【 နိုင်ငံတကာဆောင်းပါး 】တရုတ်မီးရထားလမ်းကွန်ရက်နဲ့ မြန်မာ့ကုန်စည်စီးဆင်းမှု

【 နိုင်ငံတကာဆောင်းပါး 】တရုတ်မီးရထားလမ်းကွန်ရက်နဲ့ မြန်မာ့ကုန်စည်စီးဆင်းမှု

မြန်မာနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ဖက်နိုင်ငံများအနက် အိမ်နီးချင်းဖြစ်သည့် တရုတ်နိုင်ငံနှင့်ကုန်သွယ် ရေး သည် ကြီးမားသော အခန်းကဏ္ဍအဖြစ်ရှိနေစဉ်မှာပင် အများအာရုံစိုက်မှုရရှိခဲ့သည့် အကြောင်းအရာ တစ်ခု အဖြစ် လှုပ်လှုပ်ရွရွဖြစ်ခဲ့သည်။

ယင်းသည်ကား တရုတ်နိုင်ငံမှ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့် Belt and Road Initiative စီမံကိန်း တွင် အကြုံးဝင်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် ( CMEC ) တွင်အရေးပါ ခရာကျလွန်းလှသည့် တရုတ်-မြန် မာမီးရထားလမ်းပင် ဖြစ်သည်။ယခုနှစ်မေလပိုင်းက သတင်းဖေါ်ပြမှုများအရ တရုတ်ချုံချင့်မြို့မှ မန္တလေး ကို ၁၅ ရက် အတွင်းရောက်နိုင်မယ့် ကီလိုမီတာ ၂,၀၀၀ လောက်ရှည်သည့် ချုံချင့်- လင်ချန်း- မြန်မာ ရထားလမ်းက အ ကြောင်းလူပြောများခဲ့ခြင်းဖြစ်သည်။

စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ ဆိုင်ကယ်အပိုပစ္စည်းတွေ သယ်ဆောင်လာခဲ့ပြီး၊ ယင်းပစ္စည်းများမှာ မန္တလေး သို့ ပိုမိုမြန်မြန်ဆန်ဆန်နှင့်ရောက်နိုင်ခဲ့သည်။ ပုံမှန်ကုန်သွယ်ရေးထက် ကုန်ကျစရိတ်ကို ၂၀ရာခိုင်နှုန်း လျှော့ချ နိုင်ကြောင်းဖေါ်ပြမှုများရှိလာခဲ့ပြီးနောက်တွင် သည်အချက်က နယ်စပ်ကုန်သွယ်ရေးအတွက် စိတ် လှုပ်ရှားစရာဖြစ်လာခဲ့သည်ဟု ကုန်သည်များက ဆိုကြသည်။

“ ဒီလင်ချန်းကနေ မန္တလေးအထိ လုပ်ဖို့ရာထားတဲ့ ရထားလမ်းအကြောင်းတွေးမိတာပေါ့။ ဒီလမ်းက ကုန် သွယ်ရေးနဲ့ပတ်သက်ရင်တော့ စိတ်ဝင်စားစဖြစ်နေတယ် ။ ကြားနေရသလို ကုန်သွယ်ရေး စရိတ်လျော့ချ နိုင် မလား။ ကုန်စည်စီးဆင်းမှုပိုမြန်လာနှိုင်မလား။ဆိုတာတွေ က စိတ်ဝင်စားစရာပဲ။ ကြားတာတော့ အဲဒီ မေ လတုန်းက ရထားလမ်းကြောင်းကတော့ ရထား- ကား ချိတ်ဆက်ပြီး လုပ်ခဲ့တယ်ပြောတယ်။ မြန်မာဘက် ခြမ်းမှာ တရုတ်နဲ့လတ်တလောချိတ်ထားတဲ့ရထားလမ်းမရှိသေးဘူးလေ။ လက်ရှိသိရသလောက်တော့ စီမံကိန်းက တရုတ် နိုင်ငံဘက်မှာတော့ တစ်ဆင့်ပြီးတဆင့်သွားနေတာ လင်ခန်းအထိပြီးသွားပြီလို့ သိထားတယ်” ဟု ချင်းရွှေဟော် နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာအပါအဝင် ဒေသတွင်းအာဆီယံနိုင်ငံများကြား ကုန်သွယ်ရေးတိုးမြှင့်နိုင်ရေး၊ ကူး လူးဆက်ဆံရေးများအတွက် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖေါ်ပြမှုတွေရှိနေပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် မူဆယ်-မန္တလေး မီးရထားလမ်း၊ဒါ့အပြင် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းရှိ တောင်ပိုင်းပြည်နယ်များအား ချိတ်ဆက်နိုင်မည့် ဘေဂျင်း-ကူမင်း-ရွှေလီ-မူဆယ်-မန္တလေး-ကျောက်ဖြူ အမြန် ရထားလမ်း စီမံကိန်းကြီးများ ရှိနေသည်။ တရုတ်နိုင်ငံအနေဖြင့်  အိန္ဒိယသမုဒ္ဒရာကိုဖြတ် ကျော်အာဖရိကတိုက်ဘက်အထိခြေဆန့်ဘို့ ရှိနေကြောင်း ဖေါ်ပြထားသည်။

