【 နိုင်ငံတကာဆောင်းပါး 】“၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်နှင့် ပတ်သက်သည့်အချက်များ ”
တိုကျို နွေရာသီအပြီးတွင် ကပ်ရောဂါကြားတွင် ကျင်းပသော ဒုတိယမြောက် အိုလံပစ်ဖြစ်သော ဆောင်းရာသီအိုလံပစ်ကို ပေကျင်းတွင် ယနေ့ ကျင်းပမည်ဖြစ်သည်။
ပေကျင်းသည် ၂၀၀၈ ခုနှစ်၌ နွေရာသီ အိုလံပစ် လက်ခံကျင်းပခဲ့သောကြောင့် ဆောင်းရာသီနှင့် နွေရာသီ အိုလံပစ် နှစ်ခုစလုံး လက်ခံကျင်းပနိုင်သည့် ပထမဆုံးမြို့ဖြစ်လာပြီး ပြီးခဲ့သောလတွင် ပွဲစီစဉ်သူများက ပြင်ဆင်မှုများသည် စီစဉ်ထားသည့်အတိုင်း အောင်မြင်လျက်ရှိသည်ဟု ဖော်ပြခဲ့သည်။
သို့သော် ပြီးခဲ့သော နွေရာသီ အိုလံပစ်တွင် ကိုဗစ်-၁၉ စည်းမျဉ်းများကို ပြိုင်ပွဲမတိုင်မီကတည်းက တင်းကျပ်ခဲ့ပြီး ယခုအခါတွင်လည်း ကိုဗစ်မှ ကာကွယ်ရေး အလုံပိတ်စနစ်တစ်ခု တည်ရှိနေခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖွင့်ပွဲကျင်းပပြီး ၂၀ ရက်နေ့အထိ ကြာမြင့်မည့် ဆောင်းရာသီ အိုလံပစ်တွင် ပြိုင်ပွဲပေါင်း ၁၀၉ ပွဲ၌ အားကစားသမားပေါင်း ၃ထောင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပေကျင်းတွင် ဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို မတ်လ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ လက်ခံကျင်းပမည် ဖြစ်သည်။
ကပ်ရောဂါအကြား ပြိုင်ပွဲအတွက် စီစဉ်မှုများ
အိုမီခရွန်မျိုးကွဲ ပျံ့နှံ့နေချိန်တွင် ပွဲစီစဉ်သူများသည် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ကို အနီးကပ် စောင့်ကြည့်ခြင်း စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။
ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သော ပြိုင်ပွဲလမ်းညွှန်စာအုပ်အရ အနီးကပ်စောင့်ကြည့်ခြင်းစနစ်တွင် ခန်းမများ၊ တရားဝင် ဟိုတယ်များနှင့် သယ်ယူပို့ဆောင်ရေးစနစ်များကို ဖုံးလွှမ်းမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးအပြည့်အဝ ထိုးထားသော ပြိုင်ပွဲဝင်များသည် ကွာရန်တင်းဝင်စရာမလိုဘဲ အနီးကပ်စောင့်ကြည့်ရေး စနစ်သို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကာကွယ်ဆေးမထိုးထားသူများသည် ပေကျင်းသို့ ရောက်ရှိပြီးနောက် ၂၁ ရက် ကွာရန်တင်း ဝင်ရမည်ဖြစ်သည်။
တစ်ဦးချင်းစီအလိုက် ဆုံးဖြတ်မည့် ကျန်းမာရေးအရ ကင်းလွတ်ခွင့်ကို ကာကွယ်ဆေးမထိုးထားသူများ အတွက် ခွင့်ပြုပေးနိုင်မည်ဖြစ်သည်။ အမေရိကန်နှင့် ကနေဒါကဲ့သို့သော အချို့သော နိုင်ငံများအတွက်မူ အသင်းဝင်များအားလုံး မဖြစ်မနေ ကာကွယ်ဆေးထိုးရမည်ဖြစ်သည်။
ပြိုင်ပွဲတစ်လျှောက်တွင် ပြိုင်ပွဲဝင်များသည် နေ့စဉ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပိုးစစ်ဆေးခြင်းများကို ခံယူရမည်ဖြစ်ပြီး အများပြည်သူနှင့် ထိတွေ့ခွင့် မရှိပေ။
