【 နိုင်ငံတကာဆောင်းပါး 】 ရှင်းကျန်းက ရိုးရာနံပြား

【 နိုင်ငံတကာဆောင်းပါး 】 ရှင်းကျန်းက ရိုးရာနံပြား

ရှင်းကျန်းဒေသဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ တည်ရှိပြီး ခရီးသွားတွေ စိတ်ဝင်စားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ဒီဒေသမှာ ခြောက်သွေ့မိုးနည်းပြီး အပူချိန်ကွာဟမှုများပါတယ်။

ရှင်းကျန်းဒေသဟာ ဧရိယာ ၁ ဒသမ ၆ သန်း စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ရှင်းကျန်းဒေသအတွင်းရှိ သဲကန္တာရနဲ့ ဂိုဘီသဲကန္တာရဟာ ရှင်းကျန်းဒေသ စုစုပေါင်းဧရိယာရဲ့ ရာခိုင်နှုန်း ၄၀ နဲ့အထက် နေရာယူထားပါတယ်။

အိုအေစစ်မျက်နှာပြင် ဧရိယာပိုင်ဆိုင်မှုဟာ ရှင်းကျန်းဒေသ စုစုပေါင်းဧရိယာရဲ့ ၄ ရာခိုင်နှုန်းနဲ့အထက်ပဲရှိပါတယ်။ဒီလိုထူးခြားဆန်းကြယ်တဲ့ နယ်မြေပေါ်မှာ ရေခဲတောင်နဲ့ မီးသောင်ပြင် အတူတကွယှဉ်တွဲတည်ရှိနေတာကြောင့် ကန္တာရနဲ့ အိုအေစစ်တို့ ဘေးချင်းယှဉ်တွဲလျက်ရှိနေတဲ့ ရှုခင်းအလှတွေဖြစ်ပေါ်နေတဲ့ ဒေသဖြစ်ပါတယ်။အဲဒီဒေသရဲ့  မတူကွဲပြားတဲ့ ရှုခင်းအလှတွေကြောင့် လူသိများသလို အစားအသောက်ကောင်းတွေကလည်း ရောက်လာတဲ့ ခရီးသွားတွေကို အကြိုက်တွေ့စေပါတယ်။

ရှင်းကျန်းဒေသမှာ အမဲသား၊ ဆိတ်သားနဲ့ ကြက်သားတို့ဟာ အမြဲမြင်တွေ့ရလေ့ရှိတဲ့ အသားပဲဖြစ်ပြီး တရုတ်နိုင်ငံတစ်ခုလုံးကို နာမည်ကျော်ကြားသွားတဲ့ လင်ဗန်းကြက်သားဟင်းနဲ့ ဆိတ်သားကင်အမျိုးမျိုးတို့ဟာလည်း ဒီဒေသရဲ့ ဟင်းလျာများစွာထဲက ကိုယ်စားပြုမှုတွေပဲဖြစ်ပါတယ်။အဲဒီဒေသမှာ နေ့စဉ်စားသုံးနေတဲ့ ဒေသအစားအစာကတော့ နံပြားနဲ့ စမူဆာတို့ပဲဖြစ်ပါတယ်။ရှင်းကျန်းဒေသရဲ့ အစားအစာတစ်ခုဖြစ်တဲ့ နံပြားကလည်း ခရီးသွားတွေ အကြိုက်တွေ့တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။

နံပြားဟာ ရှင်းကျန်းအစားအစာယဉ်ကျေးမှုထဲမှာ ထူးခြားမှုအရှိဆုံး အစားအစာတစ်မျိုးဖြစ်ပါတယ်။ရှင်းကျန်းဒေသရဲ့ စားကောင်းသောက်ဖွယ်အရသာတွေကလည်း တခြားနေရာဒေသတွနဲ့ ကွဲပြားခြားနားမှုတွေရှိနေပါတယ်။ဒေသအစားအစာဖြစ်တဲ့ နံပြားရဲ့ ရာဇဝင်သက်တမ်းကလည်း ကြာညောင်းခဲ့ပြီလို့ ဆိုပါတယ်။

