【 နိုင်ငံတကာဆောင်းပါး 】တရုတ်နှစ်သစ်ကူး အမှီပြု ကမ္ဘာ့ကုန်စည်စျေးကွက်

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နှစ်သစ်ကူး အမှီပြု ကမ္ဘာ့ကုန်စည်စျေးကွက်

တရုတ်နိုင်ငံရှိ ကိုဗစ်ကန့်သတ်ချက်အားလုံးနီးပါးကို ယခုရုတ်သိမ်းလိုက်ခြင်းဖြင့်၊ ၂၀၂၃ ခုနှစ် တရုတ် နှစ်သစ်ကူးကာလသည် ယခင်နှစ်များထက် ခရီးသွားနှင့် သုံးစွဲမှုဆိုင်ရာ လှုပ်ရှားမှုများ သိသိသာသာ တိုးလာ မည်ဟု မျှော်လင့်ရသည်။ ထိုသည်က  စီးပွားရေးလုပ်ငန်းတွေအတွက် အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုး တိုးတက်မှု တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ လမ်းစကို ရှင်းရှင်းလင်းလင်းသက်သေပြခြင်းပင် ဖြစ်သည်။

တရုတ်နိုင်ငံရှိ လူများစွာအတွက်၂၀၂၃ ခုနှစ်တရုတ်နှစ်သစ်ကူးမှာ မှတ်သားစရာတစ်ခုဖြစ်လာသည်။ အ ချို့မှာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ကြမည်ဖြစ်ပြီး အချို့မှာ နိုင်ငံ ရပ်ခြားသို့ ခရီးထွက်ရန် အခွင့်ကောင်းကြောင့် ခုန်ပေါက်မတတ် ပျော်ရွှင်ခဲ့ကြသည်။

တရားဝင်နှစ်သစ်ကူးအားလပ်ရက်သည် ယခုနှစ်တွင် ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိသာဖြစ်သော် လည်း ခရီးသွားရန်နှင့်ဇာတိပြန်ရန်ကြောင့်  ယေဘုယျအားဖြင့် “နှစ်သစ်ကာလ” တရားဝင်ရုံးပိတ်ရက်မစတင်မီ ရက်သတ္တပတ် နှစ် ပတ်မှစတင်ကာ တစ်ပတ်ခန့်ကြာမြင့်သည်။ လူအများအပြားသည် အားလပ်ရက် ပိုမို ရရှိရန် (သို့မဟုတ်) အမြင့်ဆုံးခရီးသွားချိန်များကို ရှောင်ရှားရန် နှစ်စဉ် အားလပ်ရက်ကို တိုးယူကြသဖြင့် နှစ်သစ်ကူး ကာလမှာ အရှည်ကြာဆုံးလည်း ဖြစ်သည်။

ယခု၂၀၂၃ခုနှစ် နှစ်သစ်ကူးကာလတွင် သွားလာရေး (သို့မဟုတ်) ခရီးသွားလာမှုအပေါ် ကန့် သတ်ချက် များ မရှိသလောက်နည်းပါးသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသည် ကိုဗစ် ကူးစက်မှု အတွက် ခရီးသွားလာမှုကန့်သတ်ချက်များနှင့် ထိန်းချုပ်မှုအစီအမံများကို ဖယ်ရှားပေးကာ ကာလကြာရှည်စွာ တည် ရှိနေသော COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်မှုအစီအမံများကို စတင်ဖျက်သိမ်းခဲ့သည်။ ယခု ၂၀၂၃ ခု နှစ် ဇန်နဝါရီ ၈ ရက်တွင် တရုတ်နိုင်ငံသို့ နိုင်ငံရပ်ခြားမှ ရောက်ရှိလာသောခရီးသည်များအား သီးသန့်ခွဲထားရန် သတ်မှတ်ချက်များ ရုတ်သိမ်းလိုက်သောကြောင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ရာနှင့် ထွက်ခွာရာတွင် ယခင်ကထက် ပိုမိုလွယ်ကူသွားပြီ ဖြစ်သည်။

၂၀၂၃ခုနှစ်တွင် ခရီးသွားလာမှုမှာ  COVID-19 ကန့်သတ်ချက်အားလုံးနီးပါးကို ရုတ်သိမ်းလိုက်ခြင်းကြောင့်  ပြီးခဲ့သောသုံးနှစ်အတွင်း ခရီးစဉ်အရေအတွက်ထက် သိသိသာသာ မြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။ တရားဝင်ခန့်မှန်းချက်များအရ ၂၀၂၃ နှစ်သစ်ကာလအတွင်း ခရီးစဉ်ပေါင်း ၂ဘီလီယံခန့်ရှိလာနိုင်ပြီး ၂၀၁၉ခုနှစ် ခရီးသွားလာမှု၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်ထိရှိလာနေကြောင်း သိရသည်။

