【 နိုင်ငံတကာဆောင်းပါး 】ရှီ၏တတိယသက်တမ်းနှင့် နိုင်ငံခြားရေးမူဝါဒ

【 နိုင်ငံတကာဆောင်းပါး 】ရှီ၏တတိယသက်တမ်းနှင့် နိုင်ငံခြားရေးမူဝါဒ

ပြီးခဲ့သည့် မတ် ၁၃ ရက်တွင် ၁၄ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး (NPC) ပြီးဆုံးသွားခဲ့သည်။ ထိုအစည်းအဝေးအပြီး တတိယသက်တမ်းဆက်ဦးဆောင်မည့် သမ္မတရှီကျင့်ဖျင်၏ အစိုးရအဖွဲ့ကိုတွေ့ရသည်။ အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေးတင်းမာနေသည့် ယခုကာလတွင် အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာသည့် တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့အတွင်း တာဝန်ယူသူအပြောင်းအလဲက နိုင်ငံတကာကို စိတ်ဝင်စားမှုရှိစေခဲ့သည်။ ရှီကျင့်ဖျင်က သမ္မတနှင့် အရေးပါသည့် စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်ယူကာ ဝန်ကြီးချုပ်လီခချန်နေရာတွင် လီချန်က တာဝန်ယူခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးနေရာတွင် အမေရိ ကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့သူချင်ကန်းကို အစည်းအဝေးမကျင်းပမီကပင် ခန့်အပ်ခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ ယခု ၅ နှစ်သက်တမ်းအတွက် တာဝန်ယူမည့်သူများမှာ ဦးဆောင်သူ ရှီကျင့်ဖျင်မှ လွဲလျှင် ဝန်ကြီးချုပ်အသစ်၊ နိုင်ငံခြားရေးဝန်ကြီးအသစ်ဖြစ်နေသည်ကိုတွေ့ရသည်။ သို့သော် ဝါရင့် နိုင်ငံ ခြားရေးဝန်ကြီးဝန်ယိမှာ တစ်ဆင့်မြင့်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာဌာန၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားရာ အမေရိကန်နှင့် တရုတ်အကြားဆက်ဆံရေးမှာ လာမည့် ၅နှစ်အတွင်း သိပ်အပြောင်းအလဲမရှိနိုင်ဟု နိုင်ငံတကာက ယူဆကြသည်။

ထို့ကြောင့် မတ် ၇ ရက်က ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်ချင်ကန်း၏ ပထမဆုံးသတင်းစာရှင်းလင်းပွဲက နိုင်ငံတကာအတွက် အာရုံစိုက်ဖို့ဖြစ်လာခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ထိုင်ဝမ်အရေးသည် အမေရိကန်ပြည်ထောင်စုအနေဖြင့် စည်းမကျော်သင့်သည့် ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချင်ကန်းက ထိုင်ဝမ်အရေးကို ဖြေရှင်းခြင်းသည် တရုတ်ပြည်သူများ၏ အရေးကိစ္စသာဖြစ်ပြီး အခြားမည်သည့်နိုင်ငံကမှ ကြားဝင်စွက်ဖက်ခွင့်မရှိကြောင်း ၊ တရုတ်သည် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို အောင်မြင်အောင်လုပ်ဆောင်ရန်အတွက် လိုအပ်သည့် အစီအမံအားလုံးကို လုပ်ဆောင်ခွင့်ရှိကြောင်း ပြောခဲ့သည်။ထို့ပြင် တရုတ်နှင့် အမေရိကန်ကြားတင်းမာမှုမြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး အမေရိကန်ကို အပြစ်တင်ခဲ့ကာ အမေရိကန်ဘက်က ၎င်း၏လားရာကိုမပြောင်းလဲလျှင် ပဋိပက္ခနှင့် ထိပ်တိုက်တွေ့မှုများ ရှိလာလိမ့်မည်ဟု သတိပေးခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် တရုတ်အပေါ်ထားရှိသည့် အမေရိကန်၏ သဘောထားနှင့်ပတ်သက်ပြီး  အမေရိကန်အနေဖြင့် ဆိုးဆိုးရွားရွား လိုရာဆွဲ၍ မမှန်မကန် ပြောဆိုနေခြင်းသာဖြစ်သည်ဟုပြောခဲ့ကာ  မျှတ၍ စည်းမျဉ်းအခြေခံသော ယှဉ်ပြိုင်မှုမျိုးထက် တရုတ်အပေါ် ဖိနှိပ်ရန်နှင့် ထိန်းချုပ်ဟန့်တားရန်အတွက်သာ အမေရိကန်ဘက်က လုပ်ဆောင်နေသည်ဟု ချင်ကန်းက ပြောခဲ့သည်။ ချင်ကန်းက “အမေရိကန်ဟာ တရုတ်ကို သူ့ရဲ့ အဓိက ပြိုင်ဘက်အဖြစ်၊ အကြီးမားဆုံး ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ ဒါဟာ ရှပ်အင်္ကျီရဲ့ ပထမဆုံးကြယ်သီးကို လွဲမှားပြီးတပ်ထားသလိုပါပဲ” ဟု ပြောခဲ့သည်။