“အနီးကပ်စောင့်ကြည့်တဲ့စနစ်က လုံခြုံပါတယ်။ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့အပြင် နေ့စဉ် စစ်ဆေးမှုတွေရှိနေပြီး အနီးကပ်စောင့်ကြည့်နေတာကြောင့် အခြားနေရာတွေနဲ့တော့ ခြားနားပါလိမ့်မယ်” ဟု နိုင်ငံတကာအိုလံပစ်ကော်မတီမှ အိုလံပစ်ပွဲများလည်ပတ်ရေး ညွှန်ကြားရေးမှူး ပီရဲ ဒူခရေးက ဆိုသည်။
“အနီးကပ်စောင့်ကြည့်ခြင်းလို့ ပြောရတာက ဒီစနစ်ရဲ့ အပြင်က လူတွေနဲ့ အတွင်းက လူတွေကြားမှာ ထိတွေ့မှုရှိမှာ မဟုတ်ဘူး။ အပြင်ဘက်ကရော အတွင်းဘက်က လူတွေအကုန်လုံးကို ကာကွယ်ဖို့ ပြုလုပ်ထားတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိပါက ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ဘဲ လက္ခ ဏာပြသူများသည် သတ်မှတ်ထားသော ဆေးရုံများတွင် ကုသမှုခံယူရမည်ဖြစ်ပြီး လက္ခဏာမပြသောသူများကို သီးသန့်ခွဲထားရာနေရာသို့ ရွှေ့ပြောင်းမည်ဖြစ်သည်။
ပြီးခဲ့သောလတွင် ပွဲကျင်းပရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟွမ်ချန်းက ပြိုင်ပွဲသည် တရုတ်သို့ ကိုဗစ်ကူးစက်မှုများ သို့မဟုတ် သေးငယ်သော ကူးစက်ပျံ့ပွားမှုကို ယူဆောင်လာနိုင်ကြောင်း ပြောခဲ့ပြီး ပြည်ပမှ လူများ အများအပြား ရောက်လာခြင်းသည် ကူးစက်မှုအတွက် ကြီးမားသော အန္တရာယ်ရှိနေကြောင်း ပြောခဲ့သည်။
ကပ်ရောဂါတစ်လျှောက်တွင် တရုတ်သည် အကြီးအကျယ် စစ်ဆေးခြင်း၊ ကွာရန်တင်းလိုအပ်ချက်များ ချဲ့ထွင်ခြင်း၊ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ့ရှိသည်နှင့် လော့ဒေါင်းချခြင်းတို့ဖြင့် ကိုဗစ်သုည မူဝါဒကို အကောင်အထည်ဖော်လျက်ရှိသည်။
ပရိသတ်များ
ကပ်ရောဂါကြောင့် ပွဲလက်မှတ်များကို အများပြည်သူထံ ရောင်းချမည်မဟုတ်ဘဲ အာဏာပိုင်များက ဖြန့်ဝေမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဘေကျင်းဆောင်းရာသီအိုလံပစ် ပွဲစီစဉ်ရေး ကော်မတီက ကြေညာခဲ့သည်။
“အိုလံပစ်တွင် ပါဝင်သူများနှင့် ပရိသတ်များ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို ဦးစားပေးထားသည့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အခြေအနေတွေအရ လက်မှတ်များရောင်းချမည့် မူလအစီအစဉ်ကို ပြောင်းလဲခဲ့ရပါတယ်” ဟု ကော်မတီက ဆိုသည်။
တက်ရောက်မည့် ပရိသတ်များသည် ပြိုင်ပွဲသို့ မလာရောက်မီနှင့် ထွက်ခွာချိန်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးထိန်းချုပ်ရေး စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာရမည်ဖြစ်သည်။
ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဘေကျင်း၌ အိုမီခရွန်မျိုးကွဲ ကူးစက်မှု စတင်တွေ့ရှိပြီးနောက် ထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ခန်းမများ
