【 နိုင်ငံတကာဆောင်းပါး 】တရုတ်နှင့် ဗဟိုအာရှငါးနိုင်ငံထိပ်တန်းအစည်းအဝေးရလဒ်

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နှင့် ဗဟိုအာရှငါးနိုင်ငံထိပ်တန်းအစည်းအဝေးရလဒ်

မေလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့ အထိတရုတ် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် ပထမအကြိမ် တရုတ်- ဗဟိုအာရှနိုင်ငံများထိပ်သီးအစည်းအဝေးကိုကျင်းပခဲ့ရာ ထိုထိပ်သီးအစည်းအဝေးသို့ ဗဟိုအာရှဒေသမှ ကာဇက်စတန် သမ္မတ ကာဆမ်ဂျိုမက် တိုကာယိဗ်၊ ကာဂျစ်ကစ္စတန်သမ္မတ ဆာဒါ ဂျာပါရော့ဗ်၊ တာဂျစ်ကစ္စတန်သမ္မတ အီမိုမာလီ ရာမွန်၊ တာခ်မင်နစ္စတန်သမ္မတ ဆာဒါ ဘာဒီမူဟာမက်ဒေါ့ နှင့် ဥဇဘက်ကစ္စတန်သမ္မတ ရှာဗ်ကက် မစ်ဇီယိုယိဗ်တို့နှင့် အတူ အိမ်ရှင်တရုတ်သမ္မတရှီကျင့်ဖျင်ပါတက်ရောက်ခဲ့ရာ ဒေသတွင်းနှင့် နိုင်ငံတကာ အတွက်ပါ အာရုံစိုက်စရာ အစည်းအဝေးဖြစ်လာခဲ့သည်။
 
မေ ၁၈ မှ မေ ၁၉ ရက်အတွင်း နှစ်ရက်တာ ကျင်းပခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် တရုတ် ပါဝင်သည့် ဒေသတွင်း ဆက်စပ်သည့် သဘောတူညီချက်များစွာ ရယူနိုင်ခဲ့သလို ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စီမံကိန်းများဖြစ်သည့် ကက်စ်စပီယံပင်လယ်တစ်လျှောက် နိုင်ငံ တကာကုန်သွယ်ရေး စင်္ကြံတည် ဆောက်ရေးကို ထောက်ပံ့မည်ဖြစ်သည့်အပြင် ဆိပ်ကမ်းများ၊တရုတ်-ဥရောပ ကုန်သွယ်ရထားလမ်းများကိုအ ဆင့်မြှင့်တင်ကာ ဗဟိုအာရှ နိုင်ငံများတွင် ပြည်ပကုန် လှောင်ရုံများ တည်ဆောက်ရန် စီးပွားရေးလုပ်ငန်းများတည်ထောင်ရန် တွန်းအားပေးခဲ့သည်။စွမ်းအင်ပူးပေါင်းဆောင်ရွက်ခြင်းတွင်လည်း တရုတ်- ဗဟိုအာရှသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး၊ ရေနံနှင့်ဓာတ်ငွေ့ကုန်သွယ်မှုတိုးမြှင့်ရေး၊ စက်မှုကွင်းဆက်များတွင် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေး၊ စွမ်းအင်သစ်ကို အားပေးခြင်းနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းများအတွက်လည်း တိုက်တွန်းခဲ့ကြောင်း ဆိုသည်။
 
ဒေသတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးတွင် တရုတ်အနေဖြင့် ဗဟိုအာရှဒေသများအတွက် သိပ္ပံနှင့်နည်းပညာမှတစ်ဆင့် တရုတ်က ရန်ပုံ‌ငွေထောက်ပံ့ပေးထားသော စီးပွားရေးလုပ်ငန်းများမှ ဒေသတွင်း အလုပ်အကိုင်များ ပိုမိုဖန်တီးကာ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ငွေကြေးပိုင်းနှင့် အခမဲ့ ထောက်ပံ့မှုများ ပေးနိုင်ရန် ယွမ် ၂၆ ဘီလီယံပေးမည်ဟုဆိုခဲ့သည်။
 
ထို့ပြင် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြောက်နိုင်ငံအနေဖြင့် ခါးပတ်နှင့်လမ်း ပူးပေါင်းဆောင် ရွက်မှုတွင် ဆက်လက်ဦးဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အကောင် အထည်ဖော်ရန် တွန်းအားပေးသင့်ကြောင်း သမ္မတရှီက တိုက်တွန်းခဲ့သလို ကုန်သွယ်ရေး၊ စက်မှုစွမ်းရည်မြှင့်တင်ရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော သမားရိုးကျ ပူးပေါင်းဆောင်ရွက်မှုများအပြင် ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ သဘာဝပတ်ဝန်းကျင် အထောက်အ ကူပြု ကာဗွန်နည်းပါးသည့် ဖွံ့ဖြိုးတိုးတက်မှု၊ ဆေးဝါးဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုတို့တွင်လည်း လမ်းကြောင်းသစ်များ ရှာဖွေရန် လည်း တိုက်တွန်းခဲ့သည်ကိုတွေ့ရသည်။
 