ရှင်းကျန်းဒေသရဲ့ နံပြားရာဇဝင်ကို တရုတ်နိုင်ငံရဲ့ သမိုင်းမှတ်တမ်းအများအပြားထဲမှာလည်း မှတ်တမ်းအထောက်အထားတွေရှိခဲ့ပါတယ်။

ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမိုင်းပြတိုက်ထဲမှာ ပြသထားတဲ့ တာပန်မြို့မှာ တူးဖော်တွေ့ရှိခဲ့တဲ့ ထန်မင်းဆက်ခေတ် (Tang Dynasty) တုန်းက နံပြားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ၀ ကျော်ကတည်းက တာပန်နယ်သားတွေ အရသာကောင်းတဲ့ နံပြားကို လုပ်တတ်နေပြီလို့ သက်သေပြနေတာဖြစ်ပါတယ်။

ရှင်းကျန်းရဲ့ အစားအစာယဉ်ကျေးမှုထဲမှာ ထူးခြားမှုအရှိဆုံး အစားအစာတစ်မျိုးဖြစ်တဲ့ နံပြားအတွက် ကုန်ကြမ်းကတော့ ကြက်ဥ၊ နွားနို့၊ ကြက်သွန်မြိတ်နဲ့ ဆီချက်တို့ပဲဖြစ်ပါတယ်။ဒေသအစားအစာဖြစ်တဲ့ နံပြားဟာ အမျိုးအစားများပြီး အမျိုး ၅၀ ကျော်ရှိပါတယ်။အဓိကအားဖြင့် အသားနံပြား၊ ဆီနံပြား၊ ဝေါ်ဝေါ်နံပြား၊ နံပြားလိပ်နဲ့ နှမ်းကပ်နံပြားတို့ဆိုပြီး အမျိုးစားပေါင်းများစွာရှိကြပါတယ်။

အဓိကအားဖြင့် ဂျုံမှုန့်၊ နှမ်း၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဆီသန့်၊ နို့၊ ဆား၊ သကြားနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုလုပ်ထားပြီးနောက် နံပြားဖိုထဲမှာ ဖုတ်ရတာဖြစ်ပါတယ်။နံပြားဖိုကို မြေဝါ၊ ကောက်ရိုးတို့ဖြင့် ပြုလုပ်ထားပြီး အလယ်တွင် ကျောက်မီးသွေး၊ ထင်းတို့ဖြင့် မီးမွှေးထားကာ နံပြားဖိုအတွင်း ဘေးပတ်လည်နံရံတွင် နံပြားကိုကပ်ပြီး ဖုတ်ရပါတယ်။

ရှင်းကျန်းဒေသက နံပြားရဲ့ အရွယ်အစားကလည်း မြန်မာနိုင်ငံမှာရှိတဲ့ နံပြားတွေထက် ပိုထူသလို နှစ်ဆလောက်လည်း ပိုကြီးတာတွေလည်းရှိပါတယ်။နံပြားဟာ ရှင်းကျန်းဒေသရဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ မရှိမဖြစ် အဓိကအစားအစာဖြစ်သလို ရှင်းကျန်းအစားအသောက်ယဉ်ကျေးမှုထဲမှာ ထူးခြားမှုရှိတဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နံပြားဟာ ရှင်းကျန်းနယ်သားတို့ရဲ့ ထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်လာနေပါတယ်။ဒါကြောင့်ပဲ ရှင်းကျန်းဒေသကို ရောက်လာတဲ့ ခရီးသွားတွေဟာလည်း ဒေသအစားအစာဖြစ်တဲ့ ရှင်းကျန်းနံပြားကို မစားမဖြစ်တဲ့ အစားအစာတစ်ခုအဖြစ် မြည်းစမ်းကြည့်ကြတာဖြစ်ပါတယ်။

ခန့်မောင်