【 နိုင်ငံတကာဆောင်းပါး 】၂၀၂၂ ခုနှစ် ပြည်လုံးဆိုင်ရာ ကွန်ဂရက်အစည်းအဝေးနှင့် တရုတ်လားရာ

【 နိုင်ငံတကာဆောင်းပါး 】၂၀၂၂ ခုနှစ် ပြည်လုံးဆိုင်ရာ ကွန်ဂရက်အစည်းအဝေးနှင့် တရုတ်လားရာ

၂၁ ရာစုကတည်းက လွန့်လူးလာသည့် တရုတ်နိုင်ငံမှာ ၂၁ ရာစုတွင် ကမ္ဘာ့၏ ကဏ္ဍစုံတွင် အင်အားကြီး နိုင်ငံဖြစ်လာသည့်အခါ တရုတ်နိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲမှုမှန်သမျှ ကမ္ဘာက မျက်စိဒေါက်ထောက် ကြည့်လာရသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း တရုတ်နိုင်ငံကို CPC ဟု ကမ္ဘာကသိကြသည့် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်လာသည့်အခါ ကမ္ဘာ့အလယ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍမှာ တရိပ်ရိပ်တိုးတက်လာခဲ့သည်။ မကြာမီနှစ်က  တရုတ်ကွန်မြူုနစ်ပါတီ နှစ်၁၀၀ ပြည့်မြောက်ခဲ့သည်။

နှစ်၁၀၀ ပြည့်မြောက်ခဲ့သည့် နိုင်ငံကြီးတစ်ခုကို ဦးဆောင်သည့်ပါတီ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုမှာ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် စီးပွားရေး၊စစ်ရေးရှုထောင့်အရ ကမ္ဘာ့နိုင်ငံများက စောင့်ကြည့်ရသည့်အနေအထားသို့ ရောက်လာခဲ့သည်။ မကြာသေးမီဆယ်စုနှစ်များအတွင်း ကမ္ဘာ့အခင်းအကျင်းမှာ အပြောင်းအလဲဖြစ်လာသည်။ ဥရောပဗဟိုပြုအခင်းအကျင်းမှ အာရှ-ပစိဖိတ်ဒေသဗဟိုပြုအခင်းအကျင်းဖြစ်လာပြီးနောက် အာရှသည် ကမ္ဘာ့ဗဟိုချက်ဖြစ်လာသည်။အင်အားကြီးနိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံ၏ အလှုပ်အရွေ့တိုင်းမှာ ကမ္ဘာ့ကဏ္ဍစုံကို သက်ရောက်မှုရှိခဲ့ရာ တရုတ်နိုင်ငံကို ဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ အစည်း အဝေးမှာလည်း  နိုင်ငံတကာအတွက် အာရုံစူးစိုက်ထားရသည့် အစည်းအဝေးဖြစ်လာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်က ပေကျင်းမြို့၌ စတင်ကျင်းပခဲ့သည်။ ၅နှစ်တစ်ကြိမ်ကျင်းပသည့် ပါတီ၏ ပြည်လုံး ဆိုင်ရာကိုယ်စားလှယ်များညီလာခံတွင် (၁၉)ကြိမ်မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံက ချမှတ်ထားသည့် လျာထားချက်များကို ပြီးခဲ့သည့် ၅ နှစ်အတွင်းလုပ်ဆောင်ပြီးမြောက်မှုရှိ/မရှိ ပြန် လည်အစီရင်ခံရသလို လာမည့် ၅ နှစ်အတွက် ဘာတွေလုပ်ဆောင်မည်ကိုလည်း  ဆုံးဖြတ်ကြသည်။ ထို့ပြင် ပါတီ၏တာဝန်ရှိသည့် ကော်မတီအသီးသီးတွင် တာဝန်ယူသည့် ပုဂ္ဂိုလ်များအပြောင်းအလဲမှာလည်း ထိုအစည်းအဝေးတွင် ရွေးချယ်ကြသဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံမှာ တရုတ်ပြည်အတွက်ရော ကမ္ဘာအတွက်ပါ အရေးပါလှသည်။ 