ကုန်းတွင်းပိတ်နိုင်ငံများဖြစ်ပြီး ယခင်ဆိုဗီယက်နိုင်ငံများဖြစ်ခဲ့သည့် ဗဟိုအာရှငါးနိုင်ငံမှာ တရုတ် ၏ BRI အဆိုပြုချက်အောက် ရင်းနှီးမြှုပ်နှံမှုကြောင့် ဖြစ်ထွန်းလာမှုမှာ ယခုနှစ်ပိုင်းတွင် သိသာ ထင်ရှားခဲ့သည်။ သယံဇာတပေါကြွယ်၀ပြီး ကမ္ဘာနှင့်ကုန်သွယ်မှုခက်ခဲသည့်ဒေသဖြစ်သည့် ကုန်းတွင်းပိတ်ဗဟိုအာရှ ငါးနိုင်ငံအဖို့ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်နေသည့် တရုတ်နှင့် ကုန်သွယ်မှုမှာ နှစ်ဖက်စလုံးအတွက် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေခဲ့သည်။
၁၉၉၂ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ပေါ်ထွက်လာသည့် ဗဟိုအာရှ ငါးနိုင်ငံနှင့် တရုတ်၏ သံတမန်ဆက်ဆံရေးမှာ ယခုနှစ်တွင် ၃၁နှစ်ရှိခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် ၁၀ နှစ်အတွင်းပြန်ကြည့်ပါက ဗဟိုအာရှနိုင်ငံများသို့ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင် ကိုယ်တိုင် ၇ ကြိမ်တိုင်တိုင်သွား ရောက်ခဲ့ပြီး ဗဟိုအာရှနိုင်ငံများမှခေါင်း ဆောင်များကလည်း တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် လာရောက် ခဲ့သည်ကိုတွေရသည်။ မျက်မှောက်အချိန်တွင် တရုတ်နှင့် ဗဟိုအာရှနိုင်ငံများမှာ ပထဝီနိုင်ငံ ရေးနှင့် ကုန်သွယ်ရေး၊ စွမ်းအင် ကဏ္ဍများအရ အရေးပါသောအခန်း ကဏ္ဍတွင် ရှိနေခဲ့သည်။
ထို့ကြောင့်လည်း တရုတ်သမ္မတရှီကျင့်ဖျင်က မေ ၁၇ရက်က ကာဇက်စတန်သမ္မတနှင့် တွေ့ဆုံရာတွင် တရုတ်-ဗဟိုအာရှစနစ်သည် နိုင်ငံအသီးသီးတို့၏ လက်ရှိ လိုအပ်ချက်များနှင့် အနာဂတ်ဖွံ့ဖြိုးတိုး တက်ရေးကို အာရုံစိုက်ပြီး အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးကာ အတူတကွစည်ပင်သာယာရေးကို မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း၊ မကြာမီတွင် ကျင်းပမည့် တရုတ်- ဗဟို အာရှ ထိပ်သီးအစည်းအဝေးသည် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပြီး တရုတ်- ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်ရေး ခေတ် သစ်သို့ ဝင်ရောက်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံအပါအဝင် ဗဟိုအာရှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ ညှိနှိုင်းကာ အတူတကွတည်ဆောက်၍ တရုတ်- ဗဟိုအာရှ စနစ်ကို ၆နိုင်ငံအကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသော ပလက်ဖောင်းတစ်ခုအဖြစ် တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
 
တရုတ်- ဗဟိုအာရှ ထိပ်သီးအစည်းအဝေးကျင်းပသည့် ဒုတိယနေ့ မေ ၁၉ရက်တွင် ရှီကျင့်ဖျင်က ဗဟို အာရှတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အဆို ပြုချက် ၄ ချက်၊ တရုတ်- ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး အဆိုပြုချက် ၈ချက်၊တရုတ်- ဗဟိုအာရှ ကံကြမ္မာတူ အသိုက် အဝန်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် စွဲကိုင်ချက် ၄ခု ကို တင်ပြခဲ့သည်။
 