အခြားတစ်ဘက်တွင် ဇန်နဝါရီ ၂၂ ရက် တရားဝင်စတင်သည့် တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း သန်းရာနှင့်ချီသည့် တရုတ်ခရီးသွားများနှင့် မွေးရပ်ပြန် ပြည်ပနေ တရုတ်လူမျိုးများကို ပစ်မှတ်ထားကာ  ကမ္ဘာ့ ကုန်စည်ထုတ်လုပ်သူများနှင့် ရောင်းချသူများက များစွာပြင်ဆင်ထားကြသည်။ ပြည်တွင်းမှ  အချို့သော စက်မှု လုပ်ငန်းနှင့် ကုမ္ပဏီများကလည်း နှစ်သစ်ကူးကာလ ရောင်းအားတက်လာနိုင်မှုကိုမျှော်ကာ လုပ်ငန်းလည်ပတ် မှုနှင့် ထုတ်လုပ်မှုကို ဆက်ထိန်းသိမ်းထားနိုင်ရန်အတွက် ဝန်ထမ်းများအားလပ်ရက်ကို ချိန်ညှိခဲ့ကြသည်။

ဆိုရလျှင် ကမ္ဘာ့တစ်ဝန်း ဗိုင်းရပ်စ်နှင့် အတူယှဉ်တွဲနေထိုင်သည့်နည်းလမ်းဖြင့် ကဏ္ဍပေါင်းစုံ ပြန်အသက် ဝင်လာချိန် ပထမဆုံးကျရောက်သည့် တရုတ်နှစ်သစ်ကူးကို နိုင်ငံတကာ ကုမ္ပဏီများနှင့် ထုတ်လုပ်ရောင်း ဝယ်သူ များက အားထားကြသည်။တရုတ်နှစ်သစ်ကူးသည် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများ၏ ခရစ္စမတ် ပွဲတော် ကဲ့သို့ပင် တရုတ်လူမျိုးများ၏ အားလပ်ရက်ကာလဖြစ်သဖြင့် အဆိုပါကာလအတွင်း  မိဘနေရပ်သို့ ပြန်ခြင်း၊ ပြည် တွင်း၊ ဒေသတွင်း နှင့် ကမ္ဘာ့အနှံသို့ ခရီးထွက်ကြခြင်း၊ လည်ပတ်ကြခြင်းကြောင့်‌ ထိုကာလအတွင်း စျေးကွက်တွင် ရောင်းအားမြင့်တက်လေ့ရှိသည်။

ထို့ကြောင့် တရုတ်နှစ်သစ်ကူးကာလကို မှီကာ ကမ္ဘာ့ကုမ္ပဏီများ ၊ ခရီးသွားကုမ္ပဏီများ၊ လေကြောင်း လိုင်းများက ထိုကာလတွင် ကုန်အမည်သစ်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ခရီးစဉ်အသစ် ကြေညာခြင်းကို လုပ် လေ့ရှိကြသည်။ ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံကျော်ရှိသည့် တရုတ်လူမျိုးများ၏ နှစ်သစ်ကူးကာလတွင်း စျေး ကွက်တွင် သုံးစွဲမှုူနူန်းကလည်း များပြားလှသည်။ အပိုသုံးဟုဆိုနိုင်သည့် ဇိမ်ခံပစ္စည်းဈေးကွက်တွင်ပင် ကမ္ဘာ့ စျေးကွက်၏  ၂၁ ရာခိုင်နှုန်းကို တရုတ်က ထိန်းထားသသည်။ စာရင်းအချက်အလက်များအရ ဇိမ်ခံပစ္စည်း ဈေး ကွက်မှာ ကမ္ဘာ့ယူရို ၃၅၀ ဘီလီယံ (ဒေါ်လာ ၃၇၁.၉၁ ဘီလီယံ)ရှိရာ ငွေသုံးသည့် တရုတ်နှစ်သစ်ကူးကာလတွင်း  ကမ္ဘာ့ကုမ္ပဏီကြီးများအတွက် သားရည်ယိုစရာစျေးကွက်ကြီးဖြစ်နေလေသည်။

