【 နိုင်ငံတကာဆောင်းပါး 】“ကိုဗစ်အလွန် တရုတ်ခရီးသွားကဏ္ဍလည်ပတ်မှု”

【 နိုင်ငံတကာဆောင်းပါး 】“ကိုဗစ်အလွန် တရုတ်ခရီးသွားကဏ္ဍလည်ပတ်မှု”

Covid-19 လွန်ကာလတွင် တရုတ်နိုင်ငံ၏ ခရီးသွားကဏ္ဍ ပြန်လည်ကောင်းမွန်လာမှုနှင့် ပတ်သက်၍ အကောင်းမြင်မှုမှာ မှန်ကန်ကြောင်း အချိန်တိုအတွင်း သိသာထင်ရှားလာမှုအဖြစ် ဟိုတယ်၊ လေကြောင်းလိုင်းနှင့် ခရီးသွားလုပ်ငန်းတို့ အနေဖြင့် ၎င်းတို့ ထုတ်ပယ်ရပ်နားလိုက်သော ဝန်ထမ်းအားလုံးကို ပြန်လည်ငှားရမ်းရတော့မည့်အခြေအနေကို ရောက်လာနေပြီ ဖြစ်သည်။

ကိုဗစ်မဖြစ်ခင်က ၂၀၂၀ခုနှစ်က ခရီးသွားကဏ္ဍတွင် လူသန်း ၃၀ ခန့် အလုပ်ခန့်ထားမည်ဟု ခန့်မှန်းထားသည့် အဆိုပါ လုပ်ငန်းကဏ္ဍမှာ ကိုဗစ်ကြောင့် ၉၈ ရာခိုင်နှုန်းသော အလုပ်သမားများကို စွန့်လွှတ်ခဲ့ရကြောင်း ၂၀၂၂ ခုနှစ် မေလတွင် တရုတ်စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးအသင်းချုပ်မှ ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ သိရသည်။

ခရီးသွားကဏ္ဍမှ ဝန်ထမ်းဟောင်းအများအပြားသည် အခြားစက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်များရရှိထားသောကြောင့် လွန်ခဲ့သည့် သုံးနှစ်အတွင်းဝန်ထမ်းများ ဆုံးရှုံးရသည့် အလုပ်များအနေဖြင့် တဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာသည့် ခရီးသွားလုပ်ငန်းအတွက် အကျပ်အတည်းတွေ့ဖို့များလာနေသည်။ ထိုသည်က တရုတ်ခရီးသွားကဏ္ဍဖွံ့ဖြိုးလာမှုကို ထင်ထင်ရှားရှားပြနေခဲ့သည်။

ပြီးခဲသည့်နှစ် ဒီဇင်ဘာက စတင်ကာဖြေလျော့ခဲ့သည့် ကိုဗစ်စည်းကမ်းများနှင့် မူဝါဒများကြောင့် ယခုနှစ် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံ၏ ခရီးသွားအရေအတွက်မှာ ဆောင့်တက်သွားခဲ့သည်။ Trip.com ၏အဆိုအရ နိုင်ငံအတွင်း၌ တည်းခိုရန်နေရာနှင့် နံနက်စာအတွက် ကြိုတင်မှာယူမှုသည် ယခင်နှစ်ကထက် နှစ်ဆပိုများလာပြီး ဆွဲဆောင်မှုရှိသောနေရာများအတွက် လက်မှတ်ရောင်းချမှုမှာ ငါးဆကျော် တိုးလာသည်ဟု သိရသည်။

အဆိုပါ လေးရက်အတွင်း ဟိုတယ်နှင့် အခြားခရီးသွားလုပ်ငန်းများအတွက် ကြိုတင်မှာယူမှုများသည် ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် အလားတူကာလတွင် မြင်တွေ့ရသည့် အဆင့်ထက် ကျော်လွန်သွားကြောင်း ခရီးသွားဘွတ်ကင်ဆိုဒ်မှ အခိုင်အမာဆိုထားသည်။

တရုတ်နိုင်ငံတွင် ခရီးသွားလာမှု မြင့်တက်လာခြင်းသည် လွန်ခဲ့သည့်သုံးနှစ်အတွင်း ခရီးသွားလုပ်ငန်း ကျဆင်းမှုမှ ပြန်လည်နာလန်ထူလာရန် လမ်းကြောင်းပေါ်တွင် ပြန်ရောက်ကာ ကောင်းမွန်စွာလည်ပတ်နေပြီဆိုသည်ကို ယခုအခါတွင် သဲသဲကွဲကွဲမြင်နိုင်ပြီ ဖြစ်သည်။

