【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၆)

【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၆)

၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် မြို့များအနက် တစ်ခုအပါအဝင်ဖြစ်သော ဝန်းကျိုးမြို့အကြောင်းကို ဖော်ပြလျက်ရှိရာ ယခုအပိုင်းတွင် ကျန်ရှိသော စိတ်ဝင်စားဖွယ်ရာ နေရာ (၆) ခုကို ဆက်လက်ဖော်ပြပေးလိုက်သည်။

           (၅) ဘိုင်ဂျန်ဂျီရေတံခွန်နှင့် တိမ်တိုက်ရေကန် (Baizhangji Waterfall & Flying Cloud Lake Scenic Area)

စုစုပေါင်းဧရိယာ ၅၅၈.၈ စတုရန်းကီလိုမီတာ (၁၄၀,၀၀၀ ဧက) ရှိပြီး မြို့၏အနောက်တောင်ပိုင်းတွင် တည်ရှိသည်။နေ့ချင်းပြန်ခရီးထွက်လိုသူများအတွက် ရေတံခွန်နှင့် (၅၅ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည့် တိမ်တိုက်ရေကန်တို့သည် အသင့်တော်ဆုံးနှင့် အကောင်းဆုံးဖြစ်သည်။ရေကန်သည် ကျွန်းပေါင်းရာနှင့်ချီ တည်ရှိပြီး လှပစိမ်းလန်းသော တောင်ကုန်းများနှင့် တောတောင်များ ဝန်းရံထားကာ ရင်သပ်ရှုမောဖွယ် နောက်ခံရှုခင်းများဖြင့် ဖမ်းစားသော နေရာတစ်ခုဖြစ်သည်။

           ၆။  ဂျန်ရှင် (န်) ကျွန်း (Jiangxin Island)

ဝန်းကျိုး၏ မြောက်ဘက်တွင် တည်ရှိပြီး လှပသော ကျွန်းငယ်လေးတစ်ခုမှာ ဂျန်ရှင် (န်) ကျွန်း ဖြစ်သည်။ယင်းသည် တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ကျွန်းလေးခုအနက်မှ တစ်ခုလည်းဖြစ်သည်။ဤနေရာတွင် ခန့်မှန်း နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ သစ်ပင်ကြီးများ၊ မြင့်မားသော သစ်ပင်များ၊ ရောင်စုံပန်းပွင့်များနှင့် ပွက်ပွက်ဆူနေသော စမ်းရေများရှိနေပြီး သဘာဝကို အကောင်းဆုံးခံစားရန် နေရာတစ်ခုဖြစ်ပါသည်။ Jiangxin ဘုရားကျောင်းလည်းရှိပြီး The Guardians Hall သည် လှပသော ခေါင်းလောင်းနှင့် မျှော်စင်ဘေးတွင် တည်ရှိနေပါသည်။မျှော်စင်တွင် စုန့်မင်းဆက်မှ စတင်ခဲ့သော ခေါင်းလောင်းကို တွေ့နိုင်ပြီး အခြားခန်းမအားလုံးတွင် ပန်းပုရုပ်တုများနှင့် ဗုဒ္ဓရုပ်ပွားတော်များရှိသည်။ Wen Tianxiang Memorial Hall သည် စုန့်မင်းဆက်မှ တရုတ်နိုင်ငံတွင် ကျော်ကြားသော Wen ၏ ဘဝကို ဂုဏ်ပြုထားရှိကြောင်း သိရပါသည်။

           ၇။ နန်စီ မြစ် (Nanxi River)

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ နန်စီမြစ်သည် ဝန်းကျိုးသို့လည်း ဖြတ်သန်းစီးဆင်းလျက်ရှိပြီး တရုတ်နိုင်ငံ၏ ကျေးလက်ဒေသ၏ သာယာလှပမှုအား ကြည့်ရှုခံစားမည်ဆိုလျှင် နန်စီမြစ်သည်လည်း ချန်လှပ်ထားလို့မရသည့် နေရာတစ်ခုဖြစ်ပါသည်။မြို့ပြလူစုလူဝေးနှင့် ခပ်ဝေးဝေးတွင် အေးအေးချမ်းချမ်းနေလိုသူများအတွက် သဘာဝနေရာကောင်းတစ်ခုဖြစ်ပြီး တရုတ်ရိုးရာရေပန်းချီရဲ့ ကနဦးနေရာလည်းဖြစ်ပါသည်။မြစ်ကမ်းစပ်တွင် ရိုးရာဝါးကနူးလှေများက လည်ပတ်သွားလာခံစားရန် အသင့်ရှိနေကြပါသည်။အမျိုးသမီးများသည် မြစ်ထဲတွင် အဝတ်လျှော်ဖွပ်သည့်ဓလေ့ကို တွေ့မြင်နိုင်ပြီး တံငါသည်များသည် ငါးဖမ်းယူကြသည့် မြင်ကွင်းများကလည်း ခရီးသွားတို့အား ဖမ်းစားလျက်ရှိသည်။မြစ်ကမ်းတစ်လျှောက်ရှိ အထင်ကရနေရာများသို့ ကုန်းလမ်းမှလည်း မီနီဘတ်စ်ကားဖြင့်လည်း သွားလာနိုင်ကြောင်း သိရသည်။