တရုတ်နိုင်ငံ၏ သီတင်းနှစ်ပတ် ကြာ တရုတ်နှစ်သစ်ကူး အားလပ်ရက်သည် သုံးနှစ်ကြာဇာတိ မပြန်ဖြစ် သည့် သန်းနှင့်ချီသော ပြည်ပရောက်တရုတ်လူမျိုးများနှင့် ပြည်တွင်းနိုင်ငံသားများ၏ ဇာတိပြန်ခရီးစဉ်များကြောင့် တရုတ်ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းနှင့် ပို့ဆောင်ရေးကဏ္ဍအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ တရုတ် အာဏာပိုင်များက ဇန်နဝါရီ ၈ ရက် ကိုဗစ်ကန့်သတ်ချက် အပြောင်းအလဲများကို ကြေငြာပြီး နောက်တစ်ရက် အ ကြာ ဇန်နဝါရီ ၁၀ ရက်တွင် စင်္ကာပူ၊ ဂျပန်နှင့် တောင်ကိုရီးယားအပါအဝင် လူကြိုက်များသောနေရာများသို့ တရုတ်ပြည်မ ကြီးမှ လေယာဉ်လက်မှတ်ကြိုတင်မှာယူမှုများသည် သုံးဆမြင့် တက်ခဲ့သည်။ ပြည်မကြီးသို့ လာရန် ပြည်ပမှ လေယာဉ်လက်မှတ်ကြိုတင်မှာကြားမှုမှာလည်း  ငါးဆတိုးလာသည်ကို တရုတ်ခရီးသွား ကြိုတင်မှာ ယူမှုကုမ္ပဏီ Trip.com Group ၏ အချက်အလက်များအရ သိရသည်။

စီးပွားရေးအုပ်စုများနှင့် စီးပွားရေးပညာရှင်များက ကိုဗစ်ဖြေလျှော့မှုသည် တရုတ်နိုင်ငံ၏ အလားအလာ အပေါ် ယုံကြည်မှုပြန်လည်ရရှိရန် အရေးကြီးသောခြေလှမ်းအဖြစ် ချီးကျူးခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေး အိမ်ခြံမြေ ကုမ္ပဏီ Jones Lang LaSalle မှ စီးပွားရေးပညာရှင် Bruce Pang က တရုတ်နိုင်ငံသည် နောက်ဆုံးတွင် ပိုမိုလက် တွေ့ကျပြီး စီးပွားရေးလိုလားသော စိတ်သဘောထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ကိုဗစ် မူဝါဒသစ်က ပြသနေကြောင်းဆိုသည်။

မိသားစုပြန်လည်ဆုံဆည်းရန်အတွက် သန်းရာနှင့်ချီသော အိမ်လွမ်းနေသော တရုတ် လူမျိုးအများအပြား ၏ နှစ်သစ်ကူးအားလပ်ရက်တရုတ်နိုင်ငံသို့ ပြန်လာသည့် ခရီးစဉ်အတွင်း မိသားစုဝင်များနှင့် မိတ်ဆွေများအတွက် သုံးစွဲမည့် တစ်ဦး ချင်းသုံးစွဲမှုနူန်းကလည်း  သုံးနှစ်ကြာ မသုံးစွဲခဲ့ရသည်ကာလကြောင့်‌ မြင့်မားလိမ့်မည်ဟု ခန့်မှန်း ကြသည်။

ထိုအခြေအနေကို တွက်ကာ ကမ္ဘာ့တစ်ဝန်းရှိ ထိပ်တန်းအီလက်ထရွန်းနစ်ကုမ္ပဏီများ ၊ဇိမ်ခံပစ္စည်းနှင့် အလှကုန်ပစ္စည်းကုမ္ပဏီများ၊ ကားနှင့်အိမ်ခြံမြေကုမ္ပဏီများက ပြင်ဆင်ကြခြင်းဖြစ်သည်။ ယခုဆို ကိုဗစ်စက တည်းက တရုတ်သို့ ပြေးဆွဲမှုရပ်ထားသည့် လေကြောင်းကုမ္ပဏီများက တရုတ်ပြည်မကြီးသို့ ပုံမှန်လေကြောင်း ခရီးစဉ်ပြေးဆွဲရန် စီစဉ်လာကြပြီ။ ထိုအခြေအနေသစ်ကြောင့် ကိုဗစ်စတင်ခဲ့သည့် ၂၀၁၉ခုနှစ်နောက်ပိုင်း ကမ္ဘာ့ နိုင်ငံများနှင် တရုတ်ပြည်တွင် အလုပ်အကိုင်နေရာသစ်များ ပေါ်ပေါက်လာခဲ့သည်။ ထို့အတူ တရုတ်ပြည်တွင်း၌ နှစ်ကူးကာလ ခရီးသွားအပန်းဖြေမှုများနှင့်အတူ ပြည်တွင်းစားသုံးမှုက မြင့်တက်လာဦးမည်ဖြစ်ရာ ပြည်တွင်း၌ ဝယ်လိုအားကို ပိုကောင်းလာစေတော့မည်ဖြစ်သည်။