တရုတ်မြို့တော် ပေကျင်းသည် ပြိုင်ပွဲများကို တရားဝင်လက်ခံကျင်းပမည့် မြို့တော်ဖြစ်သော်လည်း ခန်းမများသည် ပေကျင်းအပြင် ပေကျင်း၏ အနောက်မြောက်ဘက် ၇၅ ကီလိုမီတာ အကွာတွင်ရှိသော တောင်တန်းခရိုင် ယန်ကျင်းနှင့် နှင်းလျှောစီးခြင်းကျင်းပမည့် ကျန်ကျားခေါင်တို့တွင်ပါ တည်ရှိသည်။
ခန်းမ ၁၃ ခုအနက် အမျိုးသား အရှိန်ဖြင့် စကိတ်စီးခြင်း ဘဲဥပုံခန်းမကို ပေကျင်းတွင် အသစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အခြားသော ခန်းမများကို ပြိုင်ပွဲအတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
The Bird's Nest ဟု ရည်ညွှန်းကြသော ပေကျင်းအမျိုးသားအားကစားကွင်းတွင် ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည်။
နေရာသုံးနေရာစလုံးတွင် အိုလံပစ်ကျေးရွာ တစ်ခုစီရှိပြီး အားလုံးကို အသစ်တည်ဆောက်ထားသော အတွင်းပိုင်း ရထားလမ်းဖြင့် ဆက်သွယ်ထားသည်။
အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ်၏ လာဘ်ကောင်များ
ဆောင်းရာသီအိုလံပစ်အတွက် လာဘ်ကောင်မှာ နှင်းဖြင့် ပြုလုပ်ထားသော ဝတ်စုံပြည့် ဝတ်ဆင်ထားသော ပန်ဒါဖြစ်သည့် ပင်းဒန်ဒန် ဖြစ်ပြီး မသန်စွမ်းအိုလံပစ်အတွက် လာဘ်ကောင်မှာ တရုတ် မီးအိမ်ကို ကလေးငယ် အဖြစ် ပုံဖော်ထားသည့် ရွှေးရွမ်ရွမ် ဖြစ်သည်။
ပင်းသည် တရုတ်တွင် ရေခဲဟု အဓိပ္ပာယ်ရပြီး ဒန်ဒန်မှာ ကလေးဟူသော အဓိပ္ပာယ်ဖြစ်သည်။ ပင်းဒန် ဒန်ကို ကမ္ဘာတစ်လွှားမှ အဆိုပြုလွှာ ၅,၈၀၀ မှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဝတ်စုံဒီဇိုင်းမှာ တရုတ်၏ အမျိုးသားတိရစ္ဆာန်ဖြစ်သော ပန်ဒါကို စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်းများ ပြုလုပ်နိုင်ရန် ပုံဖော်ထားခြင်းဖြစ်သည်။
မသန်စွမ်းအိုလံပစ် ဝက်ဆိုက်ဒ်၏ အဆိုအရ ရွှေးသည် နှင်းဟု အဓိပ္ပာယ်ရသော တရုတ်စကားလုံးနှင့် အသံထွက် ဆင်တူပြီး ရွမ်သူ “အားလုံးပါဝင်ခြင်း” ဟူသော အဓိပ္ပာယ်ဖြစ်သလို “အရည်ပျော်စေပြီး နွေးထွေး စေခြင်း” ဟူ၍လည်း အဓိပ္ပာယ်ရကြောင်း သိရသည်။
နိုင်ငံရေးအရ အငြင်းပွားမှု
အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ဗြိတိန်တို့သည် ဆောင်းရာသီအိုလံပစ်ကို သံတမန်ရေးအရ သပိတ်မှောက်ကြောင်း ကြေညာခဲ့သည်။
ဆိုလိုသည်မှာ ထိုနိုင်ငံများမှ အားကစားသမားများသည် ပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်သော်လည်း အစိုးရ တာဝန်ရှိသူများ တက်ရောက်မည် မဟုတ်ခြင်းဖြစ်သည်။
