【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ခရီးစဉ်အသစ်

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ခရီးစဉ်အသစ်

ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ သြဇာအကြီးဆုံး ခေါင်းဆောင်အဖြစ် ရှားရှားပါးပါး တတိယသက်တမ်းကို ထမ်းဆောင်မည့်သူအဖြစ် လက်ရှိတရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ကို ငါးနှစ်တစ်ကြိမ် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ၏ အမျိုးသားညီလာခံက ရွေးချယ်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးကပ်ဘေးနှင့် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း မငြိမ်မသက်ဖြစ်စဉ်များနှင့် စစ်ရေးအရတင်းမာမှု မြင့်တက်လာချိန်တွင် အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ခေါင်းဆောင်မှုတည်ငြိမ်ခြင်းက ကမ္ဘာအတွက် အရေးပါသည်။  

ရှီကျင့်ဖျင်၏ ဒုတိယသက်တမ်းအတွင်း ၂၀၁၉ခုနှစ် ဒီဇင်ဘာလက စတင်တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကပ်ဘေးတွင် တစ်ကမ္ဘာလုံးသေဆုံးသူ ၆.၇သန်းကျော်၊ ကူးစက်ခံရသူ သန်း ၆၇၀ကျော်ရှိခဲ့ချိန်တွင် လူဦးရေ တစ်ဘီလျံခွဲနီးပါးရှိသည့် နိုင်ငံကို ကူးစက်မှုနှင့်သေဆုံးမှု အနည်းဆုံးဖြစ်အောင် ထိန်းကာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံ၏ တိုးတက်မှုကို အနည်းဆုံး ၃ ရာခိုင်နှုန်းဆက်ရှိနေအောင် ဦးဆောင်နိုင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံမှာတိုးတက်မှုလမ်းကြောင်းပေါ်တွင် ဆက်ရှိနေခြင်းဖြစ်သည်။ လက်ရှိတွင် တရုတ်သည် ဂျီဒီပီအရ တစ်ကမ္ဘာလုံးတွင် ဒုတိယရှိနေရာမှ ပထမနေရာသို့ မကြာမီ ရောက်ရှိဖွယ်ရှိနေသည်။

ယခုလာမည့် ၅ နှစ်သည် တရုတ်နိုင်ငံအတွက်သာမက ကမ္ဘာ့နိုင်ငံများအတွက်ပါ အရေးပါသည့်နှစ်များ ဖြစ်သည်။ တရုတ်ခေါင်းဆောင်အဆက်ဆက်နှင့် တရုတ်ပြည်သူများ၏ ဆန္ဒဖြစ်သည့် အထူးသဖြင့် တရုတ်ပြည်ကို စီးပွားရေးအရရော၊ စစ်ရေးအရပါ ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ရေး၊ ကမ္ဘာ့စူပါပါဝါ ဖြစ်ရေးမှာ လက်တစ်ကမ်းအကွာတွင် ရောက်ရှိနေလေရာ အမေရိကန်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နည်းပညာပိတ်ဆို့မှုများကို ကျော်လွှားဖို့က လက်ရှိတွင် စိန်ခေါ်မှုဖြစ်သည်။ ထိုစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ဆိုသည်မှာ ထပ်မံရွေးကောက်တင်မြှောက်ထားသည့် တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီအဖို့ မခက်ခဲနိုင်ဟု နိုင်ငံတကာက ယူဆထားသည်။

မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့က ဖွံ့ဖြိုးတိုးတက်မှု စနစ်သစ်ကို အရှိန်မြှင့်တည်ဆောက်ရေးနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပခဲ့သည်။ ထိုအစည်း အဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က ဖွံ့ဖြိုးတိုးတက်မှု စနစ်သစ်ကို အရှိန်မြှင့်တည်ဆောက်ခြင်းသည် ဒုတိယ နှစ်၁၀၀ အားထုတ်ကြိုးပမ်းခြင်း ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်ရေးကို မူတည်၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစားကာ ဘက်ပေါင်းစုံကနေ စီမံခန့်ခွဲပြီး ပြုလုပ်သော မဟာဗျူဟာ ဆုံးဖြတ်ချက်ဖြစ်ကြောင်းပြောခဲ့သည်။

လာမည့်  အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်ရေး လက်ဦးမှုရယူရန် မဟာဗျူဟာစီစဉ်ပေးမှုလည်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုစနစ်သစ်ကို အရှိန်မြှင့်တည်ဆောက်မှသာ တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခံ အုတ်မြစ်ကို ခိုင်မာစေနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှု၏ လုံခြုံမှုနှင့် တည်ငြိမ်မှုကို တိုးမြှင့်ကာ ခန့်မှန်းနိုင်သော၊ မခန့်မှန်းနိုင်သော အခက်အခဲများတွင် တရုတ်ပြည်၏ အသက်ရှင်နေထိုင်နိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းကို တိုးမြှင့်၍ ဆိုရှယ်လစ် ခေတ်မီ နိုင်ငံတော် ဘက်စုံ တည်ဆောက်ရေး ရည်မှန်းချက်ကို အောင်မြင်စွာအကောင်အထည် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့ သည်။

