【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း နှစ်ထောင်ကျော် သမိုင်းကြောင်းရှိတဲ့ ဖူကျိုးမြို့

【 နိုင်ငံတကာဆောင်းပါး 】 နှစ်ပေါင်း နှစ်ထောင်ကျော် သမိုင်းကြောင်းရှိတဲ့ ဖူကျိုးမြို့

တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်ရဲ့ မြို့တော်၊ ဖူကျိုးမြို့ဟာ  နှစ်ပေါင်း ၂၂၀ဝ ကျော် သမိုင်းကြောင်းရှိသော ရှေးဟောင်းမြို့တစ်မြို့ဖြစ်ပါတယ်။

ဖူကျိုးမြို့သည် ရှည်လျားသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာလည်း တည်ရှိနေပါတယ်။

နိုင်ငံတော်အဆင့် ကာကွယ်ထားသော အထင်ကရ အဆောက်အအုံ ၂၅ ခုရှိသော အမျိုးသားသမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ထင်ရှားသော မြို့တော်တစ်ခုဖြစ်ပါတယ်။အဲဒီမြို့မှာ ထန်မင်းဆက်ခေတ်၊ စုန့်မင်းဆက်ခေတ်ကတည်းက ဖြစ်တည်ခဲ့သော လမ်းသွယ်လမ်းကြားအချို့ကို ယနေ့ထိတိုင် ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ယင်းလမ်းသွယ်လမ်းကြားများအနက် အကျော်ကြားဆုံးမှာ လမ်းသုံးသွယ်နှင့် လမ်းကြားခုနစ်ခု (Sanfang Qixiang) တို့ ဖြစ်ပါတယ်။လမ်းသုံးသွယ်နှင့် လမ်းကြားခုနစ်ခုတို့ဟာ ကျင့်မင်းဆက်ခေတ်တွင် စတင်တည်ရှိခဲ့ပြီး ထန်မင်းဆက်ခေတ်နှင့် မင်းငါးဆက်ခေတ်တွင် ပြည့်စုံမှုရှိခဲ့ပြီး မင်မင်းဆက်ခေတ်၊ မန်ချူးမင်းဆက်ခေတ်တွင် အထွတ်အထိပ်သို့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရှေးကျသော လမ်းသွယ်လမ်းကြားများပုံစံကို ယနေ့အထိ အခြေခံအားဖြင့် ပြည့်စုံစွာထိန်းသိမ်းထားပြီး တရုတ်နိုင်ငံ၏ “Lifang စနစ် သက်ရှိရုပ်ကြွင်း” ဖြစ်ပါတယ်။လမ်းသုံးသွယ်နှင့် လမ်းကြားခုနစ်ခုကတော့ မြို့လယ်ခေါင်မှာတည်ရှိပြီး ဧရိယာ ၄၅ ဟက်တာခန့် ကျယ်ဝန်းပါတယ်။

အဲဒီဒေသမှ လင်ကျယ်ရွှီ (Lin Zexu)၊ လင်ကျွယ်မင် (Lin Juemin) စသည့် တရုတ်ခေတ်နီးပိုင်း သမိုင်းတွင် အရေးပါစွာ သြဇာလွှမ်းမိုးမှုရှိခဲ့သော ပုဂ္ဂိုလ်တစ်ရာကျော် ထွက်ပေါ်လာခဲ့ပါတယ်။ရှည်လျားသော သမိုင်းကြောင်းရှိသည့် အဲဒီလူနေရပ်ကွက်တွင် ထင်ရှားကျော်ကြားသူများရဲ့ နေအိမ်ဟောင်းများနှင့် ‘မင်’ မင်းဆက်ခေတ်၊ မန်ချူးမင်းဆက်ခေတ်ကာလက အဆောက်အအုံများစွာကိုလည်း ထိန်းသိမ်းထားပါတယ်။

၁၉၉၀ ခုနှစ်ဝန်းကျင်က ဖူကျိုးမြို့၏ သက်ဆိုင်ရာဌာနသည် လမ်းသုံးသွယ်နှင့် လမ်းကြားခုနစ်ခုကို ဖော်ဆောင်ရန် စီစဉ်ခဲ့ပြီး အဆောက်အအုံဟောင်းအချို့ကိုဖြိုချကာ စီးပွားရေးအဆောက်အအုံများ ဆောက်လုပ်ရန် ပြင်ဆင်ခဲ့ဖူးပါတယ်။ထိုစဉ်က ဖူကျိုးမြို့၊ ပါတီကော်မတီ၊ အတွင်းရေးမှူးအဖြစ် မကြာမီကမှ စတင်တာဝန်ထမ်းဆောင်သော လက်ရှိ တရုတ်သမ္မတဖြစ်နေတဲ့ ရှီကျင့်ဖျင်က ထိုသတင်းကို ကြားသိရသောအခါ ချက်ချင်းပင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ယဉ်ကျေးမှုထိန်းသိမ်းရေးပုဂ္ဂိုလ်များရဲ့ သဘောထားများကို နားထောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခြေအနေကိုသိရှိပြီးနောက်မှာ ရှီကျင့်ဖျင်က ဖြိုချပြောင်းရွှေ့မှုကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီး ဆက်လက်၍ လမ်းသုံးသွယ်နှင့် လမ်းကြားခုနစ်ခုအတွင်းရှိ အခြားအဆောက်အအုံဟောင်းများကိုလည်း ဆက်တိုက်ဆိုသလို ပြုပြင်မွမ်းမံ၍ ထိန်းသိမ်းထားခဲ့တာပါ။

ရှီကျင့်ဖျင်ရဲ့ ထိန်းသိမ်းကာကွယ်ပေးမှုကြောင့် သမိုင်းကြောင်းရှည်လျားသော အဲဒီယဉ်ကျေးမှုအဖိုးတန်နယ်မြေကလည်း ဆက်လက်တည်ရှိနိုင်ခဲ့တာလို့ ဆိုကြပါတယ်။

လက်ရှိမှာတော့ ဖူကျိုးမြို့ဟာ ကြွယ်ဝသော ခရီးသွားအရင်းအမြစ်များ၊ ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးကို ပိုင်ဆိုင်ထားပြီး တရုတ်နိုင်ငံ၏ အလွန်ကောင်းမွန်သော ခရီးသွားမြို့ ဖြစ်လာပါတယ်။ ရှေးဟောင်းဘုရားကျောင်းများနှင့် ရိုးရာအိမ်များမှ လူစည်ကားသော ညဈေးများနှင့် ခံတွင်းတွေ့စေမည့် လမ်းဘေးအစားအစာများအထိ ခရီးသွားတွေရဲ့ နှစ်သက်မှုကိုခံရတဲ့ ဒေသဖြစ်ပါတယ်။  

လာရောက်လည်ပတ်သူများအတွက် ထူးထူးခြားခြား ခေတ်ဟောင်းကမ္ဘာရဲ့ ကျက်သရေရှိမှုနှင့် ခေတ်မီအဆင်ပြေမှုများကို ပေါင်းစပ်ပေးထားတာကြောင့်လည်း ခရီးသွားတွေ ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။

ခန့်မောင်