【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၇)

【 နိုင်ငံတကာဆောင်းပါး 】 ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့် မြို့များအား လေ့လာကြည့်ခြင်း (အပိုင်း ၇)

တရုတ်နိုင်ငံမှ လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲရက်မှာ တဖြည်းဖြည်းနီးကပ်လာပြီလည်းဖြစ်ပါသည်။
 
ပြိုင်ပွဲနှင့်အတူ ခရီးသွားလာရေးလုပ်ငန်းများလည်း အဆင်သင့်ရှိနေပြီဖြစ်ပြီး အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပရာ မြို့ (၅) မြို့မှာလည်း ခရီးသွားနေရာ မြို့များဖြစ်ရာ ယင်းတို့အကြောင်းအား ဖော်ပြလျက်ရှိရာတွင် ယခုတစ်ခေါက်တွင် ဟူကျိုး (Huzhou) မြို့ အကြောင်းအား တင်ဆက်ပေးသွားရန် အလှည့်ကျလာသည်လည်း ဖြစ်သည်။
 
သူမတူသည့် ခရီးသွားဆွဲဆောင်မှုနေရာများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအနေဖြင့် စိတ်ဝင်စားဖွယ်ရှိနေပြီး ယခု ဟူကျိုးမြို့ (Huzhou) ကိုတော့ ပိုးမြို့တော်ဟု လူသိများပါသည်။ယင်းသည် တရုတ်နိုင်ငံ၏ ပိုးမြို့တော်လေးခုအနက်မှ တစ်ခုဖြစ်ပြီး မြို့တွင် အထည်အလိပ် (အထူးသဖြင့် ပိုးထည်)၊ အိမ်ဆောက်ပစ္စည်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် စီးပွားရေးတိုးတက်လျက်ရှိသော မြို့လည်းဖြစ်သည်။
 
မြို့တော်သည် (Zhejiang) မြောက်ပိုင်းရှိ စီရင်စုအဆင့် မြို့ဖြစ်ကာ ၂၀၂၀ ခုနှစ် တရုတ်နိုင်ငံ သန်းခေါင်စာရင်းအရ ၎င်း၏လူဦးရေမှာ ၃,၃၆၇,၅၇၉ ဦးရှိကြောင်း ဖော်ပြမှုများတွင် တွေ့ရပါသည်။မြို့၏သယ်ယူပို့ဆောင်ရေးတွင်တော့ အဓိကအားဖြင့် မီးရထားကို အသုံးပြုကြပြီး မြန်နှုန်းမြှင့်ရထားများဖြင့်လည်း ပြေးဆွဲ လျက်ရှိနေပါသည်။၎င်းသည် ထူးခြားသောရှုခင်းများရှိပြီး သစ်ပင်များ၊ မြက်ခင်းများ၊ တောင်များ၊ ကန်များ၊ ဥယဉ်များနှင့်အတူ ခရီးသွားများအား ဖမ်းစားလျက်ရှိနေသည်။
 
အမျိုးသားအဆင့် ခရီးသွားအပန်းဖြေစခန်းသုံးခု၊ ကျေးလက်ခရီးသွားလုပ်ငန်းအတွက် အမျိုးသားအဆင့် အဓိကကျေးရွာရှစ်ခုနှင့် ကျေးလက်နေအိမ် ၃၃၅၃ ဆောင်တို့နှင့်အတူ (Huzhou) သည် ကျေးလက်ခရီးသွားလုပ်ငန်းမှ ခုနစ်နှစ်ဆက်တိုက်ရရှိသည့် စုစုပေါင်းဝင်ငွေ၏ သတ်မှတ်ချက်တွင်လည်း ပြည်နယ်တွင် ထိပ်ဆုံးမှရပ်တည်ခဲ့သည့် မှတ်တမ်းကောင်းများရှိနေရာ ယင်း၏ခရီးသွားလည်ပတ်စရာနေရာများအနက် တချို့ကို နံပတ်စဉ်အလိုက် ဖော်ပြပေးလိုပါသည်။
 
          ၁။ Huzhou Nanxun Old Town
 
မြို့ဟောင်းတစ်ခုဖြစ်ပြီး သမိုင်းကြောင်းအရ တရုတ်နိုင်ငံ၏ မြင့်မြတ်သော ရေမြို့အဖြစ် ချီးကျူးခံရသည့် နေရာဖြစ်ပါသည်။ (Jiangsu) နှင့် (Zhejiang) ပြည်နယ်များဆုံရာ (Nanxun) ခရိုင်တွင် တည်ရှိပြီး၊ (Nanxun) သည် ရှေးခေတ်ကတည်းက (Huzhou) တွင် အရေးကြီးသော စီးပွားရေးနှင့် ယဉ်ကျေးမှု မြို့တစ်မြို့ဖြစ်ပါသည်။ 
 