ဇန်န၀ါရီလ ၈ ရက်နေ့မှစပြီး ယခုအချိန်အထိ ပြည်တွင်းခရီးသွားနေ့စဉ်ခရီးစဉ်များသည် လွန်ခဲ့သည့် နှစ်ကထက် ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

တရုတ်နှစ်သစ်ကူးအားလပ်ရက်၏ ပထမလေးရက်အတွင်း ပြည်မကြီးမှ နိုင်ငံရပ်ခြားသို့ ခရီးသွားရန် လေယာဉ်ကြိုတင်မှာယူမှုများသည် လွန်ခဲ့သည့်တစ်နှစ်ထက် လေးဆတိုးလာကာ သက်ဆိုင်ရာဟိုတယ် ကြို တင်မှာယူမှု နှစ်ဆတိုးလာသည်ဟု Trip.comဆိုသည်။

Covid မတိုင်မီနှစ်များတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံတကာခရီးသွားများအတွက် အရေးအကြီးဆုံး အရင်းအမြစ်ဖြစ်သည်။ ၎င်း၏ခရီးသွားဧည့်သည် ၁၅၅ သန်းသည် ၎င်း၏နယ်စပ်ကိုကျော်လွန်ပြီး ၂၀၁၉ ခုနှစ်တွင် ဒေါ်လာတစ်ထရီလီယံ၏လေးပုံတစ်ပုံကျော်ကို ကမ္ဘာတစ်ဝန်း သုံးစွဲခဲ့သည်။တရုတ်နိုင်ငံက ကိုဗစ်စည်းကမ်း ကန့်သတ်ချက်မူဝါဒသစ်ကြောင့် ၎င်း၏နယ်နိမိတ်များကို သုံးနှစ်အတွင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် သန်းနှင့်ချီသော တရုတ်ကမ္ဘာလှည့်ခရီးသည်များသည် ကမ္ဘာစင်မြင့်သို့ ပြန်လည်ရောက်ရှိရန် အဆင်သင့်ဖြစ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ဧည့်ဝတ်ပြုမှုလုပ်ငန်းအတွက် ပြန်လည်ဦးမော့လာရန် မျှော်လင့်ချက်များ မြင့်တက်လာစေသည်။

တရုတ်သို့လည်း နိုင်ငံတကာခရီးသွားများလာရောက်သည် ကပ်ရောဂါအကြိုအဆင့်သို့ ချက်ခြင်းပြန်မရောက်နိုင်သော်လည်း တရုတ်ခရီးသွားများကို အားကိုးသောကုမ္ပဏီများ၊ စက်မှုလုပ်ငန်းများနှင့် နိုင်ငံများ သည် ၂၀၂၃ ခုနှစ်တွင် တိုးတက်မှုရရှိလိမ့်မည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများကဆိုခြင်းက တရုတ်ခရီးသွားများမှာ  ကမ္ဘာ့ခရီးသွားကဏ္ဍ၏ အရေးပါသော နေရာတွင်ရှိနေခြင်းကို ပြနေသည်။

တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် တစ်လလျှင် ပျမ်းမျှပြည်ပလေကြောင်းခရီးသည် ၁၂သန်းခန့်ရှိခဲ့သည်။ စီးပွားရေးကျွမ်းကျင်သူများက ယခုနွေရာသီတွင် တစ်လလျှင် ၆ သန်းခန့် ပြန်ရှိလာမည်ဟု ခန့်မှန်းခဲ့ သည်။ ယခုနှစ် နှစ်သစ်ကူး အားလပ်ရက်အတွင်း နိုင်ငံရပ်ခြား ခရီးသွားများအတွက် ကြိုတင်စာရင်းသွင်းမှုများသည် လွန်ခဲ့သည့်တစ်နှစ်ထက် ၅၄၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းက ကမ္ဘာ့စီးပွားရေးခန့်မှန်းသူများကို အထိတ်တလန့် ဖြစ်စေခဲ့သည်အထိ အတွက်အချက်ကို ခန့်မှန်းချက်များလွဲစေခဲ့ရသည်။

ထို့ကြောင့် IMF သည် ၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏ တိုးတက်မှုနှုန်းကို ၃ % သို့ လျှော့ချပြီးနောက် အောက်တိုဘာလ ခန့်မှန်းချက်တွင် ၄.၄% မှ ၅.၂% သို့ IMF မှ ပြန်လည်ပြင်ဆင်ခဲ့ရသည်။