တရုတ်-ရုရှားဆက်ဆံရေးမှာ အနောက်နိုင်ငံများအတွက် အထူးစိတ်ဝင်စားစရာအကြောင်းအရာ ဖြစ်သည်။  ချင်ကန်းက တရုတ်-ရုရှားဆက်ဆံရေးသည် ဘက်မလိုက်မှု၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုလုပ်မှု၊ တတိယ ဘက်ကို ရည်ညွှန်းခြင်းမရှိမှု အခြေခံမူပေါ်တွင် ထားရှိပြီး ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်မှု မပြုလုပ်သလို မည်သည့် တတိယဘက်မှ အနှောင့်အယှက်ပြုခြင်းနှင့် ကုန်းချောခြင်းကိုလည်း လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ကိုတွေ့ရသည်။

ဒေသတွင်း အစဉ်အလာပြိုင်ဘက် ဂျပန်နိုင်ငံနှင့် ပတ်သက်၍လည်း တရုတ်ဘက်က သူ့သဘောထားကို ပြောခဲ့သည်။  ချင်ကန်းက ဂျပန်နိုင်ငံအနေဖြင့် လွန်ခဲ့သည့်၄၅နှစ်တုန်းကနှစ်နိုင်ငံကြား “တရုတ်-ဂျပန်ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ်”ကိုချုပ်ဆိုခဲ့ပြီး စာချုပ်အတိုင်းတင်းတင်းကျပ်ကျပ်လိုက်နာကာ ပြောသည့်အတိုင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒုတိယအနေနဲ့သမိုင်းကနေသင်ခန်းစာယူရကြောင်း၊ တစ်ချိန်ကဂျပန်စစ်အာဏာ ရှင်ဝါဒသည် တရုတ်လူမျိုးကိုဆိုးရွားစွာထိခိုက်နစ်နာစေခဲ့ပြီး ယနေ့အချိန်ထိနာကျင်နေဆဲဖြစ်ကာ တရုတ်လူမျိုး များသည် မည်သည့်အချိန်မှမမေ့နိုင်သလို ဂျပန်ဘက်မှလည်းမမေ့သင့်ကြောင်း၊ တတိယအချက်မှာ စည်းမျဉ်း စည်းကမ်းများကိုထိန်းသိမ်းကြောင်း၊ယနေ့ခေတ်နိုင်ငံတကာစည်းမျဉ်းစည်းကမ်းသည် ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲ၏ အောင်မြင်မှုကိုအုတ်မြစ်အဖြစ်အခြေခံ၍ တရုတ်လူမျိုးများသည်စစ်ပြီးခေတ် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းနှင့် နိုင်ငံတကာတရားမျှတမှုကိုစိန်ခေါ်သည့် သမိုင်းပြင်ဆင်ရေးဝါဒကိုမည်သည့်အချိန်မှ လက်ခံမည်မဟုတ်ကြောင်း၊ စတုတ္ထအချက်မှာအပြန်အလှန်အကျိုးရှိစေရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများ၏ မဟာဗျူဟာမြောက် ကိုယ်ပိုင်စီမံခွင့်ကို အားပေးထောက်ခံသလို  ပြည်ပအင်အားစု အရှေ့အလယ်ပိုင်းနိုင်ငံများ ၏ပြည်တွင်းရေးအား စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တရားမျှတမှုကို