【 နိုင်ငံတကာဆောင်းပါး 】 ဟူနန်ပြည်နယ်

【 နိုင်ငံတကာဆောင်းပါး 】 ဟူနန်ပြည်နယ်

တရုတ်နိုင်ငံထဲမှာရှိတဲ့ ဟူနန် (Hunan) ပြည်နယ်ဟာ သာယာလှပတဲ့ သဘာဝရှုခင်းတွေနဲ့အတူ တိုင်းရင်းသားဓလေ့ထုံးတမ်းများ စုံလင်လှတဲ့အပြင် ရှေးဟောင်းအမွေနှစ်တွေပေါများရာ ဒေသဖြစ်ပါတယ်။

ဟူနန်ပြည်နယ်မှာ ရှေးယခင်ကတည်းက ဖူးရုန်ပန်းများ ပေါက်ရောက်လေ့ရှိပြီး ဖူးရုန်ပန်းကို အစွဲပြုကာ ရှေးခေတ်ကဗျာဆရာများမှ ဖူးရုန်နိုင်ငံဟု တင်စားခေါ်ဝေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။ဟူနန်ပြည်နယ်ရဲ့ နေရာဒေသအများစုမှာ တုန့်ထင်အိုင်၏ တောင်ဘက်တွင် တည်ရှိခြင်းကြောင့် ဟူနန်ဟု အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။

ဟူနန်ပြည်နယ်ဟာ တရုတ်နိုင်ငံအတွက် လူရည်ချွန်များ မွေးထုတ်ပေးရာ နေရာတစ်ခုလည်းဖြစ်ပြီး သမိုင်းကြောင်းယဉ်ကျေးမှုများ ကျယ်ပြန့်နက်ရှိုင်းစွာတည်ရှိနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံ၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မော်စီတုန်း (Mao Zedong) ရဲ့ မွေးရပ်ဇာတိမြေဖြစ်သော ရှောင်စန်းမြို့ (Shaoshan) ဟာလည်း ဟူနန်ပြည်နယ်ထဲမှာ တည်ရှိတာဖြစ်ပါတယ်။

ပြည်နယ်ရဲ့ အရပ်သုံးမျက်နှာလုံး တောင်ကိုမျက်နှာမူထားခြင်း၊ ရေစီးရေလာကောင်းမွန်ဖွံ့ဖြိုးခြင်း စသည့် ပထဝီမြေမျက်နှာသွင်ပြင်သည် ဟူနန်ပြည်နယ်၏ တစ်မူထူးခြားသော ပထဝီမြေပြင်အနေအထားနှင့် သဘာဝယဉ်ကျေးမှုများကို ပိုင်ဆိုင်ထားပြီး ခရီးသွားတွေ အကြိုက်တွေ့တဲ့ နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။

ဟူနန်ပြည်နယ်ထဲမှာ ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သော ဝူလင်ယွမ် (Wulingyuan) အထင်ကရရှုမျှော်ခင်းနေရာနှင့် လန့်စန်းတောင် (Langshan)၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လောင်စီးချန် (Laosicheng) ရှေးဟောင်းအမွေအနှစ်နေရာ၊ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ယွဲ့လုစာသင်ကျောင်း (Yuelu) နှင့် မဖြစ်မနေ သွားရောက်လည်ပတ်ကြတဲ့ နာမည်ကြီး ဇာမဏီရှေးဟောင်းမြို့တို့ တည်ရှိနေတာဖြစ်ပါတယ်။

အလားတူ “Avatar” ရုပ်ရှင် ရိုက်ကူးခဲ့မှုကြောင့် လူသိများလာသော ကျန်းကျားကျဲ့ သဘာဝဘူမိဗေဒဥယျာဉ် အစရှိသည့် နေရာဒေသများကလည်း ဟူနန်ပြည်နယ်၏ ခရီးသွား၊ အပန်းဖြေရန် ကြိုက်နှစ်သက်ကြတဲ့ နေရာတွေဖြစ်လာပါတယ်။

