【 နိုင်ငံတကာဆောင်းပါး 】 လန်ချန်း-မဲခေါင် တက္ကသိုလ်များကြားက သိပ္ပံနည်းပညာ ကူးလူးဖလှယ်

【 နိုင်ငံတကာဆောင်းပါး 】 လန်ချန်း-မဲခေါင် တက္ကသိုလ်များကြားက သိပ္ပံနည်းပညာ ကူးလူးဖလှယ်

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုများတွင် အဖွဲ့ဝင်နိုင်ငံများရှိ တက္ကသိုလ်များအကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းတစ်ရပ်ကို သြဂုတ်လကုန်ပိုင်းက စတင်အကောင်အထည်ဖော်လာခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် ပထဝီတည်နေရာချင်း နီးစပ်၍ ယဉ်ကျေးမှုချင်းတူညီသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် သမိုင်းကြောင်း ကြာရှည်စွာ တည်ရှိလျက်ရှိသည်။

နှစ်နိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် ကောင်းမွန်သည့်အခြေအနေနှင့် ကျယ်ပြန့်သည့်နေရာများလည်းရှိကြသည်။ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းများသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အကျိုးပြုစေမည့်အပြင် တရုတ်-မြန်မာ အဆင့်မြင့်ပညာရေးကျောင်းများအကြား ပူးပေါင်းဆောင်ရွက်မှု၌ စံနမူနာတစ်ရပ်လည်းဖြစ်လာမည်ဖြစ်သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို တရုတ်နိုင်ငံအစိုးရမှ အရင်းအနှီးစိုက်ထုတ် ထူထောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံက စီမံကိန်းပေါင်း (၁၀၆) ခုအတွက် ပံ့ပိုးမှုရရှိပြီးဖြစ်သလို ယခုစတင်လိုက်သည့် အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ်များကြားတွင် သိပ္ပံနည်းပညာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသည်လည်း အပါအဝင်ဖြစ်သည်။

ယခုစီမံကိန်းတွင်ပါဝင်သည့် ကူမင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် စီမံကိန်းမှတစ်ဆင့် အပြန်အလှန်သိနားလည်မှုတိုးကာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် အထောက်အပံ့များလည်းဖြစ်စေမည်ဖြစ်သည်။

အဆိုပါ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှလည်း ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်အတွင်း ပညာရေးကဏ္ဍနှင့်ပတ်သက်၍ “Teacher Exchange Program” ကိုလည်း စတင်ခဲ့ကြသေးသည်။ထိုစဉ်က မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား စသည့် အဖွဲ့ဝင်နိုင်ငံများမှ စာတမ်းများ ဖတ်ကြားဆွေးနွေးကာ စကားဝိုင်းဆွေးနွေးမှုများဖြင့် လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ပူးပေါင်းဆွေးနွေးမှုများဖြင့် ပညာရေးမူဝါဒများ၊ သီအိုရီများ၊ သင်ရိုးညွှန်းတမ်းများ၊ စစ်ဆေးအကဲဖြတ်စနစ်များ၊ သင်ပြနည်းပညာများ၊ သင်ကြားသင်ယူမှု အတွေ့အကြုံများ၊ ရင်ဆိုင်ရသော စိန်ခေါ်မှုများ၊ ရရှိသော သင်ခန်းစာများနှင့် မိမိနိုင်ငံအသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပညာရေးပြုပြင်ပြောင်းလဲမှုများကို အချင်းချင်းမျှဝေခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြသည်။ထို့အပြင် ဆရာ၊ ဆရာမများ စေလွှတ်၍ လေ့ကျင့်မှုအစီအစဉ်များအတွက်လည်း ဆွေးနွေးနိုင်ခဲ့ကြပြီး ယခုအခါ ယင်းဆွေးနွေးမှုများကိုလည်း လက်တွေ့အကောင်အထည်ဖော်ခြင်းများရှိလာခဲ့သည်။

ထိုကဲ့သို့လုပ်ဆောင်ခြင်းများမှာ လန်ချန်း-မဲခေါင် နိုင်ငံများကြားတွင် ချစ်ကြည်ရင်းနှီးမှုယန္တရားကို တည်ဆောက်ပေးနိုင်သလို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဖော်ဆောင်ပေးနိုင်ရန် အထောက်အကူများလည်း ဖြစ်စေခဲ့သည်။ထိုစီမံကိန်းများမှ မြန်မာနိုင်ငံအနေဖြင့် သင်ကြားသင်ယူမှုနည်းစနစ်များ၊ အတွေ့အကြုံများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အဖွဲ့ဝင်နိုင်ငံများအတွင်း အပြန်အလှန်ဖလှယ်နိုင်ခြင်းဖြင့် များစွာအကျိုးရှိစေမည်လည်းဖြစ်သည်။

ယခုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် ကူမင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့တော်တွင် ထင်ရှားသော တက္ကသိုလ်လည်းဖြစ်ပြီး သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် နှစ်ပေါင်း ၇၀ နီးပါး အတွေ့အကြုံရှိသည့် တက္ကသိုလ်လည်းဖြစ်သည်။အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ သိပ္ပံပညာကဏ္ဍတွင် ပညာရှင်များအသီးသီးကို မွေးထုတ်ပေးခြင်းများဖြင့် ကောင်းသတင်းဖြင့် ထင်ရှားကာ လူသိများသော တက္ကသိုလ်လည်းဖြစ်ပြီး လက်ရှိတွင်လည်း အင်ဂျင်နီယာ၊ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင်သိပ္ပံ၊ ကွန်ပျူတာသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် အခြားနယ်ပယ်များအပါအဝင် နယ်ပယ်အသီးသီးတွင် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူများအပါအဝင် သက်ဆိုင်ရာပညာရှင်များကို မွေးထုတ်ပေးလျက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ အဆိုပါ ကူမင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ မြန်မာနိုင်ငံမှ ပညာတော်သင်များကို ယခင်ကတည်းက စေလွှတ်ခဲ့ခြင်းများရှိသည်။မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်းကို တည်ထောင်ရာတွင် တရုတ်ယွမ်ငွေ သန်း (၃၀) ကိုလည်း ပံ့ပိုးကူညီခဲ့သလို ထိုစဉ်ကာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ကို Institute of Planning and Project Research-IPPR Engineering International အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်နိုင်ခဲ့ကြသည်။

မန္တလေးနည်းပညာတက္ကသိုလ် (MTU) သည် မူလက မန္တလေးစက်မှုတက္ကသိုလ် (MIT) အဖြစ် လူသိများခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ တည်ရှိသည်။ ၁၉၅၅ ခုနှစ်က အစိုးရနည်းပညာသိပ္ပံကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ရာမှ အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် နည်းပညာတက္ကသိုလ် (မန္တလေး) အဖြစ် ပြောင်းလဲခဲ့သည်။လက်ရှိတွင် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များအနက် ထင်ရှားသော တက္ကသိုလ်တစ်ခုလည်းဖြစ်ပြီး ယင်းတက္ကသိုလ်မှ အထက်မြန်မာပြည် ဘွဲ့ကြို၊ ဘွဲ့ရနှင့် ဘွဲ့လွန် ကျောင်းသားများအတွက် အင်ဂျင်နီယာနည်းပညာရပ်အသီးသီးကို သင်ကြားမှုပုံစံအမျိုးမျိုး ချမှတ်၍ သင်ကြားနိုင်ရန် စီစဉ်ထားလျက်ရှိသည်။ထို့အပြင် နှစ်စဉ်နှစ်တိုင်း သင်တန်းအပတ်စဉ်တစ်ခုစီအတွက် တက္ကသိုလ်မှ ကျောင်းသား ၃၀၀ ခန့်ကို လက်ခံသင်ကြားပေးနေလျက်ရှိသည်။

ယခုဆောင်ရွက်နေသည့် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများရှိ တက္ကသိုလ်များကြား သိပ္ပံနည်းပညာ ကူးလူးဖလှယ်မှု စီမံကိန်းတွင် ကူမင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့သည် စီမံကိန်းမှတစ်ဆင့် အပြန်အလှန်နားလည်သိရှိမှု တိုးပွားလာစေကာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများလည်းရှိလာကာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပံ့ပိုးမှုကောင်းများ ဖြစ်လာစေမည်ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများကြား ဖွံ့ဖြိုးမှုကွာဟချက်ကို လျှော့ချကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် အခြေအနေများအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ စီမံကိန်းများကိုလည်း ဖော်ဆောင်နေလျက်ရှိပေသည်။လက်ရှိတွင် မြန်မာနိုင်ငံက စီမံကိန်းပေါင်း (၁၀၆) ခုအတွက် ပံ့ပိုးမှုရရှိပြီးဖြစ်သလို စီမံကိန်းများအလိုက်အကောင်အထည်ဖော်ကာ လုပ်ဆောင်နေလျက်ရှိသည်။

ယခုလို အဖွဲ့ဝင်နိုင်ငံများရှိ တက္ကသိုလ်များကြားတွင် သိပ္ပံနည်းပညာ ကူးလူးဖလှယ်မှု စီမံကိန်းအရ တက္ကသိုလ်များအကြားရှိ သိပ္ပံနှင့် နည်းပညာ နယ်ပယ်အသီးသီးမှ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း၊ သုတေသနဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း၊ အသိပညာမျှဝေခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအကျိုးရှိစွာ မြှင့်တင်လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ထိုသို့သော ပညာရေးကဏ္ဍ၏ သိပ္ပံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများ၊ ရေအသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍများ၊ စိုက်ပျိုးရေးကဏ္ဍများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားနယ်ပယ်များအသီးသီးတွင် အထောက်အကူများလည်းဖြစ်စေကာ တိုးတက်အောင်မြင်မှုများစွာရရှိစေမည်ဖြစ်သလို တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုးတိုးတက်ခိုင်မာလာစေမည်ဖြစ်သည့်အကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်