ဒီဇင်ဘာလတွင် အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ဂျန်း ပက်စကီက သပိတ်မှောက်ခြင်းသည် တရုတ်၏ ရှင်ကျန်းဒေသတွင် လူမျိုးတုန်းသတ်ဖြတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေမှုများအား ပြတ်သားစွာ ဆန့်ကျင်ကြောင်း သတိစကားဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ ရှင်ကျန်းဒေသတွင် တရုတ်က ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် ဘာသာရေးအစွန်းရောက်မှုများ နှိမ်နင်းရေးအတွက် အသက်မွေးဝမ်းကြောင်း လေ့ကျင့်ရေးစင်တာများဟု အမည်တပ်ထားသော စခန်းများတွင် ဝီဂါနှင့် အခြားမူစလင်ပေါင်း ၂ သန်းခန့်သည် ထိန်းသိမ်းခံထားရကြောင်း သိရသည်။
အမေရိကန်၏ သံတမန်ရေးအရ သပိတ်မှောက်ခြင်းကို ကြေညာအပြီးတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက အရေးပါသော နယ်ပယ်များတွင် တရုတ်-အမေရိကန် ဆွေးနွေးခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းကို မထိခိုက်စေရန် အမေရိကန်အနေဖြင့် အားကစားတွင် နိုင်ငံရေး ဆက်နွယ်နေခြင်းနှင့် သံတမန် ရေးရာအရ သပိတ်မှောက်ခြင်းကို ရပ်တန့်သင့်ကြောင်း ပြောခဲ့သည်။
အားကစားသမားများအတွက် အငြင်းပွားမှုများကြောင့် အကျပ်ရိုက်မှုများ ဖြစ်စေသည်။ ပြီးခဲ့သောနှစ်တွင် အမေရိကန် နှင်းလျှောစီး ကြယ်ပွင့်ဖြစ်သော မိုက်ကယ်လာ ရှီဖရင်းက “လူ့အခွင့်အရေး၊ ကိုယ်ကျင့်တရား နဲ့ ကိုယ့်အလုပ်ကိုယ်လုပ်တာ ကြားထဲက ရွေးချယ်ရတဲ့ အနေအထားမျိုး မရောက်ချင်ဘူး” ဟု ဆိုခဲ့သည်။
စောင့်ကြည့်ရမည့် အားကစားသမားများ
ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် တောင်စောင်းနှင်းလျှောစီးခြင်း ကမ္ဘာ့ဖလားတွင် ပြန်လည်ပါဝင်လာသော ရှီဖရင်းသည် ပေကျင်းတွင် ပါဝင်ယှဉ်ပြိုင်မည့် ထိပ်တန်းအားကစားသမားများအနက် တစ်ဦးဖြစ်သည်။ တောင်ကိုရီးယား ဖြောင်ချန်းဆောင်းရာသီအိုလံပစ်တွင် ရှီဖရင်းသည် ပွဲအမျိုးအစားနှစ်ခုတွင် ရွှေတံဆိပ်နှင့် ငွေတံဆိပ်တို့ ရရှိခဲ့သည်။
အမေရိကန်အသင်းမှ ရင်းနှီးနေသော ကစားသမားများမှာ နောက်ဆုံးအိုလံပစ်အဖြစ် ပါဝင်မည့် နှင်းလျှောစီး ကစားသမား ရှောင်းဝိုက်ထ်၊ ၂၀၁၈ ခုနှစ်တွင် နှင်းလျှောစီးခြင်း၌ အိုလံပစ် ရွှေတံဆိပ် ဆွတ်ခူးနိုင်သည့် အသက်အငယ်အဆုံး အမျိုးသမီးဖြစ်သည့် ကလိုဝီ ကင် နှင့် နာမည်ကျော် သရုပ်ပြစကိတ်စီးသမား နေသန်ချန်း တို့ဖြစ်သည်။
သရုပ်ပြစကိတ်စီးခြင်းတွင် ရွှေတံဆိပ် နှစ်ကြိမ် ရရှိထားသော ဂျပန်မှ ယူဇူရူ ဟန်ယူသည် တတိယအကြိမ် ရွှေတံဆိပ်အတွက် ချန်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အကောင်းဆုံး အလွတ်တန်းနှင်းလျှောစီးသမားအဖြစ် သတ်မှတ်ခံရသော မိုက်ကယ် ကင်းစ်ဘာရီလည်း ပေကျင်း အိုလံပစ်တွင် ပါဝင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ချန်ပီယံဆုကို ကာကွယ်သွားမည်ဖြစ်သည်။
တရုတ်သည် နွေရာသီအိုလံပစ်နှင့် ယှဉ်လျှင် ဆောင်းရာသီအိုလံပစ်တွင် လွှမ်းမိုးမှုနည်းပါးပြီး ၂၀၁၈ ခုနှစ် က ဆုတံဆိပ် ကိုးခု ဆွတ်ခူးခဲ့သည်။
