【 နိုင်ငံတကာဆောင်းပါး 】 Canton မျှော်စင်ကြီး

【 နိုင်ငံတကာဆောင်းပါး 】 Canton မျှော်စင်ကြီး

တရုတ်ပြည် အရှေ့တောင်ပိုင်းဒေသရှိ ကွမ်တုန်းပြည်နယ်မှာ တည်ရှိတဲ့ ကွမ်ကျိုးမြို့ဟာ ပြည်နယ်အစိုးရ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ပြီး ကျူးကျန်းမြစ်ခေါ် ပုလဲမြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိပါတယ်။

ကွမ်ကျိုးမြို့ဟာ ရှေးဟောင်းဘုရားကျောင်းကန် အဆောက်အအုံ ပေါများတဲ့အတွက် နိုင်ငံတကာက လူသိများ ကျော်ကြားပါတယ်။ ဘုရားကျောင်း အဆောက်အအုံပေါင်း ၅၀၀ ထက်မနည်းရှိပြီး  ထင်ရှားတဲ့ ကျောင်းတန်ဆောင်းတွေကတော့ ဟိုနန်ကျွန်းပေါ်ရှိ ဗုဒ္ဓဘုရားကျောင်း၊ ဆင်းတုငါးရာဘုရားကျောင်းနဲ့ သက်ရှည်ဘုရားကျောင်းတို့ဖြစ်ပါတယ်။

အခြားသော အထင်ကရ အဆောက်အအုံတွေကတော့  ကွမ်ယင်တောင်ကုန်းရဲ့ တောင်ဘက်စောင်းမှာ စိုက်ထူထားတဲ့ ဆွန်ယက်ဆင် အထိမ်းအမှတ်ကျောက်တိုင်၊ ဆွန်ယက်ဆင်တက္ကသိုလ်၊ ပြင်သစ်က သီဒရယ်ဘုရားရှိခိုးကျောင်းနဲ့ ဒင်္ဂါးစက်ရုံကြီးတို့ဖြစ်ပါတယ်။

ကွမ်ကျိုးမြို့မှာ သမိုင်းအမွေအနှစ်တွေ များစွာရှိပါတယ်။လက်ရှိမှာ နှစ်ပေါင်း ၂ဝဝဝ ကျော်က တည်ရှိခဲ့တဲ့ နန်းဖွဲ့မြို့ဟောင်းကို ပြန်လည်တူးဖော်နေသလို ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO မှာ ပါဝင်နိုင်ဖို့လည်း ၂၀၁၇ ခုနှစ်မှာ စတင်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။အဲဒီနေရာကိုလည်း ပြည်တွင်း၊ ပြည်ပခရီးသည်များ နေ့စဉ်နှင့်အမျှ လာရောက်ကြတယ်လို့ သိရပါတယ်။

ကွမ်ကျိုးမြို့ဟာ တရုတ်နိုင်ငံမှာ ယဉ်ကျေးမှုမြို့တော်အဖြစ် ထင်ရှားသလို ခရီးသွားမြို့တော်အဖြစ်လည်း ဆောင်ရွက်နေပြီး နှစ်စဉ် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ များစွာလာရောက်ကြတယ်လို့ သိရပါတယ်။

ကွမ်ကျိုးမြို့မှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေစိတ်ဝင်စားတဲ့ အခြားအထူးခြားတဲ့အရာကတော့ Canton မျှော်စင်ကြီးဖြစ်ပါတယ်။ Canton Tower ဟာ ကွမ်ကျိုးမြို့လယ်ခေါင်နှင့် ပုလဲမြစ်ရှုခင်းဇုန်ရဲ့ လမ်းဆုံမှာ တည်ရှိတာဖြစ်ပါတယ်။ဒီမျှော်စင်ကြီးဟာ ၂၀၁၃ ခုနှစ်က ရှန်ဟိုင်းမျှော်စင် မပေါ်ထွက်မီ တရုတ်နိုင်ငံတွင် အမြင့်ဆုံးအဆောက်အဦဖြစ်ပြီး ယခုအခါ တရုတ်နိုင်ရဲ့ ဒုတိယအမြင့်ဆုံး မျှော်စင်ဖြစ်လာပါတယ်။ကမ္ဘာပေါ်မှာတော့ ပဉ္စမအမြင့်ဆုံး အဆောက်အဦတစ်ခုဖြစ်ပါတယ်။

Canton Tower ကို Guangzhou New Television Tower Group မှ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Canton Tower ဟာ အမြင့် ၆၀၀ မီတာရှိပြီး တာဝါကို ဆောက်လုပ်စဉ်က ရစ်ခ်ျတာစကေး ၇.၈ ရှိသော ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားတာဖြစ်ပါတယ်။

Canton Tower ကို ၂၀၁၀ ခုနှစ်က ကွမ်ကျိုးမြို့မှာ ပြုလုပ်ခဲ့တဲ့ အာရှအားကစားပြိုင်ပွဲအမီ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Canton Tower ကို Guangzhou TV & Sightseeing Tower ဟုလည်း သိကြပြီး ကမ္ဘာပေါ်တွင် အခမ်းနားဆုံး အဆောက်အဦသစ်များထဲမှ တစ်ခုဖြစ်ပါတယ်။

ဒီမျှော်စင်ကြီးပေါ်ကနေ မြို့တစ်ခုလုံးကို လွှမ်းခြုံကြည့်လိုက်တဲ့အခါ ကွမ်းကျိုးမြို့ရဲ့ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွေကို အထင်သား မြင်တွေ့ခံစားနိုင်မှာဖြစ်ပါတယ်။ညပိုင်းမှာဆိုရင်လည်း မီးရောင်စုံနဲ့ လှပနေတဲ့ ကွမ်ကျိုးမြို့ရဲ့ မြို့အလှတွေကို ကြည့်ရှုခံစားလို့ရပါတယ်။

တာဝါတိုင်ကို မျှော်စင်ကိုယ်ထည်မှာ ပေါင်းစပ်ထားသည့် LED စနစ်ဖြင့် အလင်းပေးထားမှုကြောင့် တာဝါတစ်ခုလုံး မီးရောင်စုံနဲ့ လှပနေတာကိုလည်း ညပိုင်းအချိန်တွေမှာ အဝေးကနေ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒီမျှော်စင်ကြီးမှာ ခမ်းနားလှပသောရှုခင်းများ၊ ထိပ်တန်းစားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုများ၊ ဖျော်ဖြေရေးဆိုင်ရာ အဆောက်အအုံများစွာကို ဝန်ဆောင်မှုပေးထားတာဖြစ်လို့ ခရီးသွားတွေ အကြိုက်တွေ့စေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ခန့်မောင်