【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားတွေကို ကြိုနေတဲ့ နှင်းမြို့တော်

【 နိုင်ငံတကာဆောင်းပါး 】 ခရီးသွားတွေကို ကြိုနေတဲ့ နှင်းမြို့တော်

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်းပြည်နယ်မှာရှိတဲ့ ဟာဘင်းမြို့ဟာ တရုတ်ပြည်တွင်းမှာသာမက ကမ္ဘာ့ခရီးသွားတွေကြားမှာပါ လူသိများထင်ရှားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ဟာဘင်းမြို့မှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်တဲ့ နိုင်ငံတကာရေခဲပန်းပုနဲ့ နှင်းပွဲတော်ကြောင့်လည်း ကမ္ဘာ့လှည့်ခရီးသွား တော်တော်များများက စိတ်ဝင်စားကြတာဖြစ်ပါတယ်။

ဟာဘင်းမြို့မှာ နိုင်ငံတကာရေခဲပန်းပုနဲ့ နှင်းပွဲတော်ကို ၁၉၈၅ မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အဲဒီပြပွဲမှာ ရေခဲရုပ်တုတွေပြုလုပ်ပြီး ပြသတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

ဟာဘင်းမြို့ဟာ တရုတ်နိုင်ငံ၏ အရှေ့မြောက်ဖက်၊ ရုရှားနိုင်ငံနှင့် နယ်နမိတ် နီးစပ်စွာ တည်ရှိတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ မြို့တော် ပေကျင်းမြို့ကနေ ကျည်ဆံရထားဖြင့်သွားမယ်ဆိုရင် ၅ နာရီခန့် စီးနင်းရပါတယ်။အဲဒီမြို့မှာတော့ ရေခဲပန်းပုနဲ့ နှင်းပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ (၂၅) ရက်နေ့ကစပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်အထိ ၂ လခန့်ကြာအောင် ကျင်းပလေ့ရှိပါတယ်။

ရေခဲပန်းပုနဲ့ နှင်းပွဲတော်မှာတော့ လှပပြီး လက်ရာမြောက်တဲ့ ရေခဲပန်းပု ပုံစံအမျိုးမျိုး ပြုလုပ်ထားတာကို တစ်နေရာထဲမှာ ထိတွေခံစားနိုင်တဲ့အပြင် ရေခဲပန်းပုအလှကိုကြည့်ရင်း ရေခဲပြင်စကိတ်စီး အားကစားကိုလည်း ပြုလုပ်နိုင်တာကြောင့် ခရီးသွားတွေ အကြိုက်တွေ့တဲ့ ဒေသဖြစ်ပါတယ်။

ဒါကြောင့် နှစ်စဉ် ရေခဲပန်းပုတွေကိုသွားကြည့်ဖို့ ဟာဘင်းမြို့ကို သွားရောက်လည်ပတ်ကြတဲ့ ပြည်တွင်း၊ ပြည်ပက ခရီးသွားပြည်သူ သောင်းနဲ့ချီရှိတယ်လို့ သိရပါတယ်။

ဆောင်းရာသီ ရေခဲရုပ်ထုပွဲတော်ကြီးကတော့ နှစ်စဉ်နှစ်တိုင်း ကျင်းပသော Seasonal ပွဲတော်ကြီးဖြစ်ပါတယ်။အဲဒီလိုမျိုးပွဲတော်တွေကို ကမ္ဘာပေါ်မှာ ကနေဒါ၊ စကင်ဒီနေးဗီးယားနိုင်ငံတို့လို ဆီးနှင်းထူထပ်တဲ့ နိုင်ငံတွေမှာသာ ပြုလုပ်ကြပါတယ်။

တရုတ်နိုင်ငံမှာ ဆောင်းရာသီရောက်တိုင်း ကြီးကျယ်ခမ်းနားစွာ ကျင်းပတာကြောင့် မြန်မာ့ခရီးသွားတွေအနေနဲ့လည်း နှစ်စဉ်သွားရောက် လည်ပတ်ကြပါတယ်။မြန်မာနိုင်ငံက ခရီးသွားတွေဟာ တစ်ပတ်ကြာခရီးစဉ်အဖြစ် ဟာဘင်းမြို့က ထူးခြားလှပသော ကမ္ဘာကျော် ရေခဲပန်းပု၊ နှင်းပန်းပု အလှဆင်ဖန်တီးမှု အနုပညာပြပွဲ Sun Island Snow Sculpture Expo ကျင်းပရာ Sun Island ကျွန်းသို့ Battery Car များနှင့် လည်ပတ်ကြည့်ရှုတာ၊ ရိုးရာဆောင်းရာသီရေကူးပြိုင်ပွဲ Winter Swimming Performance ကို ကြည့်ရှုလေ့လာတာ၊ Starlin Park အပန်းဖြေဥယျာဉ်မှာ သွားရောက်လည်ပတ်တာ၊ ၁၉၅၇ ခုနှစ်က ဟာဘင်းမြို့ ရေကြီးမှုဖြစ်စဉ်ကို ကာကွယ်ရင်း သေဆုံးခဲ့ကြရသော မြို့သူမြို့သားများအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ Harbin Flood Control Memorial Tower ၊ ရုရှားအငွေ့အသက် ရုရှားစတိုင်တည်ဆောက်ထားတဲ့ St.Nicholas Cathedral ၊  ရှေးရိုးစွဲခရစ်ယာန်အသင်းတော်ရှိရာ Sophia Church Square ၊ အေးခဲဖြစ်နေတဲ့ Songhua River စတဲ့ နေရာတွေကို သွားရောက်လည်ပတ်ကြတာဖြစ်ပါတယ်။