အထူးသဖြင့် (၁၉)ကြိမ်မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံတွင် ချမှတ်ခဲ့သည့်  “ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ အသင့်အတင့်ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်း ဘက်စုံတည်ဆောက်ခြင်း” ဆိုသည့် သမိုင်းဝင်တာဝန်ကို ပြီးမြောက်အောင် သမ္မတရှီကျင့်ဖျင်ဦးဆောင်သည့် ဗဟိုကော်မတီဦးဆောင်မှုဖြင့် ပြီးစီးခဲ့သည့်အတွက် ထိုလုပ်ဆောင်ချက်မှာ ကမ္ဘာ့အတွက် အံ့ချီးဖွယ်ဖြစ်ခဲ့သည်။  တရုတ်ကျေးလက်ရှိ ဆင်းရဲနွမ်းပါးသည့်လူဦးရေ သန်း ၁၀၀ နီးပါးကို အသင့်အတင့်ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်းအဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း  ၇ နှစ်နှစ်တာ ကာလတွင် အချိန်မီဘက်စုံတည်ဆောက်ပြီးစီးခဲ့ခြင်းက ကမ္ဘာ့အတွက် တရုတ်ကွန်မြူနစ်ပါတီတွင်းဆုံးဖြတ်ချက်များကို မဖြစ်မနေ စောင့်ကြည့်ရမည့် အနေအထားဖြစ်လာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ လူပေါင်းသန်းရာချီဆင်းရဲနွမ်းပါးမှု ပပျောက်စေသည့် စွမ်းဆောင်ချက်သည် ခေတ်သစ်ကမ္ဘာတွင် မရှိခဲ့ဖူးသည့် စွမ်းဆောင်မှုအဖြစ် နိုင်ငံတကာက ချီးကျူးကြသလို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း အတုယူစရာဖြစ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီအကြိမ် (၂၀) မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံတွင် (၁၉)ကြိမ်မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံကိုယ်စားလှယ်များကိုယ်စား တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်တင်သွင်းသည့် အစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံများအတွက် အကျိုးဖြစ်စေသည့် အချက်များ ပါဝင်ခဲ့သည်။ အစီရင်ခံစာတွင် ရှီကျင့်ဖျင်က တရုတ်နိုင်ငံ၏ ပြည်ပတံခါးဖွင့်သည့် အခြေခံနိုင်ငံမူဝါဒနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် မဟာဗျူဟာကို  မြဲမြံစွာကိုင်စွဲပြီး  တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်ဖြင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်များအဆက်မပြတ် ထောက်ပံ့ပေးကာ တံခါးဖွင့်သော ကမ္ဘာ့စီးပွားရေးပုံစံ တည်ဆောက်မှုကို တွန်းအားပေးမြှင့်တင်လျက်ရှိသည်ဟု ပြောဆိုခဲ့သည်။

လူဦးရေ သန်း ၁၄၀၀ ကျော်ရှိသည့် အလယ်အလတ် စားသုံးသူစျေးကွက်၏ စားသုံးမှုမြင့်တက်လာခြင်း နှင့် စျေးကွက်ဖွင့်ပေးခြင်းက ကိုဗစ်ကြောင့် ကျဆင်းခဲ့သော ကမ္ဘာ့စီးပွားရေးအတွက် သေရေးရှင်ရေးတမျှ အရေး ပါလှသည်။ အဆိုပါ ညီလာခံအပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ကိုဗစ်မူဝါဒဖြေလျော့ခဲ့ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ရက်တွင် ကိုဗစ်စည်းကမ်းချက်အသစ်ချမှတ်ပြီး  နယ်စပ်ဂိတ်များကို ဖွင့်ပေးခဲ့သဖြင့် နှေးကွေး အေးစက်နေသည့် ကမ္ဘာ့စီးပွားရေးနှင့် ယိုင်လဲလုမတတ်ဖြစ်နေသည့် ကမ္ဘာ့စီးပွားရေးမှာ ကောင်းမွန်လာမည့် အရိပ်ယောင်များ ရုတ်ချည်းပေါ်ထွန်းလာခဲ့သည်။ထိုသည်က အကြိမ် (၂၀) မြောက်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံတွင် ရှီပြောခဲ့သည့် အစီရင်ခံစာပါအကြောင်းအရာများထဲမှ အချက်တစ်ချက်၏သက်ရောက်မှုဘဲ ရှိသေးသည်။

ရှီက အဆိုပါညီလာခံတွင် ခေတ်ကိုမျက်ခြေမပြတ်ဘဲ လက်ရှိ ကမ္ဘာကြီး၏အပြောင်းအလဲ၊ ခေတ်၏အပြောင်းအလဲ၊ သမိုင်း၏ အပြောင်းအလဲကိုတင်ပြခဲ့ပြီး ကမ္ဘာ့မှာ ယခင်က မကြုံခဲ့ဖူးသည့်ပုံစံဖြင့်ပြောင်းလဲနေပြီး လူသားနှင့် လူ့အဖွဲ့အစည်းသည်လည်း မကြုံခဲ့ဖူးသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်းပြောခဲ့သည်။