လက်ကိုင်ထားပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ နိုင်ငံရေးနည်းလမ်းဖြင့် အရေးကြီးကဏ္ဍများအား ဖြေရှင်းခြင်းကို ထောက်ခံအားပေးကြောင်း ၊ တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း နိုင်ငံများ၏အိမ်ရှင် ပင်မနေရာကို အပြည့်အဝလေးစားရာ “လစ်ဟာနေမှု”ကို သွားရောက်ဖြည့်စွက်မည်မဟုတ်သလို အခြားသူအားဖယ်ကြဉ်သော အသိုက်အဝန်းငယ် လုပ်ဆောင်မည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် အရှေ့အလယ်ပိုင်း တည်ငြိမ်အေးချမ်းရေး မြှင့်တင်သူ၊ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သူ၊ စည်းလုံးမှုအင်အား တွန်းအားပေးသူအဖြစ် ဆောင်ရွက်သွားလိုကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံခြားဆက်ဆံမှုရေးရာများနှင့် ပတ်သက်၍ ချင်ကန်းကပြောခဲ့ရာမှာတော့  လူဦးရေသန်း ၁၄၀၀ ကျော် ရှိသည့် နိုင်ငံတစ်နိုင်ငံလုံးခေတ်မီရေးသို့ လျှောက်လှမ်းခြင်းသည် လူသား သမိုင်းတွင် မကြုံစဖူးသော ကြီးမြတ်သည့် ဆောင်ရွက်မှု ဖြစ်ပြီး ကြီးမြတ်သောကမ္ဘာလုံးဆိုင်ရာအဓိပ္ပါယ် ရှိ၍ အနည်းဆုံးနယ်ပယ် ငါးခု၌ ပြသထားကြောင်း၊ ယင်းတို့သည် လွတ်လပ်ပြီးကိုယ်ပိုင်ဆုံးဖြတ်ခြင်း၊ ပြည်သူများကို ထိပ်ဆုံးနေရာ၌ ထားခြင်း၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ခြင်း၊ တံခါးဖွင့်ပြီးသက်ညှာထောက်ထားခြင်းနှင့် သွေးစည်း ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ခြင်းတို့ ဖြစ်ကြောင်း၊ တရုတ်အသွင်ပုံစံခေတ်မီရေးသည် ပြည်သူတစ်ရပ်လုံး အတူ ချမ်းသာသောခေတ်မီရေး ဖြစ်ကြောင်း၊ တရုတ်အသွင်ပုံစံခေတ်မီရေး ဖြစ်စဉ်သည် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် အပြုသဘောဆောင်သောအင်အားများတိုးပွားခြင်းဖြစ်စဉ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိပိုမိုများပြားသော နိုင်ငံများသည် ခေတ်မီရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းကြပြီးလူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးအိပ်မက်ကို အကောင်အထည်ဖော်ဆောင်စေနိုင်မည်ဟု မိမိတို့မျှော်လင့်ပြီးယုံကြည်ပါကြောင်း ပြောခဲ့သည်ကိုတွေ့ရသည်။