ဟာဘင်းရဲ့ ကမ္ဘာကျော် ရေခဲပန်းပုပွဲတော်ကိုတော့ ရေခဲနေတဲ့ ဆုန်ဟွာမြစ်တစ်လျှောက်မှာ ကျင်းပလေ့ရှိပြီး ပွဲတော်မကျင်းပမီ ဒီဇင်ဘာလဆန်းလောက်ကတည်းက ဟာဘင်းကိုဖြတ်ပြီး စီးဆင်းတဲ့ မြစ်တွေက ရေတွေဟာ ရေခဲပြင်ကြီးလိုဖြစ်နေလို့ အဲဒီရေခဲပြင်က ရေခဲတွေကိုတူးပြီး ရေခဲပန်းပုတွေကို ထုလုပ်ကြပါတယ်။

ရေခဲပန်းပုတွေကို ပုံစံအမျိုးမျိုး ထုလုပ်ကြပြီး လေယာဉ်တင်သင်္ဘောပုံစံ ရေခဲပန်းပုရုပ်အပါအဝင် ကြီးမားလွန်းတဲ့ ရေခဲ ရဲတိုက်ကြီးတွေ၊ ရေခဲ နာရီစင်ကြီးတွေ၊ ရေခဲ ဝင်္ကပါလမ်းတွေ၊ လူရုပ်ပုံစံ ရေခဲပန်းပုတွေ၊ တိရစ္ဆာန်အကောင်မျိုးစုံ ပုံစံ ရေခဲပန်းပုတွေနဲ့ ရေခဲပန်းပု အဆောက်အဦတွေကို တွေ့ရမှာဖြစ်ပါတယ်။

ရေခဲပန်းပုတွေ ဆောက်လုပ်တဲ့အခါမှာတော့ လူအားအပြင် စက်အားနဲ့ပါ တည်ဆောက်ကြပါတယ်။ရေခဲပန်းပုပွဲတော် ကျင်းပတဲ့ ဥယျာဉ်ထဲမှာတော့ ရေခဲပြင်ကြီးကို အလှပြင်ဆင်ထားတဲ့ ရေခဲအလှပန်းခြံ ၄ခု အပြင် ရေခဲပန်းပုပေါင်းများစွာကို မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။

ဟာဘင်းမှာ ရေခဲပန်းပုလက်ရာတွေကို နေ့ဘက်မှာ အနီးကပ်မြင်တွေ့ခံစားနိုင်သလို ညဘက်မှာလည်း ရေခဲပန်းပုတွေပေါ်မှာ ရောင်စုံထွန်းညှိထားတဲ့ မီးရောင်စုံအလှကိုကြည့်ပြီး ရေခဲရှုခင်းအလှကို ခံစားလို့ရပါတယ်။

ဟာဘင်းမြို့ကိုရောက်ပြီဆိုရင်တော့ ကမ္ဘာလှည့်ခရီးသွားတွေ ထူးခြားစွာပြုလုပ်တဲ့ အရာတစ်ခုကတော့  ဆုန်ဟွာမြစ်မှာ ရေကူးတာပါပဲ။ရေခဲပြင်မှာ ရေကူးတာက စွန့်စားမှုတစ်ခုလို့ ထင်ရပေမယ့် ရေခဲပြင် ရေကူးတဲ့ အားကစားနည်းက ဒေသဆိုင်ရာအားကစားနည်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။စွန့်စားရတာကို ကြိုက်တဲ့သူတွေကတော့ ဆုန်ဟွာမြစ်ရေခဲပြင်မှာ မဖြစ်မနေပြုလုပ်ကြပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေလုံကျန်းပြည်နယ်တွင် နှစ်စဉ်ဖွင့်လှစ်မြဲဖြစ်သော ရေခဲဥယျာဉ်ကို ယခုနှစ်တွင် သတ်မှတ်ချိန်ထက် တစ်ပတ်ထက်စောပြီး ဒီဇင်ဘာလလယ်တွင် ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

လက်ရှိမှာ စုစုပေါင်း ကုဗမီတာတစ်သိန်းရှိ ရေခဲတုံးများကို ဟာဘင်းရေခဲပြင်နှင့် နှင်းကမ္ဘာတည်ဆောက်မှုအတွက် အသုံးပြုတည်ဆောက်ထားပြီး ကုဗမီတာတစ်သိန်းရှိတဲ့ ရေခဲတုံးတွေဟာ အကြီးဆုံး လူလုပ်ရေခဲဥယျာဉ်အဖြစ် စံချိန်သစ်တင်နိုင်ဖို့ရှိနေပါတယ်။

နှင်းမြို့တော်လို့ လူသိများတဲ့ ဟာဘင်းမြို့ကိုရောက်ပြီဆိုရင်တော့ သွားရောက်လည်ပတ်စရာ နေရာတွေကလည်း အစီအရီပေါများလှပါတယ်။ဒါ့အပြင် ထင်ရှားတဲ့ ဒေသအစားအစာတွေဖြစ်တဲ့ ဟာဘင်းဝက်အူချောင်းနဲ့ ဟာဘင်းဘီယာကိုလည်း ခရီးသွားတွေ အကြိုက်တွေ့ကြပါတယ်။

ဟာဘင်းမြို့ကို သွားရောက်မယ်ဆိုရင်တော့  လည်ပတ်ဖို့ အကောင်းဆုံးအချိန်က ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းကနေ ဖေဖော်ဝါရီလကုန်ပိုင်းအထိဖြစ်တာကြောင့် အဲဒီအချိန်မှာ ရေခဲနဲ့ ဆီးနှင်းတွေကို အပြည့်အဝကြည့်ရှု ခံစားနိုင်လို့ပဲဖြစ်ပါတယ်။

ခန့်မောင်