【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၅)

【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၅)

ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအကြောင်း အပိုင်းဆက်အဖြစ် တင်ဆက်ပေးလျက်ရှိရာ ယခုတစ်ပတ်တွင်တော့ စာရှုသူတို့အတွက် ပြိုင်ပွဲကျင်းပရာ မြို့တစ်မြို့တွင် ပါဝင်သည့် ဝန်းကျိုး (Wenzhou) မြို့အကြောင်းကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဝန်းကျိုးမြို့သည် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ကမ်းလှမ်းခံရခြင်းနှင့်အတူ ပူးတွဲအိမ်ရှင် မြို့ငါးမြို့နှင့် လက်တွဲပြီး "Green, Smart, Economical, and Ethical" ဟူသော မူဝါဒနှင့်အညီ တရုတ်နှင့် အာရှအားကစား၊ ယဉ်ကျေးမှုပွဲများဖြင့်ကမ္ဘာကို တင်ဆက်ရန် အသင့်ဖြစ်နေခဲ့ပြီလည်းဖြစ်သည်။

သမိုင်းကြောင်းအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhejiang ပြည်နယ် အရှေ့တောင်ပိုင်းရှိ စီရင်စုအဆင့်မြို့ဖြစ်ပြီး ၂၀၁၀ ခုနှစ် တရုတ်သန်းခေါင်စာရင်းကောက်ယူချိန်တွင် ဝန်းကျိုး၏ မြို့ပြဧရိယာတွင် လူ ၃,၀၃၉,၅၀၀ နေထိုင်ကြသည်။ယင်းနောက် ၎င်း၏တရားစီရင်ပိုင်ခွင့်အောက်တွင်ရှိသော ဧရိယာတွင် လူဦးရေ ၉,၁၂၂,၁၀၀ ရှိပြီး ၃၁.၁၆ ရာခိုင်နှုန်းတွင် ဒေသခံမဟုတ်သူများ နေထိုင်ကြောင်း သိရသည်။

မြို့၏ ခရီးသွားသယ်ယူပို့ဆောင်ရေးတွင် လေကြောင်းလိုင်း၊ ရထားလိုင်း၊ ဘတ်စ်ကားများနှင့် တက္ကစီ စသည့် သွားလာရေးကွန်ရက်များမှာ အသင့်ရှိနေပြီး ခရီးသွားရန်အတွက် စိတ်ချလုံခြုံသော မြို့တစ်မြို့လည်းဖြစ်ကြောင်း ဖော်ပြချက်များတွင် တွေ့ရသည်။

ဝန်းကျိုးမြို့သည် နန်စီမြစ်အပါအဝင် တောင်တန်းရှုခင်းများ၊ သဘာဝအလှတရားများစွာနှင့် မော်ဒန်ခေတ် လည်ပတ်စရာ နေရာများစွာဖြင့် ခရီးသွားတို့ကို ဆွဲဆောင်နိုင်သော မြို့တစ်မြို့လည်းဖြစ်သည်။ထို့ကြောင့် အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအနက်မှ ယခုအခါတွင် ဝန်းကျိုးမြို့၏ ခရီးသွားဆွဲဆောင်ရာ နေရာတချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ရပါသည်။

           ၁။ ဝူယန်လင်း သဘာဝဘေးမဲ့တော (Wuyanling Nature Reserve)

ဝူယန်လင်း သဘာဝဘေးမဲ့တောသည် Zhejiang ပြည်နယ်တောင်ပိုင်း၊ Taishun ခရိုင်ရှိ သဘာဝဘေးမဲ့တောတစ်ခုဖြစ်ပါသည်။ဧရိယာ ၇၇ စတုရန်းမိုင် ကျယ်ဝန်းကာ ကြီးမားသောအကာအကွယ် ဘေးမဲ့တောလည်းဖြစ်သည်။တောင်များ၊ သစ်တောများနှင့် တောရိုင်းတိရိစ္ဆာန်မျိုးစုံတို့ နေထိုင်ရာ နေရာဖြစ်ပြီး အမြင့်ပေ တစ်ကီလိုမီတာကျော်ရှိ ကြီးမားသော တောင်ထွတ်များ၊ Feiyun စမ်းချောင်းများနှင့် မတူညီသော အပင်မျိုးစိတ် ၂၀၀၀ ကျော်ရှိနေသည်။

သည်နေရာတွင် ရှားပါးတိရိစ္ဆာန်များလည်းရှိပြီး ကျားသစ်၊ မျောက်မျိုးစုံကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး လည်ပတ်ရန် ရှုခင်းသာနေရာများမှာ ၈ စတုရန်းမိုင်နီးပါး ကျယ်ဝန်းသည်။ဒါ့အပြင် တောင်ထိပ်အောက်တွင် ကြီးကျယ်ခမ်းနားသော Baiyun ရေတံခွန် ရှိနေသည်။

           ၂။ ဝန်းကျိုးပြတိုက် (Wenzhou Museum)

