【 နိုင်ငံတကာဆောင်းပါး 】ဒေသတွင်းစီးပွားရေးတိုးတက်မှုကို တရုတ်နိုင်ငံက တွန်းအားပေးလိမ့်မည်

【 နိုင်ငံတကာဆောင်းပါး 】ဒေသတွင်းစီးပွားရေးတိုးတက်မှုကို တရုတ်နိုင်ငံက တွန်းအားပေးလိမ့်မည်

အားနည်းနေသော အာရှဒေသတွင်း စီးပွားရေးအရ တွန်းအားပေးနိုင်ရန်အရှိဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကိုသာ ဒေသတွင်းနိုင်ငံများက မျှော်လင့်ထားကြသည်။သို့သော် တရုတ်နိုင်ငံ၏ ကိုဗစ်သုညမူဝါဒကြောင့် မျှော်လင့်ထားသလို ဖြစ်မလာနိုင်ဟု ဒေသတွင်းနိုင်ငံများ၏ခန့်မှန်းမှုများကြောင့် ၂၀၂၃ ခုနှစ်အတွက် အာရှ ဒေသတွင်း စီးပွားရေးကို ကြိုတင်ခန့်မှန်းသည့်အခါ ဖြစ်နိုင်သည်ထက် လျော့ကျစွာခန့်မှန်းခဲ့ရသည်။ထိုသည်က အာရှဒေသတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးကို ဖယ်ရှားတွက်ဆရန် မဖြစ်နိုင်ကြောင်း သိသာသည့်ပြယုဂ်ဖြစ်သည်။ထိုပြယုဂ်ကို ပို၍ထင်ရှားစေသည်က ၂၀၂၂ ခုနှစ်ကုန်ခါနီးနှင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် တရုတ်နိုင်ငံက ကိုဗစ်ကန့်သတ်ချက်စည်းမျည်းကို အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲလျော့ပေါ့သည့်အခါ ဒေသတွင်းစီးပွားရေးခန့်မှန်းမှုများကို ယခင်ခန့်မှန်းချက်များနှင့် မတူညီစွာလျော့ပေါ့ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ပြောင်းလဲခဲ့ရာတွင်အကောင်းဘက်မှ ပြောင်းလဲခဲ့ရခြင်းဖြစ်သဖြင့် အာရှဒေသတွင်းစီးပွားရေးမှာ တရုတ်နိုင်ငံ၏တွန်းအားပေါ် အထိုက်အလျောက်မှီခိုမှုရှိနေခြင်းကို ထင်ရှားစွာမြင်ခဲ့ရခြင်းဖြစ်သည်။

လူဦးရေသန်း ၁၄၀၀(၁.၄ ဘီလီယံကျော်)ရှိသည့် စားသုံးသူစျေးကွက်၊ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်နိုင်ကိုင်နိုင်စွမ်းကို ဒေသတွင်းစီးပွားရေးအခြေအနေကို တွက် ဆသည့်အခါ ၊ ကမ္ဘာ့စီးပွားရေးအခြေအနေကို တွက်ဆသည့်အခါ ဖယ်ထား၍မရဘဲ အဓိကထားတွက်ဆနေရသည်က လက်ရှိပကတိအခြေအနေပင်ဖြစ်သည်။

မကြာမီက ထုတ်ပြန်သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်ဒေသတွင်းစီးပွားရေးတိုးတက်မှုကို  တရုတ်နိုင်ငံ၏စီးပွားရေးက တွန်းအားပေးလိမ့်မည်ဟု ခန့်မှန်းထားသည်။ ကုလသမဂ္ဂ က "ကမ္ဘာ့စီးပွားရေး အခြေအနေနှင့် အလားအလာ" အစီရင်ခံစာကို ဇန်နဝါရီ ၂၅ ရက်ကထုတ်ပြန်ခဲ့ရာတွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် ၁.၉ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ဒေသတွင်းစီးပွားရေးခန့်မှန်းထားမှုနှင့် ကွဲလွဲစွာ  ၂၀၂၃ ခုနှစ်တွင် အရှိန်အဟုန်မြှင့်မည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။ တရုတ်အစိုးရသည် ကပ်ရောဂါ ကာကွယ်ရေးမူဝါဒများကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပြီး ကောင်းသောစီးပွားရေးအစီအမံများကို ချမှတ်ခြင်းဖြင့် အနာဂတ်တွင် တရုတ်နိုင်ငံ၏ပြည်တွင်းစားသုံးမှုလိုအပ်ချက်သည်လည်း မြင့်တက်လာမည်ဖြစ်ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် ၄.၈ ရာခိုင်နှုန်းအထိရှိလာမည်ဖြစ်သည်။ထို့ကြောင့် တရုတ်စီးပွားရေးသည် ဒေသတွင်းစီးပွားရေးတိုးတက်မှုကို တွန်းအားပေးမည်ဟုလည်း အစီရင်ခံစာက ခန့်မှန်းထားသည်။

အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မတူဘဲ တရုတ်နိုင်ငံသည် ခိုင်မာသော ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒကို ထိန်းသိမ်းထားသောကြောင့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ရှုထောင့်မှကြည့်လျှင် တရုတ်နိုင်ငံသည် ခိုင်မာမှုရှိနေဆဲဖြစ်သည်။ ၎င်းအစီရင်ခံစာက တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် အရှေ့အာရှရှိ နိုင်ငံအများအပြားအပေါ် အလွန်အရေးပါသော သက်ရောက်မှုရှိကြောင်း ထောက်ပြထားပြီး တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာမှုသည် ဒေသတစ်ခုလုံး၏ တိုးတက်မှုကို အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်ကြောင်းဆိုထားသည်။

ကုလသမဂ္ဂ၏ "ကမ္ဘာ့စီးပွားရေး အခြေအနေနှင့် အလားအလာ" အစီရင်ခံစာတွင် ကမ္ဘာ့စီးပွားရေးနှင့် ပတ်သက်ပြီး ကပ်ရောဂါအသစ်၏ လွှမ်းမိုးမှု၊ ယူကရိန်းအကျပ်အတည်းနှင့် ငွေကြေးဖောင်းပွမှု မြင့်မားမှုကြောင့် ပြီးခဲ့သည့်နှစ်တွင် ထူးခြားစွာရိုက်နှက်ခဲ့သဖြင့် နာလံမထူနိုင်ခဲ့ရာ ၂၀၂၃ခုနှစ်တွင်လည်း  ကမ္ဘာ့စီးပွားရေးသည် ဖိအားအောက်တွင် ဆက်လက်ရှိနေဦးမည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် ကမ္ဘာ့စီးပွားရေးသည် ၂၀၂၂ခုနှစ်တွင် ၁.၉ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၃ ရာခိုင်နှုန်းထိ ကြီးထွားလာမည်ဖြစ်ရာ ဥရောပသမဂ္ဂစီးပွားရေးသည် ၂၀၂၃  ခုနှစ်တွင် ၀.၂ ရာခိုင်နှုန်း ၊ အမေရိကန် စီးပွားရေးသည် ၀.၄ ရာခိုင်နှုန်း နှင့် ဂျပန်သည်  ၁.၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားရာ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၃ ခုနှစ်တွင် ၄.၈ ရာခိုင်နှုန်းထိ ခန့်မှန်းခဲ့သဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် သိသာထင်ရှားသည့် အခြေအနေဖြစ်ပြီး ထိုသို့ မြင့်မားစွာခန့်မှန်းခြင်းမှာ တရုတ်အာဏာပိုင်များ၏ ကိုဗစ်မူဝါဒ အပြောင်းအလဲက အဓိက အခန်းကဏ္ဍက ပါဝင်နေပေသည်။

တရုတ်စီးပွားရေးတိုးတက်လာမှုနှင့် ပတ်သက်ပြီး ကုလအစီရင်ခံစာတစ်ခုထဲကသာ အကောင်းမြင်ထားခြင်းမဟုတ်။ Nikkei Asia နှင့် Nikkei Quick News တို့ ပူးပေါင်းပြုလုပ်သော စစ်တမ်းတွင် စီးပွားရေး ပညာရှင် ၃၇ ဦးက အာရှ၏အကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံတွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ အမှန်တကယ် တိုးတက်မှုနှုန်းကို  ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်းဖြင့် ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ၄.၇ ရာခိုင်နှုန်း နှင့် လာမည့်နှစ်တွင် ၅.၀ ရာခိုင်နှုန်းထိရှိကြောင်း ဆိုထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်မှ ခန့်မှန်းထားသော အခြားသော ထွန်းသစ်စစီးပွားရေးနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ၅.၄ ရာခိုင်နှုန်းသာရှိရာ ပေကျင်း၏ ရည်မှန်းထားသည်ထက် ၅.၅ ရာခိုင်နှုန်းအောက်တွင်ရှိနေသည်။ ပညာရှင်များ၏ခန့်မှန်းချက်တွင် မူဝါဒများကို ပိုမိုဖြေလျှော့ပေးခြင်းကြောင့် စားသုံးမှုအထူးသဖြင့် ကျယ်ပြန့်သော စီးပွားရေးလုပ်ဆောင်မှုတွင် ပိုမိုအားကောင်းသော ပြန်လည်နာလန်ထူလာစေပြီး တိုးတက်မှုနှုန်း ပြန်လည်ဦးမော့လာစေမည်ဟု ဆိုထားကြသည်။