နိုင်ငံတကာခေါင်းဆောင်များက လာမည့် အနာဂတ်မှာ ယှဉ်ပြိုင်မှုများပြီး နည်းပညာသစ်ဆိုင်ရာ တိုးတက်မှုက အဓိကကျနေမည်ဖြစ်ကြောင်းခန့်မှန်းထားသည်။ သို့အတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အသာမရအောင် နည်းပညာပိတ်ဆို့မှုကိုလည်း လက်ခံကျင့်သုံးနေကြသည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို သတိထားမိကြသည်။  ရှီလက်ထက် ၁၀ နှစ်အတွင်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုက သိသိ သာသာ ဖြစ်ခဲ့သည်။ အထူးသဖြင့် 5-G နည်းပညာတွင် တရုတ်၏ သာလွန်မှုကို ထိန်းချုပ်ရန် အနောက်နိုင်ငံများဘက်က နည်းပေါင်းစုံသုံးခဲ့ကြသည်။

တခြားတစ်ဘက်တွင် ကမ္ဘာ့အဓိကထောက်ပံ့ရေးနိုင်ငံနှင့် ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်လာသည့် တရုတ်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးကြီးထွားလာမှုကို ထိန်းချုပ်ရန်လည်း ယခင်အမေရိကန် သမ္မတ ထရမ့် လက်ထက်တွင် ကြီးလေးသည့် အခွန်များကောက်ကာ  ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခဲ့သည်။ သို့သော် ရှီကျင့်ဖျင့် ဦးဆောင်သည့် တရုတ်နိုင်ငံအဖို့ ထိုသို့သော စိန်ခေါ်မှုများကို အကောင်းဆုံးရင်ဆိုင်ကာ ပုံမှန်တိုးတက်မှုကို ထိန်းနိုင်ခဲ့သည်။ လက်ရှိသမ္မတဘိုင်ဒင်လက်ထက်တွင် အမေရိကန်၏ မဟာဗျူဟာမှာ အပြောင်းအလဲဖြစ်လာပြီး ယခင်က ရုရှားကို မဟာဗျူဟာပြိုင်ဘက်အဖြစ်ထားရာမှ တရုတ်နိုင်ငံကို ပြောင်းလဲထားလာခြင်းကြောင့် ရှေ့လာမည့်ကာလတွင် အင်အားကြီးနှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်လာဖွယ်ရှိနေလေသည်။

လာမည့်နှစ်များသည်ကမ္ဘာ့နိုင်ငံများအတွက် ကဏ္ဍစုံတွင် ယခင်မတွေ့ကြုံခဲ့ဖူးသည့်အခင်းအကျင်းကို ရင်ဆိုင်ရဖို့သေချာနေပေသည်။ လတ်တလောတွင် နျူကလီးယားခြိမ်းခြောက်မှုက ပြန်လည်ပေါ်ထွန်းလာနေသည်။ နိုင်ငံများကြား အုပ်စုဖွဲ့မှုနှင့် စစ်ရေးအပြိုင်အဆိုင်တည်ဆောက်မှုများကြောင့် နိုင်ငံတကာတွင် မငြိမ်မသက်မှုများ ဖြစ်နေသည်။ ငလျင်လှုပ်ခြင်းနှင့် ဖျက်အားပြင်းမုန်တိုင်းများနှင့် သဘာ၀ဘေးများ၊ စားနပ်ရိက္ခာမလုံလောက်မှုများက ကမ္ဘာကို ခြိမ်းခြောက်လာနေသည်။ ထိုသို့သော အခိုက်အတန့်တွင် တရုတ်နိုင်ငံ၏ အေးအတူပူအမျှ အသိုက်အဝန်းအဆိုပြုချက်ပေါ်ထွက်လာသလို စစ်ကို အားမပေးဘဲ စေ့စပ်ဆွေးနွေးရေးကို ဦးတည်သည့်မူဝါဒ ၊ရာသီဥတု ပြောင်းလဲခြင်းကို ကာကွယ်ရာတွင် အားစိုက်လုပ်ဆောင်ခဲ့မှုများက အဆိုးများကြုံနေရသည့်ကမ္ဘာအတွက် တရုတ်နိုင်ငံမှာ ကမ္ဘာ့မျှခြေအတွက် မျှော်လင့်စရာတစ်ခု ဖြစ်လာခဲ့သည်။