၎င်းသည် ဝန်းကျိုးမြို့၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး ဗိသုကာလက်ရာကို အနီးနားရှိ Yandang တောင်နှင့် ဆက်နွယ်ထားသည်။ပြတိုက်ကို ၁၉၅၈ မေလတွင် စတင်တည်ထောင်ခဲ့ပြီး ၎င်းသည် သတင်းအချက်အလက်ဆိုင်ရာ အင်စတီကျုတစ်ခုအနေဖြင့်လည်းရှိနေသကဲ့သို့ ယဉ်ကျေးမှုအကြောင်း လေ့လာရန် ညွှန်ရမည့် နေရာလည်းဖြစ်သည်။အတွင်းတွင်၊ တရုတ်ရိုးရာ ကျောက်နှင့် ကြေးပန်းပုများ၊ ကျောက်စိမ်းများအပြင် ရိုးရာလက်ရေးလှရုပ်ပုံများကဲ့သို့ ရုပ်ကြွင်း ၁၇,၀၀၀ ကျော်ကို တွေ့နိုင်မည်ဖြစ်သည်။

မိသားစုလိုက် ခရီးထွက်သူများအနေဖြင့် ကလေးများအတွက်လည်း ပြပွဲများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲများကို ပုံမှန်ကျင်းပလေ့ရှိသောကြောင့် အဆင်ပြေသော နေရာတစ်ခုဖြစ်သည်။

           ၃။ ဝန်းကျိုးတိရစ္ဆာန်ရုံ (Wenzhou Zoo)

Zhejiang တောင်ပိုင်းရှိ တစ်ခုတည်းသော တိရစ္ဆာန်ရုံဖြစ်ပြီး မတူညီသော မျိုးစိတ်ပေါင်း ၁၅၀ ကျော်ရှိကာ တရုတ်နိုင်ငံ တောကောင်များဖြစ်သည့် (တရုတ်ရေသမင်) နှင့် ကမ္ဘာတစ်ဝှမ်း (Amur Tigers ၊ ဂေါ်ရီလာများ) တို့ကဲ့သို့ သတ္တဝါမျိုးစိတ်များကို လေ့လာနိုင်သည့်နေရာတစ်ခုဖြစ်သည်။ကလေးများအနေဖြင့် အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးနိုင်ပြီး ကြီးမားသော ကစားကွင်းလည်းရှိသည်။သည်နေရာတွင် စားသောက်နေရာများစွာလည်းရှိနေပြီး မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ်ထားသည်။

           ၄။ ယန်းဒန် တောင်တန်းရှုခင်းသာဧရိယာ (Yandang Mountain Scenic Area)

တရုတ်နိုင်ငံ၏ အကောင်းဆုံး တောင်တန်းဆယ်ခုတွင် ပါဝင်သည်ဟုဆိုကြပြီး ယူနက်စကိုက ၎င်းအား ၂၀၀၅ ခုနှစ်တွင် World Geopark အဖြစ် သတ်မှတ်ခဲ့သည်။လျှို့ဝှက်ဆန်းကြယ်သော ရေတံခွန်များနှင့် ဂူများကို ကြည့်ရှုနိုင်ပြီး မတူညီသော ရှုခင်းများ ၈ ခုရှိသည်။ယင်းတို့အနက် အကောင်းဆုံးသုံးခုမှာ ဝိညာဉ်ရေးတောင်ထိပ်များ၊ နဂါးကြီးရေတံခွန်နှင့် ဝိညာဉ်ရေးကျောက်ဆောင်များဖြစ်သည်။ Spiritual Peaks - Puxi Stream တစ်လျှောက် လမ်းတွင် လက်နှစ်ဖက်နဲ့ ဘုန်းကြီးပုံသဏ္ဍာန် ကျောက်တုံးတစ်တုံးရှိသည်။နဂါးရေတံခွန်ကြီးမှာမူ Lianyun Peak မှ အမြင့် ၁၉၀ မီတာရှိရာ စိတ်ကူးများ လွင့်ပျံနယ်ချဲ့နိုင်သော နေရာလည်းဖြစ်ပါသည်။

ဝိညာဉ်ရေးကျောက်ဆောင်များတွင်မူ လှပသော Lingyan ဘုရားကျောင်း၊ နဂါးငယ်ရေတံခွန်၊ Longbidong လှိုဏ်ဂူနှင့် Crouching Dragon ချိုင့်ကို ကြည့်ရှုနိုင်မည်ဖြစ်ပြီး နေ့စဉ် ညနေ ၃ နာရီတွင် ကြည့်ရှုရမည့် “Flying Person” ရှိုးရှိပြီး တောင်ထိပ်များသည် ညပိုင်းတွင် အလှဆုံးဖြစ်တာကြောင့် ညနေခင်းတွင် စတင်သွားသင့်သော နေရာအဖြစ် ညွှန်းဆိုကြသည်။

မိုးသား