အိမ်ရှင်နိုင်ငံ၏ ရွှေတံဆိပ်အတွက် အကောင်းဆုံး မျှော်လင့်ချက်များအနက်တစ်ဦးမှာ အမေရိကန်ဖွား အလွတ်တန်း နှင်းလျှောစီးသမား အီလန် ဂူ ဖြစ်သည်။
အားကစားအချက်အလက်များ ကောက်ခံသော ကုမ္ပဏီ Gracenote ၏ အဆိုအရ နိုင်ငံဖြတ်ကျော် နှင်းလျှောစီးခြင်းတွင် ထူးချွန်သော အားကစားသမားများရှိရာ နော်ဝေးသည် ဆုတံဆိပ် ၄၅ ခုဖြင့် ထိပ်တန်းတွင် ရပ်တည်နိုင်ပြီး ရုရှားက ၃၂ ခု၊ ဂျာမနီက ၂၅ ခုနှင့် အမေရိကန်နှင့် ကနေဒါတို့က ၂၂ ခုစီ ရရှိနိုင်သည်ဟု ခန့်မှန်း ထားသည်။
မြောက်ကိုရီးယားက မတက်ရောက်ရခြင်း အကြောင်းအရင်း
ပေကျင်းအိုလံပစ်သို့ အားကစားသမားများ စေလွှတ်မည်မဟုတ်ကြောင်း ကြေညာခဲ့သော နိုင်ငံတစ်ခုမှာ မြောက်ကိုရီးယားဖြစ်သည်။
အစိုးရသတင်းဌာန KCNA ၏ အဆိုအရ မြောက်ကိုရီးယား အိုလံပစ်ကော်မတီနှင့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီးဌာနတို့မှ တရုတ်သို့ ပေးပို့သော စာတစ်စောင်တွင် “ရန်လိုသော အုပ်စုများ” နှင့် ကပ်ရောဂါတို့ကြောင့် မပါဝင်နိုင်ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး အမေရိကန်နှင့် မဟာမိတ်များသည် အောင်မြင်သော အိုလံပစ်ဖွင့်ပွဲကို တားဆီးရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်။
“အမေရိကန်နှင့် မဟာမိတ်များသည် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပုံဖျက်ပြီး အောင်မြင်သော အိုလံပစ် ဖြစ်ခြင်းကို တားဆီးရန် ကြိုးစားနေသည်” ဟု သံတမန်ရေးအရ သပိတ်မှောက်ခြင်းကို တိုက်ရိုက် မဖော်ပြထားသော စာစောင်တွင် ရေးသားထားသည်။
ပြီးခဲ့သောနှစ်တွင် နိုင်ငံတကာအိုလံပစ်ကော်မတီသည် တိုကျိုအိုလံပစ်တွင် မပါဝင်ရန် တစ်ဖတ်သက် ဆုံးဖြတ်ခဲ့သော မြောက်ကိုရီးယား အိုလံပစ် ကော်မတီအား ပြစ်ဒဏ်ပေးသည့်အနေဖြင့် ၂၀၂၂ ခုနှစ် အကုန်အထိ ပြိုင်ပွဲဝင်ရန် ကန့်သတ်ခဲ့သောကြောင့် နိုင်ငံအနေဖြင့် ပေကျင်းအိုလံပစ်တွင် တရားဝင် ကိုယ်စားပြု မပါဝင်နိုင်ခြင်း ဖြစ်သည်။
နိုင်ငံတကာအိုလံပစ်ကော်မတီက မြောက်ကိုရီးယား အားကစားသမားတစ်ဦးသည် ဆောင်းရာသီ အိုလံပစ်အတွက် အရည်အချင်း ပြည့်မီပါက အားကစားသမား တစ်ဦးချင်းစီအလိုက် ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ဆိုသည်။
မြောက်ကိုရီးယား အားကစားသမားများသည် ၂၀၁၈ ဖြောင်ချန်း ဆောင်းရာသီအိုလံပစ်တွင် ပါဝင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် တောင်နှင့်မြောက် အားကစားသမားများသည် အလံတစ်ခုတည်းအောက်တွင် ချီတက်ခဲ့ ကြသည်။ ပြိုင်ပွဲအတွင်းတွင် ဆိုးလ်သို့ မြောက်ကိုရီးယားသံအဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ခဲ့သည်။
ဆွေဇင်
CNN: Winter Olympics: What you need to know ahead of Beijing 2022