ဗဟို အာရှတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အဆို ပြုချက် ၄ ချက်တွင် ရှီက ကမ္ဘာကြီးအနေဖြင့် တည်ငြိမ်သော သာယာဝပြောသော အေးချမ်းသင့်မြတ်သော အပြန်အ လှန်ဆက်သွယ်သော ဗဟိုအာရှကို လိုအပ်ကြောင်း၊ ဗဟိုအာရှနိုင်ငံများ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ လွတ် လပ်ရေးနှင့် နယ်မြေတည်တံ့ ပြည့်စုံရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ဗဟိုအာရှ နိုင်ငံများမှ ပြည်သူများရွေးချယ်သော ဖွံ့ဖြိုးတိုး တက်ရေး လမ်းကြောင်းများကို လေးစားရမည် ဖြစ်ကြောင်း၊ ဗဟိုအာရှဒေသတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ် အေးချမ်းရေးကို ရရှိရန် ကြိုးပမ်းဆောင် ရွက်မှုများကို ထောက်ခံရမည် ဖြစ်ကြောင်း၊ မည် သူမဆို ဗဟိုအာရှဒေသတွင် ပဋိပက္ခများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖန်တီးပိုင်ခွင့်မရှိသကဲ့သို့ နိုင်ငံရေးကိုယ်ကျိုးစီးပွားကို မရှာသင့်ကြောင်း ပြောခဲ့သည်။
 
တရုတ်- ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး တင်ပြသည့် အဆိုပြုချက် ၈ချက်တွင် စနစ်တည်ဆောက်ရေးကို အားသစ်လောင်းပေးခြင်း ၊ စီးပွားကုန်သွယ် ရေးဆက်ဆံမှုကို မြှင့်တင်ခြင်း ၊ အပြန်အလှန်ဆက်သွယ်ရေးကို ပိုမိုနက်ရှိုင်းစေခြင်း ၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ပြုလုပ်ခြင်း ၊အစိမ်းရောင် တီထွင်ဆန်းသစ်မှုကို တွန်းအားပေးခြင်း ၊ ဖွံ့ဖြိုးတိုးတက်ရေးစွမ်းရည်ကို မြှင့်တင်ခြင်း ၊ ယဉ်ကျေးမှု ဆွေးနွေးခြင်းကို အားသစ်လောင်းပေးခြင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်းတို့ကို အဆိုပြုခဲ့သည်။
 
တရုတ်- ဗဟိုအာရှ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ စွဲကိုင်ချက် ၄ခုတွင် ရှီကျင့်ဖျင်က ပထမအချက်မှာ အပြန်အလှန် ဖေးမကူညီရန် စွဲကိုင်ပြီး အချုပ်အခြာ အာဏာပိုင်မှု၊ လွတ်လပ်ရေး၊ အမျိုးသား ဂုဏ်သိက္ခာ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစသည့် အရေးကြီး အကျိုးစီးပွားများနှင့် ပတ်သက်သော အရေးကိစ္စနှင့် ပြဿနာများတွင် တစ်ဦးကို တစ်ဦးက ရှင်းလင်းပြတ်သားသော၊ အားကောင်းသော အားပေးထောက်ခံမှုကို အမြဲတမ်းပေးအပ်ခြင်း ဖြစ်ကြောင်း၊ ဒုတိယအချက် ကတော့ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို စွဲကိုင်ပြီး Belt and Road အတူတကွတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွင်ဆက်လက် ရှေ့ဆောင်ကာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက် လက်တွေ့ဖော်ဆောင်ရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ တတိယအချက်က ယေဘုယျ လုံခြုံရေးကို စွဲကိုင်ပြီး ကမ္ဘာ့လုံခြုံရေး အဆိုပြု ချက်ကို အတူတကွ လက်တွေ့ဖော်ဆောင်ကာ ဒေ သတွင်း နိုင်ငံများ၏ ပြည်တွင်းရေးများတွင် ပြင်ပမှ အင်အား စုများ၏ ဝင်ရောက်စွက်ဖက်မှုများကို ပြတ်ပြတ်သားသား ဆန့် ကျင်ခြင်း ဖြစ်ကြောင်း၊ စတုတ္ထအချက်ကတော့ စဉ်ဆက်မပြတ် ချစ်ကြည်ရေးကို စွဲကိုင်ပြီး ကမ္ဘာ့ယဉ်ကျေးမှု အဆိုပြုချက်ကို လက်တွေ့ဖော်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
တရုတ်- ဗဟိုအာရှ ထိပ်သီးအစည်းအဝေးကို ပြန်ခြုံငုံကြည့်ပါက ဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ပြီးစည်ပင်သာယာသောအနာဂတ်ရေးကိုလက်တွဲဖန် တီးသွားဖို့ ဦးတည်ခဲ့ခြင်းကိုတွေ့ရသည်။ ထိုအစည်းအဝေးမှ ထွက်ပေါ်လာသည့် ရလဒ်များကိုကြည့်ပါကလည်း ဗဟိုအာရှ ဒေသတွင်းမှ ဒေသခံပြည်သူများအတွက် ထိရောက်သော အကျိုးရလဒ်ခံစားရဖို့ ဦးတည်ထားသည်ကို တွေ့ရလေသည်။
 
လင်းသစ်အောင်