Nikkei Asia နှင့် Nikkei Quick News တို့ ပူးပေါင်းပြုလုပ်သော စစ်တမ်းကိုဖြေဆိုသူအများအပြားက တရုတ်စီးပွားရေးနှင့် ပတ်သက်ပြီး နွေဦးအစောပိုင်းတွင် အလှည့်အပြောင်းကို မြင်တွေ့ရမည်ဟု မျှော်လင့် ကြကြောင်းဆိုထားသည်။တရုတ်စီးပွားရေးတိုးတက်မှုနှင့် မတူညီစွာ အမေရိကန်နှင့် ဥရောပတို့သည် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုသို့ ကျရောက်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရနိုင်ကြောင်းဆိုထားသည်။

တရုတ်စီးပွားရေးကို ထိုမျှအကောင်းမြင်နေခြင်းက  တရုတ်စီးပွားရေး၏ ခံနိုင်ရည်နှင့် အလားအလာများကြောင့်ဖြစ်ပြီး  တရုတ်နိုင်ငံကို ဒေသတွင်းသာမက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် ယုံကြည် စိတ်ချရပြီး အရေးပါသော မောင်းနှင်အားတစ်ခုအဖြစ် ၂၀၂၃ခုနှစ်တွင် ဆက်လက်ရှိနေမည်ဟု လေ့လာသူများက ယုံကြည်ကြသည်။အထူးသဖြင့်‌ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရချိန်တွင် တရုတ်နိုင်ငံသည် COVID-19 မူဝါဒကို စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်၊ စားသုံးသူစျေးနှုန်းများ တည်ငြိမ်စေရန်နှင့် မြှင့်တင်ပေးသည့် လှုံ့ဆော်မှုအစီအစဉ်များကို ဆက်တိုက်မိတ်ဆက်ခဲ့ခြင်းက ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုဆက်ထိန်းထားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုအခြေအနေကို သိသာစေသည်မှာ ၂၀၂၂ခုနှစ် ပထမ ၁၀ လအတွင်း တရုတ်ပြည်မကြီးတွင် အမှန်တကယ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၆၈.၃၄ ဘီလီယံထိရှိခဲ့ရာ တစ်နှစ်ထက် တစ်နှစ် ၁၇.၄ရာခိုင်နှုန်း မြင့်တက်လာနေခြင်းကြောင့်ဖြစ်သည်။ ထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုမှာ တရုတ်နိုင်ငံ၌ R&D အာရုံစိုက်သည့် ဖက်စပ်လုပ်ငန်းဖြစ်သည့် ဂျာမန်ကားထုတ်လုပ်သူ Volkswagen သည် ဒေါ်လာ ၃ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံထားကြောင်း ၂၀၂၂ခုနှစ် နှစ်ဝက်တွင် ကြေညာခဲ့သည်။

ထိုသည်က ကမ္ဘာ့ဒုတိယအကြီးဆုံး စားသုံးသူဈေးကွက်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင်  ဒုတိယအကြီးဆုံးရင်းမြစ်နှင့် နိုင်ငံနှင့် ဒေသပေါင်း ၁၃၀ ကျော်၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်  တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပါရာဒိုင်းအသစ်ကို မြှင့်တင်ရန်နှင့် အရှိန်အဟုန်မြှင့်ရန်ကြိုးပမ်းနေမှုအပေါ် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများ၏ ယုံကြည်မှုဖြစ်သည်။

ဒေသတွင်းဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ပထမ ၁၁ လအတွင်း တရုတ်နှင့် ကုန်စည်ကုန်သွယ်မှုမှာ တစ်နှစ်ထက်တစ်နှစ် ၈.၆ ရာခိုင်နှုန်း တိုးလာခဲ့ရာ  တရုတ်ယွမ်ငွေ ၃၈ ဒသမ ၃၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ထရီလျံ) တိုးလာသည့် တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ကုန်သွယ်မှုမှာ မည်မျှတိုးတက်လာမည်ကို ခန့်မှန်းမိနိုင်မည်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးအတွက် တရုတ်၏ မောင်းနှင်အားက မည်မျှအလုပ်ဖြစ်သည်ကို ၂၀၂၃ ခုနှစ်တွင် စောင့်ကြည့်ရတော့မည်ဖြစ်သည်။  

လင်းသစ်အောင်