လတ်တလောတွင်တော့ တရုတ်-မြန်မာ ကုန်သွယ်ရေးကိစ္စနဲ့အတူ စိတ်ဝင်တစားစောင့် ကြည့်သူများအတွက်မူ တရုတ်၏  ခါးပတ်ရထားလမ်းကွန်ရက်က  စောင့်ကြည့်ချင်စရာဖြစ်နေသည်။အဘယ့်ကြောင့်ဆိုသော် အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် ရထားလမ်းပိုင်းဆိုင်ရာ တိုးတက်မှုများအနေဖြင့် တရုတ်-လာအို ရထားလမ်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန် ပိုင်းတွင် ဖွင့်လှစ်ထားပြီဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံနှင့်ပါ ချိတ်ဆက်မှုများ ရှိလာခဲ့ခြင်းကြောင့်ဖြစ်သည်။

ကီလိုမီတာ ၁၀၃၅ ရှည်လျားသည့် တရုတ်-လာအို မီးရထားလမ်းကို ဒေသတွင်းဖွင့်လှစ်နိုင်ခဲ့သလို ယင်းရထားလမ်းသည် ဖွင့်လှစ်ပြီး ခြောက်လအကြာတွင် ၎င်းလမ်းကြောင်းမှ ယခုနှစ် မေလကုန်အထိ စာရင်းအရ ကုန်စည်တန်ချိန် ၄ သန်းကျော် ပို့ဆောင်ပေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီးရထားအဖွဲ့အစည်းက နိုင်ငံတကာ သတင်းများတွင် ပြောဆိုထားသည်။ ဒါ့အပြင် အဆိုပါလမ်းကြောင်းမှ ခရီးသည် ၃ ဒသမ ၂ သန်းကျော်ကို ပို့ဆောင်ပေးခဲ့သည်ဟုလည်း ဆိုသည်။

ဒါကြောင့်ပင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ တရုတ်နိုင်ငံရှိ ဒေသ ၂၁ ခုသည် ဓာတ်မြေသြဇာ၊ နေ့စဉ်သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် သစ်သီးဝလံများ အပါအဝင် ကုန်စည်ပို့ဆောင်ရန် နယ်စပ်ဖြတ်ကျော်ရထားများကို သတ်မှတ်ပေးခြင်း အခွင့်ထူးရခဲ့သည်။

တစ်ဖက်တွင်လည်း တရုတ်-လာအို ရထားလမ်းပိုင်းနှင့် ထိုင်း-လာအို မီးရထားလမ်းချိတ်ဆက်မှုများနောက်တွင် ထိုင်းနှင့် တရုတ်ကုန်သွယ်မှု အတွက် ထောက်ပံ့ပို့ဆောင်ရေး ရွေးချယ်မှုအသစ်ကို ပံ့ပိုးပေးခဲ့ကြောင်း ထိုင်းဒုဝန်ကြီး ချုပ်ဟောင်း Pinit Jarusombat က ပြည်ပသတင်းမီဒီယာတစ်ခုတွင် ဆိုထားသည်။

