတင်ရာတွင် တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်းကို လွန်ခဲ့သည့် ငါးနှစ်အတွင်းဆက် တိုက်ဇောက်ချ လုပ်ကိုင်ခဲ့လို့ နောက်ပြီး Belt and Road နဲ့အတူ တည်ဆောက်ရေးလုပ်ငန်းကို  ထိရောက်စွာတွန်းအားပေးဆောင်ရွက်ခဲ့လို့ တရုတ်နိုင်ငံရဲ့ ကုန်စည်သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ် ထရီလီယံ၄၀ ကျော် ရှိခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုနဲ့ နိုင်ငံခြားမှာ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ကမ္ဘာ့ထိပ်တန်းနေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းရည်မှန်းချက်ကို ၅ ရာခိုင်နှုန်းဝန်းကျင် ၊ မြို့ပြအလုပ်အကိုင်နေရာ ၁၂ သန်းခန့်တိုးတက်ရန်၊မြို့ပြ အလုပ်လက်မဲ့မှုနှုန်း ၅.၅ ရာခိုင်နှုန်းဝန်းကျင်တွင် ရှိစေရန်၊ ပြည်သူလူထုများ၏ စားသုံးကုန်ဈေးနှုန်း တိုးနှုန်း ၃ ရာခိုင်နှုန်းတွင်ရှိစေရန်စသည့် အဓိကရည်မှန်းချက်များကို တင်ပြခဲ့သည်။ထိုအစည်းအဝေးအပြီး တရုတ်ဝန်ကြီးချုပ်ဖြစ်လာသည့် လီချန်၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ယခုနှစ် တရုတ်ပြည်စီးပွားရေး၏ တိုးတက်မှုရည်မှန်းချက်မှာ ၅ ရာခိုင်နှုန်းဝန်းကျင်ဟု သတ်မှတ်ထားကြောင်း၊ ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ဖို့ မက္ကရို မူဝါဒ၊ ပြည်တွင်းဝယ်လိုအား တိုးချဲ့ ခြင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေး၊ အန္တရာယ်များကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးအပါအဝင် လုပ်ငန်းနယ်ပယ်လေးခုကို တစ်ပြိုင်တည်းကောင်းမွန်စွာ ဆောင်ရွက်ဖို့လိုပြီး လက်တွေ့ကျသည့် အခြေအနေအရ ပိုမိုပြည့်စုံကောင်းမွန်လာအောင်လည်း အဆက်မပြတ်ဆောင်ရွက်ရမည်ဟု ပြောခဲ့သည်။

မတ် ၁၃ ရက် ပြုလုပ်ခဲ့သည့် အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေး ပိတ်ပွဲအခမ်းအနားတွင် တတိယမြောက်သက်တမ်းရွေးချယ်ခံရသည့် တရုတ်သမ္မတရှီကျင့်ဖျင်က အရည်အသွေးမြင့်မား သော တံခါးဖွင့်မှုကိုလည်း ဇောက်ချ၍ တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာ့စျေးကွက်နှင့် အရင်းအမြစ်များကို အသုံးပြုပြီး ကိုယ့်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေပြီး တစ်ကမ္ဘာလုံးမှာရှိသည့် နိုင်ငံအသီးသီးအား အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်၏စီးပွားရေးအလားအလာမှာ ကိုဗစ်ထိန်းချုပ်မှု မူဝါဒအသစ်ကို ၂၀၂၂ခုနှစ် ဒီဇင်ဘာတွင် ချမှတ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် တရုတ်နိုင်ငံကို ကမ္ဘာနှင့် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြန်လည်တိုးတက်ကောင်းမွန်လာသည်မှာထင်ရှားသည်။တရုတ်အာဏာပိုင်များ၏ အချိန်ကိုက်မူဝါဒချမှတ်နိုင်ခြင်း အကျိုးကျေးဇူးကို ယခုတတိယသုံးလပတ် ဂျီဒီပီတိုးတက်မှုကိုကြည့်လျှင် မြင်နိုင်ပြီဖြစ် သည်။  

ပို၍ ထင်ရှားသည့်အချက်မှာ တရုတ်၏ စီးပွားရေးတိုးချဲ့မှုသည် နိုင်ငံပေါင်းစုံ၌ ဖြန့်ကျက်ထားသော ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးအခြေပြုရန် အခွင့်အလမ်းများ ပေးနိုင်လာခြင်းဖြစ်သည်။ တရုတ်အစိုးရအနေဖြင့် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများနှင့် အကျိုးတူပူပေါင်းမှုများကို များစွာအားပေးသည့်အနေဖြင့် Made in China 2025 စီမံကိန်းကို ဖော်ဆောင်မည်ဖြစ်ရာ ထိုစီမံကိန်းအရ နိုင်ငံပေါင်းစုံ၌ ဖြန့်ကျက်တည်ရှိသော ကုမ္ပဏီများအနေဖြင့် အဆင့်မြင့်နည်းပညာများဖြစ်သော စက်ရုပ်၊ ဇီဝနည်းပညာနှင့် လေယာဉ်ပျံများကဲ့သို့ နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံရန် ဘဏ္ဍာရေးမက်လုံးများ ရရှိမည်ဖြစ်သည်။

ပြီးခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကိုကြည့်လျှင် တရုတ်စီးပွားရေးအခြေအနေလွှမ်းမိုးမှုအောက်တွင် သိသိသာသာရှိနေခဲ့သည်။ ကမ္ဘာ့ထိပ်တန်း ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတင်ပို့သူများအတွက် တရုတ်၏ စီးပွားရေးသည် အလွန်အရေးပါခဲ့သည်။ ဥပမာအားဖြင့် ကမ္ဘာ့အကြီး ဆုံး ယာဉ်ဈေးကွက်ဖြစ်သော တရုတ်သည် လျှပ်စစ်အနာဂတ်အတွက် လျှင်မြန်သော လမ်းကြောင်းဖြင့် သွားနေသည်။ တရုတ်ပြည်၌ ထုတ်လုပ်သော အမှတ်တံဆိပ်များသည် အရေးပါသော ကဏ္ဍများ၌ ဈေးကွက်ဦးဆောင်သူများ ဖြစ်နေသည်။ ထိုအခြင်း အရာ အားလုံးကို ခြုံကြည့်လိုက်လျှင် တရုတ်၏ စီးပွားရေးတိုးတက်မှုသည် ၂၀၂၃ ခုနှစ် ကျန်ကာလများတွင်လည်း အရှိန်အဟုန်ဖြင့် ဆက်လက်သွားမည်ဟု ခန့်မှန်းနိုင်မည်ဖြစ်လေသည်။

လင်းသစ်အောင်