အမေရိကန်၏ “အင်ဒို-ပစိဖိတ်ဗျူဟာ”နှင့်စပ်လျဉ်း၍လည်း ချင်ကန်းက အမေရိကန်၏ “အင်ဒို-ပစိဖိတ်ဗျူဟာ”သည် လွတ်လပ်ပွင့်လင်းမှုကို ခေါင်းစဉ်တပ်ပြီး အမှန်တကယ်တွင်မူ အုပ်စုဖွဲ့၍ အခြားသူအား ပိတ်ဆို့ ဖယ်ကြဉ်ရန် အသိုက်အဝန်းငယ်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း၊ ဒေသလုံခြုံရေးထိန်းသိမ်းမှု အမည်တပ်ပြီး အမှန်တကယ်တွင်မူ ထိပ်တိုက်ရင်ဆိုင်မှုများကို နှိုးဆွခြင်း “အာရှ-ပစိဖိတ် NATOပုံစံ” ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးကို အကျယ်ဖွင့်ပြီး အမှန်တကယ်တွင်မူ “အချိတ်အဆက်ကွင်းဆက် ဖြတ်တောက်ပြီး “ ဒေသတစ်သားတည်းဖြစ်စဉ်ကို ဖျက်ဆီးခြင်းသာ ဖြစ်ကြောင်း ၊ “တရုတ်အနီးဝန်းကျင်၌ မဟာဗျူဟာ ပတ်ဝန်းကျင်ပုံဖော်ခြင်း”ဟု အမေရိကန်၏ ပြောကြားနေခြင်းက “အင်ဒို-ပစိဖိတ်ဗျူဟာ”သည် တရုတ်နိုင်ငံကို ဝန်းရံပိတ်ဆို့မည့် ရည်ရွယ်ချက်အမှန်ကို ပေါ်လွင်စေခဲ့ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ ၎င်း၏နောက်ဆုံးရလဒ်မှာ အာဆီယံကိုဗဟိုပြုသော ပွင့်လင်းမှု၊ အားလုံးပါဝင်မှုရှိသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို ရိုက်ခတ်ပြီး ဒေသတွင်းနိုင်ငံများ၏ အလုံးစုံနှင့် ရေရှည်အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်ရာ ရေရှည်လျှောက်လှမ်း၍မရသလို လုပ်ဆောင်၍လည်း မရကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းက ယခုကာလများတွင် အာဆီယံသည် မည်သည့်ပြင်ပအင်အားစု၏ ကိုယ်ပွားလုပ်၍မရသလို နိုင်ငံကြီးအားပြိုင်မှုဝဲဂယက်တွင် နစ်မြုပ်၍မရဟု ဒေသတွင်းနိုင်ငံအများစု ၏ခေါင်းဆောင်များက ပြောကြားခဲ့ကြောင်း၊ အာရှတိုက်သည် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော ပလပ်ဖောင်းဖြစ်သင့်ပြီး ပထဝီ နိုင်ငံရေးအားပြိုင်မှု၏ ကျားကွက်မဟုတ်ကြောင်း ၊ မည်သည့်စစ်အေးတိုက်ပွဲမှ အာရှတိုက်တွင် လုံးဝဖြစ်ပွားခွင့် ပြုမည်မဟုတ်သလို ယူကရိန်းပုံစံ အကျပ်အတည်းကိုလည်း အာရှတိုက်တွင် အလားတူ လုံးဝဖြစ်ပွားခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထိုပြောကြားချက်များကို ထောက်ရှုပါက တရုတ်နိုင်ငံ၏နိုင်ငံခြားရေးဆိုင်ရာမူဝါဒမှာ စီးပွားရေးနှင့် နိုင်ငံတကာအကျပ်အတည်းများကို အာရုံစိုက်ထားပြီး ဒေသတွင်းနိုင်ငံများ၏ ရပ်တည်ချက်ကို  တန်ဖိုးထားသည့် အနေအထားကိုလည်းတွေ့ရသည်။ ပို၍သတိထားမိသည်မှာ တရုတ်နိုင်ငံ၏ စေ့စပ်ဆွေးနွေးသည့် သံတမန်ရေးပင်ဖြစ်သည်။ မကြာသေးမီက တရုတ်နိုင်ငံက ကြားဝင်စေ့စပ်မှုဖြင့် ဆော်ဒီအာရေဗျနှင့် အီရန်တို့ကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သဘောတူညီကြောင်း သမိုင်းဝင်စေ့စပ်ရေးအောင်မြင်မှုကို မတ် ၁၀ ရက်က ကြေညာနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