မကြာမီက သဘောတူညီခဲ့သည့် “ကူမင်း-မွန်ထရီရယ် တစ်ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမှု မူဘောင်” တွင် တရုတ်နိုင်ငံ၏ အားစိုက်မှုကို သိသာစွာမြင်ခဲ့ရသည်။ တရုတ်နိုင်ငံသည် COP15 အစည်းအဝေး၏ ဥက္ကဋ္ဌ နိုင်ငံအနေဖြင့် အဆိုပါ ပမာဏကြီးမားသော နိုင်ငံတကာဆွေးနွေးညှိနှိုင်းမှုကို အောင်မြင်စွာဦးဆောင်ခဲ့သည်။ အခက်ခဲဆုံးဖြစ်သည့် ဆွေးနွေးမှုအပိုင်းတွင် တရုတ်နိုင်ငံကအစီအစဉ်များစွာ အဆိုပြုခဲ့ပြီး အရင်းအနှီးအပိုင်းတွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများကို ဂရုပြုခဲ့ကာ ထိန်းသိမ်းသည့် အဆင့်အတန်းအပိုင်းတွင်မူ ဖွံ့ဖြိုးပြီးနိုင်ငံများကို ဂရုပြုခဲ့သည်။ ကမ္ဘာ့အတွက် အရေးပါသည့် တစ်ကမ္ဘာလုံးဇီဝမျိုးစုံမျိုးကွဲမှုအားစီမံရာတွင် တရုတ်နိုင်ငံသည် နောက်လိုက်အဖြစ်မှ တက်တက်ကြွကြွပါဝင်သူဖြစ်လာပြီး နောက်ဆုံးတွင် ဦးဆောင်သူနှင့် တွန်းအားပေးသူဖြစ်လာကာ ကမ္ဘာကြီးအတွက် အကျိုးစီးပွားဖြစ်အောင် သက်သေပြနိုင်ခဲ့သည်။ 

ရှီဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပြည်ပစိန်ခေါ်မှုများကိုသာမက ကိုဗစ် စည်းကမ်းချက်ကြောင့်  အားပျော့နေသည့် ပြည်တွင်းစီးပွားရေးကိုလည်း မူဝါဒအသစ်များချမှတ်ကာ ပြန်လည် ကောင်းမွန်အောင် ချိန်ကိုက်ပြောင်းလဲပေးခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကိုဗစ်ကန့်သတ်ချက်များကို စတင်လျော့ပေါ့ပေးခဲ့ပြီး တစ်လတာကြာမြင့်သည့် တရုတ်နှစ်သစ်ကူးကာလနှင့် ချိန်ကိုက်ကာ ဇန်နဝါရီ ၈ ရက်မှ စပြီး အခြေအနေသစ်နှင့် လိုက်လျောညီထွေသည့် စည်းကမ်းချက်များကို ပြောင်းလဲပေးခဲ့သဖြင့် ကုန်းလမ်း၊ ရေကြောင်း နယ်စပ်ဂိတ်များတွင် ခရီးသည်ပို့ဆောင်ရေးအဝင်အထွက်များတဖြည်းဖြည်း ပြန် လည် စတင်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတိုင်းအတာပမာဏသည် ကမ္ဘာ့နံပါတ်နှစ်နေရာတွင် ရပ်တည် နေပြီးနိုင်ငံအများအပြားအတွက် အရေးပါသောခရီးသွားဝင်ရောက်မှုအရင်းအမြစ် ဖြစ်ရာ ထိုသို့ စည်းကမ်း ချက်အသစ်ကြောင့် ပြည်တွင်းတရုတ်စီးပွားရေးတွင် လက်လီစားသုံးမှုကို ပိုအားကောင်းစေကာ ပြည်ပနိုင်ငံများ၏ ခရီးသွားကဏ္ဍအတွက် အကောင်းဘက်မှ ဖြစ်ထွန်းစေခဲ့သည်။  တရုတ်နိုင်ငံကနိုင်ငံတကာခရီးသွားလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် ကမ္ဘာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး လုပ်ငန်းစဉ်အတွင်းကိစ္စကြီးတစ်ရပ် ဖြစ်သည်။ အတိုင်းအတာတစ်ခုအထိ တရုတ်ခရီးသွားဧည့်သည်များ ပြန်လည် ဝင်ရောက်လာခြင်းသည် ကမ္ဘာ့ခရီးသွားလုပ်ငန်း ဘက်စုံပြန်လည်ဦးမော့လာစေရေးအတွက် အရေးကြီးသော “မောင်းနှင်အား” ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ယခုနှစ်အတွက် နှစ်သစ်ကူးမိန့်ခွန်းပြောခဲ့ရာတွင်၂၀၂၃ခုနှစ်၏ ပထမဆုံးနေ့တွင် ကမ္ဘာတစ်ဝှမ်းမှ လူသားများနှင့်အတူ  ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ မျှော်မှန်းကြ ပြီး ကမ္ဘာကြီး ငြိမ်းချမ်းသာယာချမ်းမြေ့ပါစေဟု ဒီဇင်ဘာ ၃၁ ရက်ညက ဆုမွန်ကောင်းတောင်းခဲ့သည်။ ထိုသည် က စစ်မက်နှင့် ငတ်မွတ်မှုဆီ ဦးတည်နေသည့်ကမ္ဘာကို ဇက်တုံလိုက်ခြင်းဖြစ်ကာ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ်သစ်တွင် ကမ္ဘာအားဦးဆောင်မည်ဖြစ်ကြောင်း အချက်ပေးလိုက်ခြင်းပင် ဖြစ်လေသည်။

လင်းသစ်အောင်