တရုတ်ခရီးသွားများ ကမ္ဘာအနှံ့ပြန်ထွက်လာပါက ခရီးသွားပြန်လည်ကောင်းမွန်လာမှုအကျိုးကို အာရှ-ပစိဖိတ်ဒေသတွင် သြစတြေးလျ၊ ထိုင်း၊ ဂျပန်၊ဟောင်ကောင်နှင့် အမေရိကန်၊ ဗြိတိန်တို့ ရရှိမှာဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အခြားနေရာများတွင် ကမ္ဘောဒီးယား၊ မောရစ်ရှပ်၊ မလေးရှား၊ ထိုင်ဝမ်၊ မြန်မာ၊ သီရိလင်္ကာ၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်တို့သည်လည်း တရုတ်ခရီးသွားများ ပြန်လာမှုမှ အကျိုးအမြတ်ရဖွယ်ရှိကြောင်း Capital Economics ၏ သုတေသနပြုချက်အရ သိရသည်။

မတ်လ ၁၅ ရက်နေ့မှစ၍ တရုတ်နိုင်ငံသားများ အဖွဲ့လိုက်ပြည်ပခရီးသွားနိုင်သည့် နိုင်ငံအရေအတွက် တိုးလာပြီး၊ ပြည်ပသို့ ခရီးလှည့်လည်ရန် ကောင်းမွန်သော အခြေအနေ တစ်ဆင့်တက်ဖန်တီးပေးထားကြောင်း မတ် ၁၄ ရက်က ပြုလုပ်ခဲ့သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်ကပြောခဲ့သည်။

ထိုခရီးသွားတိုးတက်မှုကြောင့် ပြည်တွင်းစားသုံးမှုတက်လာကာ လုပ်ငန်းလည်ပတ်မှု အားကောင်းလာခဲ့သည်။ မတ်လမှစတင်၍ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပြန်လည်ဦးမော့လာသည့် လက္ခဏာများ ပြသပြီး နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများသည် ယခုနှစ်အတွင်း ၎င်းတို့၏လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်မှုအပြည့်ရှိလာကြသည်။ ဇန်န၀ါရီလမှ ဖေဖော်ဝါရီလအတွင်း စက်မှုအထွက်နှုန်းသည် အစောပိုင်းနှစ် ကထက် ၂.၄% ပိုများခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

တရုတ်အမျိုးသား စာရင်းအင်းဌာနမှ မတ်လ ၁၅ရက်နေ့က ထုတ်ပြန်သော စာရင်းများအရ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် အာဏာပိုင်များ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ၂ရပ်ကို ပိုမိုကောင်းမွန်စွာ ထည့်သွင်းစဉ်းစားပြီး အရည်သွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးရေး၊ အလုပ်အကိုင် နေရာချထားမှုကို အာမခံပေးရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းများကို အဓိကထား ကောင်းမွန်စွာ ဆောင်ရွက်ခဲ့သဖြင့် ဒေသအသီးသီးနှင့် လုပ်ငန်းဌာန အသီးသီးတို့သည် စီးပွားရေးသည် တည်ငြိမ်လာပြီး ပြန်လည် တိုးတက်လာကြောင်း ထုတ်ပြန်ခဲ့သည်။

စာရင်းအချက်အလက်များအရ ယခုနှစ်ပထမနှစ်လတွင် လက်လီရောင်းချမှုသည် ယခင်နှစ်ကထက် ၃.၅% ခုန်တက်သွားခဲ့သည်။ ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း ၀င်ငွေမှာ ယခင်နှစ်ကထက် ၉.၂% တိုးလာခဲ့သည်။ ပထမသုံးလပတ်ပြည်တွင်းအသားတင်ထုတ်ကုန်သည် အစောပိုင်းနှစ်ထက် ၃.၆% တိုးလာမည်ဟု ခန့်မှန်းထားသည်။ ပထမနှစ်လတွင် ပုံသေရင်းနှီးမြှုပ်နှံမှုသည် ယခင်တစ်နှစ်ထက် ၅.၅% ပိုများခဲ့သည်။ထို့ကြောင့် တရုတ်အစိုးရ၏ အနိမ့်ဆုံးနှစ်အလိုက် တိုးတက်မှုနှုန်းကို ၅% ခန့် ချမှတ်ထားခဲ့မှုက ပြည်မီဖို့ များခဲ့သည်။ထိုသည်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ချမှတ်ခဲ့သည့် ကိုဗစ်စည်းမျဉ်းမူဝါဒသတ်မှတ်ချက် အသစ်ကြောင့် ဖြစ်လေသည်။

လင်းသစ်အောင်