ထို့ပြင်ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုတွင်လည်း ပြည်ပတွင်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားစီမံကိန်း အသစ်ထပ်မဆောက်ဟု ကတိပေးခဲ့ကာ ၂၀၆၀ ပြည့်နှစ်မတိုင်ခင် ကာဗွန်စွန့်ထုတ်မှု သုည ဖြစ်အောင် ကြိုးပမ်းမည်ဟု ကြေညာခဲ့ပြီး ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ စီမံခန့်ခွဲမှုတွင် ဦးဆောင်နိုင်ငံ နေရာကတက်ကြွစွာတာဝန်ယူခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင့် တာဝန်ယူခဲ့သည့် ဆယ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ တိုးတက်ဖြစ်ထွန်းမှုက ကြီးမားလှသည်။ စီးပွားရေးတွင် ၂၀၁၂ ခုနှစ်က ယွမ် ၅၃ဒသမ၉ ထရီလီယံ ရှိရာမှ ၂၀၂၁ ခုနှစ်တွင် ယွမ် ၁၁၄ဒသမ၄ ထရီလီယံအထိ တိုးတက်လာခဲ့ရာ ယခင်က ကမ္ဘာ့စီးပွားရေးအချိုးအစား၏ ၁၁ဒသမ၃ရာခိုင်နှုန်း ရှိရာမှ ၁၈ရာခိုင်နှုန်းကျော်အထိ တိုးလာခဲ့သဖြင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုတွင်လည်း ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုအညွန်းကိန်းအဆင့် သတ်မှတ်ချက်တွင် လွန်ခဲ့သည့်ဆယ်နှစ်က အဆင့် ၃၄ တွင်ရှိရာမှ ယခုအခါ အဆင့် ၁၂ သို့ တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ကြီးမားသော အကျိုးကျေးဇူးများ ဖြစ်စေ ခဲ့သည်။

အကြိမ် (၂၀) မြောက်ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များ ညီလာခံတွင် အနာဂတ် ၅ နှစ်မှသည် ပိုမို ရှည်လျားသောကာလအထိ ပါတီနှင့် နိုင်ငံတော်၏ လုပ်ငန်းများဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် တာဝန် များနှင့် အရေးကြီးမူဝါဒလမ်းညွှန်မှုများကို သိပ္ပံနည်းကျ စီမံရေးဆွဲကာ တရုတ်ပြည်သူများအား တရုတ်အမျိုးသား ပြန်လည်ရှင်သန်နိုးထရေးဟူသည့် တရုတ်အိပ်မက်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်ကြရန် လမ်းညွှန်မှုများ ပေးအပ်ခဲ့သည်။

ညီလာခံတွင် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွင်း ဖြစ်ထွန်းခဲ့သည့် အရေးပါအောင်မြင်မှုများနှင့် အဖိုးတန်အတွေ့အကြုံများကို ဘက်စုံခြုံငုံသုံးသပ်ပြီး ခေတ်သစ်၊ ခရီးစဉ် သစ်တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်အသစ်များ၊ ပြည်သူလူထု၏ မျှော်မှန်းချက်အသစ်များကို အပြည့်အဝဆုပ်ကိုင်ကာ လုပ်ဆောင်ချက်လမ်းစဉ်များနှင့် မူဝါဒလမ်းညွှန်မှုများကို ချမှတ်ခဲ့သည်ကိုတွေ့ရသည်။  တရုတ်နိုင်ငံသည် တရုတ်ပုံစံဖြင့် ခေတ်မီစွာအကောင်အထည်ဖော်ဆောင်ရေးကို ကိုင်စွဲပြီး အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ဆက်လက်၍ တက်တက်ကြွကြွ မြှင့်တင် ဆောင်ရွက်ရန်၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအသစ်များဖြင့် ကမ္ဘာကြီးထံသို့ အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားယဉ်ကျေးမှု တိုးတက်ထွန်းကားရေးအတွက် ဉာဏ်ပညာနှင့် ခွန်အားများ ပံ့ပိုးပေးရန် ဆုံးဖြတ်ခဲ့သည်ကိုတွေ့ရသည်။

လာမည့်နှစ်များတွင် တရုတ်နိုင်ငံသွားမည့်လမ်းကြောင်းကို အကြိမ် (၂၀) မြောက်ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် ထင်ရှားစွာကမ္ဘာကမြင်ခဲ့ရသည်။ ဖွံ့ဖြိုးတိုးတက်မှုကို မျှဝေကာ အေးအတူပူ အမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ဦးတည်ပြီး ငြိမ်းချမ်းသော ကမ္ဘာဖြစ်ရေးကို စိတ်ရည်သန်ထားသည်ကို တွေ့ရလေသည်။

 

 လင်းသစ်အောင်