ဟူနန်ပြည်နယ်မှာ ဒေသထွက်ကုန် ကြွယ်ဝပေါများပြီး ရှန်းပေဒေသ (ဟူနန်ပြည်နယ် မြောက်ဘက်) ကို ရှေးယခင်ကတည်းကပင် “ဆန်ရေစပါး တံငါရွာ” ဟု တင်စားခေါ်ဝေါ်ကြပါတယ်။တုန့်ထင်အိုင်မှ ထွက်ရှိသော မြစ်ငါးများက လတ်ဆတ်နူးညံ့ပြီး အရသာချိုမြသလို တစ်နှစ်အတွင်း နှစ်ရာသီ ဆန်စပါးထွက်ရှိသောကြောင့် စားနပ်ရိက္ခာဖူလုံစေတဲ့ ဒေသဖြစ်ပါတယ်။

ဟူနန်ပြည်နယ်ဟာ တရုတ်နိုင်ငံ၏ “အစပ်” အစားနိုင်ဆုံး ပြည်နယ်များအနက်မှ တစ်ခုအပါအဝင်ဖြစ်ပြီး ဟူနန်ဟင်းလျာသည်လည်း တရုတ်နိုင်ငံရဲ့ ဟင်းလျာကြီးရှစ်မျိုးထဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဟင်းလျာရဲ့ထူးခြားမှုမှာ လတ်ဆတ်၊ စပ်၊ ထုံသင်းမွှေးကြိုင်ခြင်းနှင့် ချက်ပြုတ်ပုံမှာ ကြော်လှော်၊ အခြောက်ခံ (အရက်၊ ဆားတို့ဖြင့် ရောနှပ်၍ အသားများအခြောက်ခံခြင်း)၊ ပေါင်းခြင်း၊ မီးအေးအေးဖြင့်ပြုတ်ခြင်း၊ ဆီပူပူဖြင့် ကြော်လှော်ခြင်း၊ မီးဖုတ်ခြင်း စတဲ့ နည်းလမ်းများဖြင့် အများဆုံးချက်ပြုတ်ကြပါတယ်။မူလရည်ရွယ်ချက်နှင့် ဒေသဓလေ့များ ပြည့်စုံမှုကြောင့် ပြည်တွင်း၊ ပြည်ပမှာပါ နာမည်ကျော်လျက်ရှိပါတယ်။

ဒီဒေသတွင် ရှေးဟောင်းလက်မှုအတတ်ပညာနှင့် အနုပညာများ၊ အချင်းချင်းဆင့်ကဲပြောဆိုကြသော ဒဏ္ဍာရီပုံပြင်များ ပျံ့နှံ့လျက်ရှိပြီး ရိုးရာတေးဂီတ၊ ပြဇာတ်နှင့် သမိုင်းကြောင်းကြာရှည်လှသော ကုန်ထုတ်လုပ်မှု၊ ဘဝနေထိုင်မှု ဓလေ့ထုံးစံများ ဖြစ်တည်ဖော်ပြလျက်ရှိနေပါတယ်။

နှစ်ပေါင်းထောင်ချီကတည်းက ဟူနန်ပြည်နယ်သူ၊ ပြည်နယ်သားတွေဟာ ဟူနန်မြေပြင်ကြီးပေါ်တွင် အမျိုးအစားစုံလင်သော ယဉ်ကျေးမှုများကို ဖန်တီးနိုင်ခဲ့ကြပါတယ်။လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်က ကဗျာဆရာကြီး ချွီးယွမ် ရေးသားခဲ့သော “လီဆောင်း” အမည်ရှိ ကဗျာတစ်ပုဒ်ဖြင့် တရုတ်စာပေ၏ တောက်ပသောမျက်နှာသွင်ပြင် စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။  

လူတို့ပါးစပ်ဖျားမှာ ပြောကြားသည့် “ဟူရှန်းပြဇာတ် အနုပညာ” မှာ ပြဇာတ်ပြကွက်ပေါများပြီး အသံအားကောင်း၍ “ကျုံးဟွာယဉ်ကျေးမှု” (တရုတ်နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုကို ဆိုလိုသည်) ဟာ တစ်ဦးပိုင် တစ်မူထူးခြားမှုတို့ ပေါင်းစည်းရာ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာလည်း နွေရာသီကာလရောက်ရှိတိုင်း သာယာရှုမောဖွယ်ကောင်းသော ဟူနန်တောတောင် ရေမြေရှုခင်းအလှအပများကို လာရောက်ကြည့်ရှုခံစားသူတွေများလေ့ရှိပါတယ်။

ခန့်မောင်