တစ်ဖက်သက်ပိတ်ဆို့ခြင်းနှင့် ပဋိပက္ခကိုပိုမိုအရှိန်မြင့်စေမည့် လုပ်ဆောင်မှုမျိုးကို တရုတ်နိုင်ငံက တစ်စိုက်မတ်မတ် ရှုတ်ချခဲ့ဆန့်ကျင်ခဲ့သည်ကို တွေ့ရသည်။ တရုတ်နိုင်ငံအနေဖြင့် တစ်ဖက်သက်ပိတ်ဆို့ခြင်း ပြဿနာကို ဖြေရှင်းနိုင်မည့် ပြေလည်စေမည့် လုပ်ဆောင်မှုအဖြစ် မယူဆချေ။ စေ့စပ်ဆွေးနွေးခြင်းဖြင့်သာ ပဋိပက္ခနှင့် အငြင်းပွားမှုကို ပြေလည်လာစေလိမ့်မည်ဟု ခံယူထားသည်ကိုတွေ့ရသည်။

ထို့ကြောင့်လည်း ကမ္ဘာတစ်ဝန်းအကျပ်အတည်းနှင့် ပဋိပက္ခများကို တိုးမြင့်စေနေသည့် ယူကရိန်းသို့ ရုရှားက ဝင်ရောက်ကျူးကျော်ခြင်းပြဿနာကို စားပွဲ၀ိုင်းတွင်ဆွေးနွေးခြင်းဖြင့် စစ်ပွဲရပ်တန့်ရန် တရုတ်ဘက်က အချက် ၁၂ ချက်ဖြင့် မကြာမီက ထုတ်ပြန်ခဲ့သည်။ ထို့အတွက် ထူးခြားသည်က မကြာမီကာလတွင် ရုရှားသို့ တရုတ်သမ္မတရှီကျင့်ဖျင် သွားရောက်မည်ဖြစ်သလို တစ်ဆက်တည်း ယူကရိန်းသမ္မတနှင့် စကားပြောဖို့လည်း ရှိလာနေသည်။ ထိုသည်က တရုတ်သမ္မတရှီကျင့်ဖျင်၏ တတိယသက်တမ်းအတွင်း မြင်သာလာသည့် နိုင်ငံတကာမူဝါဒ အခြေခံဖြစ်သည်။

သို့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ်ချင်ကန်းက မတ် ၇ရက်သတင်းစာရှင်းလင်းပွဲ တရုတ်နိုင်ငံ၏သံတမန်ရေးက အကြင်နာတရားနှင့်စိတ်ကောင်းစေတနာ အပြည့်ရှိသော်လည်း ဝံပုလွေ၏ အတားအဆီး နှင့်အတိုက်အခိုက်ကို ခံရသည့်အခါတွင် တရုတ်သံတမန်များက “ဝံပုလွေနှင့် စီးချင်းထိုး”ပြီး တိုင်းပြည်ကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့ခြင်းမျိုးလည်းရှိခဲ့သေးသည်။ ထို့ကြောင့် ရှီကျင့်ဖျင်၏ တတိယသက်တမ်းတွင် တရုတ်၏ စေ့စပ်ဆွေးနွေးရေးအခြေခံနိုင်ငံတကာဆက်ဆံရေးကို  စောင့်ကြည့်ရဦးမည် ဖြစ်သည်။

လင်းသစ်အောင်