ကိုဗစ်မူဝါဒလျော့ချခြင်းနှင့် တရုတ်နှစ်သစ်ကူးကာလမှ စခဲ့သည့် နိုင်ငံတစ်ဝန်းနယ်စပ်ဂိတ်များဖွင့် လိုက် ခြင်းများက တရုတ်၏ စီးပွားရေးအရှိန်ကို မြင့်တက်စေမည် ဖြစ်သည်။ ယခုတစ်ပတ်အတွင်း ဆွစ်ဇာလန်တွင် ကျင်းပသည့် ဒါဗင်ပို့စ်ညီလာခံတွင် တရုတ်ဒု-ဝန်ကြီးချုပ်လျူဟီက တရုတ်နိုင်ငံ၏တိုးတက်မှုနှုန်းသည် ယခု နှစ် တွင် ပုံမှန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိလိမ့်မည်ဟု ပြောခဲ့သည်။ ထိုသည်မှာ တရုတ်နှစ်သစ်ကူးကာလ ကိုဗစ်မူဝါဒလျော့ချခြင်းကြောင့် ပြန်လည်မြင့်တက်လာမည့် တစ်ဦးချင်း သုံးစွဲမှုနူန်းနှင့် စားသုံးမှုနူန်းကြောင့် ပင် ဖြစ်သည်။ ကိုဗစ်ကူးစက်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာကြောင့်ကြမှုကိုလည်း တရုတ်နိုင်ငံသည် ကူးစက်မှု အထွတ်အထိပ်ကို ကျော်ဖြတ်ပြီး ပုံမှန်အခြေအနေသို့ ဖြည်းညှင်းစွာပြန်လည်ရောက်ရှိနေပြီဟု ပြောခဲ့ သည်။

တရုတ်၏နှစ်သစ်ကူးကာလသည့် ပြည်တွင်းစားသုံးမှုကို မြင့်တက်စေပြီး စိုက်ပျိုးရေးကို အခြေခံသည့် ဒေသတွင်းဆက်စပ်နေ နိုင်ငံများ၏ စီးပွားရေးကိုပါ အကောင်းဘက်က အကျိုးသက်ရောက်စေခဲ့သည်။ ကိုဗစ် ကြောင့် သုံးနှစ်ကြာ ပိတ်ထားခဲ့ရပြီးနောက် ခရီးသွားများလာရောက်လည်ပတ်ရန် နယ်စပ်များကို ပြန်လည် ဖွင့် လှစ်ခဲ့သဖြင့် နယ်စပ်ကုန်သွယ်ရေးပါတက်လာခဲ့သည်။လာအို၊မြန်မာ၊ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီးယား စသည့် နိုင်ငံများမှ တရုတ်နှစ်သစ်ကူးကာလအတွက် သီးနှံတင်ပို့မှုမှာ အဆိုပါ ကိုဗစ်မူဝါဒလျော့ပေါ့ခြင်းကြောင့် ချက်ခြင်း စျေးကောင်းရကာ တင်သွင်းမှုမြင့်တက်ခဲ့သည်။

ကားကုမ္ပဏီ၊ စမတ်ဖုန်းနှင့် အခြားဇိမ်ခံပစ္စည်းစျေးကွက်မှာလည်း ရုတ်ခြည်းစျေးကွက်အရောင်းမြင့် တက်မှုဖြစ်ခဲ့သည်။ အသိသာဆုံးမှာ တရုတ်ပြည်တွင်း စန်းယမြို့ ပင်လယ်ဆိပ်ကမ်းနှင့် ဒေသတွင်းရှိ ဟိုတယ် များ၊ပင်လယ်ကမ်းခြေရှိရာ ဒေသများ၏ ခရီးသွားစီးပွားရေးဖြစ်သည်။အခန်းများကြိုတင်မှာယူမှုမြင့်တက်ကာ စျေးလည်း မြင့်တက်ခဲ့သည်။ ထိုအခြေအနေကို ကြည့်လျှင့် ချိန်ကိုက်လွှတ်သည့် တရုတ်ကိုဗစ် ကန့်သတ်မှုဖြေ လျော့ခြင်းနှင့် တရုတ်နှစ်သစ်ကူးကာလကြောင့် ကမ္ဘာ့စီးပွားရေးကို တိုက်ရိုက်အကျိုးပြုကာ ကိုဗစ်ကြောင့် နှေးကွေးခဲ့သည့် ကမ္ဘာ့ကုန်စည်စျေးကွက်မှာ သွက်လက်လျင်မြန်လာဖို့ အလားအလာကောင်း နေလေပြီ ဖြစ် လေသည်။   

လင်းသစ်အောင်