၈။ ဝန်းကျိုးပြဇာတ်ရုံ (Wenzhou Grand Theatre)

           ဝန်းကျိုးပြဇာတ်ရုံမှာတော့ တရုတ်နိုင်ငံရှိ အကောင်းဆုံးရုပ်ရှင်ရုံများထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ ဗိသုကာလက်ရာသည်လည်း ဝန်းကျိုးတွင် လက်လွှတ်မခံကြည့်ရှုရမည့် အရာဖြစ်ပါသည်။ထိုင်ခုံ ၁၅၀၀ ဆံ့ ရုံနှင့် ကနေဒါနိုင်ငံသား Carlos Ott မှ ဒီဇိုင်းထုတ်ထားသည့် ထိုင်ခုံ ၆၃၀ ဆံ့ ကပွဲခန်းမတို့ ရှိနေပါသည်။ခန်းမတစ်ခုလုံးတွင် ကမ္ဘာ့အဆင့်မီ အဆောက်အဦများရှိပြီး ယဉ်ကျေးမှုဖျော်ဖြေပွဲ၊ ဂီတအပိုင်းအစများ (သို့မဟုတ်) ရိုးရာအကများကို ကြည့်ရှုရန် နေရာကောင်းတစ်ခုဖြစ်သည်။

           ၉။  နန်ဂျီ ကျွန်းများ (Nanji Island)

၎င်းတို့သည် အရှေ့တရုတ်ပင်လယ်ရှိ တစ်ခုတည်းသော အမျိုးသားအဏ္ဏဝါထိန်းသိမ်းရေးနယ်မြေတွင်ရှိပြီး ယူနက်စကိုမှ ကာကွယ်ပေးထားရသော အရာများပင်ဖြစ်ပါသည်။လှပသော ပင်လယ်ရှုခင်းများနှင့် ဂေဟစနစ်ထိန်းသိမ်းထားသော ကျွန်းပေါင်း ၅၂ ကျွန်းရှိပြီး ကမ္ဘာ့ဇီဝနယ်မြေများထဲမှ တစ်ခုဖြစ်သည်။ကျွန်းတွင် ထူးခြားသော ဂေဟစနစ်၊ မတူကွဲပြားသော ဇီဝမျိုးစိတ်များ၊ ခရုခွံများနှင့် ပင်လယ်ရေမှော် အရင်းအမြစ်များ ပေါများစွာရှိပါသည်။ယနေ့အထိ ကျောက်တောင် ကမ္ပည်းစာများကဲ့သို့သော ရှေးဟောင်းအမွေအနှစ်များရှိနေကြောင်းလည်း ဖော်ပြကြသည်။

           ၁၀။ ဝန်းကျိုး အပန်းဖြေဥယျာဉ် (Wenzhou Amusement Park)

၎င်းသည်လည်း သဘာဝ၊ ယဉ်ကျေးမှုများ ပေါင်းစပ်ထားသော အပန်းဖြေဥယျာဉ်တစ်ခုဖြစ်ပါသည်။သည်နေရာသည် ကလေးများအတွက်သာမက အသက်အရွယ်မရွေးအတွက် ဆွဲဆောင်မှုများရှိပါသည်။ “ကြောက်ရွံ့ခြင်းခြေလှမ်းများ” ဟုခေါ်သော နေရာတစ်ခုရှိပြီး မီးရောင်များဖြင့် တောက်ပနေသော ကြောက်စရာကောင်းသော မီတာ ၃၀၀ အနက်ရှိ လှိုဏ်ဂူကြီးထဲသို့ သွားလာနိုင်သည်။ထို့အပြင် ကာတွန်းအိမ်များနှင့် တောတောင်သဘာဝများအပြင် လှိုဏ်ဂူအတွင်း၌ အံသြဖွယ် ၃၆၀ ဒီဂရီ ရုပ်ရှင်ရုံတစ်ခုလည်းရှိသည်။ထို့ကြောင့် ဝန်းကျိုးသည် ကလေး၊လူကြီးများနှင့် မိသားစုအတွက် နေရာကောင်းတစ်ခုဖြစ်သည်။

လာမည့်အပိုင်းတွင်လည်း ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိ သည့် မြို့များအကြောင်း ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

မိုးသား