(Song) မင်းဆက် လက်ထက်ကတည်းက အရည်အသွေးမြင့် ပိုးထည်များကို ထုတ်လုပ်သည့်အတွက် ကျော်ကြားခဲ့ပြီး အထင်ကရအနေဖြင့် ရှေးဟောင်း ပုဂ္ဂလိကစာကြည့်တိုက်များ၊ အိမ်ဟောင်းများ၊ ဥယျာဉ်များ၊ ဧည့်လမ်းညွှန် ခန်းမများ၊ လူနေရပ်ကွက်များ၊ တံတားများနှင့် စင်္ကြံလမ်းများပါဝင်သော ကြွယ်ဝပြီး အရောင်အသွေးစုံလင်သည့် နေရာတစ်ခုဖြစ်သည်။မြို့၏ ဆွဲဆောင်မှုနေရာများမှာလည်း စုစည်းတည်ရှိနေခြင်းကြောင့် ခြေလျင်သွားလည်ရန်လည်း လွယ်ကူသည်။
 
          ၂။ Huzhou Feiying Park
 
(Feiying Pagoda) ဟု လူသိများပြီး (Feiying) ပန်းခြံကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ကာ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလတွင် အများပြည်သူရှေ့မှောက်သို့ ဖွင့်လှစ်မိတ်ဆက်ခဲ့ကြပါသည်။ဟူကျိုးမြို့၏ အရှေ့မြောက်ဘက်မှာ တည်ရှိသည့် ထင်ရှားသော သမိုင်းနှင့် ယဉ်ကျေးမှု ရှုခင်းသာနေရာဖြစ်ပြီး နိုင်ငံတော်၏ အဓိက ကာကွယ်မှုအောက်တွင် တည်ရှိသော ရှေးဟောင်းနေရာဖြစ်သည့် (Feiying Pagoda) ကို အစွဲပြု၍ အမည်ပေးထားခြင်းလည်းဖြစ်ကြောင်း ဖော်ပြမှုများအရ သိရပါသည်။အကျယ်အဝန်း ၃ ဟက်တာ ကျယ်ဝန်းကာ ပန်းခြံ၏ ရင်းနှီးမြှုပ်နှံမှုမှာ တရုတ် ယွမ် ၃၄,၀၀၀,၀၀၀ ဖြစ်ပါသည်။ပန်းခြံထဲတွင် အဖိုးတန် သမိုင်းဝင် အမွေအနှစ်များစွာ တည်ရှိနေခြင်းကြောင့် လေ့လာသင့်သောနေရာအဖြစ် သတ်မှတ်ထားကြသည်လည်းဖြစ်ပါသည်။ 
 
          ၃။ Huzhou Nanxun Old Bridge 
 
(Tongjin) တံတားနှင့် (Guanyin) တံတားတို့သည် တရုတ်နိုင်ငံ ဟူကျိုး (Huzhou) မြို့၊ (Nanxun) မြို့ဟောင်းရှိ သမိုင်းဝင် ကျောက်တံတားများဖြစ်သည်။ယင်းအနက် (Tongjin) တံတားသည် (Nanxun) ၏ အကြီးဆုံးတံတားဖြစ်ပြီး မူရင်းတံတားသည် (Song) မင်းဆက် လက်ထက် (၉၆၀-၁၂၇၉) ခုနှစ်မှ စတင်ခဲ့သည်။လက်ရှိတံတားကို (Qing) မင်းဆက် (၁၆၄၄-၁၉၁၁) အတွင်း ဧကရာဇ် (Jiaqing) လက်ထက် (၁၆၄၄-၁၉၁၁) ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ဧကရာဇ်တို့၏ အသီးသီးပြန်လည် မွမ်းမံမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး ရှေးကပင် တံတားအနီး ပိုးထည်အရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ ၁၉၈၉ ခုနှစ်တွင် ဟူကျိုး မြူနီစီပယ်အစိုးရမှ မြူနီစီပယ်အဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။
 
          ၄။ Huzhou Taihu Lake Paradise 
 
ရေကန်တစ်ခုဖြစ်ပြီး ယန်ဇီမြစ်ဝကျွန်းပေါ်တွင်ရှိကာ တရုတ်နိုင်ငံတွင် တတိယအကြီးဆုံး ရေချိုကန်လည်းဖြစ်ပါသည်။ရေကန်သည် (Jiangsu) စီရင်စုတွင်ရှိပြီး အကျယ်အဝန်းမှာ မျက်နှာပြင်အကျယ်အဝန်း ၂၁.၅ စတုရန်းကီလိုမီတာခန့်ရှိပါသည်။လှပသောရှုခင်းကြောင့် ကျော်ကြားသည့် ရေကန်တစ်ကန်ဖြစ်ပြီး သဘာဝသမိုင်းဝင်နေရာဖြစ်ကာ ရှေးဟောင်းမြို့များ၊ ရွာများ၊ ကျွန်းများဖြင့် သာယာလှပသောကြောင့် ခရီးသွားဖမ်း စားရာ နေရာတစ်ခုအဖြစ် ရှိနေပါသည်။
 
(အပိုင်း (၈) အားဆက်လက်ဖော်ပြပေးသွားပါမည်။)
 
မိုးသား