“မျှော်လင့်ချက်တွေကို လုံးဝကျော်လွန်သွားပါပြီ။ တရုတ်-ထိုင်း ရထားလမ်းဟာ လက်ရှိမှာ တည်ဆောက်နေပြီး မကြာခင်မှာ လည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း။”  လက်ရှိလုပ်ဆောင်လျက်ရှိသည့် တရုတ်-ထိုင်း အမြန်ရထားလမ်းနှင့်ပတ်သက်ပြီး  ထိုင်းဒုဝန်ကြီး ချုပ်ဟောင်း Pinit Jarusombat က ဆိုခဲ့သည်။

ထို့အတူ မြန်မာနိင်ငံအနေဖြင့်လည်း နယ်စပ်ကုန်သွယ်ရေးအတွက် ပြည်တွင်းလမ်းပန်းဆက်သွယ်ရေး ဖိအားကို လျှော့ချပေးနိုင်ရန် မျှော်မှန်းချက်များရှိနေခဲ့သည်။ အကုန်စည်စီးဆင်းမှု အရင်းအနှီးကို အမှန်တကယ် လျော့ချနိုင်လျင်  စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ဒေသတွင်း အပြန်အလှန် ချိတ်ဆက်ရေးကိုလည်း မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ချက်ရှိခဲ့သည်။ ဒါ့ကြောင့်ပင် ရထားလမ်းကနေ နှစ်နိုင်ငံကုန်သွယ်ဖို့ ယခင် အစိုးရတွေလက်ထက်ကတည်းက ဆွေးနွေးမှုများရှိခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၂ဝ၂ဝ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်တွင်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ယခုနှစ်မေလပိုင်းက တရုတ် နိုင်ငံ၊ ချုံချင့်မြို့မှ မန္တလေးနှင့် ဆက်သွယ်လာသည့် ချုံချင့်- လင်ချန်း- မြန်မာ ရထားလမ်း အကြောင်းသတင်း ထွက်လာချိန်တွင် တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းကို အခြေပြုကာ စိတ်ဝင်စားမှုက ပြည်တွင်းမှာ တကျော့ပြန် ပိုလာသည်။

“ တရုတ်ဘက်ကတော့ ရထားလမ်းကို သူ့ဘက်မှာ လုပ်စရာရှိတာဆက်လုပ်နေတယ်လို့ အကြမ်းဖျင်း သိထားတယ်။ အခြားလာအိုနဲ့ထိုင်း ဘက်မှာတော့ ကုန်သွယ်ရေးကောင်းလာတယ်ဆိုတော့ စိတ်ဝင်စားတယ်။ ဒါမယ့် ဒီဘက်မှာတော့ အခြေအနေက သေခြာမသိသေးဘူး” ဟု မူဆယ်ဒေသခံ သစ်သီးကုန်သည်တစ်ဦးက ဆိုသည်။

တရုတ် - မြန်မာ ရထားလမ်းပိုင်းနှင့် စပ်လျင်းပြီး လက်ရှိတွင် ကူမင်း -  မူဆယ် -လားရှိုး - မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေးဏ္ဍတွင်  စီမံကိန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှု  ( Feasibility Study ) အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ( Environmental  Impact Assessment – EIA)  ဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားပြုလုပ်မှုများရှိခဲ့သည်။ မူဆယ်- လားရှိုး- မန္တလေး ၊ ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု အတွက် လုပ်ငန်းဆောင်ရွက်ရန်  နားလည်မှုစာချွန်လွှာ( MOU ) ကိုတော့ ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာ ၂၂ ရက်က မြန်မာ့မီးရထား နှင့် CREEC (China Railway Eryuan Engineering Group Co., Ltd.) တို့ လက်မှတ်ရေးထိုးထားပြီး ၄၁၄ ကီလိုမီတာ ရှည်လျားသည့် မူဆယ်-မန္တလေး မီးရထား လမ်းပိုင်းနှင့်ပတ်သက်ပြီး အသက်ဝင်မှုကို စောင့်ကြည့်နေကြခြင်းလည်း ဖြစ်ပေသည်။

 မိုးသား